မဟုတ်ရင်..
by ဗုဒ္ဓဘာသာ / အတွေးအမြင် on Saturday, August 18, 2012 at 8:33pm ·
တစ်နေ့က မန္တလေးက ဆရာဘုန်းကြီး ရန်ကုန်ကိုရောက်နေတယ်ဆိုလို့ သွားကန်တော့ဖြစ်ပါတယ်။ ၀ိနည်းတော်ကို အသက်တမျှလေးစားတဲ့ ဆရာဘုန်းကြီးက ၀ါတွင်းကြီးကို ရန်ကုန်ရောက်လာတယ် ဆိုတော့ ဘာများဖြစ်လို့လဲဆိုပြီး ပူထူသွားပါတယ်။
၁။ ချစ်ရုံပဲချစ်လို့ရပြီးတော့ လေးစားကြည်ညိုလို့မရတဲ့ဆရာ
၂။ လေးစားကြည်ညိုလို့ပဲရပြီးတော့ ချစ်ခင်မြတ်နိုးလို့မရတဲ့ဆရာ
၃။ချစ်ခင်မြတ်နိုးလို့လဲရပြီးတော့ လေးစားကြည်ညိုလို့လဲရတဲ့ဆရာ ရယ်လို့ ဆရာသုံးမျိုးရှိရာမှာ ဒီဆရာဘုန်းကြီးကတော့ နံပါတ်သုံးအမျိုးအစားဖြစ်တဲ့ ဆရာရယ်ပါ။ ဆရာဘုန်းကြီးဟာ စာပေဘက်ကလဲ သာမဏေကျော် သ.စ.အ ဓမ္မာစရိယ သီရိပ၀ရ ပါဠိပါရဂူရယ်ပါ။
ထင်တဲ့အတိုင်းပါပဲ။ ဆရာဘုန်းကြီးဟာ အသည်းကင်ဆာဖြစ်နေလို့ ဆေးလာကုသတာပါတဲ့။ တရားရှိတဲ့ သူတော်ကောင်းဆိုတော့ အသည်းကင်ဆာဆိုတာ သိပေမယ့် ပူပန်စိုးရိမ်တဲ့ အရိပ်လက္ခဏာလေးတောင် မျက်နှာမှာရှိမနေပါဘူး။ စကားပြောတဲ့အခါမှာ ပုံမှန်အတိုင်းပါပဲ။ အဲဒီနေ့က ဆရာဘုန်းကြီးနဲ့ စာအကြောင်းပေအကြောင်း ၀ိနိစ္ဆယတွေအကြောင်း ရှေးဟောင်းနှောင်းဖြစ်စတာတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။
ဆရာဘုန်းကြီးက ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်းကနေ သူ့တွေ့ကြုံ ဖြစ်ပျက်ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြောပြပါတယ်။
“ငါရဟန်းဖြစ်ကထဲက ရဟန်းဒကာ ဒကာမကို ဒကာကြီး ဒကာမကြီးပဲခေါ်တယ်။ အဲဒါတစ်နေ့တော့ ရဟန်းအမက သူ့ကို အမေခေါ်ဖို့ ပြောလာတယ်။ အကြောင်းရင်းမေးကြည့်တော့ သူ့မိတ်ဆွေရဲ့ရဟန်းက သူ့ရဟန်းအမကို အမေလို့ခေါ်သတဲ့ကွာ။ ရဟန်းအမကို ဒကာမကြီးလို့ခေါ်တာဟာ တစိမ်းတရံဆန်သတဲ့ကွာ။ ငါလဲ သူခေါ်ခိုင်းသလို မခေါ်ခဲ့ဘူး။ သူသာ သေသွားရော ငါ့ကို ဟက်ဟက်ပက်ပက် မရှိတော့ဘူး။”
“ဘုန်းကြီးကလဲ ရဟန်းအမကို အမေခေါ်တာပဲ ဘာဖြစ်မှာကျလို့ ခေါ်လိုက်ပြီးတာပဲ”
