Friday, August 10, 2012

မိမိကိုယ်မိမိပိုင်စိုးမှုနှင့် နိုင်ငံရေး


by ခေတ် မောင်း on Friday, August 3, 2012 at 3:44am 

ကိုဝတုတ်
ခေတ်မောင်း အတွဲ ၁၊ အမှတ် ၃

လူဟာ နိုင်ငံရေး သတ္တ၀ါ လို့ ခေါမ အတွေးအခေါ် ပညာရှင် အရစ္စ တိုတယ်က ဆိုတယ်။ လူ့သဘာဝက နိုင်ငံရေးနဲ့ ကင်းလို့ မရတဲ့ သဘောကို ဆိုလိုချင်ပုံ ရတယ်။ လူရဲ့သဘာဝလို့ ဆိုတဲ့အတွက် နိုင်ငံရေးနဲ့ ကင်းလို့မရတဲ့ ဒီသဘောသဘာဝဟာ ဟိုးနှစ်နှစ်ထောင် ကျော်က လူသားရဲ့ သဘာဝ ဖြစ်သလို ကနေ့ခေတ် နှစ်ဆယ့် တရာစု လူသားရဲ့ သဘာဝလည်း ဖြစ်တယ်။ အခု ဆောင်းပါးမှာ လူဟာ နိုင်ငံရေး သတ္တ၀ါ၊ တနည်း လူဟာ နိုင်ငံရေးနဲ့ ကင်းလို့မရဘူးဆိုတဲ့ အပြောကို နည်းနည်းလောက် ဋီကာ ချဲ့ကြည့်ချင်တယ်။


သက်ရှိ  သတ္တ၀ါတိုင်းဟာ၊ အရာတိုင်းဟာ သူ့ရဲ့ unique essence တနည်း တခြား  သတ္တ၀ါ တွေမှာ၊ တခြား အရာတွေမှာ မရှိတဲ့၊ သူ့မှာသာ ရှိတဲ့ အနှစ် သာရကို အကောင်းဆုံး ဖော်ပြခြင်းဖြင့်သာ ဒီသတ္တ၀ါရဲ့ ပုဂ္ဂလ ဘဝ၊ ဒီအရာနဲ့သာဆိုင်တဲ့ သတ္တိကို အပီပြင်ဆုံး ဖော်ပြနိုင်တယ်။ ဥပမာ မျက်စိရဲ့ essence အနှစ်သာရ ဟာ မြင်ခြင်း ဖြစ်တယ်။ နားနဲ့ မြင်လို့မရ၊ နှာခေါင်းနဲ့ မြင်လို့မရ၊ မျက်စိနဲ့သာ မြင်လို့ရတယ်။ မျက်စိဟာ မြင်ခြင်းဆိုတဲ့ သူ့ရဲ့ essence အရည်အသွေးကို ဖော်ပြ ခြင်းဖြင့်သာ မျက်စိ ပီသမယ်၊ မျက်စိစစ်မယ်။ အလွယ် ပြောရရင် မျက်စိလို့ခေါ်လို့ရမယ်။ အလားတူပဲ။ ကျား တွေ၊ ခြင်္သေ့  တွေဟာ အသားစား သတ္တ၀ါ၊ တကောင် တည်းသာ နေတဲ့ သတ္တ၀ါလို့ ပြောတဲ့အခါ အသား စားခြင်း၊ တကောင်တည်းသာ နေခြင်း စတဲ့ essence အနှစ်သာရတွေကို ဖော်ပြခြင်းဖြင့်သာ ကျားဘဝ၊ ခြင်္သေ့ဘဝကို အပီအပြင် ဖော်ပြနိုင်တယ်။ အရွယ် ရောက်ပြီး တကောင်တည်း မနေဘဲ အစုလိုက်နေပြီး သက်သတ်လွတ် စားနေတဲ့ ကျားဟာ ကျားမပီသတဲ့ ကျား။

