Tuesday, March 6, 2012

Don't worry..... be happy

by Nine Nine Sanay @ နိုင်းနိုင်းစနေ on Tuesday, March 6, 2012 at 10:06pm ·
 
တစ်ခါက လူတစ်ဦးသည် တောထဲတွင် လှည့်လည်နေရင်း ဆာလောင်နေသော ခြင်္သေ့တစ်ကောင်နှင့်တိုးသည်။ ခြင်္သေ့မှာ ဟိန်းဟောက်ပြီး သူ့ကို ခုန်အုပ်လေသည်။ ထိုလူမှာရှိသမျှ ခွန်အားဖြင့် အသက်ဘေးမှ လွတ်မြောက်အောင် ပြေးလေတော့သည်။ ပြေးရင်းလွှားရင်း ချောက်ကမ်းပါး တစ်ခုသို့ ရောက်လာခဲ့သည်။ သူသည် ချောက်ကမ်းပါးထိပ်တွင် ရပ်ပြီး “ခြင်္သေ့ဖမ်းမိပြီး အရှင်လတ်လတ် အစားခံရမဲ့အတူ ချောက်ထဲခုန်ချလိုက်တာ ပိုကောင်းမယ်။ မတော်တဆ အသက်ရှင်နိုင်သေးတယ်”ထိုသို့တွေးမိပြီး ချောက်ထဲသို့ ခုန်ချလိုက်လေသည်။ ကံကောင်း ထောက်မစွာ ချောက်ကမ်းပါးဘေးတွင် ပေါက်နေသော သစ်ပင်တစ်ပင်ပေါ်တွင် ခံနေခဲ့သည်။ ထိုသစ်ပင်ပေါ်တွင် ချိုမြိန်သော အသီးများဖြင့် ပြည့်နှက်နေခဲ့သည်။


ထိုအချိန်တွင် ချောက်အောက်မှ ဟိန်းဟောက်သံ ကြားသောကြောင့် ကြည့်လိုက်ရာ သူကျအလာကို စောင့်နေသော ကျားတစ်ကောင်ကို တွေ့လိုက်ပြန်သည်။

“ခြင်္သေ့နဲ့ကျား ကြမ်းတမ်းတဲ့ အကောင်တွေဖြစ်တယ်။ အပေါ်ပဲတက်တက် အောက်ပဲဆင်းဆင်း အစားခံရမယ့်အတူ အပင်ပေါ်မှာ ခဏနားနေလိုက်တာ ကောင်းမယ်” ဟုတွေးလိုက်မိသည်။ နားရန်ဆုံးဖြတ်လိုက်စဉ် အသံတစ်သံကို ကြားလိုက်မိပြန်သည်။ အသံလာရာသို့ ကြည့်လိုက်ရာ ကြွက်ဖြူကြွက်မဲနှစ်ကောင်မှာ သူရှိနေသော သစ်ကိုင်းအား ကိုက်ဖြတ်နေသည်ကို တွေ့လိုက်မိသည်။ သူ တုန်လှုပ်သွားမိပြီး “ ကျားကိုက်ပြီး သေမယ့်အတူတူ သစ်ကိုင်းကျိုးကျပြီး သေတာကကောင်းဦးမယ်”ဟု တွေးလိုက်မိပြန်သည်။ ထို့နောက် သစ်ကိုင်းပေါ်တွင် နားနေပြီး ဆာလောင်လာသောကြောင့် သစ်သီးများကို ခူးစားလေတော့သည်။ ဗိုက်ပြည့်သောအခါ “သေရမဲ့ အတူတူ မသေခင် တစ်ရေး အိပ်လိုက်ဦးမယ်” ဟုတွေးပြီး သစ်ကိုင်းကိုမှီပြီး အိပ်နေခဲ့သည်။

သူနိုးလာသောအချိန်တွင် သစ်ကိုင်းကို ကိုက်ဖြတ်နေသော ကြွက်နှစ်ကောင်ကို မတွေ့တော့။ ထိုအတူ ခြင်္သေ့နှင့် ကျားကိုလည်း မတွေ့တော့ပေ။ အကြောင်းမှာ သူအိပ်ပျော်နေသော အချိန်တွင် ဆာလောင်သော ခြင်္သေ့က အစာကိုမစောင့်နိုင်သဖြင့် ချောက်ထဲသို့ လိုက်ခုန်ချခဲ့သည်။ ချောက်အောက်ရှိ ကျားနှင့်တိုးပြီး အချင်းချင်း ကိုက်ဖြတ်ကာ အသီးသီးဒဏ်ရာရပြီး ထွက်ပြေး ကုန်ကြသောကြောင့်ဖြစ်သည်။ ခြင်္သေ့နှင့်ကျား ဟိန်းသံကြားသောကြောင့် ကြွက်နှစ်ကောင်မှာလည်းလန့်ပြီး ထွက်ပြေးခဲ့ကြသည်။ ထိုအခါမှ သူသည်သစ်ပင်ပေါ်မှဆင်းပြီး သတိနှင့် ကမ်းပါးထိပ်သို့ တက်ရောက်ခဲ့သဖြင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့ရသည်။

ကျွန်တော်တို့ မွေးဖွားကြီးပြင်းလာသည့် အချိန်မှာစ၍ ပင်ပန်းဆင်းရဲခြင်းသည် ဆာလောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျွန်တော်တို့အား လိုက်နေခဲ့သည်။ သေဆုံးခြင်းသည် ရက်စက်သော ကျားတစ်ကောင်ကဲ့သို့ ချောက်အောက်တွင် ကျွန်တော်တို့အား စောင့်နေခဲ့သည်။ နေ့နှင့်ည ပြောင်းလဲနေသော အချိန်များသည် ကြွက်ဖြူနှင့် ကြွက်မဲကဲ့သို့ ကျွန်တော်တို့ ခဏသာ ရပ်တည်နေသော (ဘ၀)သစ်ပင်ကို ကိုက်ဖြတ်နေကြသည်။ တစ်နေ့နေ့တွင် ကျွန်တော်တို့သည် ခြင်္သေ့နှင့်ကျား၏ အစားကို ခံရမည်ဖြစ်သည်။ ထိုသို့ အစားမခံရခင် သစ်ပင်ပေါ်ရှိ ချိုမြိန်သော အသီးများကို စားသုံးရင်း အပင်ပေါ်မှနေ၍ လှပသော ရှုခင်းများကို ခံစားနေမည်ဆိုလျှင် စိတ်သည်ရိုးရှင်းပြီး စိုးရိမ်ပူပန်မှုများ ကင်းရှင်းနေလိမ့်မည်။

သင်၏အချိန် တစ်မိနစ် တစ်စက္ကန့်ကို ကောင်းသောအတွေး၊ လှပသောအရာများနှင့် ခံစားခဲ့ဖူးပါသလား?
သူငယ်ချင်း မိတ်ဆွေ၊ ချစ်သူရည်းစား၊ အိမ်သူအိမ်သားများနှင့် ဘာမှမဟုတ်သော ပြဿနာ သေးသေးမွှားမွှားဖြင့် သင့်ကိုယ်အား ဒေါသငွေ့များ ဖုံးလွှမ်းစေပါသလား?

ပြူတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။ သို့မဟုတ်လျှင် ကြည်လင်သော ကောင်းကင်ပေါ်တွင် ဟိုဒီ ပြေးလွှားကစားနေသော တိမ်ဖြူလေးများဖြင့် လှပသောနေ့ရက်တစ်ရက်ကို သင့်လက်လွှတ်သွားပါလိမ့်မည်။

နိုင်းနိုင်းစနေ (Thursday, January 04, 2007)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...