Tuesday, August 21, 2012

ဆိုးမွေတွေကို ငြင်းပယ်ရဲတဲ့သတ္တိ (မောင်ဝံသ)


by Maung Wuntha on Tuesday, August 21, 2012 at 10:42am

,ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

ဟောကိန်းလွဲခဲ့တာ ၀န်ခံပြီးနောက်
    ပြီးခဲ့တဲ့အပတ် ပြောချင်လွန်းလို့ ဆောင်းပါးမှာ  ရှစ်လေးလုံးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ပြည်ထောင်စု ၀န်ကြီး နှစ်ဦးက မင်းကိုနိုင်တို့ ကိုကိုကြီးတို့ ရှိရာကို သွားရောက်ပြီး ငွေ ၁၀ သိန်း လှူတဲ့အကြောင်း အစချီကာ ]]သည်လို အခြေအနေရောက်ဖို့ နောက်ထပ် လွှတ်တော် သက်တမ်းတစ်ခုလောက် စောင့်ရလိမ့်ဦးမယ်လို့ ကျွန်တော် ထင်နေခဲ့တာကလား}} သည်လောက် မြန်မယ် မထင်ခဲ့ဘူးလို့ ကျွန်တော့် ဟောကိန်း လွဲခဲ့တာကို ၀န်ခံရေးသားခဲ့ပါတယ်။

တစ်ခြားကိစ္စတွေမှာလဲ မြန်လာနိုင်တယ်
    ဆောင်းပါးကို ဖတ်မိတဲ့ မိတ်ဆွေရင်းချာအချို့က  နေ့ချင်းပဲ  ဖုန်းဆက်ပြီး သူတို့လဲ ကျွန်တော့်နည်းတူပါပဲ၊ သည်လောက်မြန်မယ် မထင်ခဲ့ဘူးလို့ ပြောကြတော့ ကျွန်တော် အားတက်သွားတယ်ဗျာ။
သူတို့က ဆက်ပြောတယ်။ သည်အတိုင်းဆို တစ်ခြား ကိစ္စတွေမှာလဲ မျှော်မှန်းတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲ လာနိုင်တယ်၊ ခင်ဗျား စပိ speed နည်းနည်း တင်ပြီး စဉ်းစားစမ်းဗျာလို့ အားပေးတယ်ဗျ။
    ကျွန်တော်ကလည်း မိတ်ဆွေများနဲ့ သဘောတူပါတယ်။ ဘယ့်နဲ့ဗျာ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးအပေါ်မှာတောင် အရင်လူတွေနဲ့ မတူကွဲပြား ခြားနားတဲ့ ရပ်တည်ချက် ရှိလာပြီဆိုရင် ကျန်တဲ့ အရေးကိစ္စတွေဟာ အသေးအဖွဲပဲ မဟုတ်လားဗျာ။

အရင်လူတွေ လုပ်ခဲ့တာတွေ
    အရေးကြီးတာက အရင်လူတွေလုပ်ခဲ့တာတွေကို ဆင်ခြင်တုံတရားနဲ့ သုံးသပ်၊ ဓမ္မဒိဋ္ဌာန်ကျကျ ရှုမြင်ပြီး ကောင်းတာတွေကို အသိအမှတ်ပြု၊ ဆိုးမွေတွေကို ငြင်းပယ်ရဲတဲ့ သတ္တိ မွေးကြဖို့ပါပဲဗျာ။
    သည်နေရာမှာ ကွန်မြူနစ်နိုင်ငံတွေမှာ လုပ်လေ့ရှိခဲ့တဲ့ အကျင့်မျိုးကိုလည်း ရှောင်ရှားဖို့ သတိထားသင့်တယ်ဗျ။ ဆိုဗီယက်ယူနီယံမှာ စတာလင် ဘုန်းတန်ခိုး ထွားနေချိန် မဟာစတာလင်ဆိုပြီး သူ့ထက်ငါ အနီးကပ် ခစားဝန်းရံ ခဲ့ကြ သူတွေထဲကပဲ စတာလင်လည်း သေရော၊ အချိန်ကောင်းစောင့်ပြီး အပုပ်ချ တော့တာပဲ။ နောက်ဆုံးတော့ စတာလင်ရုပ်ကလာပ်ကိုတောင် ရင်ပြင်နီက ဖယ်ရှားခဲ့တယ်ဗျာ။ အဲဒါမျိုးတွေကိုလည်း သင်ခန်းစာ ယူသင့်တယ်ဗျ။

