“မေးမြန်းစုံစမ်းခြင်း သီးခံပါ - ၂ ” (စိမ်းခက်စိုး)
by Sein Khat Soe on Friday, August 24, 2012 at 10:38pm
ဒီနေ့ဟာ တကယ်ဆို ထုံးစံမပျက်အငွေ့အသက်တွေနဲ့ ခက်ဝေလင်းဖြာနေတဲ့ စနေနေ့လေးပါဘဲ။ ကိုယ့်ရဲ့ အသံတွေကနေ ကိုယ်ဖဲ့ထွက်ပြီး တိတ်ဆိတ်ခြင်းမှာလူလုံးပြနေလိုက်တော့လည်း အရာရာဟာ ကြည်ကြည်သာသာနဲ့ လွင့်မျောနေတယ်။
တချို့သော ကိုယ့်နေ့တွေဟာ ကိုယ့်ကိုယ်ကို ထိုးကျွေးပြီးမှ ရှေ့တစ်လှမ်းတိုးခုတ်ရတဲ့ တိုက်ပွဲလိုဘဲ ဖြတ်ရသန်းရတာ မ ညင်သာပေမယ့်ကိုယ့်အတွက်တော့ တကယ်ကို အသားကျ အထာရှိနေပြီ…..။
လက်ပွန်းတတီးသင်္ကေတတွေနဲ့ ဘ၀ဟာတကယ်မျှင်မျှင်လေးစီးဆင်းနေစဲဘဲ။ စာအုပ်ကြားထဲက နှင်းဆီပန်းခြောက်တွေ ပြန် ကိုင်ကြည့်ရသလို အတိတ်ဆိုတဲ့ ဂျစ်ပစီကလည်း နေရာတိုင်းမှာ လွှင့်မပစ်ရက်တဲ့ အမှတ်တရတွေနဲ့ခြည်းဘဲ။ မဆိုင်တဲ့စကားတွေနဲ့၊ လုံခြုံရေးအရသောက်လိုက်ရတဲ့ ကျန်းမာရေးကောင်းမွန်းကြောင်းဆေးဝါးတွေ။ ကိုယ့်ရဲ့ ကွေ့ကောက်မှုတွေ ဟာ ဖြစ်သင့် တဲ့အဖြစ်အပျက်တွေထက်ကို ပျက်တိပျက်ချော်ဖြစ်လို့ပါလား…။
အိပ်ယာနိုးနိုးချင်း ဖုန်းလေးကိုဖွင့် မြအမည်လေးနဲ့ ဖုန်းနံပါတ်လေးဆီရောက်သွားတယ်။ ဖုန်းခေါ်ကြည့်မယ်။ မခေါ်တော့ ဘူး။ ဒီနေ့ပိတ်ရက်ဆိုတော့ မြအိပ်ယာစောစောမထဘူးဆိုရင် ကျွန်တော့်ဖုန်းကြောင့် မြအနှောင့်အယှက်ဖြစ်သွားမှာလား။ အရင်တုန်းက မြအိပ်ယာဘယ်အချိန်တွေထတတ်သလဲဆိုတာတွေ တစ်ယောက်တည်းဖုန်းလေးကိုင်ရင်း နဲ့ တွေဝေစီးမြော နေမိတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ကျွန်တော့်ဖုန်းသံကြောင့် မြအနှောင့်အယှက်ဖြစ်မသွားတာ ဒီနေ့တနေ့တာအတွက် တန်ဖိုးရှိပါတယ်လို့ ဆုံးဖြတ်ချက်နဲ့ ဖုန်းခေါ်ဖို့စိတ်ကူးလေးကို ဆင်ဆာဖြတ်လိုက်မိတယ်။
