ကုလားထိုင် စိုက်ပျိုးရေး
ရာသီဥတုဟာ
ကျန်းမာရေး မလိုက်စားဖူးသူ မျက်နှာနဲ့
ရောက်လာခဲ့တဲ့ ညနေပေါ့။
ဦးနှောက်အပေါက်ကြီးတခုထဲက
ရှတတ လေတွေ
အခန့်သားလာနေ
ဒီလေဟာ တယ်ယဉ်ကျေးဆိုပဲ။
လူတွန်သံကြားရ
အပြင်းစား နတ်ဘုရားတကောင်ရဲ့
ညာတောင်ပံ ရိုက်ခတ်သံလိုလို
ဘယ်တောင်ပံ ရိုက်ခတ်သံလိုလို။
အလို ….ဒီလိုရာသီမျိုးပေါ့
ကုလားထိုင်တွေ စိုက်ပျိုးလို့ကောင်းတဲ့ရာသီ
လှည်းကျိုး ထမ်းရတော့မယ့် ရာသီ။
အနာဂါတ်ရဲ့
ဆွေတော်မျိုးတော် တယောက်လည်း
စိုက်ပျိုးဆဲ ကုလားထိုင်ခင်းမှာ
ခပ်ပျင်းပျင်း …. ထိုင် ….
ထ ….
ရေရွတ် ….
အမှန်တရားဟာ …. ဖွတ်ချက်ကားနဲ့ လာနေပြီ။
ညီညွတ်ရေးက
အိပ်ရေးမဝတဲ့ ဝက်ဝဝကြီးလို
ဒီယိုင် ဟိုထိုး
ဟိုး…. ဆရာ …. ဟိုး …. ဟိုး
(ဖြတ်သန်းသွားလာခွင့် မပြု)
အခုလေးတင်
ကုလားထိုင် စိုက်ပျိုးပင်တွေ ကြဲထားတယ်။ ။
တိုက်မောင်း (ခ) ကေကေးဇံ
( ၀ိရောဓိလွင်ပြင်နှင့်
သတ္တိတသောင်းအောင်ပွဲ ကဗျာစာအုပ်မှ ....)
0 comments:
Post a Comment