အလားတူပဲ လူဟာ နိုင်ငံရေး သတ္တ၀ါလို့ ပြောတာဟာ လူဟာ သူ့ရဲ့ သဘာဝကို တနည်း သူ့ရဲ့ essence ကို နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက် ခြင်းဖြင့်သာ အကောင်းဆုံး ဖော်ပြနိုင်မှာ၊ အပြည့်အဝ ဖော်ပြနိုင်မှာ ဖြစ်တယ်လို့ ပြောတာပဲ ဖြစ်တယ်။ ဒါဖြင့်ရင် လူ့ရဲ့ သဘာဝ၊ လူမှာသာရှိတဲ့ အရည်အသွေးခေါ် အနှစ်သာရ အင်ဂလိပ်လိုဆို essence က ဘာလဲ။ ဒီအနှစ်သာရ တွေကို နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မှ အပြည့်အဝ ဖော်ပြနိုင်ရတာဟာ ဘာ့ကြောင့်လဲ။ ဒီမေးခွန်း နှစ်ခုမှာ ပထမ မေးခွန်းကို တိုတို တုတ်တုတ်နဲ့ ဖြေရရင် လူ့ရဲ့ သဘာဝ၊ လူမှသာ ရှိနိုင်တဲ့ အနှစ်သာရဟာ အင်ဂလိပ်လို freedom ခေါ်ခေါ်၊ ပါဠိလို ၀ိမုတ္တိ ခေါ်ခေါ် ဗမာလိုတော့ လွတ်မြောက်ခြင်း ဒါမှမဟုတ် အနှောင်အဖွဲ့ကနေ ကင်းလွတ်ခြင်းပဲ။ ဆိုတော့ လူဟာ နိုင်ငံရေးသတ္တ၀ါလို့ ပြောတာဟာ လူဟာ နိုင်ငံရေးမှာ ပတ်သက်ခြင်းဖြင့်သာ သူ့ရဲ့ သဘာဝဖြစ်တဲ့ လွတ် မြောက်ခြင်းကို ဖော်ပြနိုင်မယ်၊ လူပီသမှုကို ပြနိုင်မယ်လို့ ပြောချင်တာ ဖြစ်တယ်။ ကဲ ဒီအဆို မှန်မမှန် ဆန်းစစ်ကြည့်ရအောင်။

အရင်ဆုံး လူ့ရဲ့ essence တနည်း အနှစ်သာရလို့ ဆိုတဲ့ လွတ်မြောက်မှုကို ကြည့်ရအောင်။ လွတ်မြောက်မှု တနည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှုဟာ လူ့ရဲ့ အနှစ်သာရလို့ ပြောရတာ ဘာ့ကြောင့်လဲ။ တခိျု့ တိရိစ္ဆာန် တွေဟာ လွတ်လပ်မှုကို လူထက်တောင် ဖော်ပြ နိုင်ပုံရတာ သတိပြုမိကြမယ်။ ငှက်တွေဟာ တနေရာက တနေရာကို အတားအဆီးမရှိ သွားနိုင်တယ်။ သားရဲ တိရိစ္ဆာန် တွေဟာလည်း အစာကို ကိုယ်စိတ်ဆန္ဒရှိတဲ့ အချိန်မှာ သင့်မသင့် စဉ်းစားနေစရာ မလိုဘဲ၊ တနည်း ကျင့်ဝတ်ဆိုင်ရာ စဉ်းစားချက်တွေရဲ့ ကန့်သတ်မှုကို မခံဘဲ စိတ်လာတဲ့အချိန်မှာ စားသောက်၊ အိပ်စက်၊ မိတ်လိုက်နိုင်ကြတယ်။ တဘက်မှာ လူမှာ ငှက်တွေ၊ သားရဲ တိရိစ္ဆာန် တွေလို ကိုယ်လုပ်ချင်တာကို ကောက် လုပ်နိုင်တဲ့ အနေအထားမရှိတတ်ဘူး။ ဒီတော့ လူဟာ တိရိစ္ဆာန် လောက်တောင် မလွတ်လပ်ဘူးလို့ ထင်စရာ ရှိတယ်။

ဒါပေမယ့် တကယ်မှာ တိရိစ္ဆာန် တွေရဲ့ ပြုမူပုံဟာ သူတို့ရဲ့ အဟိတ် တိရိစ္ဆာန် ဗီဇစိတ် impulse ကို၊ သူတို့ရဲ့ တိရိစ္ဆာန် သဘာဝကို ဖော်ပြခြင်းသာ ဖြစ်ပြီး reasoning စဉ်းစားဆင်ခြင်မှုကနေ ပေါက်ပွား လာတဲ့ လုပ်ရပ်မဟုတ်ပေဘူး။ တိရိစ္ဆာန် တွေဟာ တခုခု မလုပ်ခင် ကောင်းမကောင်း၊ သင့်မသင့် ခွဲခြားပြီး ကောင်းတာ၊ သင့်တာကို လုပ်နိုင်စွမ်းမရှိဘဲ ဆန္ဒ ရဲ့ ညွှန်ကြား စေခိုင်းတာကို မစဉ်းစား၊ မဆင်ခြင်ဘဲ ကာယရဲ့  တဒင်္ဂ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လုပ်ကြ တာမျိုးသာ ဖြစ်တယ်။ တဘက်မှာ လူကတော့ လုပ်ရပ်တခု မလုပ်ခင် သင့်မသင့်၊ ကောင်းမကောင်း စဉ်းစားနိုင်စွမ်းရှိတယ်။

