ဗိုက်ပူနံကားနှင့် ကို်ကြီးကျော်
နတ်ကတော် ခင်စိန် က ဂေဇတ်ရွာ မှာ နာမည်ကြီး ၊ဟောတယ် ၊ ရွှီးတယ် ၊ ရိုက်တယ်၊ ပြီးရင်.. ကျသလောက်ပေး။ အဲလိုတောင်းတယ်။ တစ်ချို့  ကိစ္စတွေမှာ နတ်ကတော်ခင်စိန် လွန်မှန်း တစ်ရွာလုံးက သိကြပေမယ့် တစ် ရွာ လုံးမှာ နတ်နဲ့ ပတ်သက်ရင် သူမှ အားကိုးရတာ။ နတ်ကတော် ခင်စိန်က နောက်မှ ပြောင်းထားတဲ့နာမည်။
အရင်က ကျော်စိန်..။ သူ့အကြောင်းက လည်း နည်းနည်း ပလ္လင်ခံဦးမှ ရမှာကိုးဗျ။ ကျော်စိန် က ငယ်ငယ် ကတည်းက ဖတ ဆိုးလေး၊ လူကောင်က ကြီးပေမယ့်ပျော့တီးပျော့ညံရယ်။ စကားပြောကလည်း ခပ်နွဲ့  နွဲ့  ။ ဒီလိုနဲ့ အသက်နှစ်ဆယ်လောက်ကျတော့ ။ သားအမိနှစ်ယောက် သာဂရ မြို့  ကိုတက်သွားတယ်။
သတင်းတောင်သိပ်မကြား၇တော့ ပါဘူး။ နောက် ၁၀ နှစ်လောက်နေမှ တစ်ခါ ဂေဇက်ကို ပေါက်ချ လာတာ။ ပြီးတော့ ဘယ်သူမှ တောင်မမှတ်မိဘူး။
ဒီလိုပုံကြီးဖြစ်လာလိမ့်မယ်လို့လဲ ဘယ်သူမှ မထင် ဘူးမဟုတ်လား။
သူရွာထဲ ၀င်ဝင်လာချင်းတုန်းက ဆို.. ညနေ ညီအစ်ကို မသိ တသိ အချိန်ကြီးဗျ။
ရွာအနောက်ပိုင်း သင်္ချိုင်းကို ဖြတ်ပြီးဖောက် ထားတဲ့ လမ်းအတိုင်း ၀င်ချ
လာတော့ နွားကျောင်းသား ငနီ နွားရိုင်းသွင်းလာရင်း တွေ့တာ..
ပြေးလာလိုက်တာများ ပုဆိုးတောင် မကပ်နိုင်ဘူး။ ရွာထဲက လူကြီးတွေ က ပရိတ်
ရေတွေ ဘာတွေ တိုက်။ ချော့မော့မေးတာတောင် တော်တော်နဲ့ ငနီအသံက ထွက်မလာဘူး။
သင်္ချိုင်းဖက် ကို လက်ညှိုးကြီး ညွှန်ပြပြီး
ကြောက်နေလိုက်တာများယောက်ျားကြီးတွေ တောင် ကြက်သီးထတယ်။ ပြီးတော့ ငနီ
အသံက တစ်ခုခု ကို ရုန်းကန်ပြီး ထွက်လာ ရတဲ့ အသံမျိုး ။ တစ်ခွန်းထဲ
ထွက်လာတာ။ ရွာထဲကို စုန်းဝင်လာပြီ ။။ ဆိုဘဲ။ အဲဒီနေ့က.. ကျော်စိန်
ပြန်ဝင်တဲ့နေ့။
နောက်ပိုင်းမှ ကျော်စိန်ခေါ်တဲ့သူ နဖူးကွဲတဲ့သူကွဲ။ အချောင်နှိုက်မယ်
ကြံတဲ့ ထန်းရည်မူး ငကြွက် တို့ ခေါင်း လည်း သုံးလေးချက်လောက်ချုပ်လိုက်
ရမှ…နတ်ကတော် ခင်စိန် ဆိုပြီး နာမည် ရသွားတာ။နည်းနည်း လည်း
