Friday, August 17, 2012

18.08.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, August 17, 2012 at 8:39pm ·

ရုရှား သမ္မတကို ဆန့်ကျင်တဲ့ ဂီတအဖွဲ့ကို ထောင်နှစ်နှစ်ချ
ထောင်နှစ်နှစ်ချခံရတဲ့ Pussy Riot အဖွဲ့ဝင်တွေ
ရုရှားမှာ အမျိုးသမီး အဖွဲ့ဝင် သုံးယောက် ပါတဲ့ Pussy Riot ပူစီ ရိုင်းရော့ ပန့်ခ် ဂီတအဖွဲ့ကို မော်စကိုက တရားရုံးတခုက ရမ်းကားမှုနဲ့ အပြစ် ရှိကြောင်း ထောင်နှစ်နှစ် စီရင်ချက် ချလိုက်ပါတယ်။

ဒါဟာ ရုရှားမှာ အခုနှစ်ပိုင်းတွေ အတွင်း လူတွေ အနီးကပ် အာရုံစိုက် စောင့်ကြည့်ခဲ့တဲ့ စီရင်မှုတွေထဲက တခုအပါအဝင် ဖြစ်ပြီး ဒီအမျိုးသမီးတွေဟာ ဘာသာရေး မုန်းတီးမှု ဖြစ်စေတဲ့ ပြစ်မှု ကျူးလွန်ခဲ့ကြတယ်လို့ တရားသူကြီးက ပြောပါတယ်။
ဒီ ပြစ်ဒဏ် စီရင်ချက်က မျှတမှု မရှိဘူးလို့ အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂတို့က ဆိုပါတယ်။
ဒီ ဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက မြို့လယ်က ဘုရားရှိခိုးကျောင်းမှာ သမ္မတ ပူတင်ကို ဆန့်ကျင်တဲ့ သီချင်းတွေ ဖျော်ဖြေခဲ့ ပြီးတဲ့နောက် မတ်လကတည်းကစလို့ အခုအထိ ထောင်ချ ခံနေရတာ ဖြစ်ပါတယ်။
စီရင်ချက်ချချိန် ကာလအတွင်း တရားရုံး အပြင်ဖက်မှာ ဒီဂီတအဖွဲ့ကို ထောက်ခံသူတွေကော ဆန့်ကျင်သူတွေ နှစ်ဖက် စလုံးက ကြွေးကြော်သံတွေ ကျယ်လောင်စွာ အော်ဟစ်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင် ပဋိပက္ခ အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း
ရခိုင် ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိ ပက္ခတွေကို သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေး မှုတွေ လုပ်နိုင်ဖို့ အတွက် သမ္မတ ဦးသိန်းစိန်က စုံစမ်းရေး ကော်မရှင် တခုကို သောကြာနေ့က ဖွဲ့စည်း ပေးလိုက် ပါတယ်။
ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ ဥက္ကဌအဖြစ် သာသနာရေး ဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမြင့်နဲ့၊ အတွင်း ရေးမှူး အဖြစ် Myanmar Egress မှ ဒေါက်တာ ကျော်ရင်လှိုင်တို့ကို တာဝန် ပေးထား ပါတယ်။
ကော်မရှင်မှာ ဘာသာရေး အသင်းအဖွဲ့က တာဝန် ရှိသူတွေ၊ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေ၊ အနု ပညာရှင်တွေနဲ့ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေ အပြင် ၈၈ မျိုးဆက် ကျောင်းသား စတဲ့ အဖွဲ့ဝင် ပေါင်း ၂၇ ယောက် ပါဝင် ပါတယ်။
အဲဒီ ထဲမှာ အစ္စလမ် ဘာသာရေး အဖွဲ့ အစည်းတွေက ပုဂ္ဂိုလ် ၆ ယောက်လည်း ပါဝင် ပါတယ်။
ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ တွေဟာ တဘက်နဲ့ တဘက် မီးရှို့ ရိုက်နှက် ကြတာတွေသာမက ပိုမို ရှုပ်ထွေး နက်ရှိုင်းတဲ့ ပြဿနာတွေ အများကြီး ရှိနေသေးတယ် လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် အခု ဖွဲ့စည်း လိုက်တဲ့ စုံစမ်းရေး ကော်မရှင်မှာ လူထု ယုံကြည်သူ တွေကို ထည့်သွင်းထားတဲ့ အတွက် သူတို့ သွားရောက် စစ်ဆေးတဲ့ အခါ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို သိရှိလာကြမယ့် အပြင် နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ် အောင် ဘယ်လို လုပ်ဆောင် သင့်တယ် ဆိုတဲ့ အဖြေ မျိုးလည်း ပါလာ နိုင်တယ်လို့ သူက ပြောပါတယ်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလို ကော်မရှင် ဖွဲ့စည်း တာဟာ အစိုးရ အနေနဲ့ လုပ်သင့် လုပ်ထိုက်လို့ လုပ်တာသာ ဖြစ်ပြီး၊ ပြည်ပရဲ့ ဖိအားကြောင့် လုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ရခိုင် ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး လေ့လာ တွေ့ရှိချက် တွေကို အခု ဖွဲ့စည်း ပေးလိုက်တဲ့ ကော်မရှင်က လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ သမ္မတထံ တိုက်ရိုက် အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။
စုံစမ်းရေး ကော်မရှင်မှာ ပါဝင်တဲ့ အစ္စလာမ် သာသနာရေး ကောင်စီ ဌာနချုပ် အတွင်းရေးမှုးချုပ် ဦးတင်မောင်သန်း ကတော့ ဒီအဖွဲ့ကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးမယ် ဆိုရင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ တွေကို အဖြေ ရှာနိုင် လိမ့်မယ်၊ တဘက် ကလည်း ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်း မှသာ နိုင်ငံတကာက လက်ခံ လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို
သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက်တဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။
အဲဒီကော်မရှင်မှာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တတ်/သိပညာရှင်တွေ၊ ပရဟိတ စေတနာ့ ၀န်ထမ်း အကျိုးဆောင်တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ အစရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြ ပါတယ်။
ဒီကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ် သဟဇာတမျှတစွာ တည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအ၀ိုင်းရဲ့ အခြေအနေ အပါအ၀င် အကြမ်းဘက် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သောကြာနေ့က ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒီလို ကော်မရှင်မျိုး ဖွဲ့စည်းနိုင်တာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် သိပ်အရေးကြီးတယ်လို့ လည်း ဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာ့ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းမှာ ကုလသမဂ္ဂက အပြုသဘောနဲ့ အထောက်အကူပေးဖို့ အဆင်သင့် ရပ်တည်နေပါကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မှု ကင်တားနား ကြိုဆို
မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာသမ္မတက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတာကို ကြိုဆိုကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက ပြောပါတယ်။
မစ္စတာ ကင်တားနားဟာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်းက သူမြန်မာနိုင်ငံကို လာစဉ်က မြန်မာအစိုးရကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

