Saturday, March 10, 2012

Facebook ၏ စစ်ထိုးခြင်းအနုပညာ

by Moenge Aung on Sunday, March 11, 2012 at 12:00pm ·
 



By Net Guide Journal Originally posted 01/03/2012 12:21PM
လူတွေ ချစ်ကြတာက သူတို့၏ ဆဲလ်ဖုန်း ဖြစ်သည်။  Facebook  က ယခုထိတော့ ဆဲလ်ဖုန်းကို သိပ်ချစ်လို့ မရသေးပေ။ ပြီးခဲ့သော သီတင်းပတ် (၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်) က  Facebook က ရှယ်ယာများ ထုတ်ရောင်းဖို့  တင်ပြလိုက်သည်။ ထိုအခါ ကုမ္ပဏီက ထုတ်ဖော် ပြသလိုက်သည့် ကိန်းဂဏန်းတွေက စိတ်ဝင်စားစရာပင်။ သူ၏ အဖွဲ့ဝင်အင်အား ၈၄၅ သန်း၏ ထက်ဝက်ကျော်က မိုဘိုင်းဖုန်းမှ တစ်ဆင့်  Facebook သို့ ဝင်ရောက်ခြင်း ဖြစ်သည်။ ထိုသို့ အသုံးပြုသူများထံမှ ဝင်ငွေရအောင် လုပ်နိုင်ဖို့ကလည်း  Facebook အတွက် လမ်းဘယ်မမြင် ဖြစ်နေသည်။
မိုဘိုင်းကွန်ပျူတာ တစ်ခေတ်သို့ အရှိန်ပြင်းပြင်း ချီတက်နေသည့် ကမ္ဘာကြီးတွင် ထိုပြဿနာက စီလီကွန်တောင်ကြား အလင်းလက်ဆုံး ကြယ်ပွင့်အတွက် ခေါင်းကိုက် နေရသည့် ကိစ္စပင်။

လောလောဆယ်တွင် Facebook အဖွဲ့ဝင်ခပ်များများ နေထိုင်ကြသည့် တိုင်းပြည်များက ချီလီ၊ တူရကီ၊ ဗင်နီဇွဲလားနှင့် ဘရာဇီးကဲ့သို့ တိုင်းပြည်များ ဖြစ်သည်။ ထိုဒေသများမှ လူတွေက ဆဲလ်ဖုန်းဖြင့် အင်တာနက် သုံးကြတာများသည်။ တကယ်တော့ သူတို့ ဝက်ဘ်ဆိုက်၏ အောင်မြင်မှုကို မိုဘိုင်းပစ္စည်းများနှင့် ရအောင်လုပ်ဖို့ ကြိုးစားနေတာ Facebook  တစ်ယောက်တည်း မဟုတ်ပေ။ မိုဘိုင်းပစ္စည်းများတွင် ဖန်သားပြင်က သေးငယ်သလို ဖန်သားပြင်ကလေးပေါ်မှ ရှုပ်ပွနေတာ၊ စာမျက်နှာ အတက်နှေးကွေးတာတွေက စိတ်မရှည်ချင်စရာ ကောင်းသည်။ ထိုကဲ့သို့ အောင်မြင်မှုကို မိုဘိုင်းပစ္စည်းများနှင့်  ရအောင်လုပ်သည့်ဒုက္ခကို ရှာနေကြသူ ကုမ္ပဏီများတွင် သတင်းထုတ်ဝေသူ ကုမ္ပဏီများ၊ အင်တာနက်ရေဒီယို ဝန်ဆောင်မှုကုမ္ပဏီ  Pandora တို့လို ကုမ္ပဏီစုံ ပါဝင်နေပြီး ထိုဒုက္ခက ဒီထက်မက ကျယ်ပြန့်လာဖို့လည်း ရှိနေသည်။


၂၀၁၁ ခုနှစ်တွင် ကမ္ဘာပေါ်တွင် စမတ်ဖုန်း ရောင်းရတာက တစ်ယောက်သုံး   ကွန်ပျူတာ ရောင်းရတာထက် များတာ တွေ့ရသောကြောင့် ဖြစ်သည်။ သို့သော် ထိုကိစ္စက Facebook အတွက် သူများတကာထက် ပိုအရေးကြီးသည်။ Facebook က လူတွေ အရူးအမူး ကြိုက်ကြသည်သာမက အနာဂတ် ခေတ်ရှေ့ပြေး ကုမ္ပဏီတစ်ခု ဖြစ်နေသေးသည်။ ဆက်ဆံရေးဗဟိုချက်၊ သတင်းအချက်အလက် လမ်းကြောင်း၊ သတင်းအချက်အလက်  ပလက်ဖေါင်း၊ ထုတ်ဝေသူ စသည်တို့ အဖြစ်လည်း ပြောလို့ ရသေးသည်။ ထိုကိစ္စကို သူမှ မစဉ်းစားလျှင် ဘယ်သူက စဉ်းစားမှာလဲ။

