လူကြီးမေ့နေသော လူငယ်
by ကဗျာ ငပျင်း on Wednesday, August 15, 2012 at 6:08am
တောင်တန်းတွေငိုနေပြီကွာ...။ အရင်တုန်းက အစိမ်းရောင်၊ အခုတော့ အနီရင့်ရောင်တောက်နေတဲ့ ကတုံးပြောင်ပြောင်တောင်တန်းတွေမှာ သစ်ပင်ဆိုတာ တစ်ခါမှ မမွေးဖွားဖူးတဲ့ ရင်သွေးငယ်လိုဘဲ။
ကြည့်လိုက်စမ်းပါကွာ..။ လက်ညိုးထိုးမလွဲ တောင်တန်းတွေပေါ်မှာ ထင်းရူပင် အစီအရီ အခုတော့ ဘယ်မှလဲ။ချယ်ရီပင်ဆိုတာ ဘယ်မှာလဲ။ ဖောင်းပွလာတဲ့ မြို့ရဲ့ လူဦးရေမှာ မျိုးရိုးစဉ်ဆက် အောင်ပန်းသားဆိုတာပါ ဘယ်နှစ်ယောက်ကျန်တော့လိုလဲ။ တိုးတက်မှုဆိုတာ ငွေကြေးရှင်တွေနဲ့ အခွင့်ထူးခံ လူတန်းစားတစ်ရပ်အတွက်ဘဲလား။ လူငယ်တွေကိုကြည့် တက်တူးကိုယ်ဆီနဲ့ ဟစ်ပီဆန်ဆန် တက်ကြွကြတယ်။ ရိုးသားချင်ကြတယ်။ ကြိုးစားချင်ကြတယ်။ အဟောင်းတွေကို မုန်းတယ်။ အသစ်တွေကို လိုချင်ကြတယ်။ ခက်တာက ဘယ်လူကြီးမှ အောင်ပန်းဆိုတဲ့ ခပ်သေးသေးမြို့လေးက လူငယ်တွေ အတွက် မစဉ်းစားပေးဘူး။ မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေ၊ ရည်မှန်းချက်ပျောက်တဲ့လူငယ်တွေ ၊ လေလွင့်နေတဲ့လူငယ်တွေ .... တစ်နေ့တစ်ခြားများများလာတယ်..။ မနက်ဖြန်အကြောင်းမစဉ်းရဲတော့တဲ့ လူငယ်တွေအတွက် တစ်ဝမ်းတစ်ခါးဆိုတော့ ကိုယ်ကျင့်တရားက ဖျက်ရာခြစ်ရာ သိပ်များလာတယ်။ ပြောစမ်းပါအုံးဗျာ..။ ခေတ်မကောင်းလို့၊ အစိုးရမကောင်းလို့ ဆိုပြီး လက်ညိုးဘဲထိုးထိုးနေကြတာ..။ မကောင်းတာတွေကြားထဲမှာ ကောင်းအောင် ဘာလုပ်ပေးမလဲဆိုတာ ခင်များတို့ စဉ်းစားဖူးလို့လား။ လူငယ်တွေ ဦးဏှောက်ခွန်အားဖြစ်ဖို့ဘာရှိလဲ...။ ဂိမ်းဆိုင်၊ အနိပ်ခန်း ၊ money game ၊ အရက်ဆိုင်၊ စင်တင် ၊ KTV ဘောလုံးပွဲ ဒါတွေဘဲ ရှိတယ်။ အားကစားကွင်းဆိုလို့ နွား တစ်ချက် လူတစ်ချက် ၊ မိုးရွာရင် ရေကူးလို့ ၇တဲ့ အမည်ခံဘော်လုံးကွင်းဘဲရှိတယ်။ စာကြည့်တိုက်နဲ့ တူတာဆိုလို့ ရှားရှားပါးပါး တစ်ခုဘဲရှိတယ်။ အတွေးအခေါ်ငတ်တယ်။ ဦးဏှောက် အာဟာရငတ်တယ်။ ရည်မှန်းချက်ငတ်တယ်။ ကျောင်းမတတ်ဖို့ ပိုက်ဆံမတတ်နိုင်တော့လို့ ၊ အိမ်စီးပွားရေး ကူလုပ်ရမှာမလို့ ကျောင်းထွတ်သွားရတဲ့ ကလေးတွေ၊ လမ်းဘေးမှာ အိတ်တစ်လုံးနဲ့ ဟိုလမ်းဝင် ဒီလမ်းထွတ် ရှာဖွေရေးသမား ကလေးတွေ တစ်နေ့တစ်ခြား များများလာတာတယ်။ဘယ်သူမှ ရာဇ၀င်မှာ အမဲစက်ကြီးနဲ့ မနေချင်ကြပါဘူး..