မြ ကိုပြောပြချင်တာတစ်ခုရှိတယ်ဗျ။ ကျွန်တော်လေ ဟိုးတုန်းကလိုဘဲ စာသင်ရမှာပျင်းတုန်းဘဲသိလား။ ကဗျာတွေကို အ ရိုးထဲ အရည်ထဲအထိ ဖျော်သွင်းရိုက်ထည့်ပြီး ကဗျာဆရာဘ၀ကိုလည်း မ၀ံ့မရဲသံသရရှိနေချင်ရှိနေသေးတယ်။ ဘယ်သွား ရမှန်းမသိတဲ့သူဟာ ဘယ်ကိုမှလည်းမရောက်ဘူးဆိုတာ သိပါတယ် မြရယ်။ ဒါနဲ့စကားမစပ် မြကို ကျွန်တော်ချစ်တယ်။ ဟိုး တုန်းက ချစ်ခဲ့လား၊ မချစ်ခဲ့လား မသေချာပေမယ့် အခုသေချာတယ် မြ။ မြကို ကျွန်တော် ချစ်မိသွားတယ်။
သူငယ်ချင်းက လှမ်းစာရေးတယ်။ ကဗျာရေးတာအခြေအနေမကောင်းတော့လို့ ကျောက်အရောင်းအ၀ယ်လုပ်မလို့လားတဲ့။ ကျွန်တော် ခပ်ကျဲကျဲလေးဘဲ ရယ်နေခဲ့မိတယ်။ ကျွန်တော် ၀ယ်ချင်နေမိတဲ့ ကျောက်လေးဟာ မြလို့သာ သူသိရင် ကျွန် တော့်ကို အရူးကောင်ဆိုပြီးဆဲရေးဦးမှာ သေချာတယ်။ ကျောင်းတက်တုန်းတည်းက မြရဲ့ အေးဆေးတည်ငြိမ်မှုတွေကို သူ က ကျွန်တော့်ထက်ပိုသိခဲ့တယ်။ သိလား မြ။ ခုကျွန်တော့် ကွန်ပျူတာမျက်နှာပြင်လေးမှာ မြပုံလေးခိုးတင်ထားတယ်။
မြ...၀ိုင်နီတစ်ခွက် သောက်လိုက်ရသလို မြမြလေးခံစားရတယ်။
မြ...ရတနာတစ်ပါးလို တစိမ့်စိမ့်ကြည့်တိုင်း တဖိတ်ဖိတ်လဲ့နေတယ်။
မြ...ခပ်ပြတ်ပြတ်ပြန်ပြောတတ်တဲ့ စကားတွေနဲ့ သွားထပ်လေးပေါ်အောင်
ပြုံးတတ်တဲ့အပြုံးတွေက အမြဲပျိုလွင်နေတယ်။
မြ...ချည်သားဝတ်ဝတ်၊ ဂျင်းဝတ်ဝတ်
ယုံကြည်မှုကတော့ အရောင်မလွင့်သေးတာ အမြဲပြန်တွေ့ရတာ ၀မ်းသာတယ်။
ဟုတ်ကဲ့
ဘာမှတော့မဆိုင်ဘူးဆိုပေမယ့်.....
အခု ကျွန်တော်
တစ်ယောက်တည်း
ဂျူးရဲ့ မြရဲ့လကို ကိုငှက်ကြီးအသံနဲ့ ခံစားနားဆင်ရင်
သတိယမိနေတယ်...မြ။
ခရီးအတူထွက်ရင် လူတွေအကြောင်းသိတယ်တဲ့။ ကျွန်တော့်အတွက်တော့ သိယုံတင်မကဘူး သေပါသေလိုက်ချင်တဲ့နေ့ရှိ ခဲ့သလို၊ နောက်နောင်ပြန်မတွေ့ချင်တော့တဲ့ လူတွေလည်းရှိခဲ့တယ်။ ဒါပေမယ့် ပျော်ပျော်နေရမယ်ဆိုတဲ့ ဘ၀ကိုတစ်လက်မမှ မစွန်းအောင်တော့ ပါရမီဖြည့်နေစဲပေါ့။ တခါတလေတော့လည်း ကြယ်ရဲ့ သင်္ကေတကို ၀လုံးလေးနဲ့ ဘာလို့မပြခဲ့တာ လဲလို့ ငယ်ငယ်က တွေးဖူးတယ်...ခုလည်း ပြန်ပြန်တွေးနေမိတယ်။ အချွန်တွေကို မသိစိတ်ကရော၊ သိစိတ်ကပါမုန်းနေမိတယ် မြရယ်။