ငွေစက္ကူတရားမ၀င်ကြေညာတာမျိုး
    ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးသိက္ခာချတာထက် လုပ်ရပ်တွေအပေါ်မှာပဲ အကောင်းအဆိုး သုံးသပ် သင်ခန်းစာ ယူစေချင်တယ်ဗျာ။ ဥပမာ- ဗိုလ်ချုပ်ကြီး နေ၀င်း သူ့အုပ်ချုပ်ရေးသက်တမ်းမှာ နိုင်ငံတော်က ထုတ်ဝေထားတဲ့ ငွေစက္ကူ တွေကို သုံးချီသုံးလား တရားမ၀င်ငွေအဖြစ် ကြေညာခဲ့တယ်။ ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်ရတယ်။ ဒါမျိုး နောက်နောင် ဘယ်တော့မှ မလုပ်ဘူး ဟေ့ဆိုရင် မကောင်းဘူးလားဗျာ။ ငွေစက္ကူတွေ တရားမ၀င် ကြေညာခဲ့တဲ့ ကိစ္စကိုပဲ ဒါဟာ ၀ိသမလောဘသား ငွေရှင် ကြေးရှင် အရင်းရှင်တွေအပေါ် တန်ပြန်စစ်ဆင်ရေးလုပ်ခဲ့တာဖြစ်တယ်၊ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အင်မတန်မှ အမြော်အမြင်ကြီးပါပေတယ်ဆိုပြီး ဆင်ခြေဆင်လက်တွေပေးကာ ပြည်သူ တွေဘက်က လုံးဝ မကြည့်တဲ့ ပညာရှင်ဆိုသူတွေကိုတော့ စိတ်ကုန်မိခဲ့ပါသဗျ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်ဆိုရင်
    ဟိုဘက်ပိုင်းတွေထက် နီးနီးကပ်ကပ် ဒီဘက်ပိုင်းအချိန်ကာလများအတွင်း သဘောထား ပြောင်းလဲဖို့ စဉ်းစားသင့်တာတွေကို ပြောရရင်ဖြင့် ပထမဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုပဲ ပြေးမြင်မိတယ်ဗျာ။ အခုဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါ လွှတ်တော်ထဲ ရောက်လာပြီ ဖြစ်လို့ ပါတီစုံဒီမိုကရေစီ အသွင်လက္ခဏာ ထင်ထင်ရှားရှား ပြနိုင်ပြီ။ လွှတ်တော် ထဲမှာလည်း နိုင်ငံရေး အင်အားစုတွေ တက်ညီလက်ညီ အလုပ်လုပ်နေကြပြီ။ ပြည်သူအစိတ်အပိုင်းအတော်များများကလည်း လွှတ်တော်သတင်းတွေကို ကြည့်လို့၊ ဖတ်လို့၊ ဆွေးနွေးလို့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းဆီသို့ တူရူပြုနေပြီ။

