Saturday, August 11, 2012

ဆေးလိပ်တစ်တို ကော်ဖီအိုးနှင့် ပန်းပွင့်မိုးစက် အိပ်မက်ကဗျာ


by SarPayLawKa (စာပေလောက) on Saturday, August 11, 2012 at 1:15am ·

အားလုံးချစ်သော ၈၈ ၏ မီးခိုးရောင် နေ့ရက်များတွင် သူ့ကို ဆုံတွေ့ သိကျွမ်းခဲ့ခြင်း ဖြစ်သည်။ သူ လှုပ်ရှားနေသည့်အဖွဲ့က` ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (GOSDA)။ ကျွန်တော်တို့နှင့် အဆင်ကွဲပေမယ့် အိပ်မက်ကတော့ အရောင် တစ်ရောင်တည်း။
အနာဂတ်ကို ပို၍ လင်းပွင့်သွားစေချင်သည်။ သူ့အကျင့်က အမြဲတမ်း စိတ်လောကြီးသည်။ အားလုံး သတိမထားလိုက်ခင် ကချင်ပြည်နယ်သို့ တိတ်တဆိတ် ထွက်ခွာသွားသည်။ တိုင်းရင်းသား ခေါင်းဆောင်တချို့နှင့် ဆွေးနွေးသည်။ ရန်ကုန်မှာ သူ့ဇနီး မီးဖွားနေချိန်တွင် သူက မရှိ။ ရန်ကုန် ပြန်ရောက်တော့လည်း အဖမ်းခံလိုက်ရသည်။ ပန်းတွေ အားလုံး မပွင့်ခင် ခူးဆွတ်ခံလိုက်ရသည်။ နိုင်ငံရေး အတွေ့အကြုံနဲ့ ဖြတ်သန်းမှု မရင့်ကျက်ခင် ဒဏ်ရာတွေကတော့ ကြေမွခဲ့ရပြီ။
          ဆိတ်ဖလူးနံ့ ကင်းမဲ့သွားသော နရသိန်တွင် သူရော၊ ကျွန်တော်ရော အလူးလူး အလိမ့်လိမ့်။ တန်ဖိုးချထားခြင်းခံထားရသော ဘ၀ကို လက်အံမသေမချင်း ဆုပ်ကိုင်ထားရသည်။ နေလုံးနီနီ အရှေ့ဘက်က ထွက်လာ၍ အနောက်ဘက်သို့ ၀င်သွားပုံကို ကျွန်တော်တို့ ကြိမ်ဖန်များစွာ ကြည့်ကြသည်။ ငိုရှိုက်သံ၊ အော်ဟစ်သံ၊ တိုးလျှိုးတောင်းပန်သံတွေကြားမှာ ဘယ်တောင်မြင့်မြင့်၊ ဘယ်ချောက်နက်နက်၊ ဘယ်ချောင်းစီးစီး တိုးဝင်ရသည်။ မျှော်လင့်ခြင်း ကမ်းပါးကိုကား မတွေ့ရ။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ ပြိုကွဲပျက်စီးခြင်းများဖြင့် တောင်သူထောင်က ကျွန်တော် ထွက်လာတော့ သူက တောင်သူတွင် ကျန်ရစ်ခဲ့သည်။ နေပူပူ မိုးရွာရွာ လက်ထဲတွင် ဆေးလိပ်တစ်တို၊ အေးစက်နေသော ကော်ဖီတစ်ခွက်နှင့် အနာဂတ် နှင်းဆီခင်းကို အိပ်မက်ခိုးမက်ရင်းနဲ့ပေါ့။ နောက်တစ်နှစ် နှစ်နှစ်အကြာ သူ လွတ်မြောက်လာသည်ဟု ကြားရသော်လည်း နှစ်ကာလများစွာ ကျွန်တော်တို့ မဆုံနိုင်ခဲ့။ ကျွန်တော်က အနုပညာ နယ်ပယ်ထဲမှာ၊ သူက စီးပွားရေးနယ်ပယ်ထဲမှာ။ အနာဂတ်ကတော့ေ၀၀ါး ရှုပ်ထွေးလျက်။ ကျွန်တော်တို့ မတည်ငြိမ်ခဲ့။ ကျွန်တော်တို့ လူးလိမ့်ခဲ့။ သို့သော် ကျွန်တော်တို့ ရှင်သန်ခဲ့။
