Wednesday, March 14, 2012

“အဖြူရောင်မျက်ဝန်းထဲမှ မျက်ရည်စများ”





ကျွန်တော်တို့လည်း Laptop တွေကိုင်ချင်ပါတယ်လို့ လက်နက်ကိုင် ပအိုဝ်း တိုင်းရင်သားလေးတွေကပြော တယ် ။ ကျွန်တော်တို့ရဲ့ နိုင်ငံတော် သမ္မတကြီးကလည်းရင်နင့်သည်းချာ သွေးရင်းပမာ တိုင်းရင်းသား   လေးတွေရဲ့ တောင်းဆိုမှုနောက်မှာ Laptop လေးတွေ ပြန်လည်လို့ လက်ဆောင်ပေးခဲ့တယ် . . . တဲ့ ။



ဒီလိုဆို ~ သားတို့ဘက်လည်း နည်းနည်းလောက် ကြည့်ပေးပါဗျာ ။
ကျောက်သင်ပုန်းကိုင်လို့ ကျောက်တံလေးတွေခြစ်နေရတဲ့ သားတို့ဘ၀ ၊ ဒီက အနန္တမေတ္တာဆိုတဲ့ ဘ.က(ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်းလေးရှိနေလို့သာ . . . သားတို့တွေ စာဖတ်တတ်တာ ၊ လူလိုသူလို ၊ စာသင်ကြားခွင့်ရခဲ့တာ . . . ။ အခုတော့သားတို့ကျောင်းလေး နေရာ ဖယ်ရွေ့ရတော့မယ် ။ဘယ်နေရာရောက်မယ်လည်း မသိဘူး။ဘယ်ဆီ သွားရမယ်လည်း မသိဘူး ။ သားတို့မှာလည်း နေစရာမရှိဘူး ။သားတို့ မိဘတွေကလည်း အခြေခံလူတန်းစား ဆင်းရဲသား တွေပါ ။ သားတို့နေနေတဲ့ အရပ်မှာ စက်မှု လယ်ယာလုပ်ငန်းတွေ လာရောက် လုပ်ကိုင်ကြတော့မယ်တဲ့ ။


ဒီလကုန် (၃၁.၃.၂၀၁၂)နောက်ဆုံး ထားလို့ သားတို့ နေရာလေးတွေကို သားတို့ ပြန်အပ်ပေးရမယ်တဲ့ ။ သားတို့က ဘယ်မှာ သွားနေကြရမှာလဲ . . . ဗျာ ။ သားတို့လေးတွေ ဘ၀ထဲကိုလည်း တစ်ချက်လောက် ငဲ့လို့ကြည့်ပေးပါ...လား ~ ။ ပိုက်ဆံမရှိရင် ပညာမသင်နိုင်ဘူး ။ ပညာမတတ်ရင် လူရာမ၀င်ဘူးဆိုတဲ့ “ပညာခေတ်ကြီး”ထဲမှာ ဆရာတော်ဘုရားကြီးရဲ့ ကြီးမားတဲ့ မေတ္တာတရား အနန္တနဲ့ သားတို့တွေ သေစာ၊ရှင်စာ သာမက ... အတန်းပညာတွေ ဆက်လက် သင်ကြားနိုင်ခွင့်ရခဲ့တယ် ။ သားတို့ကို စာသင်ကြားပေးနေတဲ့ အနန္တမေတ္တာဆိုတဲ့ (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း )ဘ.က ကျောင်းလေးက အခုဆို အလွန်တရာ ခမ်းနားတောက်ပြောင်လာပါပြီဗျာ ။


