Thursday, August 9, 2012

ဦးမောင်နှင့် တန်ဖိုးနည်းဖုန်း


by ThuRa ThaWah on Wednesday, August 8, 2012 at 1:29am ·

ဦးမောင်နှင့် တန်ဖိုးနည်းဖုန်း
- သူရဿဝါ -

မြန်မာ့ ဆက်သွယ်ရေးမှ တန်ဖိုးနည်း ဖုန်းဟု ဆိုကာ နှစ်သိန်းတန် ဖုန်းတွေ ချပေး လိုက်သည်။ ဦးမောင် အလွန် ဝမ်းသာ၏။ လက်ကိုင်ဖုန်း ကိုင်ချင် နေတာ ကြာလှပြီ။ ဆယ်လူလာ ခေတ်ဦး တုန်းကလည်း မဝယ်နိုင်။ သိန်း နှစ်ဆယ် လောက် ပေး၍ ကိုင်ရသော ဖုန်းတွေ တုန်းကလည်း အနား မကပ်နိုင်။ ငါးသိန်းတန် ဖုန်းတွေ ပေါ်တော့လည်း ဝယ်ဖို့ရာ ပိုက်ဆံက မမှီမကမ်း တုံးခု၍ပင် မလှမ်းနိုင်။ အခုတော့ ဦးမောင် ဆန္ဒ ပြည့်တော့မည်။ တန်ဖိုးနည်း ဖုန်းဟု ဆိုသဖြင့် စပြီး ချပေး ပေးချင်း နေ့မှာပင် ဝယ်လိုက် မည်ဟု အားခဲထား သော်လည်း နှစ်သိန်း ဆိုတော့ ဦးမောင် မဝယ် နိုင်သေး။ ဝယ်သူများ ကြိတ်ကြိတ်တိုး နေသည့် ဖုန်းဆိုင် များကို မစားရ ဝခမန်း ကြည့်နေ ခဲ့ရသည်။
ဟုတ်တယ်လေ .. သူများတွေ အတွက် တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် ဦးမောင်လို ကုမ္ပဏီ ဝန်ထမ်း လခစား တစ်ဦး အတွက်တော့ နှစ်သိန်းကို နှစ်လလောက် စုလိုက် ရသည်။ ဒါတောင် ဟမ်းဆက်ဖိုးကို ယောက္ခမ ဆီက ပြန်ချေး ရဦးမှာ။

ဖုန်း ဝယ်နိုင်သည့် နေ့ကို ရောက်တော့ ဦးမောင် အစောကြီး အိပ်ယာက နိုးသည်။ ဝမ်းသာလုံး ဆို့ပြီး ဘာမဆိုင် ညာမဆိုင် ဘုရားစင်ရှေ့ ထိုင်ကာ “ဘေးမသီ ရန်မခ ပါစေနဲ့” ဟု ယောင်ပြီး ရှိခိုး ဆုတောင်း မိသေးသည်။ ပြီးမှ သူ့ဟာသူ ပြန်သတိရ သွားသည်။ အို .. ခရီးသွား မှာမှ မဟုတ်တာ ဟူ၍။ လိုင်းဝယ် ပြီးတော့ ဖုန်းဆိုင်မှာ ဟမ်းဆက် ဝယ်ရမည်။ ဖုန်းဆိုင် တစ်ဆိုင်ထဲ ဝင်သွားမိ၏။ ဟမ်းဆက် လာဝယ် ကြသည့် လူတွေ ကလည်း အလကား ဝေနေ သလား မှတ်ရ လောက်အောင် ကြိတ်ကြိတ်တိုး။ ဦးမောင် အနားကို ဖုန်းဆိုင်မှ အရောင်း ဝန်ထမ်း ကောင်မလေး တစ်ယောက် ကပ်၍ လာသည်။

“ဦး .. ဘာများ အလိုရှိ ပါသလဲရှင် ..”
“မဟမ်းတဲ့စက် လိုချင်လို့ပါကွယ်”
“အို .. ဟမ်းဆက် လုပ်ပါ ဦးရဲ့”
“ညည်း ဘာသိလို့တုန်း … ငါတော့ ဟမ်းတာ တွေချည်း ခဏခဏ မြင်ရတာ”
“အဟိ .. ဦးကလည်း စက်ပစ္စည်း ကတော့ ဒီလိုပဲပေါ့ … ကဲ .. မဟမ်းအောင် ကောင်းတဲ့ ဟမ်းဆက် လေးတွေ ကိုင်လိုက် … သမီး ပြပေးမယ်”
“အေး … အေး”
“ဦး … ဒါလေးက အိုင်ဖုန်း … တပ်ခ်ျ သိပ်ကောင်းတယ် … ဗီဒီယို ဓါတ်ပုံ အတွက်လည်း စိတ်မပူနဲ့ … မက်ဂါ ပစ်ဇယ် ရှယ်ပဲ … ဈေးကတော့ လေးသိန်းကျော်ပေါ့”
“ဟဲ့ … ဓါတ်ပုံ ဗီဒီယို ကောင်းလည်း ငါက ရိုက်ကူးရေး လုပ်စားမှာ မဟုတ်ဘူး .. လေးသိန်းဆို နောက်ထပ် ဖုန်းလိုင်း နှစ်လိုင်း ထပ်ဝယ်လို့ ရတယ်ဟဲ့”
ကောင်မလေး နည်းနည်း တွန့်သွားသည်။ သို့သော် လက်မလျှော့ .. နောက်တစ်လုံး ထပ်ထုတ် လာသည်။

