Friday, August 10, 2012
``မြန်မာဝတ္ထုတိုသမိုင်း အကျဉ်း´´
ရေးသားသူ နိုင်လင်းထွန်း သည် သြဂုတ်လ 11, 2012
                         မြန်မာဝတ္ထုတိုသမိုင်းအကျဉ်းကို ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်ထဲကနေပဲ တဆင့် ပြန်ပြီး ဖောက်သည်ချပါရစေ။ ကျွန်တော်လေ့လာထားသလောက် သူငယ်ချင်းတွေကို ပြန်ပြီး မျှဝေတာပါ။ ကျွန်တော်လည်း ဆရာကြီး မဟုတ်ပါဘူး။ ခုမှ လေ့လာနေတုန်းပါပဲဗျာ။ တယ်လို့ မှားတာပါရင်လည်း ခွင့်လွတ်ဖို့ ကြိုပြီး တောင်းပန်ထားပါရစေ။ အယူအစ ကွဲပြားခဲ့သည်ရှိသော် လွတ်လွတ်လပ်လပ် ဝေဖန်ဆွေးနွေးနိုင်ပါတယ်။ ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ပါတယ်ဗျာ။
                        မြန်မာဝတ္ထုတိုသမိုင်းအကျဉ်း
          ခရစ်တော်မပေါ်မီ ၆ ရာစုတွင် ဂေါတမမြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံတွင် ပွင့်တော်မူခဲ့သည်။
ဘုရားရှင်သည် သူ၏အဆုံးအမများကို လူအများ
နားလည်သဘောပေါက်အောင်နိပါတ်တော် ဇာတ်ဝတ္ထုများဖြင့် ဟောတော်မူခဲ့သည်။
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တို့သည် မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ် ၀တ္ထုတိုများဖြစ်ပါ
သည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက် မြတ်စွာဘုရား၏ နိပါတ်တော်ဝတ္ထု
များသည် အထူးတလည် ခေတ်စားထွန်းကားလာခဲ့ပြီး နေရာဒေသ အများအပြားသို့
ပြန့်ပွားရောက်ရှိခဲ့သည်။
        မြန်မာအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျှောက်  ကလေးဘဝ
တည်းက အဘိုးအဘွား အမိအဘများပြောပြသော ဇာတ်နိပါတ်တော်များနှင့် ရင်းနှီး
ကျွမ်းဝင်ခဲ့သည်။
        ပုဂံခေတ်တွင် ဇာတက၀တ္ထု ဓမ္မပဒ၀တ္ထု ဗုဒ္ဓ၀င်ဝတ္ထုများကို မင်စာ စဥ့်ကွင်းစာ
တို့တွင် မြန်မာဘာသာဖြင့် ရေးသားမှုများရှိခဲ့သည်။ အင်းဝခေတ်တွင်
အထင်အရှားတွေ့သည့်ဝတ္ထုမှာ အရှင်မဟာသီလ၀ံသရေးသားသော ``ပါရာယန´´