သည်လို အခြေအနေမှာ ရွေးကောက်ခံမဟုတ်သူများကို ၂၅ ရာခိုင်နှုန်း မဖြစ်မနေထည့်သွင်းထားတဲ့ အခြေခံဥပဒေကို ပြင်ဖို့ စဉ်းစားမယ်ဆိုရင် ဘယ်လောက် စိတ်ဝင်စားကြမလဲဗျာ။ ၂၅ ရာခိုင်နှုန်းကနေ သင့်တင့်တဲ့ ရာခိုင်နှုန်းတစ်ခုသို့ လျှော့ချပေးပြီး တဖြည်းဖြည်း ညင်သာစွာ ရုပ်သိမ်း သွားမယ်ဆိုရင် ပြည်သူတွေက လက်ခုပ်သြဘာပေးပြီး ကြိုဆိုကြမှာပဲဗျ။ ဒီမိုကရေစီပန်းတိုင်ကို သွားရာမှာ ရွေးကောက်ခံမဟုတ်သူများအတွက် ခွဲတမ်းဆိုတာ ကာလတစ်ခုအတွက်ပဲ ထားရှိသင့်တယ်။  ရေရှည်ရှိနေဖို့ မကောင်းဘူးဆိုတာ ကာယကံရှင်တွေကိုယ်တိုင် သဘောတူကြမယ် ထင်ပါတယ် ဗျာ။ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါဆိုသလို တစ်နေ့တော့ ဒီမိုကရေစီ ပီပီသသ ဖြစ်ရမှာပါ။ ကျွန်တော် အခု ပြောနေတာက အများ မျှော်လင့်နေ ခဲ့တာထက် မြန်မြန်ပြောင်းနိုင်ရင် မြန်မြန် ခရီးရောက်မှာကို ဆိုလိုတာပါ။

မြန်မာနိုင်ငံရဲ့ မြို့တော်
    နောက်တစ်ချက်ကတော့ တိုင်းပြည်ရဲ့ မြို့တော်ကိစ္စဗျာ။ ကျွန်တော် သေချာ မှတ်မိသေးတယ်။ ၂၀၀၁ခုနှစ်လောက်က သတင်းဂျာနယ်တွေမှာ အပတ်စဉ် မျက်နှာဝက် ကြော်ငြာကြီးတစ်ခု ပါတယ်။ ဘာလဲဆိုတော့ ဒဂုံ ဆိပ်ကမ်းမြို့နယ်က တိုက်ခန်းတွေကို အရောင်း ကြော်ငြာတာပါ။ ]]မကြာတော့မည့်ကာလတွင် အစိုးရ ရုံးများအားလုံး ရုံးစိုက်သည့် နေရာဒေသ ဖြစ်လာတော့မည့် ဤနေရာမှာ တိုက်ခန်းများ ၀ယ်ပြီး ရင်းနှီး မြှုပ်နှံပါ}} တဲ့။ ကျွန်တော် စုံစမ်းကြည့်တော့ အစိုးရရုံးတွေအားလုံး ဒဂုံဆိပ်ကမ်း မြို့နယ်ကို ပြောင်းရွှေ့ဖို့ စီမံကိန်း ရှိတယ်၊ အမေရိကန်က ၀ါရှင်တန် ဒီစီလို ဖြစ်လာမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ထဲမှာ ၀န်ကြီးများရုံးဟောင်းကြီး (ယခင် အတွင်းဝန် ရုံးဟောင်း) ကလည်း အိုဟောင်းနေပြီ။ ၀န်ကြီးရုံးတွေကို ဟိုတစ်ခု သည် တစ်ခု ပြန့်ကြဲဆောက်ထားတော့ ရုံးကိစ္စနဲ့ သွားရလာရ သူတွေမှာ ဟောဟဲကို လိုက်လို့။ သည်တော့ ဒဂုံဆိပ်ကမ်းမြို့သစ်လို နေရာမှာ အစိုးရရုံးတွေ စုပြီး တည်ဆောက်လိုက်ရင် ရန်ကုန်မြို့မကြီးနဲ့လည်း ၁၀မိုင်လောက်ပဲ ကွာတယ်၊ ပဲခူးမြစ် ကမ်းနဖူးမှာ လေတဟူးဟူးနဲ့ ကျန်းမာရေးအတွက်လည်း ကောင်းမယ်၊ တယ်နိပ်ပါလားလို့ တွေးမိခဲ့တယ်ဗျ။