လွတ်လပ်မှုဟာ ရွေးချယ်ပိုင် ခွင့်ရှိခြင်းဆိုရင် လုပ်ရပ်တခုကို လုပ်သင့် မလုပ်သင့် ရွေးချယ်နိုင်စွမ်း ရှိတာဟာ လွတ်လပ်မှု ရှိမရှိကို ဖော်ပြ ခြင်းလို့ ပြောရတော့မယ်။ လုပ်ရပ်တခုကို လုပ်သင့် မသင့် ရွေးချယ်နိုင်စွမ်းဟာ ဆင်ခြင် စဉ်းစားနိုင်စွမ်း ရှိမှသာ ဖြစ်နိုင်မယ်။ တိရိစ္ဆာန် တွေမှာ ကောင်း မကောင်း၊ သင့်မသင့် ဆင်ခြင် စဉ်းစားနိုင်စွမ်း မရှိကြ ဘူး။ လူမှာသာ ရှိတယ်။ ဆင်ခြင်စဉ်းစားနိုင်စွမ်းဟာ လူနဲ့သာ ဆိုင်တယ်။ ဒီတော့ လွတ်လပ်မှု ရှိမရှိဆိုတာ ဆင်ခြင် စဉ်းစားနိုင်စွမ်း ရှိမရှိနဲ့ ဆိုင်တယ်လို့ ပြဆိုပြီး သကာလ ဆင်ခြင်စဉ်းစားနိုင်စွမ်းရှိတဲ့ လူမှာသာ လွတ်လပ်မှု ရှိနိုင်တယ်ဆိုတာကို လက်ခံရပေလိမ့်မယ်။ တနည်း လွတ်လပ်မှု၊ လွတ်မြောက်မှုဟာ လူ့ရဲ့ အနှစ် သာရ ဖြစ်ပေတယ်။

တခါ လွတ်လပ်မှု ရှိမှသာ ကိုယ့်လုပ်ရပ် အတွက် တာဝန်ယူမှုဆိုတဲ့ သဘောတရားဟာ အဓိပ္ပာယ် ရှိနိုင်မယ်။ ကိုယ်ဘာလုပ်မယ်ဆိုတာကို မမြင်ရတဲ့ အရာတခုက ကြိုတင် သတ်မှတ် ဆုံးဖြတ်ထားပြီးသား ဆိုရင် ဒီလုပ်ရပ်အတွက် ကိုယ်က တာဝန်ယူရတာ အဓိပ္ပာယ် မရှိတော့ဘူး။ ဥပမာ အခြေအနေတခုမှာ လူ တယောက်ဟာ မကောင်းတဲ့ လုပ်ရပ်တခုကို လုပ်ဖို့ ဘုရားသခင်က၊ ဒါမှမဟုတ် fate ရှောင်လွှဲလို့မရတဲ့ ကံတရားက သတ်မှတ် ဆုံးဖြတ်ထားပြီးသားဆိုရင် ဒီမကောင်းတဲ့ လုပ်ရပ်ကို ကျူးလွန်မှုအတွက် အပြစ်ကို ကျူးလွန်သူထက် ဘုရားသခင် ဒါမှမဟုတ် ကံတရားမှာ ပိုတောင် တာဝန်မရှိပေဘူးလား။ ဒီစဉ်းစားချက်ကို ကြည့်မယ်ဆိုရင် လွတ်လပ်မှုရဲ့ ပြယုဂ်ဖြစ်တဲ့ self-autonomy မိမိကိုယ် မိမိ ပိုင်စိုးမှုရှိမှုဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာ သတိပြုမိနိုင်မယ်။