ဝတ္ထုဖြစ်သည်။ မြန်မာသက္ကရာဇ် ၈၇၃၊ ခရစ်နှစ် ၁၅၁၁ တွင်ရေးသားပြီးစီးသည်။
ဝတ္ထုတို ရှစ်ပုဒ်စုစည်းထားသော ဗုဒ္ဓစာပေ၀တ္ထုတိုပေါင်းချုပ်ဖြစ်သည်။
          ဘာသာရေးအဆုံးအမ မပါသော အဦးဆုံးခေတ်ပေါ် မြန်မာဝတ္ထုတိုမှာ ဆရာ
ကြီး ရွှေဥဒေါင်းရေးသားပြုစုခဲ့သည့် ``မောင်သိန်းတင်၊ မသိန်းရှင်´´၀တ္ထုဖြစ်သည်။
ဒုတိယအဦးဆုံးဝတ္ထုမှာ ဆရာကြီးရွှေဥဒေါင်း၏``ကြိုးကြာကန်လူသတ်မှု၌ မောင်စံ
ရှား စုံထောက်ပုံ´´ ၀တ္ထုဖြစ်ပြီး သူရိယမဂ္ဂဇင်းအမှတ်(၂)တွင်ပါရှိခဲ့သည်။
        သူရိယမဂ္ဂဇင်းက တစ်အုပ်လျှင် ၀တ္ထုတို ၂ ပုဒ်ထည့်ရန် စီစဉ်ခဲ့သည်။ တစ်ပုဒ်
က အယ်ဒီတာကိုယ်တိုင်ရေးပြီး တစ်ပုဒ်က ပြင်ပမှာ ဖိတ်ခေါ်ရန်ဖြစ်သည်။
ထို့ကြောင့် ``၀တ္ထုရေးသူ ဆုရမည်´´ဟု ကြော်ငြာခဲ့သည်။ ယင်းကြော်ငြာကြောင့်
ဝတ္ထုတိုသည် မည်သူမဆို ရေးခွင့်ရှိကြောင်း လူများသိရှိလာခဲ့သည်။ မူလက ၀တ္ထု
ဆောင်းပါးများသည် လူတိုင်းရေးခွင့်မရှိ၊ သက်ဆိုင်ရာအယ်ဒီတာတို့၏အလုပ်ဟုသာ
ထင်မှတ်ခဲ့ကြသည်။
       သူရိယမဂ္ဂဇင်းတွင်``ဒဂုန်ရွှေမျှား´´လို ရေးသားသူများ ပေါ်ပေါက်လာခဲ့သည်။
ဝတ္ထုရွှေးချယ်ခံရလျှင် စာမူခပေးသော်လည်း ရေးသူ၏အမည်ကို ဖော်ပြပေးလေ့မရှိ။
ဖော်ပြပေးလျှင်လည်း ၀တ္ထုအဆုံးမှာ မထင်မရှားလေးသာ ဖော်ပြခဲ့သည်။
       ဒဂုန်မဂ္ဂဇင်းပေါ်လာသောအခါ ၀တ္ထုရေးသူ၏အမည်ကို ၀တ္ထု၏ထိပ်ဆုံးတွင်
ထင်ထင်ရှားရှားဖော်ပြရုံမက ရံဖန်ရံခါ ပန်းချီစာလုံးဖြင့်ပင် ဖော်ပြခဲ့သည်။
ဝတ္ထုရေးသူဘက်ကလည်း ၀တ္ထုရေးသောအခါ နာမည်ရင်းဖြင့်မရေးဝံ့ဘဲ ကလောင်
နာမည်ဝှက်ဖြင့်သာ ရေးလေ့ရှိသည်။ အကြောင်းမှာ ခေတ်ပေါ်ဝတ္ထုရေးသားသောအ
လုပ်သည် ကလောင်အဆင့်အတန်းနိမ့်ကျသူတို့၏အလုပ်ဟု ပိဋကတ်စာပေရေးသား
သော စာရေးဆရာကြီးများက သတ်မှတ်သောကြောင့်ဖြစ်သည်။
     ၁၉၂၀ပြည့်နှစ်တွင် ထုတ်ဝေသော ဒဂုန်မဂ္ဂဇင်းထွက်ပေါ်လာခြင်းကြောင့် ဖေယျ၊
မောင်သစ္စာ၊ပီမိုးနင်းစသောဝတ္ထုတိုဆရာများ၏၀တ္ထုတိုများဖြင့် ဖြိုးဖြိုးဝေလာခဲ့သည်။
