Saturday, March 10, 2012

ကျွန်တော် ချစ်သော လူမိုက်တယောက်

by Chan Myae on Sunday, March 11, 2012 at 1:02pm ·


““မင်း အခု ဘာဆက်လုပ်မှာလဲ ..ဟေ့ရောင် ...........-”
လို့ ကျွန်တော် မေးတော့ သူ မဖြေပါ ကျွန်တော်ကို မျက်နှာ လွဲပြီး အဝေးကို ကြည့်နေတယ်... သူ့ကို တစောင်းမြင်နေရတာ အနေအထားမှာ သူ့ မျက်နှာဘယ်လိုနေလဲ ကျွန်တော် သေချာ မမြင်ရဘူး ။
“ ကိုကို ဘယ်လို ထင်တုန်း ကျွန်တော် အခု ဘာဆက်လုပ်မယ်လို့ ကိုကို ထင်တုန်း ”
သူပြန်မေးလိုက် တဲ့ အချိန်မှာ ကျွန်တော် ဘာဆက်ပြောရမှန်း မသိတော့... ဒီအချိန်မှာ ဒီ လူ၂ ယောက်ကြားမှာ ဒီစကားတွေကပြောစရာ မလို တဲ့ အနေအထား... သူရော ကျွန်တော်ရော ဘ၀ကို နာကျည်းတာတွေ ကန်လန့်တိုက်တာတွေ လုပ်ခဲ့ကြသူ ချည်းပါပဲ ။

စားစရာ မရှိတဲ့ အချိန်မှာ ကျွန်တော်ရော သူရော ငတ်ဘူးတယ် သူမှာ ရောဂါတွေ စွဲကပ်နေချိန်မှာ ကျွန်တော် ၃ ရက်လောက် မအိပ်ပဲ
အနားမှာ နေပေးရတယ် ။ သူ့ အဖျားတွေကြီးပြီး အသိဥာဏ်တွေ လွတ်ပြီး ရူးသလိုလို အချိန်မှာ ကျွန်တော်လည်း ရူးမတတ်ပါပဲ..။
သိုသော် ဒီနေ့ အချိန်မှာ ကျွန်တော် ရော သူရော လမ်းကြောင်း တခုစီမှာ ဖြတ်သန်းနေတဲ့ လူတယောက်စီ ဖြစ်နေပါပြီ..........။

သူ့ မေးခွန်းကို ကျွန်တော် မဖြေတတ်လို့  သူပြုံးပြီး ကျွန်တော်ကို သေချာကြည့်တယ် ....
“ ကိုကို မဖြေချင် မဖြေနဲ့ ကျွန်တော်လည်း မဖြေဘူး ”
ကျွန်တော် လမ်းဘေးက လာပြီး လမ်းဘေးကို ပြန်ရောက်သွားလဲ အေးဆေးပဲ ကိုကို.. ကျွန်တော်မှာ တွယ်တာ စရာ ဘယ်မှာ မရှိဘူး
“ မင်း မှာ ငါတယောက်လုံး ရှိနေတာ ပဲ ကွာ မင်းလုပ်ချင် ငါ့ကို ပြောလေ ငါ့ စီစဉ်ပေးမှာပေါ့ ”
သူ့ ဘက်က စကားမထွက်လာ .... မျက်လုံးမှာ မျက်ရည်တွေ ဝေ့ပြီး တခုခုကို တွေးနေပုံရတယ်..။

မိသားစု ဆိုတဲ့ စကားလုံးက သူ့ အတွက် တော်တော် ခံရခက်နေတာ ကျွန်တော် ခံစားမိတယ်.။
သူဘာလိုချင်သလဲ ဆိုတာ ကျွန်တော် သိနေပင်မဲ့ ကျွန်တော် လုပ်ပေးလို့ မရမှန်း သူကလည်း သိနေတယ်။ ရွေးချယ်လို့ မရတဲ့ လမ်းတွေရှိမှန်း သူရော  ကျွန်တော်ရောသိတယ် ။ ပြောချင်တာ ပြောလို့ မရမှန်း သူရော ကျွန်တော်ရော သိတယ် ။ အခု သူ့ကို တားလို့ မရမှန်း ကျွန်တော် ကလည်း သိနေတယ် ။ သူမှားတယ် လို့ တလောကလုံးက သတ်မှတ်နေချိန်မှာ ကျွန်တော် သူ့ကို နားလည်တယ်
ကျွန်တော်လည်း အဲလို မပြောခံရဘူးတာပဲ ကျွန်တော့် ဘ၀မှာ သူ့ကို လမ်းမှန်ပေါ်ရောက်စေချင်တာ က အိမ်မက်တခုပါ။.