အခုအမြင်ကို အားကောင်းစေတဲ့ နောက်စဉ်းစား ချက်တခုကို တင်ပြပါရစေ။ မကောင်းတာကို မလုပ်တဲ့ လူနဲ့ မကောင်းတာကို ရှောင်ကြဉ်တဲ့လူ နှစ်ယောက်မှာ ဒုတိယလူက ပိုပြီး အထင်ကြီး လေးစားစရာ ကောင်းတယ်လို့ ယူဆမိတယ်။ မကောင်းတာကို မလုပ်တဲ့လူဟာ မကောင်းတဲ့အလုပ်ကို မကောင်းမှန်း သိလို့ လုပ်တာ ဟုတ်ချင်မှ ဟုတ်မယ်။ တခိျု့လူတွေဟာ အတိတ်ဘဝရဲ့ ကံကြောင့်၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ မျက်နှာသာပေးမှု ခံရလို့၊ ဒါမှမဟုတ် သဘာဝတရားရဲ့ ဖေးမ စီရင်မှုကြောင့် သူတို့ သဘာဝမှာ မကောင်းမှု လုပ်ဖို့ အာသီသ နည်းကြတယ်၊ ဒါမှမဟုတ် ပါမလာ တတ်ကြဘူး။ ဒီလိုလူတွေအတွက်က မကောင်းတာ မလုပ်တာဟာ မကောင်းမှုကို အာသီသနည်းခြင်း၊ မရှိခြင်းဆိုတဲ့ သူတို့ရဲ့ သဘာဝကို ဖော်ပြမှု သက် သက်သာ ဖြစ်တယ်။

တဘက်မှာ မကောင်းတာကို ရှောင်ကြည်တဲ့လူက မကောင်းမှုရဲ့ သဘာဝကိုသိပြီး မကောင်းမှုကို မလုပ်သင့်ဘူးလို့ ဆုံးဖြတ်ပြီး ရှောင်ကြဉ်တာ ဖြစ်တယ်။ self-autonomy ဟာ ပထမလူထက် ဒုတိယလူမှာ ပိုအားကောင်းတယ်။ အသက်သတ်စားတာ ကျင့်ဝတ်နဲ့ မညီမှန်းသိလို့ သက်သတ်လွတ်စားသူကို သာဓုခေါ်ပြီး ဆိတ်တွေ၊ နွားတွေ သတ်သတ်လွတ် စားတာကို ဘယ်သူများ သာဓုခေါ်တာ ကြားဘူးလဲ။ ဒီတော့ မကောင်းမှုကို မကောင်းမှုမှန်း သိပြီး မလုပ်ဖို့ ဆုံးဖြတ်နိုင်စွမ်း ရှိမှ၊ ပြင်ပ အကြောင်းတရားတွေရဲ့ စီရင်မှုထက် self-autonomy ရှိမှ လုပ်ရပ်တခု ကောင်းမကောင်း၊ သာဓု ခေါ်ထိုက် မခေါ်ထိုက် ဆုံးဖြတ်နိုင်စရာ ရှိတယ်။ ဒီတော့ လွတ်လပ်မှု ဒါမှမဟုတ် မိမိကိုယ် မိမိပိုင်စိုးမှုဟာ ကျင့်ဝတ်ဆိုင်ရာ  ကိစ္စ ရပ်တွေ အတွက်ပါ အရေးကြီးတာ ထင်ရှားတယ်။

လူ့ရဲ့ အနှစ်သာရ ဟာ လွတ်လပ်မှုလို့ ပြဆိုပြီး သကာလ ခုတခါ နိုင်ငံရေးဆိုတာ ဘာလဲဆိုတဲ့ မေးခွန်း ကို မေးကြည့်ရအောင်။ ကျနော့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောရရင် ဒီမေးခွန်းကို ပထမဆုံး မေးဖူးတာ မှတ်မှတ် ရရ၊ တိုက်တိုက်ဆိုင်ဆိုင် ၈၈ အရေးအခင်း ဖြစ်ပြီး ချိန်မှာ ဖြစ်တယ်။ နိုငံရေးဆိုတာ နိုင်ငံရဲ့ အရေးကို လုပ် တာပေါ့ဆိုပြီး အမေးခံရသူက ပြန်ဖြေတယ်။ ရုတ်တ ရက် ကြည့်ရင် ဒီအဖြေဟာ ကျေနပ်စရာ ကောင်းတဲ့ အဖြေ မဟုတ်ဘူးလို့ ထင်စရာ ရှိတယ်။

ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်ရင် ဒီအဖြေ ကျေနပ်စရာ ကောင်းမကောင်း ဆိုတာ နိုင်ငံ့အရေးဆိုတာကို ကျနော်တို့ ဘယ်လို နားလည်သလဲ၊ ဘယ်လောက် အတိုင်းအတာထိ နားလည် သဘောပေါက်လဲ ဆိုတဲ့ အချက်ပေါ် မူတည်တာ တွေ့ရလိမ့်မယ်။ ခေါမခေတ်က နိုင်ငံဆိုတာ အလွယ်ပြောရရင် မြို့ပြနိုင်ငံလေးတွေကိုပဲ ရည်ညွှန်းကြတာ ဖြစ်တယ်။ ဒီမြို့ပြနိုင်ငံလေးတွေ (ခေါမလိုတော့ polis လို့ခေါ်တာပေါ့။) ကို အုပ်ချုပ် စီမံခန့်ခွဲတဲ အလုပ်ကို နိုင်ငံရေး politics လို့ ခေါ်တယ်။ နှစ်ပေါင်း နှစ်ထောင်ကျော် ကြာလာချိန်မှာ မြို့ပြ နိုင်ငံလေးတွေကနေ မြို့ကြီး ပြကြီးတွေ၊ တိုင်းနိုင်ငံတွေ၊ ပြည်ထောင်စုတွေ ဖြစ်လာတယ်။ ဒါပေမယ့် နိုင်ငံရေး ဆိုတဲ့ ဝေါဟာရရဲ့ အနှစ်သာရကတော့ ပြောင်းမသွား ဘူး။

အဲဒိအနှစ်သာရကတော့ မြို့ပြ နိုင်ငံလေးတွေကို အုပ်ချုပ်တာ ဖြစ်ဖြစ်၊ ပြည်ထောင်စုကြီးကို အုပ်ချုပ်တာ ဖြစ်ဖြစ် အုပ်ချုပ်ခံရသူတွေနဲ့ ဆိုင်တဲ့ အရေး ကိစ္စ တွေကို အကောင်းဆုံး ဖြစ်အောင် စီမံခန့်ခွဲတာပဲ ဖြစ်တယ်။ ဒါဟာ နိုင်ငံရေးပဲ။ နိုင်ငံရဲ့ အရေးကိစ္စ တွေဟာ ခေတ်ကာလ ရွေ့လျောလာတာနဲ့အမျှ ပြောင်းလဲ လာနိုင်ပေမယ့် နိုင်ငံရေးဆိုတာ အုပ်ချုပ်ခံတွေ၊ တနည်း နိုင်ငံသားတွေရဲ့ ဘဝကို အကောင်းဆုံး ဖြစ်အောင် စီမံ လုပ်ဆောင်ခြင်းဆိုတဲ့ နိုင်ငံရေးရဲ့ သဏ္ဍာန်ကတော့ ပြောင်းမသွားဘူး။

ဒီတော့ နိုင်ငံသားတွေရဲ့ ဘဝကို အကောင်းဆုံး ဘယ်လို စီမံလုပ်ဆောင်မလဲ။ ဒီနေရာမှာ အကောင်းဆုံး ဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး အယူအဆ၊ အမြင် အမျိုးမျိုး ကွဲနိုင်တယ်။ လူတွေကို ရုပ်ပိုင်းဆိုင်ရာ အတိုင်းအတာ တခုထိ ပြည့်စုံအောင် ဖန်တီး ပေးထားပြီး တဘက်မှာ တခြား အရေးကြီးတဲ့ လွတ်လပ်ခွင့်တွေ၊ ဥပမာ သူများ မထိခိုက်တဲ့ လွတ်လပ်စွာ ကိုးကွယ်မှုမျိုးတွေ၊ ကိုယ်နှစ်သက်သူ ဘယ်သူနဲ့ မဆို ယောကျာ်းချင်း၊ ဒါမှမဟုတ် မိန်မချင်း လွတ်လွတ်လပ်လပ် ပေါင်းသင်းနေထိုင်ခွင့်တွေကို ပိတ်ပင်ထားတာမျိုးကို အကောင်းဆုံး စီမံ လုပ်ဆောင်ပုံလို့ ပြောကြမယ် မထင်ဘူး။ ဒါပေမယ့် လူ့သဘာဝ၊ လူဖြစ်ရခြင်းရဲ့ အနှစ်သာရဟာ လွတ်လပ် မှု ဆိုတာကို လက်ခံရင် နိုင်ငံရေးစနစ်တခု၊ အုပ်ချုပ်မှု ပုံစံတခုဟာ လူသားရဲ့ အနှစ်သာရ ဖြစ်တဲ့ လွတ်လပ် မှုကို ဘယ်လောက် အတိုင်းအတာထိ အာမခံချက် ပေးနိုင်သလဲဆိုတာကို ကြည့်ပြီး နိုင်ငံရေးစနစ်၊ အုပ်ချုပ်မှုပုံစံ ကောင်းမွန်မှု အတိုင်းအတာကို ဆုံးဖြတ် မယ်ဆိုရင်တော့ သင့်မယ် ထင်မိတယ်။ ဆင်ခြင် စဉ်းစားတတ်သူအဖို့ လွတ်လပ်မှုကို အာမခံချက် ပေးတဲ့ အုပ်ချုပ်မှုနဲ့ လွတ်လပ်မှုကို အာမခံချက် မပေးတဲ့ အုပ်ချုပ်မှုနှစ်ခုမှာ ပထမအုပ်ချုပ်မှုကို အလိုရှိမှာဘဲ။