ရှိုန်သွားကြတယ်။ အဲလိုနဲ့ ခင်စိန်က အရင်က ရွာထဲမှာ နတ်ကတော် လိုက်နေတဲ့
အမေဒေါ်ခွေး ရဲ့အရိုက်အရာ ကိုအလိုလိုရသွားတယ်။ ဒေါ်ခွေးကလည်း
အသက်ကြီးလာတော့ ဒီကိစ္စမျိုးတွေ သိပ်မလုပ်နိုင်တော့ဘူး မဟုတ်
လား။တိုတိုပြောမယ်ဗျာ။ ခင်စိန်က..လက်မရွံဗျ ..။ ခေါ်ရင်လိုက်တယ်။ ပြီးရင်
က တယ်။ မေးချင်တာမေး။ သူလည်း ဖြေချင်တာဖြေတယ်။ အေးခင်ဗျားတို့
ပြီးရင်ကတော့ တောင်းသလောက်တော့ပေး လိုက်ဗျို့ ။ ဒါက အပြောမဟုတ်ဘူး
လက်တွေ့။ ကိုမောင်ပေကြီး မေးကြည့်။ အရင်လက်ဝှေ့ပွဲ ဘာလို့
ရှုံးတာလဲဆိုပြီး ခင်စိန်ကို နတ်ပွဲက ပြီး မေးတာ ။ ခင်စိန်က နင်..အ..လို့
ဆိုပြီးဖြေတယ်။ အဲဒီမှာ မောင်ပေကြီးက စိတ်မထိန်းနိုင်ဘဲ။ ခင်စိန် ကို
ထိုးမယ် ရိုက်မယ် ကြိမ်းနေတုန်း ခင်စိန်က နတ်ဝင်တောင် မပျက်ဖူး…တွေ့ကရာ (
နတ်တင် ထားသော အရက်ပုလင်း) ( ဒေါင့်ပုလင်းကြီး ) နဲ့ ကောက်ချ လိုက်လို့
မောင်ပေကြီးခင်ဗျာ။ လက်ဝှေ့ပွဲ ကလည်း ရှုံးခင်စိန့်လက်စာမိလို့
နောက်စေ့လည်း ပလပ်စတာ လ၀က် လောက် ပတ်ထားလိုက်ရတယ်။ နားရင်း တွေလည်း
အူနေတာ အခုထိဘဲ တဲ့။ ကိုမောင်ပေကြီးပြန်ပြောပါတာ။
ဆိုတော့ ခင်စိန် ကိုတော်ရုံ သွားမငှားရဲဘူးပေါ့ဗျာ။ သို့ပေမယ့်
နတ်ကတော်ဟောင်း ဒေါ်ခွေးကလည်းနားသွား ပြီဆိုတော့ကာ..နတ်ရေးနတ်ရာ အချိန်ကျ
ရင်ဖြင့် လူမရှိတဲ့ အဆုံး ဒီခင်စိန် ကြီးကိုဘဲ သွားပြီး ခေါ်နေရတာ
ပေါ့ဗျာ။ တစ်ခုတော့ ရှိတယ် ဗျို့  ခင်စိန့်ကို သွားခေါ်ရမယ် သူကို မဲနှိုက်
ကြတယ် ၊ ကျားဗိုလ် ဆွဲကြတယ် ဆိုပဲ။ အဲဒီလောက် ရွာထဲမှာ သူကလည်း
သြဇာရှိတာ။
တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ် မိုးခေါင်တော့ ရွာထဲက ရပ်မိရပ်ဖ တွေ
လူကြီးတွေက မိုးခေါ်ဖို့ လွန်ဆွဲပွဲတွေ ကျင်းပ. ဘုန်းကြီးတွေ ခေါ်
ငါးရံ့မင်း ပရိတ်တွေ ရွတ်၊ ပဌာန်းတွေ ရွတ်၊ အဲလို
နည်းမျိုးစုံကြိုးစားကြတာပေါ့ဗျာ။ မိုးကတော့ သူနဲ့ မဆိုင်သလိုဘဲ။
တစ်စက်မှကို မရွာဘူး၊ ရွာပတ်ဝန်းကျင်က ပဲတီစိမ်းခင်းတွေ လည်း စက်