    ၁၉၂၇တွင် က၀ိမျက်မှန်မဂ္ဂဇင်းပေါ်လာတော့ ၀တ္ထုတိုသည် ပိုမိုကျယ်ပြန့်လာခဲ့
သည်။ ၀တ္ထုတို၏နေရာသည် မဂ္ဂဇင်းမှာသာရှိသောကြောင့်ဖြစ်သည်။
    ဂန္ထလောကမဂ္ဂဇင်းသည် တက္ကသိုလ်ပညာပြန့်ပွားရေးအသင်းမှ ထုတ်ဝေသည်။
တက္ကသိုလ်အ၀န်းအ၀ိုင်းမှပညာတတ်များရေးသားသဖြင့် ပထမပိုင်း၌လူသိမများခဲ့ပါ။
နောက်ပိုင်း ဂန္ထလောကမှ ၀တ္ထုလက်ရာကောင်းများကိုစုစည်း၍ ``ခေတ်စမ်းပုံပြင်´´
အမည်ဖြင့် ထုတ်ဝေလိုက်သောအခါ ၀တ္ထုတိုလောကသည် ပိုမိုမြင့်မားတိုးတက်လာခဲ့သည်။
    ဂန္ထလောကမှ သိပ္ပံမောင်ဝ၊ ဇောဂျီ၊ မင်းသုဝဏ်၊ သိန်းဖေမြင့်၊ မန်းတင်၊ ကုသ၊
တက်တိုး၊ မောင်ထင်၊ ဒဂုန်တာရာ စသော နိုင်ငံကျော်စာရေးဆရာများ ပေါ်ထွန်းလာ
ခဲ့သည်။ သူတို့သည် တက္ကသိုလ်စာပေအသိုက်အ၀န်းသာမက ပြင်ပစာနယ်ဇင်းများ
အထိ ကလောင်ဖြန့်ခဲ့သူများဖြစ်သောကြောင့်ဖြစ်သည်။
    ထပ်မံ၍ ကလောင်ချွန်ကလောင်ထက်များလည်း ပေါ်လာသေးသည်။ ယင်းတို့မှာ
မဟာဆွေ၊ ဇ၀န၊ ရန်အောင်၊ မင်းဆွေ၊ မေမြို့မောင်၊ ရဲထွတ်စသည်တို့ဖြစ်သည်။
    အမျိုးသမီးစာရေးဆရာမများလည်း ယောင်္ကျားစာရေးဆရာများနှင့် မရှေးမနှောင်း
မှာပင် ပေါ်ထွက်လာခဲ့ကြသည်။ ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော်မမလေး၊ ခင်မျိုးချစ်၊
မမြတ်လေး စသူတို့မှာ မြန်မာအမျိုးသမီးစာရေးဆရာလောကကို ဦးဆောင်ခဲ့သူများ
ဖြစ်ကြသည်။ ယင်းနောက်မှာ ခင်နှင်းယု၊ ခင်ဆွေဦး၊ စိန်စိန်၊ဏီဏီယဉ်၊ ကြည်အေး၊
စသည်ဖြင့်၎င်း။ ယင်းနောက် မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊
ကြူကြူသင်း၊ ဂျူး၊ နုနုရည်(အင်းဝ)၊ ၀င်းဝင်းလတ်၊ မြနှောင်းညို၊ ခင်လှိုင်ကြူ၊ ခင်မြ
ဇင်၊ ခင်နှင်းဦးစသည်ဖြင့်၎င်း။ယင်းနောက်တွင် မ၀င့်(မြစ်ငယ်)၊ ယဉ်ယဉ်နု(မန္တလေး)
မိချမ်းဝေ၊ သန်းမြင့်အောင် ခင်ခင်ထူး စသည်ဖြင့်၎င်း ပေါ်ထွက်လာကြသည်။
    မြန်မာဝတ္ထုတိုသည် ဖွံ့ဖြိုးဝေစည်သည်ဟု ဆိုနိုင်သည်။ မြန်မာဝတ္ထုရှည်များ
သြဇာကျနေချိန်တွင် မြန်မာဝတ္ထုတိုများမှာကား ကမ္ဘာနှင့်ရင်ပေါင်တန်းအဆင့်တွင်