''ဒီလို ဖွဲ့ဖို့က အရေးကြီးတဲ့ အတွက် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်။ ဒါပေမယ့် ဒီကော်မရှင်ကနေ ဘယ်လို ဆက်ပြီး အလုပ် လုပ်တယ်ဆိုတာက ကြည့်ဖို့ လိုလာပြီ''လို့ မစ္စတာ ကင်တားနားက ဘီဘီစီကို ပြောပါတယ်။
သြဂုတ်လ ၁၇ ရက် ရက်စွဲနဲ့ ဖွဲ့ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်ဟောင်း ဒေါက်တာ မျိုးမြင့်က ဥက္ကဌဖြစ်ပြီး အတွင်းရေးမှူးက Myanmar Egress က ဒေါက်တာ ကျော်ရင်လှိုင်ဖြစ်ပါတယ်။
အဖွဲ့ထဲမှာ ဘာသာရေး အဖွဲ့ ခေါင်းဆောင် တချို့အပြင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး၊ အနုပညာရှင် ဦးဇာဂနာ၊ စာရေးဆရာ မောင်ဝံသ၊ ဦးခွန်ထွန်းဦး စတဲ့ သူတွေလည်း ပါဝင်ပါတယ်။

ပေါင်းဆန်ဖြင့် ဓနတိုးအောင် ကြံဆောင်
သစ်ငြိမ်း | သောကြာနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၇ မိနစ်

ပေါင်းဆန်ဆိုသည်မှာ

အခွံမချွတ်ရသေးသည့် စပါးတမျိုးမျိုးကို ရေနွေးငွေ့ ပေါင်းခံပြီး အခွံချွတ်၍ အခြောက်ခံလိုက်လျှင် ‘ပေါင်းဆန်’ ကို ရပါသည်။ ပေါင်းဆန်ကို ချက်လျှင် ဆန်ရိုးရိုးထက် တဆခွဲခန့် ထမင်းပိုထွက်သည်။ ထမင်းကြမ်း ဖြစ်ခဲ့သည့်တိုင် မာမသွားပါ။

မြန်မာ့ပေါင်းဆန်အတွက် စပါးမျိုးမှာ သီးထပ်ရင် ဖြစ်ပြီး အရွယ်အားဖြင့် ၅ ဒဿမ ၅ နှင့် ၆ မီလီမီတာ အကြား ရှိသည်။ ထိုင်းနိုင်ငံထုတ် ပေါင်းဆန်မှာ ၇ မီလီမီတာကျော် အရွယ် ရှိသည်။

ကဆီဓါတ် လျော့ကျသွားသည့်အတွက် ကျန်းမာရေးပိုင်းကဆိုလျှင် ဆီးချို ရောဂါသည်များ စားသုံးရန် သင့်သည်။ စီပွားရေးပိုင်းတွင် ဆန်ကွဲ အကျိုးအကျေ မရှိသလောက်နည်းသည့် တန်ဖိုးမြင့် ကုန်စည်ဖြစ်ပြီး ပြည်ပ ဝယ်လိုအားကောင်းနေသည်။ 

မြန်မာနဲ့ ပေါင်းဆန်

တချိန်က အာရှ၏ စပါးကျီဟု တင်စားခံခဲ့ရပြီး ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်သည့် မြန်မာနိုင်ငံအတွက် ပေါင်းဆန် ထုတ်လုပ်ခြင်းမှာ စီးပွားရေးအရ အလားအလာ ကောင်းသည်ဟု ဆိုရပေမည်။

၁၉၄ဝ ပြည့်နှစ် ဝန်းကျင်ခန့်က ကမ္ဘာ့ဆန်အများဆုံး တင်ပို့ခဲ့သည့် မြန်မာနိုင်ငံသည် တနှစ် ဆန်တန်ချိန် သုံးသန်း တင်ပို့ရာတွင် ပေါင်းဆန်သည် ၂၅ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ကြောင်း ဆန်လုပ်ငန်းရှင် တဦးက ပြောသည်။