ရေတင်တဲ့သူက တင်။ မိုးဆုတောင်းတဲ့သူက ဆုတောင်းလုပ်ကုန်ကြပြီ၊
ခြောက်ကုန်ပြီကိုးဗျ။ ကွမ်းခြံသမား တွေကလည်း မိုးမကျတော့
ကွမ်းရွက်ပိုးတွေကျ။ အရိုးတံပိုးတွေကျ။ အဲလို ဒုက္ခတွေ ကလည်း ဒီနှစ်မှ ပို
ဖြစ်သလားလို့..။
ဒါကို ရွာဦးကျောင်းမှာ ရွာထဲက လုကြီးတွေ အစည်းအဝေးလုပ်တုန်း ဘယ်သူက
မြှောက်ပေးလိုက်တယ် မသိဘူး နတ်ကတော် ခင်စိန် ကိုနတ်မေးပြီး
နတ်စာကြွေးဖို့ အဆိုက တက်လာတယ်။ ပထမ တော့ နည်းနည်း စဉ်းစားဉာဏ်ရှိတဲ့
လူကြီးတွေကလက် မခံချင်ပေမယ့်။ ရှေးရိုးစွဲ ဦးသန်းမောင်တို့ ၊ နတ်ကတော်
ခင်စိန် ၇ဲ့ ဆွေမျိုးမကင်း တော်တဲ့ ဒေါ်ကြီး မြိုင်တို့ က
ဇွတ်တိုက်တွန်းနေတာက တစ်ကြောင်း ၊ နောက်ထပ်လည်း လုပ်စရာ က ဘာမှ
မရှိတော့တာက တစ်ပိုင်းမို့ အားလုံးသဘောမတူချင်တူချင်နဲ့
တူလိုက်ပါတော့တယ်။
ရွာထဲက ရန်ပုံငွေတွေ စုကောက်၊ ပြီးရင် ခင်စိန်ကို ကန္နားပေးမယ်ပေါ့။
သာဝတ္ထိက နတ်ဆိုင်း။နတ်ဒိုး၊ ကိုငှား။ နတ်ချော့သည် ဘာညာ သရက်စု နဲ့
ကျွန်းတော် ရွာကို ရှာဖို့လူတွေလွှတ် ၊ ဒီိလိုနဲ့ တစ်ရွာလုံးအလုပ်တွေ
တော်တော်ရှုပ်သွားသေးတယ်။ဒီလိုနဲ့ ပြင်ကြဆင်ကြရင်း ကန္နားက မယ့်နေ့ရောက်ပြီ
ဆိုပါတော့ဗျာ။ နတ်ဒိုး လေးက တစ်ဒုတ်ဒုတ် စ တီးပြီ ခင်ဗျ။ လက်စမ်းရင်းနဲ့
ဒိုးအဖွဲ့က တီးလုံးတိုက်ကြတာပေါ့ခင်ဗျ။ နှဲသမားက လည်း ကြည့်တဲ့သူ မျက်ရည်
ဝိုင်းအောင်ကို အမှုတ်ကောင်းခင်ဗျ။ ခင်စိန်က ရောက်မလာသေးဘူး ဗျ။
ဗိုက်ပူ နံကားကတော့ ရောက်နေပြီ။ ဘာရယ်မဟုတ်ပါဘူး သူလည်း လူစုစု ဆိုတော့
လာကြည့်တာပါ။ ခက်တာက ဗိုက်ပူနံကားက သိပ် က ချင်တာ။ တူးပို့တူးပို့သာ
လုပ်လိုက် ဗိုက်ပူနံကားတို့က အနောက်မှာ ကွေးနေအောင် ကနေပြီ။ ပြီးတော့
ဗိုက်ပူနံကားက အရှက်မရှိဘူးခင်ဗျ။ ငယ်တုန်းက သူ့ရှက်ကြောနဲ့ ချက်ကြောနဲ့ 
မှားဖြတ် လို့ ရှက်ကြော ပြတ်သွားတယ်။ ထားပါတော့ …အဲဒါက..။ ဒီလိုနဲ့
နတ်ဒိုးစမ်းယုံ စမ်းရသေးတယ် ပရိတ်သတ် ထဲက ဗိုက်ပူနံကားက ကနေပြီ။
ကွေးလို့။ သို့သော် ဒါက သီချင်းတီးလုံးကိုး ၊ ဒီတော့..