          ၂၀၁၅ ခုနှစ်ရဲ့ နွေ နေ့လယ်ခင်းတစ်ခုမှာတော့ သူ့ကို စတစ်ကော်လာအင်္ကျီ၊ ဂန့်ဂေါပုဆိုးတို့နှင့် ပြန်တွေ့ရသည်။ သူက ထောင်အသီးသီးမှ လွတ်မြောက်လာကြသည့် ကိုပေါ်၊ ကိုကိုကြီး၊ ဂျင်မီ၊ အံ့ဘွယ်ကျော်တို့နှင့် လွဲလျက် ရှိနေပြီ။ တွေ့တွေ့ခြင်း သူ့အိပ်မက်တွေ၊ ပန်းပွင့်တွေ၊ မိုးစက်တွေအကြောင်း စိတ်အား ထက်သန်စွာ ပြောနေသည်။ လက်ထဲမှာတော့ သူ့ထုံးစံအတိုင်း ဆေးလိပ်ကို ညှပ်ထားသည်။ ထိုအချိန်က နိုင်ငံရေး မိုးလေ၀သက မကောင်း။ သူကတော့ အရာရာကို ရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။ သိပ်မကြာခင် နှစ်များအတွင်း သူတို့ အားလုံး ထောင်ထဲ ရောက်သွားကြတော့သည်။ ၂၀၀၇ ခုနှစ်မှာ နိုင်ငံရေး မုန်တိုင်းတွေက ပြင်းထန်နေသည်။
          ကျွန်တော်ကလည်း နာဂစ်မုန်တိုင်းနှင့်အတူ အင်းစိန်တို့ နောက်ဆုံးတွဲဖြင့် လိုက်သွားသည်။ ၅ ဆောင် တိုက်ကို ရောက်တော့ သူက စောင့်ကြိုနေသည်။ တွေ့တွေ့ခြင်း ကော်ဖီဖျော်တိုက်သည်။ ဆေးလိပ်ကိုတော့ မတည်ခင်းနိုင်။ နာဂစ်တွင် အဆောင်တွေ မီးလောင်ခံရပြီးနောက် ထောင်ထဲတွင် ဆေးလိပ်သောက်ခွင့် ပိတ်ပင် လိုက်သည်။ သို့သော် သူက ဘယ်အကြောင်းအရာကိုမှ လွယ်လွယ် အရှုံးမပေးတတ်သူ။ ကြံဖန် ရှာဖွေထားသော ပွတ်ချွန်းလေးကိုတော့ လက်ထဲ ညှပ်ထားဆဲ ဖြစ်သည်။
          ထောင်အသီးသီးကို ပြောင်းရွှေ့ကြတော့ သူက လွိုင်ကော်ထောင်။ ကျွန်တော်က တောင်ကြီးထောင်။ သူက ထောင်ဒဏ် ၆၅ နှစ် ၆လ။ ကျွန်တော်က ၁၉ နှစ်။ အားလုံး မရေရာသော အိပ်မက်လှေကို လှော်ခတ်ရမည်။ သည်လိုနှင့် အင်းစိန်မှ နံနက်စောစော လက်ပြ နှုတ်ဆက်ထွက်ခွာသွားသည်။ မလွတ်မချင်း သူနဲ့ တွေ့ဖို့ဆိုတာ မဖြစ်တော့ပါ။ သူ့ကျောပြင်ကို ကြည့်ရင်း သူ၏ အမှတ်သင်္ကေတဖြစ်သည့် ဆေးလိပ်တိုနှင့် ကော်ဖီအိုးကို သတိရနေမိသည်။
          သို့သော် ကံကြမ္မာက ဆန်းကြယ်ပါသည်။ လွိုင်ကော်အပြင် ဆေးရုံသို့ ထုတ်ပြီး သူ့နှလုံးရောဂါကို ကုသပေးပြီးသည့်နောက် ပစ္စည်းကိရိယာ အစုံအလင်ရှိသည့် တောင်ကြီးသို့ သူ့ကို ပို့လိုက်သည်။ သည်လိုနှင့် ကျွန်တော်တို့ထံ သူ ရောက်လာသည်။ စာရေးကြ၊ သီချင်းရေးကြ၊ ဆွေးနွေးကြ၊ ငြင်းခုံကြ၊ ဘောလုံးကန်ကြ၊ သူ့ကျန်းမာရေးက တောင်ကြီးတွင် ပိုမို ကောင်းမွန်လာသည်။ သူကတော့ ထုံးစံအတိုင်း ဆေးလိပ်တိုနှင့် ကော်ဖီခွက်ကို ကိုင်ထားမြဲ။ စကားကျယ်ကျယ်ပြောပြီး ငြင်းခုံမြဲ။ သူ့အိပ်မက်တွေကတော့ အမြဲတမ်း နိုးကြွားနေသည်။ သူ့ရုပ်နဲ့နာမ်က အမြဲတမ်း တိုင်းပြည်အတွက် အကျဉ်းသားများထဲတွင် အကျဉ်းကျမခံသော စိတ်ဖြင့် သူ ရေးဖွဲ့လိုက်သော ၀တ္ထုတစ်ပုဒ်သည် ကမ္ဘာအတွက် ပန်းပွင့်မိုးစက် အိပ်မက်ကဗျာ ဖြစ်လာသည်။

ဇော်သက်ထွေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...