သို့ရာတွင် ၂ဝ ရာစု နှောင်းပိုင်း မြန်မာနိုင်ငံတွင် ဆန်စပါးလုပ်ငန်းများ ကျဆင်းခဲ့ပြီး ပေါင်းဆန် ထုတ်လုပ်သည့် လုပ်ငန်းလည်း လျော့ကျလာရာ ၂ဝဝ၂ ခုနှစ်တွင် လုံးဝ ရပ်ဆိုင်းသွားတော့သည်။

ပေါင်းဆန် ထုတ်လုပ် တင်ပို့ခြင်းကို ၂ဝ၁၁ တွင် ပြန်လည်စတင်နိုင်ခဲ့သည်။

လက်ရှိကြိုးပမ်းမှု

လက်ရှိတွင် ရုရှားသည် မြန်မာ့ပေါင်းဆန်၏ အဓိက ဝယ်လက်ဖြစ်ပြီး လစဉ် တန်တထောင် အထက်ထိ တင်ပို့ပေးရ လျက်ရှိသည်။

စမ်းတဝါးဝါးနှင့် စတင်ခဲ့စဉ်က တလလျှင် တန်ချိန် ၂၅ဝ သာ ရှိခဲ့သော်လည်း ယနေ့အထိဆိုလျှင်  စုစုပေါင်း တန်ချိန် ၆,ဝဝဝ ကျော် ပို့ပြီး ဖြစ်သည်။

ရုရှားနိုင်ငံသို့ လာမည့်နှစ်တွင် တလလျှင် တန်ချိန် ၅,ဝဝဝ ဝန်းကျင်အထိ တိုးချဲ့တင်ပို့နိုင်ရန် စီစဉ်ထားကြောင်းမြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးသောင်းဝင်း က ပြောသည်။

လာမည့်နှစ်တွင် ရုရှားနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဥရောပ အခြားနိုင်ငံများသို့ ဈေးကွက် တိုးချဲ့ထိုးဖောက်နိုင်ရန် လည်း ကြိုးစားနေကြသည်။ အချို့နိုင်ငံများမှ အမှာများ ရရှိထားသော်လည်း ထုတ်လုပ်မှုပိုင်းတွင် ပေါင်းဆန် ထုတ်လုပ်နိုင်မည့် စက်၊ ပြည်ပ တင်ပို့နိုင်မည့် အရည်အသွေးပြည့်မီသည့် စပါး စသည့် လိုအပ်ချက်များ ရှိနေခြင်းကြောင့် အကောင်အထည် မဖော်ဆောင်နိုင်သေးကြောင်း ၎င်းက ပြောသည်။

ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နိုက်ဂျီးရီးယားနှင့် အာဖရိက စသည်တို့သည် ပေါင်းဆန် ထုတ်လုပ် စားသုံးမှု မြင့်မားသော နိုင်ငံများဖြစ်ကြောင်း ဦးသောင်းဝင်း၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ပေါင်းဆန် ထုတ်လုပ်မှုကို ဘိုကလေး၊ ကျိုက်လတ်၊ အိမ်မဲ ရှိ တန် ၅ဝ ကျ ပေါင်းဆန်စက် သုံးလုံးဖြင့် လည်ပတ်လျက်ရှိနေပြီး ၂ဝ၁၃ ခုနှစ်တွင် ပေါင်းဆန်စက် ၁ဝ လုံး၊ ၂ဝ၁၄ ခုနှစ်တွင် တနချိန်သောင်းချီ ထုတ်လုပ်နိုင် သည့် စက်များဖြင့် ထုတ်လုပ်ရန် အစီအစဉ် ရှိကြောင်း ဦးသောင်းဝင်း က ပြောသည်။

အရည်အသွေး ဦးစားပေး

လစဉ် ပုံမှန်တင်ပို့နိုင်မည့် ပမာဏကို ချိန်ဆ၍ ရေရှည်လုပ်ဆောင်နိုင်ရန် အာရုံပြုသင့်ပြီး အရည်အသွေးနှင့် အလုံးဆိုက် အရွယ်အစား တူညီရန်ကို အထူးဂရုပြုဖို့ လိုသည်ဟု ဆိုသည်။

“ပေါင်းဆန်ထဲ ပိုးအသေ ပါတဲ့အတွက် ကုန်တွေ အကုန် ပြန်ပို့ပေးလိုက်တဲ့ အခြေအနေမျိုး ရှိခဲ့ဖူးပါတယ်။ ပေါင်းထား တဲ့ စပါးမှာတော့ ပိုးမရှိဘူး။ ဒါပေမယ့် ချက်ချင်း မတင်ဖြစ်တဲ့အခါ ပိုးကောင် သေပြီး ကပ်ပါသွားတယ်။ အထူး ဂရုစိုက်ဖို့လိုတယ်” ဟု ဦးသောင်းဝင်း က ပြောသည်။