ရှိသည်ဟု ဆိုနိုင်သည်။ မြန်မာဝတ္ထုတိုအများအပြားကို နိုင်ငံခြားဘာသာအမျိုးမျိုးက
ဘာသာပြန်ဆိုခြင်းခံရပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးတွင် ထုတ်ဝေဖြန့်ချီခဲ့သည်။
   ခေတ်ပေါ်အဦးဆုံး မြန်မာဝတ္ထုတိုဖြစ်သော``မောင်သိန်းတင်၊ မသိန်းရှင်´´သည်
အချစ်ဝတ္ထုဖြစ်သည်။ ဒုတိယအဦးဆုံး မြန်မာဝတ္ထုတိုဖြစ်သော``ကြိုးကြာကန်
လူသတ်မှု၌ မောင်စံရှားစုံထောက်ပုံ´´သည်ကား စုံထောက်ဝတ္ထုဖြစ်သည်။
   မည်သို့ပင်ဖြစ်စေ ယနေ့မြန်မာစာပေလောကတွင် ဘ၀သရုပ်ဖော်ဝတ္ထုတိုများကို
သာ စာဖတ်သူများ ပို၍တန်ဖိုးထားကြောင်းတွေ့ရသည်။ ကမ္ဘာက အသိအမှတ်ပြု
သည်မှာလည်း မြန်မာ့လူ့ဘောင်မှ မြန်မာတို့၏ဘ၀ကို ထင်ဟပ်သော ဘ၀သရုပ်
ဖော် ၀တ္ထုများသာဖြစ်သည်။
     အချို့က တိုတိုရေးထားသောဝတ္ထုသည် ၀တ္ထုတို၊ရှည်ရှည်ရေးထားသော ၀တ္ထုကို
ဝတ္ထုရှည်ဟုပြောကြသည်။ ယင်းအဖြေမှာ မမှန်ပါ။ စာမျက်နှာ ၃ရာ ၄ရာခန့်ရှိသော
ဝတ္ထုတစ်ပုဒ်ကို  စာမျက်နှာ ၅ မျက်နှာခန့်အကျဉ်းချုံးရေးသားလျှင် ယင်းကို ၀တ္ထုတို
ဟု မခေါ်နိုင်။ ၀တ္ထုရှည် အကျဉ်းချုပ်ဟုသာ ခေါ်ဆိုနိုင်သည်။
ပညာရှင်များက အမျိုးမျိုးဝိသေသပြုကြ၊ အဓိပ္ပါယ်ဖွင့်ကြသည်။
   ခေတ်ပေါ်ဝတ္ထုတိုစာပေပုံသဏ္ဍာန်၏ မြစ်ဖျားခံရာသည် အနောက်တိုင်းစာပေဖြစ်
ဖြစ်သဖြင့် အနောက်တိုင်းစာပေဆရာတို့၏ မိန့်ချက် ဖွင့်ဆိုချက်များကို ပစ်ပယ်လို့
မရပါ။
    အမေရိကန်စာရေးဆရာကြီး အဂ္ဂါအယ်လင်းပိုက``၀တ္ထုတိုဆိုတာ အဖြစ်အပျက်
တစ်ခုတည်းနှင့် စပ်ဆိုင်တဲ့အကြောင်းအရာဖြစ်တယ်။ ဒီအဖြစ်အပျက်ဟာ စိတ်ပိုင်း
ဆိုင်ရာနဲ့ပတ်သက်ချင်ပတ်သက်မယ်။ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ချင်ပတ်သက်မယ်။
တစ်ထိုင်တည်းဖတ်နိုင်တဲ့ အတိုင်းအရှည်ရှိရမယ်။ စာရေးသူရဲ့ ကိုယ်ပိုင်တွေးခေါ်မှု
ပါရမယ်။ လင်းခနဲ လက်ခနဲ တောက်ပသွားရမယ်။ အကျိုးသက်ရောက်မှုဟာ တလွဲ
ကို ရောက်မသွားဘဲ အစမှ အဆုံးတိုင် တစ်ဖြောင့်တည်းဖြစ်နေရမယ်။´´ ဟု