ဗိုက်ပူနံကားက ငြိမ့်ငြိမ့်လေးက နေတာပေါ့။ နတ်ဝင်ဒိုးမှ မဟုတ်သေးဘဲ။
ခင်စိန်ရောက်လာပြီး နတ်ဝတ် နတ် စားတွေ ၀တ်နေတာကို
ဗိုက်ပူနံကားမသိလိုက်တော့ဘူး။ သူ့အက နဲ့ သူ မျောနေလို့။ ဒိုးသံ ရပ်သွားမှ
ဗိုက်ပူ နံကား နတ်ကွမ်းထဲကို ကြည့်မိတာ။ အားပါးပါး။ နတ်ကတော်
ခင်စိန်ကြီးပါလားဟ။ မိတ်ကပ်တွေ တစ်လက်မ လောက်ဖို့ထားတဲ့ မျက်နှာကြီးနဲ့
ခေါင်းကလည်း အ၀ စကြီး စည်းထားသေး။ပြီးတော့ နှုတ်ခမ်းနီကြီးက ထူထဲ လို့
ဆိုးထားလိုက်တာကလည်း ။ တကယ်ပါဗျာ။ လူတွေ အားလုံးအော့နှလုံးနာ စရာကြီးပါ။
သို့သော်.. ရပ်ရေး ရွာရေးမဟုတ်လား။ အားလုံးသည်းခံနေကြပါတယ်။
ပလုံတုံပလုံတုံ စသည်ဖြင့် နတ် စ ပင့်ပြီခင်ဗျ။ နတ်ဒိုးသံကြမ်းလာသည်နှင့်
အမျှ ခင်စိန်အက တွေက လည်း ကြမ်းတမ်းလာတယ် ။လက်အုပ်ကို ချီရင်းက
တစ်ဆတ်ဆတ်တုံ လာတဲ့ သူ ကြီးမားတဲ့ခ န္ဓာကိုယ်ကြီးက ယိမ်း နွဲ့လာတယ်။
နတ်ချော့တော်တွေက ချွေးတွေ ဘာတွေ လိုက်သုတ်ပေးပေါ့။ပုဆိုးခေါ်မလား
ထဘီခေါ်မလား အောက်က အ၀တ်ကြီးကို လည်း ကျွတ်မကျ သွားအောင် အ၀တ်စ တွေနဲ့
ချည်ရတာပေါ့ ဗျာ။ နတ်ဝင်ပြီ။
အားလုံး ခင်စိန်ဆီကိုဘဲ အာရုံစိုက်နေကြတယ်။ နတ်ဒိုးကလည်း
တစ်ဖြည်းဖြည်း..နှေးသွားပြီး ..ပလုံတုံ ပလုံတုံ စသည်ဖြင့်
စည်းချက်ခြားပြီး ခပ်ထေ့ထေ့လေး တီးနေတာကို တွေ့ရတယ်။ အချော့တော် တစ်ယောက်
က ခင်စိန့်ကို လှမ်းမေးတယ်။ ဘယ်လိုနတ်မျိုးဆိုတာ အမိန့်ရှိပါ၊ ခင်စိန်က
ခန္ဓာကိုယ်ကြီးကို ဘယ်ယိမ်း လိုက် ညာယိမ်းလိုက်နဲ့ ငါဟဲ့
ကိုကြီးကျော်…ဟုအော်ချလိုက်ပါတယ်။ ထိုအခါရောက်မှ …
နတ်အချော့တော်တွေက..လက်အုပ်လေးတွေ ချီပြီး အော်..ကိုယ်တော်ကြီး
ကိုကြီးကျော်ပါလား…ဘာညာ ပြော ပြီး အရက်တွေ ၊ ကြက်ကြော်တွေ ဆက်သ ကြတယ်။
မေးချင်တာလေးတွေ မေးခွင့်ရပြီလား ကိုကြီးကျော် ဘုရား။ အချော့တော်
တစ်ယောက်က..ခင်စိန်ကြက်ကြော် ကြီးကို အားရပါးရကိုက်နေတုန်း
အလိုက်ကမ်းဆိုးမသိ မေးလိုက်တယ်။ ခင်စိန်က မေးတဲ့ သူကို တစ်ချက်လှမ်း