“သီးထပ်ရင်က အကျိုးအကြေ များတယ်။ ရိုးရိုးဆန်အဖြစ် ထုတ်လုပ်လိုက်ရင် ဆန်ကွဲ ၂၅ ရာခိုင်နှုန်း ပါတဲ့ ၂၅ မှတ် ဆန် ဖြစ်သွားမယ်။ အဲဒီဆန်ကို တင်ပို့တယ်ဆိုရင် တတန်ကို ဒေါ်လာ ၃၃ဝ လောက် ရမယ်။ အဲ့စီစပါးမျိုးကိုပဲပေါင်းဆန်ထုတ်လုပ်ရင် တတန်ကို ဒေါ်လာ ၅ဝ၅ လောက် ရတယ်” ဟု ရိုးရိုးဆန်ဖြူနှင့် ပေါင်းဆန်တို့ ထွက်နှုန်း တူသော်လည်း ရရှိသည့် ဈေးကွာခြားမှုနှင့် ပတ်သက်ပြီး ဦးသောင်းဝင်း က ရှင်းပြသည်။

အခွင့်အလမ်း

ကမ္ဘာ့ဈေးကွက်မှာ လတ်တလော အဝယ်လိုက်နေသော ပေါင်းဆန်ထုတ်လုပ်မှုက မြန်မာ ဆန်စက်သမားများအတွက် ထွက်ပေါက်တခုအဖြစ် ရှု့မြင်ကြသည်။

ပေါင်းဆန်များ ဈေးကွက်ဝင်လာသည်နှင့်အမျှ တောင်သူလယ်သမားတို့လည်း စပါးဈေး ပိုမိုရရှိလာစေမည် ဖြစ်သည်။

“တောင်သူလယ်သမားတွေ အတွက်လည်း အကျိုးဖြစ်မှု များပါတယ်။ ဘာလို့လဲဆိုရင် ပေါင်းဆန် ထုတ်နိုင်တဲ့အတွက်ဈေးကောင်းရလာတော့ တောင်သူကိုလည်း စပါးဈေး ပိုပေးနိုင်လာတယ်” ဟု ပေါင်းဆန် ထုတ်လုပ်မှုတွင် ပါဝင် လုပ်ဆောင်လျက်ရှိသည့် ဘိုကလေးမြို့နယ် အခြေစိုက် အောင်ရတနာသန်း ဆန်စက်မှ ဦးသိန်းအောင်က ပြောသည်။

စပါးဈေးမှာ ရိုးရိုးဆန်ဖြူအတွက်ဆိုလျှင် ပေါင် ၅ဝ ကို ကျပ် ၃၈ဝ,ဝဝဝ ဝန်းကျင်သာ ရရှိပြီး ပေါင်းဆန်အတွက် ဆိုပါက ပေါင် ၅ဝ ဆိုလျှင် ကျပ်၎ဝဝ,ဝဝဝ အထက် ပေးဝယ်လျက်ရှိသည်။

နွေစပါးအတွက် အခြားစပါးများက စိုက်ချိန် လေးလခွဲ၊ ငါးလ ယူရခိုက် သီးထပ်ရင်မှာ သုံးလခွဲခန့်သာ ကြာမြင့် သဖြင့် တောင်သူအတွက် တွက်ခြေကိုက်သည်ဟု ဧရာဝတီတိုင်း ဘိုကလေးမြို့သား ဦးသိန်းအောင် က ပြောသည်။

စားသုံးသူများရော ထုတ်လုပ်ရောင်းချသူများပါ အကျိုးကျေးဇူး ပွားများစေမည့် ပေါင်းဆန် ထုတ်လုပ်ခြင်းသည်မြန်မာနိုင်ငံ၏ လူများစုဖြစ်သည် လယ်သမားများကို ဆင်းရဲတွင်းမှ ဆွဲထုတ်ရာမှာပဲဖြစ်ြဖစ်၊ စိုက်ပျိုးရေးကို အခြေခံ သည့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးသည့် ကဏ္ဍတရပ်ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရာ စီးပွားရေး လုပ်ငန်းတခုပဲဖြစ်ဖြစ် အနာဂတ်မှာ ပိုမိုဖွံ့ဖြိုးရန် အလေးထားရမည့် လုပ်ငန်းနယ်ပယ် တခု ဖြစ်ပါကြောင်း…။   ။

သစ်ငြိမ်း

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ်၏ 'ကြားဖြတ် မဟာဗျူဟာ မှတ်စု'
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၄ မိနစ်

မဇ္ဈိမသတင်းဌာန ။         ။ မြန်မာပြည်နှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် အသုံးပြုမည့် ယင်းတို့၏ အစီအစဉ်နှင့် မဟာဗျူဟာတို့နှင့် ပတ်သက်သည့် အခြေခံအချက်များကို ဖော်ပြထားသည့် အကျဉ်းချုပ် စာတမ်းတစောင် ဖြစ်သော `မြန်မာနိုင်ငံအတွက် ကြားဖြတ် မဟာဗျူဟာ မှတ်စု´(ISN) ကို ကမ္ဘာ့ဘဏ်၏ အင်တာနက်စာမျက်နှာတွင် တင်ထားသည်။

အဆိုပါ အကျဉ်းချုပ် စာတမ်းတွင် ကမ္ဘာ့ဘဏ်က နောက် ၁၈ လအတွင်း မြန်မာနိုင်ငံတွင် ပြုလုပ်မည့် လုပ်ငန်းများနှင့် မဟာဗျူဟာများကို အကျဉ်းချုံး ဖော်ပြထားသည်။ ဤ ISN သည် မြန်မာနိုင်ငံအတွက် အလယ်အလတ်ကာလ အကူအညီပေးရေး မဟာဗျူဟာကို ချမှတ်နိုင်သည့် အချိန်အထိ မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် လုပ်ငန်းများကို လမ်းညွှန် ပေးသွားမည်ဖြစ်သည် ဟု ကမ္ဘာ့ဘဏ် အရာရှိများက ပြောသည်။