ဆိုထားသည်။ ရုရှားစာရေးဆရာကြီး ချက်ကော့က``၀တ္ထုတိုမှာ ဖောင်းပွမနေဘဲ
အပိုအလိုမရှိ တိကျသိပ်သည်းကျစ်လျစ်နေရမယ်။ ၀တ္ထုအစမှာ နံရံပေါ်မှာ သေနတ်
တစ်လက် ချိတ်ထားတယ်လို့ ရေးထားခဲ့ရင် အဲဒီဝတ္ထုမှာ အဲဒီသေနတ် ပစ်ကိုပစ်ရ
မယ်။ သေနတ်မပစ်ဘဲ နံရံပေါ်မှာသေနတ်ချိတ်ထားတဲ့အကြောင်း ရေးစရာမလို´´
ဟု ဆိုသည်။ အလားတူပင် စာရေးဆရာကြီးများ၊ စာပေဝေဖန်ရေးဆရာများ၊ သုတေ
သီများကလည်း ၀တ္ထုနှင့်ပတ်သက်၍ အမျိုးမျိုးဖွင့်ဆိုကြသည်။
   အချို့က `` ၀တ္ထုတိုဆိုတာ မြင်းပြိုင်ပွဲင်္နဲ့တူတယ်။ မြင်းပြိုင်ပွဲမှာ တာထွက်နဲ့ ပန်း
ဝင် အရေးကြီးဆုံးဖြစ်သလို ၀တ္ထုမှာလဲ အစနဲ့ အဆုံး အရေးကြီးဆုံးပဲ´´
  ``၀တ္ထုတိုရေးခြင်းဆိုတာ အထဲက ဘာရှိမှန်းမသိအောင် အထပ်ထပ်ထုပ်ပိုးထား
တဲ့အတတ်ပညာ။´´
   ``၀တ္ထုတိုတစ်ပုဒ်ရဲ့ ကောင်းခြင်းဂုဏ်မှာ ဇာတ်လမ်းဇာတ်ကွက်အပေါ်မတည်။
လူ့သဘာဝအဖွဲ့၊ အရေးအသားနဲ့ တင်ပြပုံတင်ပြနည်းပေါ်မှာပဲမူတည်တယ်။ ဇာတ်
လမ်းဟာ ၀တ္ထုအတွက် အထောက်အကူ အဖေးအမသဖွယ်သာ အသုံးပြုတယ်။´´
စသည်ဖြင့် ပြောဆိုကြပါတယ်။
လွန်ခဲ့သော နှစ်တစ်ရာက ရေးခဲ့သော ၀တ္ထုတိုတစ်ပုဒ်ကို ယနေ့ခေတ်အမြင်ဖြင့်
ဝတ္ထုတိုဟု ဆိုနိုင်ချင်မှ ဆိုနိုင်မည်။ ရှေးဝတ္ထုတိုတွင် စာရေးဆရာက သူ့အာဘော်ကို
ကွက်ကွက်ကွင်းကွင်း ပေါ်လင်အောင် ရေးခဲ့သော်လည်း ယနေ့ခေတ်ဝတ္ထုတိုသည်
ကား စာဖတ်သူကို ကိုယ်တိုင်တွေးယူစေသော အရေးအဖွဲ့စနစ်မျိုးဖြစ်သည်။
၁။ ၀တ္ထုတိုစံများနှင့် ကိုက်ညီခြင်း။
၂။ လူ့သဘာဝအဖွဲ့နှင့် ဇာတ်ကောင်စရိုက်ပီပြင်ခြင်း။
၃။ စာဖတ်သူကိုတွေးစရာပေးခြင်း။
၎။ တင်ပြပုံတင်ပြနည်း ပညာသားပါခြင်း။
၅။ စာရေးဆရာပေးချင်သော message စာရေးဆရာ၏စေတနာမှန်ကန်ခြင်းတို့ဖြစ်သည်။
သော အနုပညာဖန်တီးခြင်းတစ်မျိုးဖြစ်သည်။ သို့သော် ၀မ်းစာရှိဘို့လိုသည်။
အတွေ့အကြုံနှင့် အလေ့အလာရှိဖို့လည်း လိုသည်။ မြန်မာစကားပြေကို ချောနေ
အောင် ရေးတတ်ဖို့က အခြေခံလိုအပ်ချက်ဖြစ်သည်။ မြန်မာသဒ္ဒါကို နားလည်ရန်
လိုအပ်သည်။  ရေးစရာကို ဘယ်လိုရှာမလဲ ? .....