ဘယ်အချက် အရင်ပြင်ချင်သလဲမေးရင်
    ဟော ၂၀၀၅လည်းကျရော၊ အဲဒါတွေမဟုတ်တော့ဘူး၊ နေပြည်တော်ကို တည်လိုက်ပြီတဲ့ဗျာ။ ကျွန်တော် နှစ်ခေါက် ရောက်ပြီးပါပြီ။ ဘယ်လိုလဲလို့ မေးသူတိုင်းကို ကျွန်တော်ကတော့ စိတ်မချမ်းသာစွာ ခေါင်းတရမ်းရမ်းနဲ့ပဲ ဖြေမိတယ်ဗျာ။ ပြည်သူတစ်ယောက်အနေနဲ့၊ သတင်းစာဆရာတစ်ယောက် အနေနဲ့၊ ကျွန်တော့် ဆန္ဒသာ ပေးခွင့်ရှိရင် ဘယ်လိုနည်းနဲ့မှ သဘောမတူ နိုင်ပါဘူးဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဘယ်အချက်ကို အရင် ပြင်ချင်လဲလို့ ကျွန်တော့်ကို မေးရင် ကျွန်တော်ကတော့ အဲဒီအချက်ကို အရင် ပြောမှာပဲဗျ။

ရန်ကုန်နဲ့ မိုင် ၃၀ အကွာအတွင်း
    ပြီးခဲ့တဲ့ တစ်နှစ်လောက်က မြို့ပြတညိဆောက်ရေးလုပ်ငန်းများဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဗိသုကာ ပညာ ပါမောက္ခကြီး ဒေါက်တာ ကျော်လတ်က ပြည်သူ့ခေတ်ဂျာနယ်မှာ အခန်းဆက်ဆောင်းပါး တွေ ရေးတယ်။ မြို့ပြများဆိုင်ရာ လေ့လာသုံးသပ်ချက်ဆောင်းပါးတွေပါ၊ အင်မတန် ဗဟုသုတရစေတဲ့ ပညာရှင်အမြင်တွေ ဖြစ်ပါတယ်။ ဆောင်းပါး တစ်ပုဒ်မှာ ဒေါက်တာ ကျော်လတ်က နိုင်ငံရဲ့ မြို့တော်ဟာ ရန်ကုန်မြို့နဲ့ မိုင် ၃၀ အကွာအဝေးအတွင်းလောက်မှာ ရှိသင့်တယ်လို့ တွက်ချက်ပြပြီး ထောက်ကြံ့ကနေ မှော်ဘီသွားတဲ့ လမ်းတစ်ကြောလောက်ကို အကြံပြုထား တယ်။ ဆရာကျော်လတ်က ရေမြေအနေအထား၊ ရာသီဥတု၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ ဒေသယဉ်ကျေးမှု ဘက်ပေါင်းစုံတွက်ပြပြီး ပညာရှင်အမြင်နဲ့ ရေးခဲ့တာပါ။ ကျွန်တော်က စာပေစိစစ်ရေးတင်တဲ့ ပရုဖ်စာရွက်တွေဖတ်ပြီး အရမ်းသဘောကျနေမိတယ်။ ပြည်သူ့ခေတ်မှာ ဖော်ပြဖြစ်ခဲ့တယ်လို့ပဲ ထင်နေတာ နောက်မှ စာပေစိစစ်ရေးက ခွင့်မပြုလို့ အဲဒီဆောငိးပါး တစ်ပုဒ်လုံး ပြုတ်သွားကြောင်းသိရတယ်ဗျာ။

ကိုင်း အခုတော့ မထင်တာတွေ တကယ်ပဲ ဖြစ်နေတဲ့ အချိန်ကာလ တစ်ခုကို ရောက်နေလေတော့ နှစ်ကာလအတန်ကြာပြီဖြစ်တဲ့ ပြည်သူ့ဆန္ဒ အချို့ကို ထင်ဟပ် တင်ပြလိုက်ရကြောင်းပါဗျာ။
၁၇၊ ၈၊ ၂၀၁၂
maungwuntha@gmail.com


အတိတ်က လူတွေရဲ့ အမှားအတွက် ၀န်ချတောင်းပန်မယ်ဆိုရင်
ယခုအပတ်ထုတ်ပြည်သူ့ခေတ်ဂျာနယ်မှာပဲ ဖော်ပြခဲ့တဲ့ မောင်ဝံသရဲ့ ဒုတိယ ဆောင်းပါး။

    ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်က စတင်စုဝေးလှုပ်ရှားခဲ့တာကို အကြောင်းပြုပြီး ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးလို့ သမိုင်း မှတ်တိုင် စိုက်ထူခဲ့တဲ့  အထိမ်းအမှတ်နေ့ကို လက်ရှိ နိုင်ငံတော်အစိုးရက အသိအမှတ် ပြုတဲ့ အရိပ်လက္ခဏာပြလာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုရင်း   မကြာသေးခင် လအတန်ကြာက ဘီဘီစီ အင်တာနက်ဝက်ဘ်ဆိုက်မှာ ဖတ်လိုက်ရတဲ့  စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကို ပြန်သတိရမိတယ်ဗျ။

သမ္မတက ၀န်ချတောင်းပန်
    သတင်းက ဂွါတီမာလာနိုင်ငံကလာတဲ့ သတင်းပါ။ သတင်းမှာ ဂွါတီမာလာ သမ္မတ အယ်လ်မာရိုကိုလွမ်က သူ့နိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်နီးပါးလောက်က ရွာတစ်ရွာမှာ အစိုးရတပ်ဖွဲ့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ခံခဲ့ကြရတဲ့ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ နှစ်ရာကျော်ကျော်တို့အတွက် တရားဝင်ဝန်ချတောင်းပန်ခဲ့တယ်လို့ ဖော်ပြထား တယ်ဗျ။ ]]ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှာ အမည်းစက်အဖြစ် စွန်းထင်း ပေကျံနေခဲ့တဲ့ အဲဒီဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့ကြသူတွေနဲ့ သူတို့ရဲ့ မိသားစုဆွေမျိုးသားချင်းတွေကို နိုင်ငံတော်သမ္မတအနေနဲ့ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ပေါင်းစု အကြီးအကဲအနေနဲ့ နိုင်ငံတော်ကို တိုင်တည် သစ္စာဆိုပြီး ကျွန်တော် ၀န်ချတောင်းပန်ပါတယ်}} လို့ မြို့တော်က ယဉ်ကျေးမှုနန်းတော်မှာ ပြုလုပ်တဲ့ တရားဝင်ဝန်ချတောင်းပန်ပွဲ အခမ်းအနားမှာ သမ္မတက ပြောဆိုခဲ့တယ်လို့ သတင်းက ဆိုတယ်ဗျာ။

သူနဲ့ ဘာမှ ပတ်သက်ခြင်းမရှိခဲ့
    ဒီသတင်းမှာ မိမိရှေ့က အစိုးရတစ်ခု လုပ်သွားခဲ့တဲ့ မကောင်းတဲ့လုပ်ရပ် တစ်ခုအတွက် ထမင်းရည်ပူလာ လျှာလွှဲ ခေါင်းရှောင်တာမျိုး မလုပ်ဘဲ ရဲရဲရင့်ရင့် တာဝန်ယူခဲ့တဲ့ သမ္မတတစ်ဦးရဲ့ လေးစားအားကျဖွယ် စိတ်ထားနဲ့ လုပ်ရပ်ကို မြင်တွေ့နိုင်ကြမှာ ဖြစ်တယ်ဗျ။ ပြောမယ် ဆိုရင် သမ္မတကိုလွမ်ဟာ အဲဒီရာဇ၀တ်မှုကြီးကို အစိုးရတပ်ဖွဲ့တစ်ဖွဲ့က ကျူးလွန်ခဲ့ချိန်မှာ အစိုးရနဲ့ ဘယ်လိုမှပတ်သက်ဆက်စပ်မှု မရှိခဲ့သူ တစ်ဦးဖြစ်တာမို့ သူ သမ္မတဖြစ်လာ ချိန်မှာ အဲဒီရာဇ၀တ်မှုကြီးနဲ့ ပတ်သက်လို့ ဘာမှမပြောဘဲ နှာစေးနေလို့ ရတယ်ဗျ။ အဲဒီရာဇ၀တ်မှုကြီးအတွက် သူ့အနေနဲ့ တစ်ခုခုလုပ်ပေးဖို့ ဒါမှမဟုတ်ပြောပေးဖို့ သူ့မှာ တရားဥပဒေအရ ဘာတာဝန်ဝတ္တရား (ူနါေီူကအပ) မှ ရှိတာ မဟုတ်ဘူးဗျ။ ဒါပေမယ့် သူဟာ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ တာဝန်ရှိမှု (သြမေူ ဥဘူငါအေငသည) အရ အခုလိုဝန်ချတောင်းပန်ခဲ့တာ ဖြစ် တာကြောင့် ဂွါတီမာလာသမ္မတ အယ်လ်ဗာရိုကိုလွမ်ဟာ လူကြီးလူကောင်း ဆန်သူ၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားလေးစားသူ နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ ဆိုရမှာ ဖြစ်တယ်ဗျာ။