“တိရိစ္ဆာန်ကောင် စာတွေ သလောက်သင်ထားပြီး မင်းဒါလေးတောင် နားမလည်ဘူးလား။ ရှေးသူတော်ကောင်းမထေရ်ကြီးတွေ သူတို့ရဟန်းအမတွေကို အမေခေါ်တယ်လို့ မင်းကြားဘူးသလား။ ရဟန်းအမက အမေတော်တယ်လို့ မင်းဘယ်သူက သင်ပေးထားသလဲ”
“၀ိနည်းတော်နဲ့ ညှိစွန်းနေလို့လားဘုရား”
“ကုလဒူသကသိက္ခာပုဒ်ကို ပါဠိရော အနက်ပါဆိုစမ်း”
သံဃာဒိသေသ်၁၃ပုဒ်ထဲက နောက်ဆုံးအပုဒ်ဖြစ်တဲ့ ကုလဒူသကသိက္ခာပုဒ်ကို ပါဠိရောအနက်ပါဆိုပြရပါတယ်။ ဆရာဘုန်းကြီးရှေ့ကို လာချင်တဲ့ တပည့်တွေအများကြီးရှိပေမယ့် အခုလို မထင်ရင်မထင်သလို စာတွေပြန်ဆိုခိုင်းတာကို ကြောက်ပြီး မလာရဲကြတဲ့ တပည့်တွေအများကြီးရယ်ပါ။
“အဲဒီမှာ လပန ဆိုတဲ့ စကားမပါဘူးလား”
”ပါပါတယ်ဘုရား”
”အဲဒါ ဘုရားက အလကားထည့်ဟောထားတာမဟုတ်ဘူး။ အဿဇိ ပုနဗ္ဗသုကရဟန်းတွေက လူတွေကို အမေတန် အမေ အဒေါ်တန်အဒေါ်လို့ သာသနာတော်နဲ့မအပ်စပ်တဲ့ အသုံးအနှုန်းတွေနဲ့ ခေါ်ပြောနေလို့ အဲလိုမခေါ်ရဘူး။ ခေါ်၇င် ဒီသိက္ခာပုဒ်အရ အကျုံးဝင်တယ်လို့ ဟောထားတာ။”
”လပနထဲကို ရဟန်းဒကာ ဒကာမလဲ အကျုံးဝင်တာပဲလားဘုရား”
“၀င်တယ်။ ရဟန်းအမကို ဒကာမကြီး ဥပါသကာမကြီး ရဟန်းအမ တစ်ခုခုပဲ ခေါ်ရတယ်။ အမေဘာညာနဲ့ ၀ိနည်းတော်အရ မခေါ်ကောင်းဘူး။ ရဟန်းအမက ရဟန်းအမပဲ အမေမဟုတ်ဘူး။ အခြားဒကာမတွေနဲ့ ရဟန်းနဲ့ပိုရင်းနှီးတာပဲရှိတယ်”
“ဘုန်းကြီးကလဲ ရဟန်းအမကို အမေခေါ်တာ ချိုသာယဉ်ကျေးရာတောင် ကျပါသေးတယ်”
“ရဟန်းက ရဟန်းလိုပဲ ချိုသာယဉ်ကျေးရမယ်။ ရဟန်းတစ်ပါးထက်ပိုပြီး ချိုသာယဉ်ကျေးဖို့မလိုဘူး”
”ဒါဆိုရင် အမေရင်းကလွဲရင် ဘယ်သူ့ကိုမှ အမေမခေါ်ရဘူး။ ခေါ်ရင် ကုလဒူသကသိက္ခာပုဒ်နဲ့ညှိစွန်းတယ်လို့ မှတ်ရမှာလားဘုရား”
“အေး ဟုတ်တယ်။ ဒါတင်မကဘူး။ အဲဒီရဟန်းရဲ့ အသက်မွေးမှုဟာ အနေသန မိစ္ဆာဇီဝပါဖြစ်တယ်။ ဒီသိက္ခာပုဒ်ဟာ နက်နဲသိမ်မွေ့လွန်းလို့ အင်မတန်မှကို ဂရုစိုက်သတိထားရတယ်။ တစ်ခါတုန်းက မန္တလေးမှာရှိတဲ့ မထေရ်ကြီးတွေဟာ နန်းတော်ထဲက ဥယျာဉ်ထဲကို အကြောင်းကိစ္စတစ်ခုကြောင့် ရောက်နေကြတယ်။ အဲဒီထဲမှာ ပဌမရွှေကျင်ဆရာတော်ကြီးလဲပါတယ်။ ဆရာတော်ကြီးက မတ်တတ်ရပ်ရင်းနဲ့ ခေါင်းပေါ်က သစ်ပင်က သစ်ကိုင်းကို လက်တစ်ဖက်က ကိုင်ထားတယ်။ ဟိုကွာ ပန်းချီဆရာတွေဆွဲတဲ့ မယ်တော်မာယာ ဖွားတော်မူခန်းမှာ သစ်ကိုင်းကိုင်သလို ကိုင်နေတာ။”