သူ ကျောင်းသားဘ၀ကို တ၀က်တပျက်မှာတင် ကျောင်းထွက်ခဲ့တယ် အိမ်ပေါ်က ဆင်း လမ်းဘေးမှာ နေခဲ့ဘူးတယ်..။
ရောဂါဘရတွေ ကြားထဲမှာ ထမင်းတနပ်ကို အသက်နဲ့ ရင်းပြီး စားခဲ့ရဘူးတယ် ။ လက်ထိပ်တန်းလန်းနဲ့ ရထားတွဲပေါ်က ခုန်ချခဲ့ဘူးတယ် ကထူးကနန်းတွေ ကြားမှာ ရွှေတိုရွေစ ကောက်ခဲ့ရဘူးတယ်.။ လူမနေတဲ့ လယ်ကွင်းထဲမှာ ဗိုက်ဟောင်းလောင်း
နဲ့ နေခဲ့ဘူးတယ်။ ဌက်ဖျားတွေ ထလို့ ရေနွေးဆူဆူကို ရေခဲရေ သောက်သလို သောက်ခဲ့ရဘူးတယ် ။ ဌက်ဖျားကြောင့် ရူးသလိုလို ဖြစ်ပြီး သေလမ်းကို လျောက်ခဲ့ရဘူးတယ်.။ လူတယောက် သေမှာကို မကြောက် ထောင်ကျမှာ မကြောက်
ရောဂါဖြစ်မှာကို မကြောက် ဒီလောက် လောကကြီးကို အရွဲ့တိုက် ရလောက်အောင် ဘ၀က ဘာတွေ နာကျည်းနေရလဲ........။

ကျွန်တော် အသက် ၈ နှစ် အရွယ်မှာ မေမေ ကို အကန်ခံရမှာ ဆိုးလို့ ကြားက၀င်ခံတာ နံရိုးတွေ ကျိုးမတတ်ဖြစ်ခဲ့ဘူးတယ် ။
ကျွန်တော် ပစ်လှဲပီး ကျသွားချိန်မှာ သူ့က ကျွန်တော်ဘေးမှာ အသံကုန်ဟစ်ပြီး ငိုနေဘူးတယ်..။ ကျောင်းမှာ အနိုင်ကျင့်ခံရလို့
ကိုကို ကိုကို  ဆိုပြီး ငိုနေချိန်မှာ ကျွန်တော်က သူ့အတွက် လူစွမ်းကောင်းပေါ့ ။ အိမ်ပေါ်က နေမကောင်းဖြစ်နေရင်း နှင်ချခံရချိန်
ကိုကို လည်း လိုက်မယ်ဆိုပြီး ကျွန်တော်ပါ ဆင်းခဲ့ တုန်းက ဒီညီအကို နှစ်ယောက် ပါပဲ...။ ကျွန်တော့် ညီ သေသွားရင် အကုန်
လုံးကို သတ်မယ်လို့ ပြောတုန်းက သူက ကုတင်ပေါ်မှာ ရောဂါနဲ့အခြေအနေပါ ။

ဒီနေ့ အချိန်မှာ ကျွန်တော် သူ့ရှေ့မှာ ကာကွယ်ပေးလို့ မရတော့ သူကလည်း သူလမ်းကို သူလျောက်မယ်လို့ တွေးထားပုံပါ။
ကျွန်တော် အိမ်မှာ မနေတဲ့ အချိန်မှာ သူ့ က မိသားစု ကို တာဝန်ယူခဲ့ပါတယ် ။ ကျွန်တော် ငတ်တလှည့်ပြတ်တလှည့်နဲ့ အချိန်
သူ့ကို အသိမပေးရကောင်းလား ဆိုပြီး ကျွန်တော်ကို ပေါက်ကွဲ ပြတယ် ။ ဘာပဲပြောပြော သူ့ နဲ့ ကျွန်တော်ဟာ ညီအကိုပါ ။
အခုချိန်မှာ သူ့ဘယ်မှာ နေတယ်ဆိုတာ ကျွန်တော် မသိပါ ကျွန်တော် သိတာ သူဟာ လူမိုက် တယောက်မဟုတ်တာပါ ။
တလောကလုံးက လူမိုက်လို့ ပြောကြပါစေ ကျွန်တော့် ညီဟာ ကျွန်တော် ညီပါပဲ......... ။

( ဘယ်နေရာရောက်နေမှန်း မသိတော့ ကျွန်တော် ရဲ့ ညီ ကို ရည်းညွှန်းပါ သည်။ )
ချမ်းမြေ့
11.3.2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...