။အားတိုင်းယားတိုင်း မျက်စိဆံပင်မွေး စူးစူးနေတဲ့ လူငယ်တွေအတွက် ထွတ်ပေါက်ကဘာလဲ။ ပိုက်ဆံတစ်ခုသာ အရေးကြီးဆုံးဆိုတဲ့ လူကြီးတွေ ကြားထဲမှာ ကိုယ့်သားသမီးကို မြို့ကြီးပို့တယ်။ ကျောင်းကောင်းကောင်းထားပေးတယ်။ အမှတ်ကောင်းရင် တက္ကသိုလ်ကောင်းကောင်းပို့တယ်။ မုန့်ဖိုးကောင်းကောင်းပေးတယ်။ လိုအပ်တာ ၀ယ်ပေးတယ်။ ဒီလိုလုပ်ပေးရုံနဲ့ လူကြီးတာဝန်ကြေပြီလား။ နားလည်မှု၊ နွေးထွေးမှု၊ မိသာစုဆန်မှု၊ ယုံကြည်မှု တစ်ခုမှ မပေးတော့ဘူးလား။ ထွတ်ပေါက်မှားသွားတဲ့ လူငယ်အတွက် စဉ်းစားကြပါ။ အချိန်တန်ရင် ကျန်ရစ်နေမဲ့ လူငယ်တွေ အတွက် စဉ်းစားကြပါ။ ဒဏ်ရာတွေ အပြည်နဲ့ လူငယ်တွေအတွက်စဉ်းစားကြပါ။ မမှားသင့်တာ မှားနေကြတဲ့ လူငယ်တွေအတွက်စဉ်းစားပေးကြပါ။ မိမိနေထိုင်တဲ့ အောင်ပန်းဆိုတဲ့ မြို့လေးကိုချစ်ရင် ၊ မိမိပတ်ဝန်းကျင်ကိုချစ်တယ်ဆိုရင်၊ တောင်တန်းနဲ့ ထင်းရူပင်တွေကိုချစ်တယ်ဆိုရင်၊ အနာဂတ်မှာ လူကြီးတွေဖြစ်လာမဲ့ လူငယ်တွေကို ချစ်တယ်ဆိုရင် မနက်ဖြန်မှာ ရွှေရောင်လွမ်းတဲ့အဖြစ်မျိုးမဖြစ်နိုင်ပေမဲ့ မနက်ဖြန်တွေကို တိတိကျကျ အပိုင်လိုချင်တဲ့ လူငယ်တွေအတွက်စဉ်းစားပေးကြပါ..။
အတွေးအခေါ်၊ ချစ်ခြင်းမေတတ္တာ၊ ယုံကြည်မှု ၊ ရည်မှန်းချက် ၊ ဦးဏှောက်အာဟာရ ငတ်မွတ်မှုပြသနာကို ရှင်းလင်းပေးဖို့စဉ်းစားပေးကြပါ။
ကတုံးပြောင်ပြောင်တောင်တန်းတွေ အရင်လိုပြန်စိမ်းလန်း လာဖို့အတွက် စဉ်းစားပေးကြပါ။ အလုပ်မလုပ်တာကြတဲ့ ဦးဏှောက် ကိုအလုပ်ပေးပြီး လူငယ်တွေ အတွက် ဘာလုပ်ပေးနိုင်လည်းလို့ဆိုပြီး စဉ်းစားကြပါ။ လုပ်ပေးကြပါ။
သောကြာ(အောင်ပန်း)
၁၅၊ ၈၊၂၀၁၂
(၁၆၊၈။၂၀၁၂ အရောင်မဲ့ဇုံ ခုနှစ်နှစ်မြောက် ကဗျာရွတ်ပွဲတွင် ရွတ်ရန် ရေးထားပါသည်။)
0 comments:
Post a Comment