ကမ္ဘာ့ဘဏ်က လုပ်ဆောင်မည့် လုပ်ငန်းများအတွက် သတင်းအချက်အလက်များ ပေးပါရန် မြန်မာ အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများက ကမ္ဘာ့ဘဏ်သို့ သြဂုတ်လ ၇ ရက်နေ့က ပန်ကြားခဲ့ကြသည်။

မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေး ၃ ရပ်ကို ကျော်ဖြတ်နေကြောင်း ယင်း ISN စာတမ်းတွင် ရေးသားထားသည်။ ယင်းတို့မှာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီ အစိုးရစနစ်သို့ ကူးပြောင်းခြင်း၊ ဗဟိုမှ ချုပ်ကိုင်အမိန့်ပေးသော စီးပွါးရေး စနစ်မှ ဈေးကွက် ရှေးရှုသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသို့ ကူးပြောင်းခြင်း နှင့် နယ်စပ်တွင် အနှစ် ၆ဝ ကြာဖြစ်ပွါးနေသော ပဋိပက္ခများမှ ငြိမ်းချမ်းရေးသို့ ကူးပြောင်းခြင်းတို့ ဖြစ်ကြသည်။

“အဆိုပါ အသွင်းကူးပြောင်းရေး လုပ်ငန်းများသည် မြန်မာနိုင်ငံသားတို့အတွက် ပိုမို ကောင်းမွန်လုံခြုံ၍ ထုတ်လုပ်နိုင် စွမ်း မြင့်မားသည့်ဘဝများကို မျှော်လင့်ချက် ရှိလာစေနိုင်သော်လည်း အသွင်ကူးပြောင်းရေး လုပ်ငန်းတရပ် မအောင်မြင်လျှင် အခြားလုပ် ငန်းများကိုပါ ထိခိုက်သွားစေနိုင်သည့် အန္တရာယ်မူရှိနေသည်” ဟု ရေးသားထားသည်။

ထို့ပြင် “ကမ္ဘာ့ဘဏ်အုပ်စု (WBG) သည် ယင်း၏အဆိုပြု အစီအစဉ်များကို အဆိုပါ အသွင်ကူးပြောင်းရေးလုပ်ငန်းရပ် ၃ ခု အောင်မြင်စေရန် အထောက်အကူပြုနိုင်မည့် လုပ်ငန်းများတွင်သာ အာရုံစိုက် လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် ပြည့်ဝသည့် အစီအစဉ်တရပ် ပြန်လည်ချမှတ်လုပ်ဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်” ဟုလည်း ပါရှိသည်။

ISN တွင် အောက်ပါ အကျဉ်းချုပ် အချက်အလက်များ ပါဝင်သည်။

ထိတွေ့ဆက်ဆံမှုအတွက် မဏ္ဏိုင် ၃ ရပ်

ISN သည် ယင်း၏ ထိတွေ့ဆက်ဆံမှုအတွက်မဏ္ဏိုင် ၃ ရပ်ကို အစိုးရ၏ ဖွံ့ဖြိုးမှု မဟာဗျူဟာ ရည်မှန်းချက် ၄ ရပ်ဖြစ်သော စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ ညီမျှသော တိုးတက်မှု၊ အားလုံး ပါဝင်သောတိုးတက်မှု နှင့် အရည်အချင်း ပြည့်ဝသော စာရင်းအင်း လုပ်ငန်းများ ဖွံ့ဖြိုးမှု တို့အပေါ် အခြေခံ တည်ဆောက်ထားသည်။ ယင်းမဏ္ဏိုင်ကြီး ၃ ရပ်မှာ အဆောက်အအုံများ အသွင်ပြောင်းလဲရေး၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် ရှေ့လုပ်ငန်းများ အတွက် ပြင်ဆင်ခြင်းတို့ဖြစ်ကြသည်။

မဏ္ဏိုင် ၁။ အဆောက်အအုံများ အသွင်ပြောင်းလဲရေး

ဤမဏ္ဏိုင်သည် ပြိုင်ဆိုင်နေသော တောင်းဆိုမှုများကို အောင်မြင်စွာ ကြားဝင် ဖျန်ဖြေပေးနိုင်ရေး၊ ပိုမိုရှုပ်ထွေးလာနေသော စီးပွါးရေးကို ပဲ့ကိုင်တည့်မတ်ပေးနိုင်ရေး နှင့် တိုင်းပြည်ကို ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်တွင် ထိန်းကျောင်း မောင်းနှင် သွားနိုင်ရေးအတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် အဆောက်အအုံများ အသွင်ပြောင်းလဲရေး လုပ်ငန်းများ ကို ထောက်ပံ့ ကူညီသွားမည် ဖြစ်သည်။ လုပ်ငန်းများသည် မူဝါဒဆိုင်ရာ အကြံပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနှင့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍတို့တွင် နည်းပညာ အကူအညီပေးရေး လုပ်ငန်းများတွင် အာရုံစိုက် ဆောင် ရွက်မည် ဖြစ်သည်။