ဆားဘီးယားနိုင်ငံဥပမာ
    ဒီနေရာမှာ စကားစပ်မိလို့ နိုင်ငံတစ်နိုင်ငံအကြောင်း နောက်ကြောင်းပြန် ပြောပြချင်တယ်ဗျာ။ အဲဒီနိုင်ငံကတော့ ဆားဘီးယားနိုင်ငံပါ။ နိုင်ငံတကာ ရေးရာများကို စဉ်ဆက်မပြတ် လေ့လာခဲ့ကြသူတွေအနေနဲ့ အဲဒီနိုင်ငံအကြောင်း ကောင်းကောင်းသိကြမှာ ဖြစ်တယ်ဗျ။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီဝါဒ တိုက်ဖျက်ရေးသူရဲကောင်းဖြစ်ခဲ့တဲ့ မာရှယ်တီတိုး ထူထောင်ခဲ့တဲ့ ယူဂိုဆလား ဗီးယားပြည်ထောင်စုမှာ ဆားဗီးယားဟာ အတွင်းသားအမာခံနေရာက ပါဝင်ခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်တယ်ဗျ။

ခွဲထွက်ရေးကြိုးပမ်းမှုတွေ
    ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခဲ့မှုနဲ့အတူ ကမ္ဘာမှာ ကွန်မြူနစ်ဝါဒရဲ့ သြဇာအရှိန်အ၀ါ ကျဆင်းလာနေတဲ့ ၁၉၉၀ အစောပိုင်းနှစ်တွေ မှာ ကွန်မြူနစ် ယူဂိုဆလားဗီးယား ပြည်ထောင်စုဟာလည်း ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဗျာ။ အဲဒီလှုပ်ရှားမှုတွေထဲမှာ လူသိအများဆုံးကတော့ ၁၉၉၂ ကနေ ၁၉၉၅ အထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယားနိုင်ငံရဲ့ ခွဲထွက်ရေး ကြိုးပမ်းမှုဖြစ်တယ်ဗျ။ အဲဒီစစ်ပွဲ အတွင်း ဘော့စနီးယား ဆာ့ဘ်တပ်ဖွဲ့တွေဟာ ဘော့စနီးယားမူစလင်တွေရဲ့ ခွဲထွက်ရေးကြိုးပမ်းမှုကို ဟန့်တားဖို့ ကြိုးစားရင်း လူမျိုးတုံးသန့်စင်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်မှုလို့ ဆိုနိုင်လောက်တဲ့ ဧရာမစစ်ရာဇ၀တ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြတယ်ဗျ။ အဲဒီထဲက အဆိုးဆုံးဖြစ်ရပ်ဖြစ်တဲ့  ဆရီဘရင်နီးယားမြို့က ဖြစ်ရပ်မှာဆိုရင် ဘော့စနီးယား ဆာ့ဘ်တပ်ဖွဲ့တွေဟာ ဘော့စနီးယား မူစလင်အမျိုးသားကြီးငယ် ၈၀၀၀ လောက်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာဖြစ်တယ်ဗျာ။
    တိုတိုပြောရရင် ဆာ့ဘ်တပ်ဖွဲ့တွေ အဲသလောက် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ သုံးပြီး ဟန့်တားခဲ့ပေမယ့် ဘော့စနီးယားဟာ နောက်ဆုံးမှာ ယူဂိုစလားဗီးယားပြည်ထောင်စုက ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖြစ်သွားခဲ့တယ်။ ခရိုအေးရှားခွဲထွက်ရေး လှုပ်ရှားမှု၊ ဘော့စနီးယားခွဲထွက်ရေး လှုပ်ရှားမှုတွေရဲ့ ရိုက်ခတ်မှု ဂယက်အရှိန်တွေကြောင့် ဆားဗီးယားမှာလည်း ဆလိုဘိုဒန်မီလိုစီဗစ်ဦးဆောင်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ အစိုးရ ပြုတ်ကျပြီး ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာခဲ့တယ်ဗျာ။