ကြည့် လိုက်တယ။် ဘာမှတော့ မပြောဘူး။ သို့ပေမယ့် အချော့တော် က လန့်သွားတာက
တစ်ကြောင်း ထိုအကြည့် ကြီးကို ကြောက်တာက တစ်ကြောင်း..ငြိမ်ကျသွားတယ်။
သူခန့်မှန်းမိလိုက်တယ်။ ခင်စိန်ကြီး မူးနေ ပြီ။ မျက်ထောင့်နီကြီးနှင့်
ခင်စိန်က..ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
ဟန်ပါပါလှမ်းအော်လိုက်တယ် .. နင်တို့ ငါ့ကို ဘာလို့မေ့နေတာလဲဟဲ့။
ခင်စိန်က အသံတော့တော်တော် အောင်တယ်။ ၀မ်းခေါင်းသံကြီးနဲ့ အော်လိုက်တဲ့
အခါ ပိုတောင် အောင် သေးတယ်။ မူးကလည်းမူးပြီ မဟုတ်လား။ ခွင့်လွှတ်ပါ
ကိုကြီးကျော် ရေ။ စသည်ဖြင့် အချော့တော် တွေ ၊ ရပ်မိရပ်ဖ တွေက
တစ်ယောက်တစ်ပေါက် ဖြေကြတယ်။ ကျွန်တော်မျိုးတို့ကို စောင့်ရှောက်ပါ။
ကိုကြီးကျော် ကို နတ်စာတွေ ပုံမှန်ပ သ ၊ ပါ့မယ်။
ဒီလို..ထုံးစံအတိုင်းအပြန်အလှန်ပြောဆိုနေကြတာပေါ့ဗျာ။ခက်တာက…ဗိုက်ပူ
နံကား သူက နတ်ဒိုးတီးရင် ကမယ် ၊ အတီးနှေးသွားတော့ သူ့ခင်ဗျာ အက
ခက်နေတာပေါ့ဗျာ။ ဟိုကလည်း နတ် မေးတုန်း ဆိုတော့ ခပ်နှေးနှေး တီးနေရ
တာမဟုတ်လား။ အဲဒါကို…ဗိုက်ပူနံကား ကသီနေတာ။ စိတ် .. မြန်လက်မြန် က
ချလိုက်ချင်စိတ်တွေက တော်တော် ထိန်းနေရတယ။် ခုနက နတ်ဝင် ခက်ကြမ်းကြမ်း
တီးလုံး တုန်းက ဆိုဘယ်လောက်ကလို့ကောင်းလဲ။ ပုဆိုးတွေ ဘာတွေတောင်
ခါးတောင်းကျိုက်ထားတယ် ။ ပြုတ် ပြီး ကျွတ်ကျ ကုန်မှာစိုးလို့။
ဗိုက်ပူနံကား ကိုလူတစ်ယောက်က ရေတစ်အိုးလာပေးတယ်။ ဘာရယ်မဟုတ်ဘူး မောမောနဲ့
မော့ချလိုက်တယ်။ ဂလု၊ ဂလု။ ကုန်လုလု ဖြစ်မှ ထန်းရေအိုးကြီး ဆိုတာ
သိလိုက်တယ်။ ကြည့် လိုက်တော့ ထန်းရည်သမား ငကြွက် ၊ ငကြွက် က
ထန်းရည်မူးနေပြီ။ သူကမူးမူးနဲ့ ကနေတာ။ ဗိုက်ပူနံကားက အသား လွတ်ကနေတာ။
ဒါကို ငကြွက်က သူ့လို မူးလို့က တယ်ထင်ပြီး အဖော်လာစပ်တာ။ ပြီးတော့
ငကြွက်မှာ အကြံရှိတယ်။ တစ်ခါက ခင်စိန်သူ့ကို ကြွေးထားတာ …အငြိုးရှိတယ်။
သူ့ ခေါင်း ချုပ်လိုက်ရတယ်လေ။ ဗိုက်ပူနံကားက ထန်းရည် အိုးမှန်းလည်း
သိသွားရော ပိုပြီးအကြိုက်ဖြစ်သွားတယ်။ အကုန် သောက် ချ လိုက်တယ်။