“အဲဒီအခိုက်မှာ မင်းတုန်းမင်းကြီးက ဥယျာဉ်ထဲကို ရောက်လာတယ်။ အခြားဆရာတော်တွေက ကြည်ညိုဖွယ်ဖြစ်အောင် က္ကရိယာပုတ်ကို ပြင်လိုက်ကြတယ်။ ရွှေကျင်ဆရာတော်ကြီးကတော့ မပြင်ဘူး။ သစ်ကိုင်းကို ကိုင်ထားတဲ့ဘက်က ချိုင်းမွှေးတွေက ပေါ်နေတယ်။ ဒါကို ဘေးက ဆရာတော်တစ်ပါးက ကိုရွှေကျင် ချိုင်းမွှေးအလှပြနေတာလားဆိုပြီး ခနဲ့တယ်။ အမှန်က ဆရာတော်ကြီးက ဒီသိက္ခာပုဒ်မှာပါတဲ့ ကုဟနအရ အပြစ်သင့်မှာမို့ က္ကရိယာပုတ်ကို မပြင်တာ”
“သေချာရှင်းပြပေးပါဘုရား။”
“ရဟန်းတစ်ပါးက လူကွယ်ရာမှာ တော်သလိုနေပြီးတော့ လူလာရင် ကြည်ညိုဖွယ်ဖြစ်သွားအောင် က္ကရိယာပုတ်ကို ပြင်လိုက်ရင် ဒီသိက္ခာပုဒ်အရ ကုဟနဖြစ်တယ်။ မပြင်ကောင်းဘူး။ နေမြဲအတိုင်းပဲ နေရတယ်။”
”မှန်ပါ့ တပည့်တော်နားလည်ပါပြီ”
“ရဟန်းဆိုတာ ရဟန်းလိုပဲ ချိုသာယဉ်ကျေးစွာ ပြောရ နေရ ထိုင်ရတယ်။ လူတစ်ယောက်လို ချိုသာယဉ်ကျေးစွာ မပြောရ မနေရ မထိုင်ရဘူး။ မဟုတ်ရင် သူတော်ကောင်းတွေရဲ့ အမြင်မှာ အဲဒီရဟန်းဟာ အနံ့တထောင်းထောင်း ယင်တလောင်းလောင်းနဲ့ ငါးပုပ်ကောင်ဖြစ်နေတတ်တယ်။ ဘယ်သူကြည်ညိုညို မညိုညို သူတော်ကောင်းတွေ ကြည်ညိုအောင် ဘုရားကြည်ညိုအောင်နေဖို့ပဲလိုတယ်။ လူမိုက်တွေရဲ့ မျက်စိထဲမှာ ယဉ်ကျေးဖို့ထက် သူတော်ကောင်းတွေရဲ့ မျက်စိထဲမှာပဲ ယဉ်ကျေးနေဖို့ပဲလိုတယ်။ အနေအထိုင်းကို သေချာဂရုစိုက်။”
”မှန်ပါဘုရား”
အဲဒီနေ့က ညနေ ငါးနာရီခွဲမှပဲ ဆရာဘုန်းကြီးဆီက ပြန်ခဲ့ပါတယ်။ ဆရာဘုန်းကြီးဟာ အရာရာကို စနစ်ကျတာမို့ သူများမမြင်တတ် မတွေးတတ်တာကို မြင်တတ်တွေးတတ်ပါတယ်။
...................................................................................................မိုးသု(မန္တလေး)
0 comments:
Post a Comment