စစ်တရားခံ နှစ်ယောက်
    ဒါပေမယ့် ဘော့စနီးယားစစ်ပွဲမှာ မကြားဝံ့ မနာသာလောက်စရာ စစ်ရာဇ၀တ်မှုကြီးတွေကို ဦးဆောင်ကျူးလွန်ခဲ့ကြသူတွေအဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ သဘောထားခြင်းခံခဲ့ရတဲ့ ဘော့စနီးယားဆာ့ဘ် နိုင်ငံရေး ခေါင်းဆောင် ရာဒိုဗန်ကရာဇစ်နဲ့ စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရက်ကိုမလာဒစ်တို့ကတော့ အဲဒီစစ်ပွဲပြီးသွားလို့ ဆယ်စုနှစ်တစ်ခုကျော် ကြာလာတဲ့အထိ ဆာဘီးယားနိုင်ငံထဲမှာ လှည့်ပတ် ရှောင်ပုန်းနေနိုင် ခဲ့ကြတယ်ဗျ။
    မီလိုစီဗစ်ခေတ်လွန် ဆားဗီးယားအစိုးရ အဆက်ဆက်ဟာ သူတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက် အဖြစ် ဥရောပသမဂ္ဂ အဖွဲ့ ၀င်ရောက်ခွင့်ရရှိဖို့ ဆန္ဒပြင်းပြခဲ့ကြတယ်ဗျာ။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အဓိကထားတဲ့ ဥရောပ သမဂ္ဂက  ဆားဘီးယားနိုင်ငံကို သူတို့အဖွဲ့ဝင် ၀င်ခွင့်ပြုရေးအဓိက >ခင်းချက်အဖြစ် ကရာဇစ်နဲ့ မလာဒစ်တို့ နှစ်ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး ရှေ့မှောက်အရောက် ပို့ပေးရေးကို တောင်းဆိုခဲ့ကြတယ်ဗျ။ တစ်နည်းအားဖြင့် လက်ရှိဆားဗီးယား အစိုးရအနေနဲ့ သူ့ရှေ့က အစိုးရတစ်ခု ကျူးလွန်သွားခဲ့တဲ့ စစ်ရာဇ၀တ်မှုများ အတွက် တာဝန်ယူမှုအပြည့်ရှိကြောင်း အဲဒီနည်းနဲ့ သက်သေပြဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်ဗျ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အဲဒီပုဂ္ဂိုလ်နှစ်ယောက်ကပဲ အပုန်းကောင်းလွန်းတာလား၊ ဒါမှမဟုတ် မီလိုစီဗစ်ခေတ် နောက်ပိုင်း ဆားဘီးယားအာဏာပိုင်တွေကပဲ မျက်စိအမြင် ချို့တဲ့ကြလေသလားတော့ မပြောတတ်ဘူး။ ဆားဘီးယား အီးယူဝင်ခွင့်ရရေး ဟာ ]နီးလျက်နဲ့ဝေး} ဆိုသလို ဖြစ်ခဲ့တယ်ဗျ။
    နောက်ဆုံးတော့ အဲဒီပုဂ္ဂိုလ်နှစ်ယောက်စလုံးကို ဆားဘီးယားက လက်ရဖမ်းဆီးပြီး အိုင်စီစီကို ပို့လိုက်ပြီဗျာ။ ဒီတော့ ဆားဘီးယား ဟာလည်း တာဝန်သိတာဝန်ယူတဲ့နိုင်ငံတစ်ခုအဖြစ် ဥရောပသမဂ္ဂကို ၀င်ရောက်ခွင့် ရရှိတော့မှာ ဖြစ်တယ်ဗျ။
တာဝန်သိဖို့ တာဝန်ယူဖို့ တောင်းဆိုသံတွေ
    ဒီကနေ့ ကမ္ဘာကြီးဟာ ပေါက်ကွဲတိုးတက်နေတဲ့ သတင်းနည်းပညာတန်ခိုးနဲ့ အပြောင်းလဲကြီးပြောင်းလဲနေပြီ။ ဟင်းလင်း ပွင့်သွားတဲ့ ကမ္ဘာကြီးမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး စတဲ့အသံတွေဟာ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ အိမ်တံခါး ဖွင့်လိုက်တာနဲ့ အလုအယက် တိုးဝင်လာကြတဲ့အရာတွေဖြစ်နေပြီဗျာ။ တစ်ချိန်တည်းမှာ တာဝန်သိဖို့ တာဝန်ယူဖို့ တာဝန်ခံဖို့ဆိုတဲ့ တောင်းဆိုသံတွေဟာလည်း ဘယ်သူ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရမှ ရှောင်ပြေးလို့ မရနိုင်တော့လောက်အောင် နောက်က တကောက်ကောက်လိုက် နေကြတာ ဖြစ်တယ်ဗျ။