“အဲဒါက သူတို့တွေရဲ့ မဟာအားနည်းချက်ကြီးပဲ။ မိုဘိုင်းပစ္စည်းတွေနှင့် ဆိုရှယ်မီဒီယာကို သုံးစွဲရတာ များလာပြီ။ ဒီအပြောင်းအလဲအတွက် ရရှိမယ့် ဝင်ငွေရလမ်းဖေါ်ဖို့ အစီအစဉ် မရှိသေးဘူး။ Facebook  က ခုထိ မစဉ်းစားသေးဘူးလေ” ဟု  Altimeter Group အတိုင်ပင်ခံတစ်ဦးက ပြောသည်။ Altimeter Group သည် ကုမ္ပဏီများကို နည်းပညာသုံးစွဲပုံနှင့် ပတ်သက်၍ အကြံပေးနေသော ကုမ္ပဏီဖြစ်သည်။ Facebook က ရှယ်ယာထုတ် ရောင်းချပွဲမတိုင်မီ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုသည်။ သို့သော် သူ၏ စိုးရိမ်ပူပန်မှုကိုတော့ ပြရှာသည်။ မကြာမီကာလတွင် Facebook ကိုသုံးစွဲသော မိုဘိုင်းသုံးစွဲသူ အရေအတွက်က သူ၏ လစဉ်သုံးစွဲသူ တိုးတက်နှုန်းထက်မက တိုးတက်လာမှာကိုလည်း ပြောထားသည်။ အကယ်၍  Facebook လူကြီးများက မိုဘိုင်းပလက်ဖေါင်း သုံးစွဲခြင်းမှ အမြတ်ငွေရရှိရေးကို မဆောင်ရွက်ခဲ့လျှင် ကုမ္ပဏီ၏ဝင်ငွေနှင့် ဘဏ္ဍာရေးရလဒ်များကို ထိခိုက်တော့မှာ အမှန်ပင်။

လောလောဆယ်မှာ ကြော်ငြာဝင်ငွေ တစ်ထောကြီးက စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်လိုက်ရမှာလည်း အဆီနှင့်တဝင်းဝင်း ဖြစ်နေသည်။ Facebook  က သူ၏ ဝင်ငွေအများစုကို ကြော်ငြာကုမ္ပဏီများအား သူ၏ ဝက်ဘ်ဆိုက်ပေါ်မှ ကြော်ငြာနေရာများ ရောင်းချရာမှ ရရှိခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ယခုနှစ် ၂၀၁၂ ခုနှစ်အတွင်း မိုဘိုင်းကြော်ငြာများအတွက် ဒေါ်လာ ၂ ဒဿမ ၆ ဘီလျံ သုံးစွဲမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၁ ခုနှစ်က ထိုကိန်းဂဏန်းက ဒေါ်လာ ၁ ဒဿမ ၄၅ ဘီလျံဖိုးသာ ရှိသဖြင့် ၈၀ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။ သို့သော် ဒါကလည်း ဒေါ်လာ ၃၉ ဒဿမ ၅ ဘီလျံဖိုး ရှိလာနိုင်သည့် အွန်လိုင်းကြော်ငြာ ဈေးကွက်အတွက် အစွန်းထွက်လောက်ပင် မရှိသေးပေ။