တကယ်တော့ အစိုးရဆိုပြီး ပေါ်လာတာကိုက လူတွေရဲ့ လွတ်လပ်ခွင့်ကို လိုလားတာကို ပြနေတယ်။ အုပ်ချုပ်မှု၊ ဒါမှမဟုတ် စည်းစနစ် တခုခု လုံးလုံး မရှိတဲ့ အဖွဲ့အစည်းတခုမှာ လူတယောက်ရဲ့ လွတ်လပ်ခွင့်ကို ဘယ်သူက အာမခံချက် ပေးမလဲ။ တယောက်နဲ့ တယောက် အပြန်အလှန်နားလည်မှု၊ သဘောတူညီမှု ပေါ် အခြေခံ တည်ဆောက်ထားတဲ့ စနစ်တခုထဲမှာသာ လွတ်လပ်မှုကို ခံစားဖို့ ဖြစ်နိုင်မယ်။ လူတိုင်းက လွတ်လပ်မှုကို တန်ဖိုးထားတယ်ဆိုရင် ကိုယ်က သူများလွတ်လပ်မှုကို မထိခိုက်ဖို့ ကတိကဝတ်ပြုတဲ့ အခါ တခြား လူတယောက်ဟာ ကိုယ့်ရဲ့ ကတိကဝတ် ကျေးဇူးနဲ့ သူ့လွတ်လပ်ခွင့်ကို ခံစားနိုင်မယ်။ အလား တူပဲ။ သူ့ရဲ့ ကိုယ့်လွတ်လပ်မှုကို မထိခိုက်ဖို့ ကတိ ကဝတ်ကြောင့် ကိုယ်ဟာ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို ခံစားနိုင်မယ်။ အစိုးရဆိုတာ လူသားတွေ အချင်းချင်း ကြား ပြောခဲ့တဲ့ အပြန်အလှန် နားလည်မှု၊ သဘော တူညီမှုပေါ် အခြေခံ တည်ဆောက်ထားတာ ဖြစ်တယ်။ အစိုးရဆိုတာ မရှိရင်တောင် ကိုယ့်လွတ်လပ်မှုအတွက် အာမခံချက်ကို လူ့အဖွဲ့အစည်းထဲက တခြားလူတွေ ဆီက တောင်းခံရမှာ ဖြစ်တယ်။ ကနေ့ထိတော့ အစိုးရ မရှိတဲ့ လူ့အဖွဲ့အစည်းရယ်လို့ ကျနော်သိသလောက် မရှိသေးဘူး။ အစိုးရရဲ့ တာဝန်ဟာ အခြေခံအားဖြင့် လူသားရဲ့ လွတ်လပ်မှုကို အာမခံချက်ပေးမှုဖြစ်တယ်။ ဒါ့ကြောင့် အပေါ်စာပိုဒ်မှာ ပြောခဲ့သလို လွတ်လပ်မှု အာမခံချက် မရှိတဲ့ အစိုးရအောက်မှာ၊ တနည်း အုပ်ချုပ်မှုအောက်မှာ ဆင်ခြင်စဉ်းစားနိုင်သူဟာ နေချင် ကြမှာ မဟုတ်ဘူး။