ကျွန်တော်တို့ဘ၀မှာ မွေးရာပါ ကြယ်တွေကြောင့်၊ တွန်းတိုက်တက်ခဲ့တဲ့ ကြယ်တွေကြောင့်၊ ကြယ်လုပ်ဖို့ကြိုးစားနေတဲ့ ကြယ် လောင်းတွေကြောင့် ရွက်ကြမ်းရေကြိုရင်ဘတ်တွေတိုင်းမှာ ကြယ်ခြစ်ရတွေ တဆစ်ဆစ်နဲ့ပေါ့ မြ။ ငယ်ငယ်က ခပ် ပေပေကောင်လေးတစ်ယောက်ဟာ လောကဓံအပွတ်အတိုက်အောက်မှာ အဲဒီလိုတောင်စဉ်ရေမရတဲ့ ဒသနတွေလည်း ရွတ်ချရေးချတတ်နေပြီ မြ။ ကျွန်တော့်ကို နားလည်ပေးဖို့တော့ အခွင့်အရေးယူပြီးမတောင်းဆိုပါဘူး မြရယ်။ မြ သဘောပါ။
ကျွန်တော်မှတ် မိသေးတယ်။ တခါတုန်းက မြပေးလိုက်တဲ့ ရုပ်ရှင်ပွဲတော်လက်မှတ်လေးတစ်စောင်နဲ့ (အဲဒီတုန်းက သူငယ်ချင်းတွေက လက်မှတ်တွေယူပေမယ့် ရုပ်ရှင်ရုံကိုရောက်မလာကြဘူးလေ) ကျွန်တော်တစ်ယောက်တည်း ရုပ်ရှင်ဇာတ် ကား ကောင်းတစ်ကားကြည့်ခဲ့ဖူးတယ်။ မြနဲ့ ကျွန်တော့်ကြားက အမှတ်တရတွေ ပြန်တွေတော့ အဲလောက်ဘဲရှိနေတာကို ထူးဆန်းစွာသွားတွေ့ရတယ် မြရယ်။ ခုမှ အရင်တုန်းက ကျောင်းသားဘ၀ကို နှမြောနေမိတယ် မြ။
အဲဒီကားက တောင်တန်းပေါ်က အမျိုးသမီးလေးတစ်ယောက်ရဲ့ဘ၀ကို ရိုက်ပြထားတာလေ။ ဇာတ်ကားတစ်ခုလုံး စိမ့်ညို ပြာရီနေတဲ့ ရှုခင်းတွေနဲ့ တောင်ပေါ်သူလေးရဲ့ တနေ့တာရိုးရှင်းဘ၀ဖြတ်သန်းမှုလေး။ မရှိအတူရှိအတူ မိသားစုဘ၀။ ဒါ လေးဘဲ။ ဘာဆို ဘာမှမပါဘူး။ အားလုံးက ညည်းညူတယ်။ ဇာတ်လမ်းကတမျိုးကြိးဘဲတဲ့…ဒါကိုရုပ်ရှင်ကားတဲ့။ ကျွန် တော်ကတော့ ဇာတ်ကိုသဘောကျလွန်းလို့ မြကိုလည်းစိတ်ထဲကနေ ကျေးဇူးတင်မိတယ်။
မြနဲ့ မထင်မှတ်ဘဲပြန်တွေ့ရတော့ ဘာစကားပြောရမှန်းမသိဘူး။ ဘ၀မှာ ပြန်မတွေ့ရတော့မယ်လူစာရင်းထဲမှာ မြမပါခဲ့ပေမယ့် တနေ့နေ့ ပြန်တွေ့ခွင့်ရမယ့်လူစာရင်းထဲမှာလည်း မြဟာရှိမနေခဲ့ဘူး။ တခါတလေ မြရဲ့ မိသားစုဝင်တွေနဲ့ပြန်တွေတဲ့ အခါ၊ ကျွန်တော်တို့အိမ်နားက မြတို့ မိသားစုနဲ့ရင်းနှီးတဲ့ အဒေါ်ကြီးနဲ့တွေ့တဲ့အခါလောက်တော့ မြအကြောင်းနဲ့ မြတို့မိသား စုအကြောင်းတွေ ပြောဖြစ်တာပေါ့။ စိတ်မဆိုးနဲ့နော် မြဟာ တစ်ခါတလေ ရယ်စရာကောင်းတယ်ဗျ။