Facebook ၏ ပြိုင်ဘက်တစ်ဦး ဖြစ်သည့် Google က မနှစ်က မိုဘိုင်းကြော်ငြာ ဈေးကွက်တွင် ဒေါ်လာ ၇၅၀ သန်းခန့် ရရှိကာ ဗိုလ်စွဲထားသည်။ Apple   က ဒေါ်လာ ၉၀ သန်းနှင့် ဒုတိယလိုက်သည်။ ဒါတောင် မိုဘိုင်းကြော်ငြာ ဈေးကွက်က သိပ်မဟုတ်သေး။ “အွန်လိုင်းပုံနှိပ် ထုတ်ဝေမှုနှင့် တီဗီကြော်ငြာတွေနှင့် ယှဉ်ရင် ဘယ်လောက်မှ ဖွံ့ဖြိုးသေးတာ မဟုတ်ဘူး။ ဒါပေမဲ့ တခြား ကြော်ငြာ ပုံစံတွေကြောင့် တက်ချင်သလောက် တက်မရဘဲ ရှိနေသေးတယ်” ဟု  eMarketer  သုံးသပ်သူတစ်ဦးက ပြောသည်။  eMarketer သည် မိုဘိုင်းကြော်ငြာ ဈေးကွက်ကို လေ့လာနေသောကုမ္ပဏီ ဖြစ်သည်။ မိုဘိုင်းကြော်ငြာ၏ လက်ငင်းပြဿနာကြီးတစ်ခုမှာ သူတို့ လက်ရှိအခြေအနေအကြောင်း လွှင့်တင်ရန် (သို့မဟုတ်) ဝက်ဘ်ဆိုက်လိပ်စာ ရှာဖွေရန် စိတ်လောနေစဉ် အလိုက်မသိ အားမနာသော ကြော်ငြာများကို လူတွေက စိတ်မဝင်စားကြခြင်း ဖြစ်သည်။ ကွန်ပျူတာနှင့် အင်တာနက်သုံးစွဲသူများက အွန်လိုင်းကြော်ငြာမျာကို ကလစ်နှိပ်ကာ ဖွင့်ကြည့်နိုင်ခြေသည် မိုဘိုင်းပစ္စည်းများနှင့် သုံးစွဲသူများက ဖွင့်ကြည့်နိုင်ခြေ၏ ၈ ဆ ရှိသည်ဟု eMarketer   သုံးသပ်သူက ပြောသည်။ “စားပွဲတငကွန်ပျူတာတွေနှင့် ကြော်ငြာတွေ ကြည့်လာတာ ၁၅ နှစ် ရှိနေပြီ။ ဒါကြောင့် ရိုးနေပါပြီ။ ဒါပေမဲ့ စမတ်ဖုန်း ဖန်သားပြင် သေးသေးကလေးမှာ ကြည့်ရတာက တစ်မျိုး စိတ်ဝင်စားစရာကောင်းသဗျ။ အဲဒီမှာ ကြော်ငြာက အရေအတွက်အားဖြင့် နည်းတယ် ဆိုပေမယ့် လူတွေက ပိုသတိထားမိကြတယ်” ဟု သူက ပြောသည်။ အမှန်တော့ မိုဘိုင်းဈေးကွက်တင်ခြင်း ဆင့်ကဲ့ဖြစ်စဉ်က စောစောပိုင်းမှာသာ ရှိသေးသည်။ ထို့ကြောင့် အချိန်မကျသေးသဖြင့် Facebook က တမင်တကာ အချိန်စောင့်နေတာလည်း ဖြစ်နိုင်သည်။ သူ၏  မိုဘိုင်းဝက်ဘ်ဆိုက်နှင့် အက်ပလီကေးရှင်းများသို့ လူဝင်များအောင်လုပ်ရေးက ပထမဖြစ်နေသည်ဟု  သုံးသပ်သူများက ပြောသည်။

ယခင်ကလည်း အသုံးပြုသူအသစ်များကို ဟန့်လိုက်သလို မဖြစ်အောင် သူ၏ရိုးရိုးဝက်ဘ်ဆိုက်မှာ Facebook  က ကြော်ငြာ အဝင်မခံဘဲ ထားခဲ့ဖူးသည်။ သို့သော် Facebook ၏ အခြေအနေက ကြော်ငြာဝင်ငွေနှင့် ပတ်သက်ပြီး ထီပေါက်ပြီး ထီလက်မှတ် ပျောက်နေသလို ဖြစ်နေသည်။ ကုမ္ပဏီကသာ သူတို့ ဝင်ရောက်တတ်သည့် နေရာများ၊ လုပ်ငန်းများတွင် ကြော်ငြာများ၊ ကူပွန်များနှင့် လူတွေကို ကြော်ငြာလိုက်ပါက မိုဘိုင်းကြော်ငြာများက အမြတ်အစွန်းကို သဲ့ယူသလို ရှာပေးမှာ အမှန်ဖြစ်သည်။ Facebook  က Places  ကို အသုံးပြုပြီး ထိုနယ်ပယ်သို့ တဖြည်းဖြည်း ဝင်လာနေသည်။   Places သည် သူတို့ဘယ်မှာ ရောက်ရှိနေသည် ဆိုတာကို  သူတို့ သူငယ်ချင်းများနှင့် သတင်းဖလှယ်နိုင်အောင် ဆောင်ရွက်သော ဝန်ဆောင်မှု ဖြစ်သည်။