သမိုင်းစာမျက်နှာသစ် ဖွင့်ဖို့
    ကျွန်တော်တို့ နိုင်ငံမှာလည်း အားလုံးသိကြတဲ့အတိုင်း ခေတ်သစ် တစ်ခုအတွင်းသို့ ချဉ်းနင်းဝင်ရောက်ဖို့ ကြိုးစားနေကြတယ်ဗျ။ တစ်ချိန်ကလို ကမ္ဘာ့တစ်စိတ်တစ်ပိုင်း တစ်ခြမ်းတစ်ဖွဲ့တည်းနဲ့ ဆက်ဆံတာမျိုးမဟုတ်ဘဲ အရှေ့အနောက် တောင် မြောက် ၀ဲယာနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လုံးပန်းနေတဲ့ ကာလဖြစ်တယ်ဗျ။ အထူးသဖြင့် ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ဦးတည်ချီတက်နေပြီဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများနဲ့ ဆက်ဆံရေးမှာ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ဖို့ ရည်ရွယ်ကြိုးပမ်းနေတဲ့ကာလဖြစ်တယ်ဗျာ။

ဦးဦးဖျားဖျား သတင်းပေးချင်ပါတယ်    
    ဧရာဝတီမြစ်ဆုံရေကာတာကိစ္စ ဆုံးဖြတ်ချက်နဲ့အတူ အရင်လူများရဲ့ အမှားကို ပြင်ရဲတဲ့ တာဝန်သိတာဝန်ခံတာဝန်ယူမှုရှိတဲ့ အစိုးရ တစ်ရပ်အဖြစ် ပြည်တွင်းပြည်ပက လက်ခုပ်သံတွေ ရရှိခဲ့တဲ့ လက်ရှိအစိုးရအနေနဲ့ နောက်ထပ် အဲသလိုအမှားမျိုးတွေကို ဘယ်လောက်များများနဲ့မြန်မြန် ပြင်နိုင်ဦးမလဲ ဆိုတာကို ပြည်တွင်းကရော နိုင်ငံတကာ မိသားစုကပါ စိတ်ဝင်တစား စောင့်ကြည့်နေ ကြမှာ သေချာတယ်ဗျ။ ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်သား တွေဆိုတာကတော့ လုပ်ငန်းသဘာဝအရကို နားပါးမျက်စိလျင်ရတဲ့လူတွေ ဖြစ်တာကြောင့် အဲသလို လုပ်ရပ်မျိုး ပေါ်လာမယ့်အလားအလာတွေ့ရရင် ဦးဦးဖျားဖျား ပြည်သူတွေ ဆီကို သတင်းပေးချင်လှပါပြီဗျာ။
၁၇၊ ၈၊ ၂၀၁၂
maungwuntha@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...