       ရေးစရာကို လူထဲကပဲ ရရှိသည်။ နေ့စဉ်ဖြတ်သန်းရင်ဆိုင်နေရသော ဘ၀အတွေ့အကြုံ ၊ နေ့စဉ်မြင်တွေ့နေရသော လူများ၏ လူ့သဘာဝ၊အကျင့်စရိုက်
များဆီကပဲ ရရှိနိုင်သည်။ ထူးခြားသည့် အတွေ့အကြုံ ၊ ထူးခြားသည့် လူ့သဘာဝအပေါ် အခြေခံပြီး မိမိ ဘာကိုသုံးသပ်ပြောကြားချင်သလဲ စဉ်းစားပါ။
ယင်းသုံးသပ်ချက်သည် ၀တ္ထုအာဘော်ဖြစ်လာလိမ့်မည်။ ယင်းအာဘော် ပေါ်လွင်
လာအောင် ဇာတ်လမ်း  ဇာတ်ကောင်ကို အစဉ်ပြေသလို ထည့်သွင်းလှုပ်ရှားစေပြီး
ဝတ္ထုတစ်ပုဒ်ဖြစ်လာအောင် ဖန်တီးရသည်။
   ရေးသည့်အခါ သေချာမသိသောအကြောင်းအရာကို မရေးပါနှင့်၊သေချာသိအောင်
လေ့လာပြီးမှရေးပါ။ စာဖတ်သူကို အထင်မသေးပါနှင့်။ ရသစာပေဆိုသော်ငြားလည်း
မှန်ကန်သော အချက်အလက်ကိုသာ ပေးပါ။ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင်ရေး
ပါ။ စာလုံးပေါင်းသတ်ပုံမှန်အောင်ရေးဖို့လည်း အရေးကြီးသည်။ နောက်ဆုံးအနေနှင့်
ဆရာဇော်ဂျီ၏ စကား အဆိုအမိန့်ကိုပြောရလျှင်
``စာကောင်းရေးချင်လျှင် စိတ်ကောင်းမွေးပါ။´´
လောဘ ဒေါသ မောဟ မာနကင်းပြီး စိတ်ကောင်းရှိမှ စိတ်ငြိမ်သက်အေးဆေးမှ
အနုပညာမြောက်သော စာပေများထွက်နိုင်သည်ကို မမေ့သင့်ပါ။
                                                                             (မနှင်းဖွေး)
              ကိုယ်ခံစားရတာကိုပဲရေးသင့်ပါသည်။ မသိတာမတတ်တာတွေကို
ရေးနေလျှင် စာမှာ အသက်မ၀င်တော့ပါ။ ဒုတိယအချက်ကတော့ ကိုယ်မတတ်ခင်
အတုယူပါ။ ကိုယ့်ရှေ့က ကိုယ့်အရင်ရေးနေကြတဲ့သူမှန်သမျှ ကိုယ့်ဆရာချည်းသာ
ဖြစ်သည်။ တတိယအချက်ကတော့ စာကောင်းတစ်ပုဒ်ထွက်ချင်လျှင် ၀ီရိယအားလို
အပ်ပါသည်။
အရ တစ်ချက်တည်းပြောသင့်သည်။ လုံးချင်းဝတ္ထုဆိုလျှင်တော့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေဆီကို သိုင်းဝိုင်းဖွဲ့နွဲ့ပြီး ဆွဲခေါ်သွားလို့ရပါသည်။
အမိအရချိန်ပြီး တစ်ချက်ပဲ ထိုးရပါသည်။ မိအောင်ထိုးနိုင်လျှင်ထိုး၊ တစ်ချက်နဲ့ မမိလို့ ချော်ထွက်သွားလျှင် ငါးကို မရတော့ပါ။ လွတ်သွားမှာဖြစ်သည်။
         ကိုယ်လည်းမသိ၊ သူလည်းမသိတဲ့ လူနေမှုဝန်းကျင်တစ်ခုအကြောင်းကို
ရေးမယ်ဆိုလျှင်တော့ စိတ်ကူးယဉ်ချင်တိုင်းယဉ်ပြီး ရေးလို့ရပါသည်။ စိတ်ကူးဆန်း
လျှင်ဆန်းသလို စာဖတ်မရိသတ်ရဲ့ အာရုံကို ဖမ်းစားနိုင်ပါသည်။ ဆွဲခေါ်နိုင်ပါသည်။
      နောက်ဆုံးအနေနဲ့ ပြောရလျှင်တော့ ကိုယ်သိတာ ကိုယ်တတ်တာကိုပဲ ရေးပါ။
မသိတာ မတတ်တာကို ရေးချင်ပြီဆိုလျှင်တော့ လေ့လာရပါမည်။