ထိုဝန်ဆောင်မှုနှင့် အခြား ရောက်ရှိနေရာပြ ဝန်ဆောင်မှုများ Location services  ကြောင့် ဒေသခံ ကြော်ငြာရှင်များကို ဆွဲဆောင်နိုင်လာတော့မှာ ဖြစ်သည်။ ကြော်ငြာပြီးလျှင် Zynga ကဲ့သို့ လုပ်ငန်းလက်တွဲ လုပ်ကိုင်သူများထံမှရသည့် ငွေကြေးက Facebook ၏ ဒုတိယအကြီးဆုံး ဝင်ငွေရလမ်း ဖြစ်သည်။ Zynga သည် Facebook တွင် ဂိမ်းများ၊ အခြား အက်ပလီကေးရှင်းများကို ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ ထိုအက်ပလီကေးရှင်း ထုတ်လုပ်သူ ကုမ္ပဏီများက Facebook ၏ ငွေပေးချေရေးစနစ်မှ တစ်ဆင့် သူတို့ အက်ပလီကေးရှင်းများကို ရောင်းချပါက Facebook  က ဝင်ငွေရသည်။  ယမန်နှစ်က Zynga တစ်ခုတည်း ရောင်းချရမှုများမှ ရရှိလိုက်သည့် ဝင်ငွေကပင် Facebook ဝင်ငွေ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းမျှ ရှိသည်။ သို့သော် iPhones နှင့် iPads ပေါ်တွင် ရောင်းချသည့်ကိစ္စများ အတွက်မူ Facebook  က Apple  နှင့် ဖြေရှင်းမှဖြစ်မည့် ပြဿနာ ပေါ်နေသည်။ အဘယ်ကြောင့်ဆိုသော် Apple က ထိုရောင်းချမှုများထဲမှ   သူ၏ရှယ်ယာကို ထုတ်ယူသောကြောင့် ဖြစ်သည်။ အကယ်၍ Zynga ၏ ဂိမ်းများက iPhones နှင့် iPads တို့၏ အက်ပလီကေးရှင်းများ ဖြစ်လာဖို့ Facebook မှတစ်ဆင့် သွားရသည်ဆိုလျှင် ထိုရှယ်ယာကို Apple နှင့် Facebook ခွဲယူသင့်ကြသည်။

Apple က အက်ပလီကေးရှင်း ထုတ်လုပ်သူများထံမှ သူတို့ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကို ရှယ်ယာအဖြစ် ယူထားသည်။ Google ကတော့ သူ၏ Android ဆော့ဖ်ဝဲသုံး နည်းပညာပစ္စည်းများအတွက် အလားတူ ကန့်သတ်ချက်များ သတ်မှတ်ထားခြင်း မရှိ။ သို့သော် Google နှင့် Facebook တို့ နှစ်ဦး၏ ဆိုရှယ်ကွန်ရက်ပြိုင်ပွဲ အရှိန်တက်လာနေသဖြင့် Facebook က သူဖြစ်ချင်တိုင်း ဖြစ်ဖို့တော့ သိပ်မလွယ်ပေ။ Facebook ၏ အနာဂတ်အတွက် မိုဘိုင်းဆောင်ရွက်မှုများက မည်မျှ အခရာကျကြောင်း တွေ့မြင်နေရစဉ်မှာ Facebook က iPad အတွက် အက်ပလီကေးရှင်းတစ်ခု ထုတ်ဖို့ကိစ္စမှာ အချိန်ဆွဲနေတာ တွေ့ရသည်။ အချို့ကလည်း Facebook  ကုမ္ပဏီ၏ iPhone အက်ပလီကေးရှင်းများက နှေးကွေးတာ၊ ဗိုင်းရပ်စ်များ ဒုက္ခပေးနေတာတွေကြောင့် ဝေဖန်နေကြသည်။ ထို့ကြောင့် Facebook က သူ၏ မိုဘိုင်း အက်ပလီကေးရှင်းများကို တမင်တကာ ညံ့ဖျင်းအောင် လုပ်ထားတာလား ပြောစရာ ဖြစ်နေသည်။

အသုံးပြုသူများက Facebook သို့ အက်ပလီကေးရှင်းတစ်ခုမှ တစ်ဆင့်မဝင်ဘဲ မိုဘိုင်းအင်တာနက် ဘရောက်ဇာတစ်ခုမှ ဝင်ရောက်လာခဲ့လျှင် Facebook က Apple ကို သူ၏ ဂိတ်တံခါးဖြတ်ခ ပေးစရာ မလိုတော့ပြီ။ “အဲဒါက စစ်ထိုးခြင်း အနုပညာပဲ။ အက်ပလီကေးရှင်း တစ်ခုက အသုံးပြုသူတွေကို စိတ်ညစ်အောင်လုပ်ရင် Facebook  ဝက်ဘ်ဆိုက်ရဲ့ အင်တာနက်ဘရောက်ဇာကို သွားကုန်ကြမှာပေါ့။ ဒါဆို Facebook အတွက် လက်ခမောင်းခတ်ဖို့ပဲ။ Apple  အပေါ်ကို အသာစီးရသွားပြီလေ”ဟု စီလီကွန်တောင်ကြား ရင်းနှီးမြှုပ်နှံသူတစ်ဦးက  ပြောသည်။


စောလျ
Ref: Facebook's Mobility Challenge by JENNA WORTHAM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...