“ဦး .. ဒါလေးက ဆမ်ဆောင်း”
“ဟဲ့ .. ဆိုင်မှာကတည်းက စောင်းနေတယ် ဆိုတော့ .. ငါ့အိမ်ရောက်လည်း ပြန်တည့်လို့ မရရင် ဘယ်လိုလုပ်”
“ဟာ .. ဆိုင်စောင်း မဟုတ်ဘူး .. ဆမ်ဆောင်းပါ ဦးရ .. သူလည်း ကောင်းတယ် … ဂလက်စီ အက်စ်တူးလေ .. ဂရပ်ဖစ် သိပ်ကောင်းတာ … စိုနေတာပဲ .. ဈေးကတော့ သုံးသိန်း”
“ဟယ် .. ဂရပ်ဖစ် ကောင်းလည်း ဒီဖုန်းကြီး ငါက ကိုယ့်ရည်းစားလို တစ်ချိန်လုံး မျက်တောင် မခတ် ထိုင်ကြည့် နေမှာမှ မဟုတ်တာ … မယူဘူး”
ဦးမောင် ဘုတော လိုက်တော့ ကောင်မလေး ဆမ်ဆောင်း ပြန်သိမ်း သွားပြီး နောက်တစ်လုံး ယူလာ ပြန်သည်။

“ဦး .. ဒါကတော့ ဆိုနီ အဲရစ်က်ဆင် .. အိတ်စ်ပီးဒီးယား နီယိုတဲ့ .. အန်ဒွိုက် ဗားရှင်း သိပ်မြင့်တာ .. ဈေးက သိပ်မများပါဘူး .. နှစ်သိန်းခွဲ”
“တော်ပါဟယ် … အန်ဒွိုက် ဗားရှင်းတွေ ဗားရှုပ်တွေ မသိပါဘူး … နှစ်သိန်းခွဲ ဆိုကတည်းက စိတ်မဝင်စား တော့ဘူး”
ဒီလိုနှင့် ကောင်မလေးက ပြန်သိမ်း သွားလိုက်၊ နောက်တစ်လုံး ဆိုပြီး ယူလာလိုက်၊ ဦးမောင် ငြင်းလိုက်၊ ပြန်ယူ သွားလိုက်နှင့် ဖုန်း အမျိုးအစား ပေါင်းစုံ၍ သွားသည်။ နောက်ဆုံးတော့ ရှစ်သောင်းလောက် ပေးရသော ခပ်လတ်လတ် ဟမ်းဆက် တစ်လုံးကို ရွေး၍ ဝယ်လိုက်သည်။ အလွန် ကြေး(ဂျီး) များသော ဦးမောင် ဝယ်၍  ပြီးမှပဲ အရောင်း ဝန်ထမ်း ကောင်မလေး မှာလည်း သက်ပြင်းချ နိုင်သည်။ ဟမ်းဆက် တွေကလည်း အမျိုးမျိုး အစုံစုံ အဖုံဖုံ ပါပဲ။ နိုကီရာတဲ့၊ ဆိုနီ အဲရစ်ဆင်တဲ့၊ အိုင်ဖုန်းတဲ့၊ ဆမ်ဆောင်းတဲ့၊ အိတ်ခ်ျတီစီ တဲ့၊ ဟာဝေးတဲ့။ တချို့ ဟာလေးတွေ ဆိုလျှင် ကိုက်စား ချင်စရာ လေးတွေ။ ဈေးနှုန်း ကြည့်မိ တော့မှ ကိုက်စား ချင်စိတ် ပျောက်တာ။

သူတို့ ဟာတွေက ထူးဆန်းသည်။ ပါး၍ ပါး၍ လိုက်လာလေ ဈေးက ကြီး၍ ကြီး၍ သွားလေ။ အိုင်ဖုန်း လေးသိန်း ဆိုတော့လည်း ဦးမောင်မှာ အံကြိတ်ရ၊ ဆမ်ဆောင်း သုံးသိန်း ဆိုတော့လည်း ဦးမောင် နှုတ်ခမ်း ကိုက်ရ နှင့်ပေါ့။ ဘယ့်နှယ် သူ့ဟာသူ ဘာတံဆိပ် ဖြစ်ဖြစ်၊ ကင်မရာ ဘယ်လောက် ကောင်းကောင်း၊ ဂရပ်ဖစ် ဘယ်လောက် စိုစို၊ အန်ဒွိုက် ဘယ်လောက် မြင့်မြင့် ဖုန်းဆိုတာ ဆက်လို့ ရဖို့က အဓိက မဟုတ်လား။ ကိုယ်က ဖုန်းခေါ်လျှင် တူ .. တူ .. တူ အသံမြည် ရမည်၊ ကိုယ့်ဆီ ဖုန်းလာလျှင် ဖုန်းသံ မြည်ရမည်၊ ဒါဆို အဆင်ပြေ ပြီပေါ့။ အခုတော့ ဝယ်လာသည့် ဖုန်းက တန်ဖိုးနည်း နှစ်သိန်းတန် ဖုန်းလိုင်း၊ ကိုင်ရမည့် ဟမ်းဆက်က နှစ်သိန်းကို တော်တော် ကျော်ချင် နေသည်။

နောက်ဆုံးတော့ “ကိုယ်က လူလည်ပဲ .. ဒါမျိုး လာလုပ်လို့ ဘယ်ရမလဲ” ဟု ခပ်မာမာ တွေးကာ ဆင်ဖိုးထက် ချွန်းဖိုး ကိုတော့ အကြီး မခံနိုင် ဟူသော သဘောထားဖြင့်  ရှစ်သောင်းတန် ဟမ်းဆက် ကလေးကို ပိုက်၍ ဦးမောင် သူ၏ အိမ်သို့ ရင်ကော့ ခေါင်းမော့ ပြန်လာ ခဲ့လေ တော့သည်။

၈ - သြဂတ်စ် -၂၀၁၂
TechSpace Journal
Volume (1), Issue (20)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...