                                                                        (မစန္ဒာ)
                  အရေးကြီးသော အချက်များ
     သုတနှင့်ရသ ရောသော ၀တ္ထုတို၊ ၀တ္ထုရှည် ရေးသားရာ၌ စာရေးသူသည် မိမိထက်သန်သော ဘာသာရပ်ပိုင်း၊ ပညာရပ်ပိုင်းနှင့် ဗဟုသုတပိုင်းတို့၌ အားသန်သူဖြစ်လျှင် သုတပိုင်းကိုဖော်ပြရာ၌ လွန်ကဲသွားတတ်သည်။  ထိုအခါ စာလေးသွားတတ်ပြီး စာဖတ်သူက ငြီးငွေ့ကာ ဆက်မဖတ်ချင်တော့သော စိတ်မျိုး
ဖြစ်ပေါ်လာတတ်သည်။ ထို့ကြောင့် မိမိသိတိုင်း တတ်တိုင်း အတိုင်းအဆမရှိ လက်လွန်သွားမိခြင်းမျိုး မဖြစ်စေရန် သတိချပ်ရသည်။ လိုအပ်လျှင် ပညာသားပါသော ဟာသ ရသမြောက်သည့် အကွက်ကလေးများကို ကြားခုပေးသင့်
သည်။ ဟာသပိုင်းတွင် မိမိမကျွမ်းလျှင်လည်း လျှို့ဝှက်သည်းဖို အကွက်ကလေးများဖြင့် ဖြည့်စွက်ပေးသင့်သည်။`` ငြိလုံး´´ပိုင်း၌ မိမိမစွမ်းစောင်နိုင်လျှင်လည်း ``မက်လုံး´´များကို အကွက်စေ့စေ့ ခွင်ချပြီး
ရေးသားသွားသင့်ပေသည်။
       အချုပ်အားဖြင့်တင်ပြလိုသည်မှာ သုတနှင့်ရသနှောသော ၀တ္ထုမျိုးကို ရေးသားရာ၌ သုတပိုင်းနှင့် ရသပိုင်းကို သဟဇာတဖြစ်အောင် ရောနှော
သမနိုင်လျှင် အောင်မြင်သည့် ၀တ္ထုကောင်းများ ဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
                             (မနုဿကျော်ဝင်း)
       ဒါတွေကတော့ ဆရာတွေရဲ့ အမြင်တွေ သုံးသပ်ချက်တွေပါ။
ကျွန်တော်ပြောချင်တာကတော့ စာများများဖတ်ပေးဘို့ပါပဲ။ ကဲဒါလောက်ဆိုရင်
သယ်ရင်းတွေ ၀တ္ထုတိုနဲ့ ပတ်သက်ပြီး သိသင့်သလောက်တော့ သိသွားပြီလို့
ထင်ပါတယ်။ ``တေးဆိုကာ အမေသိပ်သော်လည်း သားအိပ်မှ ပျော်မည်ပင်၊
နည်းဆိုတာ ဘယ်လိုပင်ကောင်းသော်လည်း ကြိုးစားမှအောင်မည်ပင်´´ဆိုတဲ့
အတိုင်း ဘယ်သူတွေက ဘယ်လိုပြောပြော သယ်ရင်းတွေ ကြိုးစားမှ အောင်မြင်မှာပါ။ ဒါ့ကြောင့် ကြီုးစားကြပါ လို့ တိုက်တွန်းလိုက်ပါတယ်။
``တကယ်တတ်ချင်တကယ်လုပ် အဟုတ်မြင်ရမည်´´တဲ့ ၀ါသနာပါတဲ့ သယ်ရင်းများလည်း တကယ်အောင်မြင်ချင်ရင် တကယ်လုပ်ကြပါလို့ တိုက်တွန်းရင်း
ကျွန်တော် သိသမျှလေးတွေကို  မျှဝေလိုက်ပါတယ်ဗျာ.........။
သယ်ရင်းအားလုံး အစဉ်ပြေစွာ အသုံးပြုနိုင်ကြပါစေ...........။
                                         နေထက်ထွန်း(ကန့်ဘလူ)
http://www.mmitpalace.com/profiles/blogs/6456788:BlogPost:210636
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...