မှတ်မိသေးတယ်။ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ဖူးတယ်။ ကျွန်တော်ရှုံးတဲ့အလောင်း အစားပေါ့။ ဟာသတွေပြောတတ်တဲ့ ဆရာကြီးအချိန်မှာ တခြားကျောင်းသားတွေရယ်တဲ့အချိန် မြလိုက်ရယ်တာကို အရင် မြင်အောင်ကြည့်နိုင်သူကို စားချင်တာဝယ်ကျွေးကြေးဆိုပြီးပေါ့။ တခြားကောင်မလေးတွေကို လိုက်ကြည့်မိတဲ့ ကျွန်တော် ရှုံးတာပေါ့ မြရယ်။ ဘာရယ်မ ဟုတ်ပါဘူး။ ကျောင်းသားဘ၀ဆိုတာ ပြန်ချိုးခွင့်မရတော့တဲ့ မြစ်ရေတွေလိုပါဘဲ။ အေးစိမ့်၊ နွေးငြိမ့်နေတဲ့ အလွမ်းတွေနဲ့ ပြန်ပြောပြဖို့ သိပ်မခက်တဲ့ စာမျက်နှာတွေလည်းဖြစ်တယ်..မြ။
ကန်ရေပြင်ထဲကို ခဲတစ်လုံးကျသွားတယ်လို့ ခုတလော မအိပ်ခင်အိပ်မက်တွေမက်နေမိတယ်။ အိပ်မက်မက်တိုင်းလည်း ၀ိုင်နီလေးတစ်ခွက် သောက်လိုက်ရသလို ရှိန်းမြမြလေးခံစားနေမိတတ်တယ်။ အိပ်မက်ကနိုးတော့ ဒီနေ့ဟာ ထုံးစံမပျက် အငွေ့အသက်တွေနဲ့ ခက်ဝေလင်းဖြာနေတဲ့ စနေနေ့လေးဖြစ်နေခဲ့တယ်။ ဘာကြောင့်လို့ မဆုံးဖြတ်နိုင်ခင်မှာဘဲ ကျွန်တော် မြဆီကိုတိုက်ရိုက်ရေးလိုက်ချင်တဲ့ ဒီစာလေးကို “မးမြန်းစုံးစမ်းခြင်း သီးခံပါ ” လို့ခေါင်းစဉ်တပ်လိုက်မိတယ်။ အမြဲတည်ငြိမ် နေတဲ့ မြလည်း အရင်အတိုင်းလေးဘဲရှိပါစေ။
ခေတ်တွေ၊ မြစ်တွေလည်း စီးဆင်နေပါဦးမယ်။ မပြောဖြစ်တဲ့ စကားဟာ ထောင်တန်တယ်ဆိုပေမယ့် ခက်ခဲစုတ်မွနေတဲ့ ခံစားချက်တွေကတော့ မပြောဖြစ်တဲ့စကားပိုင်ရှင်ရဲ့ရင်ထဲမှာ အဆိပ်တက်နေဦးမှာပါ မြ။ ဘာဘဲဖြစ်ဖြစ် အိပ်မက်လှလှ မက်ပါစေလို့တော့ နံနက်စောစောမှာ ဆုတောင်းလိုက်မိတယ်။ ကျွန်တော် နည်းနည်းရူးသွားပြီထင်တယ် မြ။
ချစ်ခင်လေးစားစွာဖြင့်
စိမ်းခက်စိုး
(စနေနေ့) သြဂုတ်လ ၂၅၊ ၂၀၁၂
နံနက် - ၀၄း ၄၄ နာရီ
0 comments:
Post a Comment