အရင်က ကြမ်းပြင် မြေကြီးမှာ စာသင်၊စာကျက်ရတဲ့ဘ၀ . . . စေတနာရှင်တွေရဲ့ကောင်းမှုကြောင့် ခုံလေးတွေပေါ်မှာထိုင်ကာ စာရေး၊စာဖတ်နိုင်ခဲ့ကြပါတယ် ။ ကျေးဇူးတရား ကြီးမားလှပါတယ် ~ အနန္တမေတ္တာ ။ ဒါပေမယ့်ဗျာ ( ၇.၃.၂၀၁၂ )မြန်မာ့အလင်း နေ့စဉ်ထုတ်သတင်းစာရဲ့ စာတစ်ပိုဒ်ကြောင့် ~ သားတို့ ဆရာတော်ဘုရားကြီး ခေါင်းငိုက်စိုက်ကျသွားတယ် ။ ပညာဒါနသင်ကြားပေးနေကြတဲ့ ဆရာ၊ဆရာမလေးတွေလည်း ကြေကွဲသွားကြပုံရတယ် ။ သားဖေဖေနဲ့ သားမေမေလည်း တစ်ငိုငို တစ်ရီရီပဲ ။ သားတို့တွေလည်း ငိုကြွေးကြတယ်။ သားတို့ ဘယ်အရပ်ကို သွားရမှာလဲ ။ သားတို့ ကျောင်းလေးကို မဖျက်ဆီး မဖယ်ရှားပါရစေနဲ့လားဗျာ ။ သားတို့တွေ ဘယ်သူကို ဒူးထောက်လို့ ရှိခိုးကာ ကန်တော့တောင်းပန်ရမလဲ . . . အကြိမ်ကြိမ်တွေးမိတယ် ။ တွေးမိတိုင်း မျက်ရည်ကျတယ် ။ ဒီကျောင်းလေးထဲမှာ သားတို့ ဘ၀အနာဂတ်လေးတွေပါတယ် ။
သားတို့အရပ်က ကလေးသူငယ်တွေရဲ့ ပညာအနာဂတ်လေးတွေပါတယ် ။ ဆရာတော်ဘုရားကြီးတို့ရဲ့ စိတ်ကူးအိပ်မက်လေးတွေ ပါတယ် ။ အလှူ့ရှင်၊ အလှူ့အမတွေရဲ့ စေတနာ အနန္တတွေပါတယ် ။ အရင်က နေမလုံ၊မိုးမလုံနဲ့ မြေကြီး ကြမ်းခင်းမှာ စာသင်ကြရတဲ့ သားတို့ဘ၀ . . . ။


အခုများတော့ ရေလည်းစုံ၊မီးလည်းစုံ ၊ စာသင်ခုံကိုယ်စီနဲ့ စာသင်၊စာအံနိုင်ခဲ့ပြီ . . . ။ ဆရာတော်ဘုရားကြီးရဲ့ မေတ္တာတွေ ၊ အလှူရှင်တွေရဲ့ စေတနာတွေ ၊ ပညာဒါန ဆရာ၊ဆရာမလေးတွေရဲ့ သွေး၊ချွေးတွေ ... မေတ္တာ၊စေတနာ၊ကရုဏာ ပေါင်းစပ်ထားတဲ့ နာ(၃)နာ လုပ်အားတွေ ၊ သားတို့ သားတို့လေးတွေရဲ့ ရောင်နီဦးတွေ ... ကျောင်းလေးထဲမှာ ဖူးလို့ ၊ ဝေလို့လေ . . . ။ “ပန်းကလေးများ ပွင့်တော့မည် ၊ ဖူးတံဝင့်လို့ချီ ၊ နေခြည်မှာ ရွှေရည်လောင်း ၊ ငါတို့ စာသင်ကျောင်း” ဆိုပြီး . . . စာအံခဲ့ကြတဲ့ သားတို့ရဲ့ မနက်ခင်းလေးတွေ . . . ။