သောက်လိုက် ကလိုက်ပေါ့ဗျာ။ အစတော့ သိပ်မသိသာပေမယ့် နည်းနည်း
ကြာလာတော့..ဗိုက်ပူ နံကား ဝေတေဝေတေ ဖြစ်လာတယ်။
လေလေးက တစ်ဝေ့ဝေ့။ ဗိုက်ပူနံကားကြီး…မူးပြီ။ တစ်ရိပ်ရိပ်လည်နေတဲ့
လောကကြီး …မှာ ဗိုက်ပူနံကား ရဲ့က ကွက်တွေက အသက်ပါလာတယ်။ ပြုံးနေတဲ့
ဖားပါးစပ်၊ ပြုးနေတဲ့ ပုဇွန်မျက်လုံး။ ကိုယ်ခန္ဓာက ပုပ်နေတဲ့ မသာ
နွားကြီး လို ဗိုက်ကြီးတစ်ခုတည်း ကားထွက်နေသော ဗိုက်ပူနံကား။
သူပျော်နေတယ်။ ထိုအချိန်တွင် နတ်ဒိုးက ကြမ်းလာတယ်။ နတ်ဝင်နေသည် ဟုဆိုသော
ခင်စိန်လည်း အက ကြမ်းလာတယ်။ ဘာမှ မ၀င်တဲ့ ဗိုက်ပူနံကားလည်း အက
ကြမ်းလာတယ်။ သူက လက် အုပ်တော့ မချီဘူး ထန်းရည်အိုးကို လက်က ကျစ်ကျစ်
ပါအောင် ကိုင်ပြီး ကွေးနေအောင်ကနေတာ။
ထိုသို့က နေခိုက် ထန်းရည်မူး ငကြွက် က ဗိုက်ပူနံကား အနောက်က အသာ
ရပ်လိုက်ပီး ကန္နားဝင်း ( နတ် ကွမ်း ) ထဲကို ချိန်ပြီး ကန်ထည့်လိုက်တယ်။
ဗိုက်ပူနံကားလည်း ကရင်း ကရင်းနဲ့ ခင်စိန်ရှေ့ မှောက်ခုံ ကြီး
ရောက်ပြီးလဲသွားတယ်။ ခင်စိန်ကလည်းက သူကလည်း က။ ဒုံးချမ်းဒုံးချမ်းနဲ့
ပွဲကတော့ ကြည့်ကောင်း နေတယ်။ အချော့တော်တွေကလည်း ဗိုက်ပူနံကားကို
ချွေးသုတ်ရမှာ လိုလို ခင်စိန်ကို ချွေးသုတ်ရမှာ လိုလို
ဇဝေဇ၀ါဖြစ်ကုန်တယ်။ အချော့တော် တစ်ယောက်က ဗိုက်ပူနံကားကို လက်နဲ့
လှမ်းဆွဲတယ်။ သူ့ရည်ရွယ် ချက် က အပြင်ကို ဆွဲထုတ်ဖို့ပါ။ ဒါပေမယ့်
ဗိုက်ပူနံကားက သူ့ကို ပုတ်ထုတ်လိုက်တယ်။ ခပ်ကြမ်းကြမ်းပုတ် ထုတ်လိုက်
တာကြောင့် အချော့တော်နည်းနည်း လန့်သွားတယ်။ သူလဲ နတ်ဘဲလား မသိဘူး။
ဗိုက်ပူနံကား ကတော့ ခပ်တည်တည်ဘဲ။ လှုပ်လှုပ်လှုပ်လှုပ်နဲ့ ခင်စိန်ကြီးနဲ့
ဝင်ကနေတယ်။ ပထမတော့ ခင်စိန်ကြီးက ဘာမှ မပြောသေးဘူး။ နတ်ဝင်နေတာ မဟုတ်လား။
မင်းထွက်သွားလို့ပြောပြန်ရင်လည်း နတ် ၀င်နေတာနဲ့ ဘယ်တူ တော့မလဲ။
ဒါကြောင့် အသာကြည့်နေ၇တယ်။
လူတွေလည်း ဗိုက်ပူနံကားရော ခင်စိန်ကြီးကိုရော ၀ိုင်းကြည့်နေတာပေါ့။
တစ်ချက်မှာ ဗိုက်ပူနံကားရဲ့ ခြေ အထိုး လေးနဲ့  ကလိုက်တဲ့ အကက ..