ကဲဒီတော့ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေး၊ တိုင်းသူ ပြည်သားတွေရဲ့ အရေးကို ဆောင်ရွက်ခြင်းလို့ ပြောပြီးသကာလ နိုင်ငံသားတွေဟာ ကိုယ်နေနေတဲ့ အဖွဲ့အစည်းကို အုပ်ချုပ် မောင်းနှင်နေသူတွေဟာ ကိုယ့်အရေး ကိစ္စ၊ ကိုယ့်လွတ်လပ်မှုတွေကို ကာကွယ် စောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် ပေးမပေးကို အမြဲတစေ စောင့်ကြည့်နေသင့်တယ်။ နိုင်ငံသားတွေကို သူတို့ရဲ့ ကံကြမ္မာကို သူတို့ ဘာသာဖန်တီးနိုင်ခွင့် ပေးနိုင်တဲ့ အုပ်ချုပ်မှုမျိုး ရှိနေ၊ မနေ သတိထား စောင့်ကြည့်နေသင့်တယ်။ ဒီလို စောင့်ကြည့်ဝေဖန် တာကိုက နိုင်ငံရေးနဲ့ ပတ်သက်မှုကို ပြသတာ ဖြစ်တယ်။ ကိုယ့်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးမယ့် ဆုံးဖြတ်ချက်တွေကို အုပ်ချုပ်သူလက်ထဲ ဝ ကွက် အပ် ထားတာ မဖြစ်သင့်ဘူး။ အဲဒိလို မျက်နှာလွှဲခဲပစ် အပ်ထားမယ်ဆိုရင် အုပ်ချုပ်သူတွေက ကိုယ့်ရဲ့ တာဝန် အပ်နှင်းမှုကို သူတို့ အကျိုးစီးပွား ကွက်ကွက်လေး အတွက် အသုံး ချသွားနိုင်တယ်။ အသုံးချသွားတဲ့ သာဓကတွေလည်း တွေ့ခဲ့ကြပြီးပြီ။ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ရွေးကောက်ပွဲ ဝင်ပါတယ်ဆိုပြီး ကိုယ်လုပ်ချင် တာ ကိုယ်လုပ်၊ ပြီးရင် ပြည်သူ့ဆန္ဒ လုပ်ပစ် လိုက်တာမျိုးတွေကို လက်မခံသင့်ဘူး။

သူများရဲ့ ရွေးချယ်ဆုံးဖြတ်မှုအတွက် တာဝန် ယူရတာမျိုးဟာ သူများရဲ့ အချုပ်အနှောင် ဖွဲ့ခံထားရမှု အောက်မှာ နေနေရခြင်းလို့ ပြောနိုင်တယ်။ ကိုယ်ဟာ နိုင်ငံရေးမှာ စိတ်ဝင်စားမှု၊ ပတ်သက်မှု မရှိရင် သူများတကာရဲ့ ရွေးချယ် ဆုံးဖြတ်မှုတွေအတွက် ဘုမသိဘမသိ တာဝန်ယူသွားရလိမ့်မယ်။ ဒီတော့ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိတာ၊ မပတ်သက်ဘူးလို့ ပြောတာဟာ ကိုယ့် အနှောင်အဖွဲ့ကို ကိုယ့်ဘာသာ ဖန်တီးခြင်းသာ ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံရေးမှာ ပါဝင် ပတ်သက်ခြင်းဟာ မိမိကိုယ်ကို လွတ်မြောက် အောင် ကြိုးပမ်းမှုလို့ ဆိုနိုင်တယ်။ လူ့သဘာဝဖြစ်တဲ့ လူ့ရဲ အနှစ်သာရ essence ဖြစ်တဲ့ လွတ်မြောက်မှုကို နိုင်ငံရေးနဲ့ မပတ်သက်ပဲ ရရှိနိုင်မှာ မဟုတ်ပေဘူး။ ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုကို အညွန့်ချိုးတာ၊ နိုင်ငံရေးနဲ့ မပတ်သက်အောင်၊ နိုင်ငံရေး သေအောင် လုပ်နေတာတွေကို ကိုယ့်ကို အချုပ်အနှောင်ချဖို့ ကြိုးစားမှုတွေပဲဖြစ်တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...