သားတို့နေထိုင်နေတဲ့ ရပ်ကွက်လေးကလည်း လူသူစည်ကားလို့ ၊ အ၀န်းနဲ့အအုံနဲ့ကို ဖြစ်လာပါပြီ ။ သားတို့အရပ်လေးရဲ့ ကျက်သရေဆောင် ၊ မင်္ဂလာ အောင်မြေ တစ်ခုဖြစ်တဲ့ အနန္တမေတ္တာကျောင်းတော်လေးထဲမှာလည်း ရဟန်း၊သံဃာနဲ့ စာသင်၊စာချ ကိုရင်လေး တွေရှိကြပါတယ် ။ ဆရာတော်ဘုရားကြီးရဲ့ မေတ္တာအေးရိပ်ကြောင့်လည်း သားတို့ ပတ်ဝန်းကျင်လေး အေးချမ်း ဆိတ်ငြိမ်ခဲ့ရပါတယ် ။ ကျောင်းလေးဆီကို လာလှူကြတဲ့ အလှူရှင်၊စေတနာရှင်များရဲ့ . . . သဒ္ဒါတရား ၊ ကုသိုလ်အားများကြောင့်လည်း သားတို့ လေးတွေရဲ့ဘ၀ စာသင်ရတာ ပိုလို့ အဆင်ပြေလာခဲ့တယ် ။ ကျောင်းလေးထဲက လိုအပ်ချက်လေးတွေကို ဆရာတော်ကြီးက တတ်နိုင်တဲ့ဘက်က ဖြည့်စွက်ပေးလို့ အလှူ့ရှင်၊အလှူ့အမများက ၀ိုင်းဝန်းလို့ ပံ့ပိုးပေးကြတယ် ။


စေတနာရှင်တွေရဲ့ အလှူဒါနအားတွေကြောင့် အလှူတစ်ခု လာလာလုပ်ကြတိုင်းလည်း အနီးအနား ရပ်ကွက်လေးတွေပါ လှူပေး၊တန်းပေးခဲ့ကြပါသေးတယ် ။ အဲ့ဒီလောက် ကောင်းက အေးချမ်းနေတဲ့ နေရာလေးဟာ တစ်ခြားသူတွေအတွက်တော့ ဆင်းရဲသားအရပ်၊ဆင်ခြေဖုံးရပ်ကွက် လို့ ဆိုချင်ဆိုမယ် . . . သားတို့ အတွက်တော့ နိဗ္ဗာန်ဘုံလိုပါပဲဗျာ ။ သားတို့ဘ၀လေးနဲ့ သားတို့ နေပျော်နေတာပါ ။ အလှူရှင်တွေရဲ့ သဒ္ဒါတရားကြောင့်လည်း အခုဆို ဆရာတော်ဘုရားကြီးရဲ့ ကျောင်းဝန်းလေးထဲမှာလည်း သိမ်လေးတစ်ဆောင်တောင် ဆောက်လုပ်လို့ပြီးခဲ့ပြီ . . . ။

အဲ့ဒီ သိမ်လေး ဆောက်လုပ်လှူဒါန်းပေးကြတုန်းကဆိုရင် အလှူရှင် ၊ စေတနာရှင်တွေရဲ့ ကောင်းမှုကုသိုလ်တွေကြောင့် ကုန်ကျငွေ ၁၅၀၀ ကျော် တောင် ကျခဲ့တယ်တဲ့ ။ သားက မသိနားမလည်နဲ့ မေးမိတယ် ... ၁၅၀၀ ကျပ် နဲ့ သိမ်ကြီးတစ်ဆောင် ဆောက်လို့ ရတယ်လားဗျာ ~ ဆိုတော့ ။ သိန်းပေါင်း အဲ့လောက် ကို ကုန်ခဲ့တာလို့ ကိုကိုကြီးက စို့စို့နင့်နင့်နဲ့ သားကို လှမ်းဆူပြန်တယ် ။ သားလည်း ဘာမှန်း ညာမှန်းမသိ ငိုချမိတယ် ။


သားတို့ အရပ်လေးကို နေရာတွေ ဖယ်ရှားခိုင်းကုန်ပြီဆိုတဲ့စကားက . . .
နွေခေါင်ခေါင်မှာ...မိုးတွေရွာသလို
ရင်ထဲမှာ မိုးကြိုးတွေ တစ်ဖွဲဖွဲ ပစ်ခတ်သွားသလိုပဲ ~ ပဲ့တင် ထပ်သွားတယ် . . . ။


သားတို့တွေ ဘယ်မှာ သွားနေရမှာလဲ ။
သားတို့အတွက် နေစရာလေးတွေ ဘယ်လိုလုပ်ပေးမှာလဲ ။
သားတို့ကျောင်းလေးကို ဘယ်ကိုရွှေ့လိုက်မှာလဲ ။
သားတို့တွေ စာမသင်ရတော့ဘူးလား . . . ဟင် ။ . . . ! _ !