စီးပွါးရေး စီမံအုပ်ချုပ်မှု တိုးတက်ကောင်းမွန်စေရေးနှင့် စီးပွါးရေး တိုးတက်မှုအတွက် အခြေအနေကောင်းများ ဖန်တီးပေးရန် နှင့် အလုပ်အကိုင်များ ဖန်တီးပေးရန် တို့ကိုလည်း လုပ်ဆောင်မည် ဖြစ်သည်။ ဤလုပ်ငန်းတွင်အောက်ပါနယ်ပယ် ၃ ရပ်ကို အာရုံစိုက် ဆောင်ရွက်မည် ဖြစ်သည်။

၁။ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု လုပ်ငန်းတွင် အစိုးရကို ထိရောက်သော ဖွံ့ဖြိုးမှုစီမံကိန်းများ ချမှတ်နိုင်ရန်နှင့် ဦးစားပေး မူဝါဒများနှင့် ဘတ်ဂျက်တို့အကြား ပွင့်လင်းမြင်သာစွာ ဆက်စပ်ပေးနိုင်ရေး။

၂။ အသေးစား ငွေချေးသူများနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဘဏ္ဍာငွေ ပိုမိုရရှိရေး အပါအဝင် ထိန်းချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အထောက်အပံ့ ပေးရန်

၃။ ပုဂ္ဂလိကပိုင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလုပ်အကိုင် ဖန်တီးရေးနှင့် ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးကူညီရန်

ဤလုပ်ငန်းများတွင် ပြဿနာအဖြေရှာရေး လုပ်ငန်းများဖြစ်သော ဘဏ္ဍာရေးတာဝန်ခံမှုကို အကဲဖြတ်ခြင်း၊ အစိုးရ အသုံးစရိတ်များကို ပြန်လည်ဆန်းစစ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် ဝန်းကျင်အခြေနေများကို အကဲဖြတ်ခြင်းတို့ ပါဝင်မည် ဖြစ်သည်။ ထို့ပြင် (ဘဏ္ဍာရေးကဏ္ဍနှင့် အသေးစား ချေးငွေလုပ်ငန်းတို့အတွက်) မူဝါဒဆိုင်ရာ အကြံပေးခြင်း၊ နည်းပညာဆိုင်ရာ အကူအညီပေးခြင်းဖြင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းတို့ ပါဝင်သည်။

မဏ္ဏိုင် ၂။ ယုံကြည်မှု တည်ဆောက်ခြင်း။

အဆောက်အအုံ အသွင်ပြောင်းလဲရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တရပ် ဖြစ်ကြောင်း ကမ္ဘာ့အတွေ့အကြုံများက ပြသခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဆောင်ရွက်ဆဲ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည်ပြည်သူလူထု အတွက် အကျိုးရှိစေရန် ယုံကြည်မှု တည်ဆောက်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ရေတို အကျိုး သက်ရောက်မှု ရှိစေရန်အတွက် ယခု ISN က ရည်ရွယ်သည်။

ပဋိပက္ခဖြစ်နေသော နယ်စပ်ဒေသများတွင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးအစီအစဉ်များမှတဆင့် ကူညီ ထောက်ပံ့ရန်လည်း ဤမဏ္ဏိုင်က ရည်ရွယ်သည်။ ထိုသို့ကူညီခြင်းဖြင့် ပဋိပက္ခ ဒဏ် ခံနေရသော ရပ်ရွာအသိုင်းအဝိုင်းများ ပြန်လည် နာလန်ထူလာစေမည် ဖြစ်ပြီး (ကမ္ဘာ့ဘဏ်အုပ်စု နှင့် အခြား အလှူရှင်များ၏ဆောင်ရွက်ချက်များကို ကူညီသည့်အနေနှင့်) တင်းကြပ် သောစောင့်ကြည့်လေ့လာမှုနှင့် အကဲဖြတ် လုပ်ငန်းများကိုလည်းဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ပြင် မြန်မာ ငြိမ်းချမ်းရေး ဗဟိုဌာနကို တိုက်ရိုက် ကူညီထောက်ပံ့ရန်လည်း ရည်ရွယ်သည်။

ဤမဏ္ဏိုင်၏ ဒုတိယလုပ်ငန်းစဉ်မှာ အစိုးရနှင့်ဆက်ဆံရာတွင် အရပ်ဖက် အဖွဲ့အစည်းများကို ခိုင်မာစေရေးကူညီရန် နှင့် လူမှုရေးတာဝန်ခံမှုရှိစေရန်။ အစိုးရဆိုရာတွင် ဒေသန္တရ အစိုးရများလည်း ပါဝင်သည်။

ဤမဏ္ဏိုင်၏ တတိယ လုပ်ငန်းများမှာ ကဏ္ဍအများအပြား၌ ပြည်သူလူထု၏နေ့စဉ် နေထိုင်မှုဘဝတွင် လက်ဆုပ် လက်ကိုင်ပြနိုင်ပြီး လျှင်မြန်သည့် သက်ရောက်မှုများ ရှိစေရေး ဆောင်ရွက်ပေးရန်ဖြစ်သည်။ ယင်းတို့တွင် လုပ်ဆောင်ရန် စီစဉ်ထားသော ရပ်ရွာ အသိုင်းအဝိုင်းက ဦးစီးပြုလုပ်မည့် အမျိုးသားဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ မူဝါဒ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အကူအညီပေးရေးလည်း ပါသည်။