ခင်စိန်ကြီး ခြေထောက်ကို ကလန့်လိုက်သလိုဖြစ်သွားတယ်။ ခင်စိန်ကြီး
အားယားမှောက်ကြီးလဲသွားတယ်။ ဖင်ကြီးကုန်းပြီး ထ နေတုန်းမှာ
ဗိုက်ပူနံကားရဲ့ နောက်တစ်ခါ ခြေအထိုးက..ဖင်ကြီးကို ကန်မိတယ် ။ အဲဒီတော့
ခင်စိန်ကြီး ခေါင်းက ရှေ့ က နတ်တင်ထားတဲ့ စင်ကိုပြေးတိုက်တယ်။
အဲဒီမှာ…နတ်စင်ပေါ်တင်ထားတဲ့ ငှက်ပျောပွဲ အုန်းပွဲက ခင်စိန်ကြီး
ခေါင်းပေါ်ကို ကွက် တိ။ တော က နတ်စင်ခပ်မြင့်မြင့်ဆိုတော့ ခင်စိန်ကြီး
ခေါင်းကို အုန်းသီးကြီးနဲ့ ပစ်ပေါက်လိုက်သလိုဖြစ်သွား တယ်။ တောက
နတ်ပွဲတွေ မှာ ဆန်တွေကလည်း ပါတော့ ခင်စိန်ကြီးခေါင်းတျွေမှာ ဆန်တွေကလည်း
ဖွေးလို့ ပေါ့ဗျာ။ ခင်စိန်ကြီး နတ်ထွက်သွားတယ်။ ခင်စိန်က တစ်ခြား ၊ နတ်
( ကိုကြီးကျော် ) ကတစ်ခြားဖြစ် သွားတယ်။
ခင်စိန်ရဲ့သည်းခံနိုင်စွမ်းကုန်ပြီ။
နတ်ဒိုးလည်း ရပ်သွားတယ်။ ဗိုက်ပူနံကားလည်း ရပ်သွားတယ်။ အချော့တော်တွေရော
၊ ပရိတ်သတ် တွေရော ရပ်ပြီးသာကြည့်နေရ တော့တယ်။ ခင်စိန်ကြီးတစ်ယောက်တည်း
လှုပ်ရှားတယ်။ လက်ကလည်း သွက်မှ သွက်။ အားကလည်းပြင်းမှပြင်း။
နောက်ရပ်အနည်းငယ်အကြာတွင်..။ ဗိုက်ပူနံကား၏အိမ်တွင်…နဂိုထက်ပိုကြီးသော
မျက်နှာ။ ပင်ကိုယ်ထက် ပိုပြူးသော မျက်လုံး။အရင်ကထက် ပို၍ ကြီးမားသော ခန္ဓာ
ကိုယ်နှင့်အတူ သူ့အိမ်တွင် ဆန်ပြုတ်ပြုတ်သောက်နေရ သော ဗိုက်ပူနံကားကို
လူနာမေးလာကြသောလူများဖြင့် လူဝင်လူထွက်များလျှက်
စည်စည်ကားကားဖြစ်နေသည်ကို တွေ့နိုင်ပါတော့တယ်။
--
ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။
ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။
တိုင်းတိုင်းပြည်သူ လူဟူသမျှ
ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို
ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။
မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း
ကျွန်ုပ်မမြင်..မထင်ပါသေး။
ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန်
ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား..
တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။
သုရှင်
(conservatism,traditionalism,nationalism )
(အစဉ်အလာကိုချစ်သော၊ရိုးရာကိုမြတ်နိုးသော၊အမျိုးသားရေးဝါဒီ)

0 comments:
Post a Comment