Thursday, March 8, 2012

ရုန်း၍ ကန်၍ ရင်ဆိုင်၍

by Lu Cifer on Thursday, March 8, 2012 at 9:50pm ·
 
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာ ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေး ကသောင်း ကနင်းဖြစ်မှု၊ ကြွေးမြီကိစ္စတွေကို ကမ္ဘာ့ဘဏ် အရာရှိများက ကူညီဖြေရှင်းပေးဖို့ စတင်ပြင်ဆင်နေချိန်မှာပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တခုလုံး ချော်ထွက်သွားနိုင်တဲ့ အန္တရာယ်ကိုလည်း သတိထားကြဖို့ ဆော်ဩနေတာကို ကြားနေရပါတယ်။


ရန်ကုန်မြို့တော်တွင် မြင်တွေ့ရသော လမ်းဘေးဈေးသည်များ (ဓာတ်ပုံ - ဧရာဝတီ)


လတ်တလော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရပ်တန့်စေနိုင်ရုံမက ပြန်ကောင်းလာတဲ့ မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံအကြား ဆက်ဆံရေးကိုပါ အနှောက်အယှက်တွေ ရှိနိုင်တယ်လို့ နယူးယောက် အခြေစိုက် အာရှလူ့အဖွဲ့အစည်း (Asia Society) အဖွဲ့က ပြောပါတယ်။

“အစိုးရထဲမှာ ဒီဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တဲ့ အမျိုးအစား နှစ်ခုရှိနေပါတယ်။ တခုက အရင်အစိုးရဟောင်း လက်ထက် အကြွင်းအကျန် ခြစားပျက်စီးသူတွေနဲ့ နောက်တခုက အစိုးရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ပဲ ဖြစ်တယ်” လို့ အမေရိကန်ရဲ့ ပညာရေးဆိုင်ရာ အထင်ကရ အဖွဲ့အစည်းက ပြီးခဲ့တဲ့လက အစီရင်ခံထားပါတယ်။

“ပထမအုပ်စုရဲ့ အကျိုးစီးပွားကို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက အဓိက ခြိမ်းခြောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုကနေ စို့စို့ပို့ပို့ရနေတဲ့ အခွင့်အလမ်း သူတို့မှာ မရှိတော့မှာကြောင့် ဖြစ်ပါတယ်။ တဖန်ပြန် အားကောင်းလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အား သူတို့အကျိုးစီးပွားကို ခြိမ်းခြောက်မှုအဖြစ် ဒုတိယအုပ်စုက မြင်လာနိုင်ပါတယ်။ အဲဒီအုပ်စု နှစ်စုစလုံးက ဘုံရည်မှန်းချက်ကို လွယ်လွယ်ကူကူ ရှာတွေ့သွားနိုင်ပါတယ်” လို့လည်း ဆိုပါတယ်။

သဘောထားတင်းမာတဲ့ ခေါင်းမာဂိုဏ်းသားတွေရဲ့ အဟန့်အတားများကြောင့် အမေရိကန် ပိတ်ဆို့မှုကို ရုတ်သိမ်းဖို့ နှစ်နဲ့ချီ ကြာနိုင်တယ်လို့လည်း အဲဒီအဖွဲ့က သတိပေးပါသေးတယ်။

ဒီယူဆချက် ထွက်ပေါ်လာအပြီး များမကြာမီမှာပဲ သမ္မတ ဦးသိန်းစိန်က အစိုးရ အဖွဲ့အတွင်း “ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်း” မရှိ၊ လူတဦးချင်းစီရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြားခြားနားတာကလွဲလို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်လို့ သမ္မတသက်တမ်း တနှစ်ပြည့်မိန့်ခွန်းမှာ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

တချိန်တည်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးကို ကတိပြုခဲ့ပါတယ်။ လက်ရှိအစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ရေရှည် ခိုင်မာတည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အဆက်ဆက်က ကောင်းမွေ ဆိုးမွေကို ခံစားရမှာလို့  ဦးသိန်းစိန်က ထည့်ပြောပါသေးတယ်။

ဧပြီ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာလို့ နိုင်ငံရေးအပြောင်းအလဲတွေ တိုးတက်လာရင် နိုင်ငံတကာရဲ့ အနေအထားက တဆင့်တက်လာနိုင်ပါတယ်။ သို့သော်ငြား လတ်တလောမှာတော့ မြန်မာနိုင်ငံကို ပြန်လည်အကူအညီပေးဖို့ ပြင်နေတဲ့ ကမ္ဘာ့ဘဏ်အဖွဲ့က ယခုအဆင့် မြန်မာနိုင်ငံရဲ့ ဘဏ်စနစ် ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အကြံပေးရုံပဲလို့ ဆိုပါတယ်။
အခုလို အကန့်အသတ်နဲ့ ပါဝင်ဆောင်ရွက်လာနိုင်တာကိုက ကမ္ဘာ့ဘဏ်ရဲ့ သြဇာတက္ကိမ အကြီးဆုံးအဖွဲ့ဝင် အမေရိကန်ပြည်ထောင်စုက ခေါင်းညိတ်ပြတာကြောင့်ပါ။

ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့  မြန်မာနိုင်ငံကို ငွေချေးဖို့ဆိုရင် ကြွေးဟောင်းတွေ အရင် ပြန်ဆပ်ရမယ်လို့ ဆိုပါတယ်။
နိုင်ငံခြား ကြွေးမြီ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံရှိတယ်လို့ မကြာသေးခင်က နေပြည်တော်အစိုးရက ကြေညာထားရာမှာ ဂျပန်အကြွေးက တဝက်ကျော် ပါပါတယ်။ ငွေကြေးချေးငှားခြင်းနဲ့ အကူငွေ ထောက်ပံ့ခြင်းတွေကို  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြားဖြတ်ရွေးကောက်ပွဲ ပြီးသည်အထိ စောင့်ကြည့်သွားမယ်လို့ ၀ါရှင်တန်အစိုးရနဲ့ အနောက်နိုင်ငံများက ပြောဆိုခဲ့ပေမယ့် ဂျပန်ကတော့ မြန်မာနိုင်ငံအပေါ် ၂၅ နှစ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ ချေးငွေပေးရေး အစီအစဉ်ကို ပြန်လည်စတင်တော့မယ်လို့ ဆိုပါတယ်။
ဆိပ်ကမ်းများ၊ မီးရထားများကဲ့သို့သော အခြေခံအဆောက်အဦများ အကောင်အထည်ဖော်ရေးအတွက် ဧပြီလ ထိပ်သီးဆွေးနွေးပွဲမှာ ဂျပန်နိုင်ငံက ချေးငွေပေးရေး ပြန်စတင်ဖို့ မြန်မာနဲ့ သဘောတူညီချက် ရမယ်လို့ မျှော်လင့်ကြောင်း နီခဲအိသတင်းစာက ဖော်ပြပါတယ်။

ပညာရှင်တွေအပြောအရ မြန်မာရဲ့ နိုင်ငံခြားကြွေးမြီဟာ နိုင်ငံ့ဂျီဒီပီ ထုတ်ကုန်တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းသာ ရှိတာမို့ စီးပွားရေးတိုးတက်မှု အလားအလာကို ဝန်သိပ်မပိကြောင်း သိရပါတယ်။ တချို့ ကြွေးမြီများကို လျှော်ပစ်နိုင်တယ်လို့လည်း ပြောကြပါတယ်။

သို့သော်လည်း လောလောဆယ် နိုင်ငံတကာ ငွေကြေးစနစ်အတွင်း မြန်မာနိုင်ငံ အပြည့်အ၀ ပြန်လည်ဝင်ရောက်နိုင်ခြင်းကို အမေရိကန် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုက အဟန့်အတားပြုနေဆဲပါ။ မြန်မာနိုင်ငံနဲ့ အမေရိကန်ဒေါ်လာ အခြေပြု စီးပွားကူးသန်းမှု၊ ငွေကြေးလွှဲပြောင်းမှု အားလုံးကို ပိတ်ပင်ထားပါတယ်။

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန ကျွမ်းကျင်သူများက ပိတ်ဆို့မှုကို ရှင်းထုတ်ဖို့  အလွန်ခက်ခဲပြီး အချိန်ယူရမယ်လို့ ပြောကြပါတယ်။ တောင်အာဖရိက၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အီရတ် အစရှိတဲ့ တိုင်းပြည်တွေအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားခဲ့တုန်းကလည်း နှစ်တော်တော်ကြာ အချိန်ယူခဲ့ရပါတယ်။ နိုင်ငံရေးသာမက စီးပွားရေးစနစ်ကိုပါ အခြေခံကျကျ ပြုပြင်ပြောင်းလဲနိုင်မှ တိုင်းပြည်မှာ မရှိမဖြစ် တည်ဆောက်ရမယ့် အခြေခံအဆောက်အအုံတွေအတွက် နိုင်ငံတကာက ငွေကြေးအလုံးအရင်းနဲ့ ချေးနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ မြန်မာနိုင်ငံ ပြန်လည်ဆက်ဆံမှုကို အမေရိကန်သမ္မတ လုပ်ပိုင်ခွင့်နဲ့ ဖယ်ရှားပေးနိုင်ပေမယ့် တကယ်တမ်း ကမ္ဘာ့ဘဏ်အကြံပေးအဖွဲ့ ရင်ဆိုင်နေရတာက ငွေကြေးစီမံခန့်ခွဲမှု အလွဲများနဲ့ ခြစားမှုပဲ ဖြစ်ပါတယ်။

“ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးနဲ့ ငွေကြေးစနစ်ကို ပြုပြင်ပြောင်းလဲရေးသမားတွေက ပြောင်းလဲဖို့ ကြိုးစားနေချိန်မှာ ဆယ်စုနှစ်များစွာကြာ စစ်တပ်စီးပွားရေးကို ကျောထောက်နောက်ခံ ပေးထားတဲ့ ခြစားယိုယွင်းနေပြီး ပြဿနာပေါင်းစုံနဲ့ ရှုပ်ထွေးပွေလီလွန်းလှတဲ့ စနစ်ကြီးကို ဖြေထုတ်ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သူတို့ သိလာကြတယ်” လို့ မြန်မာနိုင်ငံကို သွားရောက်လေ့လာပြီး ပြုစုထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အာရှလူ့အဖွဲ့အစည်း အဖွဲ့က ဆိုထားပါတယ်။

မြန်မာ့စီးပွားရေးစနစ်ဟောင်း အရှုပ်ထုပ်ကိုရှင်းဖို့ရာ မဖြစ်နို်င်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ စီးပွားရေးအခွင့်အလမ်း အားလုံးကို ခရိုနီတွေနဲ့ အာဏာပိုင်တွေချည်း ချုပ်ကိုင်ထားမှု အမြတ်ကြီးစား လက်ဝါးကြီးအုပ်စနစ်ကို ရုတ်သိမ်းပြီး အကျင့်ပျက်ခြစားမှုကို ကာကွယ်တားဆီး တိုက်ဖျက်ရပါမယ်။ နိုင်ငံတည်ဆောက်ရေးအတွက် လုပ်တတ်ကိုင်တတ်သူများကို နေရာပေးရပါမယ်။

ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်စွာ ပြိုင်ဆိုင်မှုရှိမှ ခေတ်သစ်စီးပွားရေးရဲ့ မောင်းနှင်အား စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) ကဏ္ဍ ဖွံ့ဖြိုးလာပါမယ်။။ ကြိုးနီစနစ် မရှိရင် အလုပ် ပိုသွက်လာပါမယ်။ အရည်အသွေး၊ ဝန်ဆောင်မှု ပိုကောင်းအောင်၊ စားသုံးသူ ဈေးချိုချိုသုံးနိုင်အောင် ပြိုင်ဆိုင်မှုကို အားပေးတာဟာ ခေတ်မီတဲ့အစိုးရတိုင်း လုပ်နေကြတဲ့အလုပ်ပါ။

အချုပ်ကတော့ ဦးသိန်းစိန် ဦးစီးတဲ့ ကြံ့ခိုင်ရေးပါတီက ရှင်းရှင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က ရှင်းရှင်း၊ အတူတကွပဲ ရှင်းရှင်း ဆယ်စုနှစ်များစွာကြာခဲ့တဲ့ အမယ်ဘုတ်ချည်ခင်ကို ရှင်းနိုင်မှ ကမ္ဘာ့စီးပွားရေးစနစ်ထဲမှာ ပြန်လည်ဝင်ဆံ့တဲ့ အခင်းအကျင်းသစ်ကို အခြေချနိုင်မှာဖြစ်ပါတယ်။ အပြိုင်အဆိုင် ပြေးနေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးမှာ ထော့ကျိုးထော့ကျိုးနဲ့ လိုက်မရတော့ မြန်မြန်ဆန်ဆန် လုပ်ကြဖို့လည်း လိုနေပါတယ်။

တကယ်လို့ အများက မျှော်လင့်ထားသလို ပြုပြင်ပြောင်းလဲရေးသမားတွေ အသာစီးရလာတာတောင် အာဆီယံ ဒေသတွင်း နိုင်ငံများကိုမီအောင် ကုန်းရုန်းလုပ်ကြရဦးမှာပါ။ ထိပ်ဆုံးမှာရှိနေတဲ့ စင်ကာပူ၊ ဘရူနိုင်းတို့ကို မီဖို့အသာထား။ အလယ်တန်းက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ကို မျှော်ကြည့်ဖို့ရော၊ ကမ္ဘောဒီးယားကို ဖြတ်တက်ပြီး ဗီယက်နမ်နဲ့ ရင်ဘောင်တန်းနိုင်ဖို့ အနည်းဆုံး ဆယ်စုနှစ်တခုတော့ ကျနော်တို့အားလုံး ညီညီညွတ်ညွတ် အလုပ်လုပ်ရင်း စတင်ကျော်ဖြတ်ကြရပါလိမ့်မယ်။

စိန်ခေါ်မှုတွေက ကျနော်တို့ကို စောင့်ကြိုနေပါပြီ။

ရဲနည်
March 8, 2012 5:23 pm
ကိုးကား – William Boot ၏ Rogue Generals, Sanctions ‘Spaghetti’ and Big Debts Daunt Reformers

http://burma.irrawaddy.org/archives/6965

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...