မဏ္ဏိုင် ၃။ ရှေ့လုပ်ငန်းများအတွက် ပြင်ဆင်ခြင်း။

ISN ၏ တတိယမဏ္ဏိုင်မှာ ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်း အစီအစဉ်များ အပြည့်အဝ ပြန်လည် စတင်နိုင်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများကို အာရုံစိုက် ဆောင်ရွက်ရန်ဖြစ်သည်။ ယင်းတွင် နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့(IDA) မှ ရင်းမြစ်များ ပြန်လည်ရရှိရေးအတွက် ကြွေးကျန်များ ရှင်းလင်းရေး လုပ်ငန်းတွင် မြန်မာနိုင်ငံအား အကူအညီပေးရန်လည်း ပါဝင်သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာများအတွက် သိရှိနားလည်မှု အခြေခံကို တည်ဆောက်ရန် စိစစ်လေ့လာမှုနှင့် ပြဿနာအဖြေရှာမှု လုပ်ငန်းများကို ISN လုပ်ငန်းများ ဆောင်ရွက်နေစဉ် အတွင်း ဆက်လက်၍ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းတွင် ၂ဝ၁၅ ခုနှစ် အတွက် သန်းခေါင် စာရင်း ကောက်ယူရေး၊ တပြည်လုံး ကိုယ်စားပြုနိုင်မည့် အိမ်ထောင်စုအလိုက် အသုံးစရိတ်များ စစ်တမ်းကောက် ယူခြင်း လုပ်ငန်းတို့ ပါဝင်သည်။

လက်တွဲဆောင်ရွက်ခြင်း။

ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ ပျောက်ကွယ်နေခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် ဆောင်ရွက် ရမည့် လုပ်ငန်းများမှာ ရှုပ်ထွေးပြီး လိုအပ်ချက် များစွာ ရှိနေသဖြင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း လက်တွဲဖော်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးပါသည်။ ယခုအဆိုပြုထားသော အစီအစဉ်များသည် ဤဖွံ့ဖြိုးရေး လုပ်ငန်း လက်တွဲဖော်များနှင့် ညှိနှိုင်းရရှိချက်များကို အခြေခံရေးဆွဲထားခြင်း ဖြစ်ပြီး ကမ္ဘာ့ဘဏ်အုပ်စုက နှိုင်းယှဉ်ချက်အရ အားသာချက် ရှိသည့် နယ်ပယ်များတွင် အာရုံစိုက် ဆောင်ရွက်မည် ဖြစ်သည်။ ISN ပါ လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့ဘဏ် အုပ်စုသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့ အပါအဝင် ယင်း၏ ဖွံ့ဖြိုးရေးလုပ်ငန်း လက်တွဲဖော်များနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင် ရွက်မှုကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်သည်။

ကမ္ဘာ့ဘဏ်အုပ်စုသည် စားဝတ်နေရေးနှင့် ကျန်းမာရေးအပါအဝင် တည်ဆဲ အလှူရှင်အများ ပါဝင်သည့် ယုံမှတ်အပ်နှံမှု ရန်ပုံငွေများကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ထို့ပြင် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မည့် မြန်မာအစိုးရအတွက် ပြင်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်လည်း ထောက်ပံ့ပေးကမ်းသွားမည် ဖြစ်သည်။

အန္တရာယ်များ။

လက်ရှိအစိုးရ ဦးဆောင်ပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် ကာလ ရှည်ကြာစွာတည်ရှိနေသော ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စိန်ခေါ်ချက်များကို ကိုင်တွယ် ဖြေရှင်းရန် မြန်မာနိုင်ငံအတွက် အရေးပါသည့် အခွင့် အလမ်းကောင်း ဖြစ်ပါသည်။ ထို အခွင့်အလမ်းကောင်းကို အရအမိ ဆုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ကူညီရန် ကမ္ဘာ့ဘဏ်အုပ်စုက သန္နိဋ္ဌာန်ချထားပါသည်။ တချိန်တည်းတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၏ ခြေလှမ်းနှင့် အတိုင်းအတာကလည်း အန္တရာယ်ရှိနေပါသည်။ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံသေရှိနေသည့် အထင်ကရ အန္တရာယ်များအပြင် နိုင်ငံအဆင့် အန္တရာယ် ၅ ရပ်ကို ISN က ရှာဖွေသတ်မှတ်ထားပါသည်။

၁။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အလွယ်တကူ ပျက်စီးသွားနိုင်သည့် အန္တရာယ်။ အဓိက ပုဂ္ဂိုလ်များအကြား တညီတညွတ်တည်း သဘောတူညီချက်ဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ဆောင်ရန်။

-       ထောက်ပံ့ကူညီမှုများကို တဦးချင်းမှ အဆောက်အအုံများသို့ ပြောင်းရွှေ့ကူညီရန်

၂။ ပဋိပက္ခများ ပြန်လည်ဖြစ်ပွါးလာနိုင်သည့် အန္တရာယ်။ လူမှုရေး တင်းမာမှုများ တိုးပွါးလာပြီး ထိခိုက်နစ်နာမှုများပေါ်ထွက်လာခြင်း အပါအဝင်။

-ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လူမှုရေး ပေါင်းစည်းမှုကို ထောက်ပံ့ကူညီရန်

၃။ အလှူရှင်များအကြား ဖြစ်ပေါ်လာနိုင်သည့် ညှိနှိုင်းဆောင်ရွက် မရှိခြင်း အပါအဝင် လုပ်ငန်းဆောင်ရွက်မှု ဝန်းကျင် မရေရာခြင်း။

- ဖြေးညှင်းစွာ လုပ်ဆောင်ရန်နှင့် တဖြေးဖြေး တိုးမြှင့်ဆောင်ရွက်ရန်။ အစိုးရ၏ လုပ်ငန်း အကောင်အထည်ဖော်မှု စွမ်းဆောင်ရည် တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နှင့် ယုံမှတ်အပ်နှံမှု ရန်ပုံငွေ စောင့်ရှောက် ကာကွယ်ရေး လုပ်ငန်းများတွင် အလှူရှင် လက်တွဲဖော်များနှင့် ညှိနှိုင်းဆောင်ရွက်ရေး။

၎။ မြန်မာနိုင်ငံအနေနှင့် အမီလိုက်ရန် အချိန်ယူရဦးမည့် အားလျော်စွာ အစိုးရအပေါ် မျှော်လင့်ချက် အလွန်အကျူး ထားခြင်းမှ မချင့်မရဲမကျေနပ်စိတ်များ ပေါ်ထွက်လာနိုင်သည့် အန္တရာယ်။

- ဆက်သွယ်ညှိနှိုင်းလုပ်ဆောင်ခြင်းနှင့် မျှော်မှန်းရလဒ်ပေါ်တွင်သာ တက်တက်ကြွကြွ အာရုံစိုက် လုပ်ကိုင်စေခြင်း။

၅။ အကန့်အသတ်နှင့်သာ ရှိနေသည့် မိမိ၏ စွမ်းဆောင်ရည်ကို မကြည့်ဘဲ အစိုးရ၏ အလှမ်းကျယ် အလယ်လပ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း လွန်ကျွံမှုများ။

- မက်ခရိုစီးပွါးရေးနှင့်ဘဏ္ဍာရေးကဏ္ဍလိုအပ်ချက်များကို သိရှိနားလည်ကာ အကြပ် အတည်းဖြေရှင်းမှု စွမ်းဆောင် ရည်နှင့် ခိုင်မာအားကောင်းသည့်လေ့လာစောင့်ကြည်မှု လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နေသည့် အစိုးရ၏ လုပ်ငန်းများကို ကူညီဖြည့် ဆည်းပေးရန်။

မြန်မာပြည်မှာ ဗီဇာကဒ် သုံးနိုင်တော့မည်
အရှေ့တောင်အာရှဒေသက ငွေစက္ကူ အဓိကထားသုံးစွဲတဲ့ မြန်မာနိုင်ငံမှာ VISA card ကုမ္ပဏီက ၀င်ရောက်ပြီး ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ဖို့ ပြင်ဆင်နေပါပြီ။  ဒါကြောင့် မကြာခင် ကာလမှာ မြန်မာနိုင်ငံမှာ လက်ငင်းနဲ့ အကြွေး ငွေချေကဒ်ပြားစနစ်သုံး ငွေလွှဲစနစ် Debit နဲ့ Credit card transactions တွေ ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု Sanctions ချမှတ်ခံခဲ့ရတဲ့ နိုင်ငံအဖြစ်ကနေ ရုန်းထွက်လာပြီး တိုးတက်အောင် ကြိုးစားလာတဲ့ မြန်မာ့ စီးပွားရေးလောက နိုင်ငံ တကာ အဆင့်မီစေဖို့ ပြည်တွင်း ဘဏ်ဝန်ထမ်းတွေကို အီလက်ထရောနစ် ငွေချေစနစ်ဆိုင်ရာ သင်တန်းတွေကို VISA ကုမ္မဏီက သင်ကြားပေးတယ်လို့ The Wall Street Journal သတင်းက ဖော်ပြပါတယ်။

ကမ္ဘာပေါ်မှာ ခေတ်မီအီလက်ထရောနစ် ငွေချေစနစ်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီဖြစ်ပေမဲ့ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာတော့ ငွေထုတ်နိုင်တဲ့ ATM စက်အနည်းငယ်ပဲရှိပြီး ကမ္ဘာသုံး အကြွေးကဒ် Credit card ကို လက်ခံသုံးစွဲမှု ပိတ်ပင်ထားခဲ့တာ နှစ်ပေါင်း အတော်ကြီးကို ကြာနေပြီဖြစ်ပါတယ်။  ဒါပေမဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု (Sanction) ဖြေလျော့ပေးအပြီး မြန်မာနိုင်ငံထဲကို ၀င်လာမဲ့ နိုင်ငံတကာက  ဧည့်သည်တွေအတွက် အခြေခံ အီလက်ထရောနစ် ငွေချေစနစ် လုပ်ပေးဖို့ လိုကိုလိုအပ်မှာ ဖြစ်တယ်လို့ VISA ကုမ္မဏီကပြောပါတယ်။

နိုင်ငံတကာ ဧည့်သည်တွေအနေနဲ့ ခရီးသွားရာမှာ ငွေစက္ကူ အများကြီး သယ်ဆောင်ပြီး ခရီးထွက်လေ့ မရှိတာကြောင့် အီလက်ထရောနစ် ငွေလွှဲစနစ်ကို တွင်တွင်ကျယ်ကျယ်သုံးစွဲကြတာလည်း ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...