သားတို့တွေကို မဖယ်ခိုင်းပါနဲ့ . . .
သားတို့ ကျောင်းလေးလည်း မရွှေ့ပါရစေနဲ့လားဗျာ . . .
တောင်းပန်ပါတယ် ~ ~ ~ ဘဘတို့ရာ :(



- - -


ကလေးလေးတွေရဲ့ ငိုသံတွေ

ဇရာအိုတွေရဲ့ ပူဆွေးမှုတွေ
အရှင်ရဟန်းတွေရဲ့ သောကတွေ
အခြေခံလူတန်းစားတွေရဲ့ မျက်ရည်တွေ
အခြေတကျဖြစ်နေတဲ့ ဘ၀တွေ . . .
လွယ်လွယ်လေးတော့ လစ်လျုမရှုသင့်ပါဘူး . . . သမ္မတကြီးရယ်



ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြေ (၁၁)ကွက်နှင့်ပက်သက်၍ • • •

ကြေကွဲမှု အပိုင်းအစများ . . .


မိုးစွတ်နေ
၁၃.၃.၂၀၁၂ ( အင်္ဂါနေ့)
ညနေ - ၅း၀၀ နာရီ




မြေကွက်များမှာ လွန်ခဲ့သော (၂၀)နှစ်ကျော်က
ငွေသွင်းရောင်းချပေးခဲ့သော
1$ တစ်ဒေါ်လာ လျှင် မြန်မာငွေ 118/Ks
နှုန်း ရှိသည့် ခေတ်ကာလက . . .

ဝန်ထမ်းသက်သာမြေကွက်များအဖြစ်
40' x 60' ပေ တစ်ကွက်စာတန်ဖိုးငွေ 120,000/Ks တဲ့ . . .
ယခုဒေါ်လာဈေး
1$ တစ်ဒေါ်လာ လျှင် မြန်မာငွေ800/Ks နီးပါး

အခုလည်း ကိုယ့်မြေကို ကိုယ်ပြန်လာအပ်ရင်
ကာလပေါက်ဈေးတောင် မဟုတ်ဘူး ။
မူရင်းရောင်းချခဲ့တဲ့နှုန်းထ
ားအတိုင်း
120,000/Ks ပဲ ပြန်အမ်းပေးမယ်ဆိုတော့ဗျာ . . .

အနန္တမေတ္တာ ဆရာတော်ခင်မျာလည်း
ငွေလေး 12000ကျပ်နဲ့ သာသနာဆက်ပြုဖို့
မလွယ်တော့ပါဘူး . . . ရွာပြန် လူဝတ်လဲကာ
လယ်စိုက် ကောက်လုပ် ရတော့မယ့်
သဘောလို ဖြစ်နေပြီ . . . :(

ပြီးတော့ အသားကျနေတဲ့ ဆင်းရဲသား အိမ်ခြေလေးတွေ
လက်ရှိနေထိုင်နေကြတဲ့ အခြေခံလူတန်းစားမိသားစုတွေ
သီလရှင်စာသင်တိုက်လေးတွေ
ဘုန်းကြီးကျောင်းတွေ . . .

ရှေ့အပတ်မှာ စာမေးပွဲဖြေဆိုရမယ့် ရဟန်း၊သံဃာတွေ

အများကြီးဗျာ . . . အများကြီး
ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ ! _ !

-----------------------------------------------@@@@@@@@@@-----------------------------------------------



အောက်က ကဗျာလေးကတော့ ကျွန်တော်တို့ Save The Aged အဖွဲ့ လေး . . . အဲ့ကလေးလေးတွေဆီ သွားရောက် လှူဒါန်းခဲ့စဉ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ကျွန်တော့်ရဲ့ ခံစားမှုလေးပါ ။



"အဖြူရောင်မျက်ဝန်းများဆီ"
  • Posted by moesutnay on June 15, 2011 at 11:00pm
  • View Blog


"အဖြူရောင်မျက်ဝန်းများဆီ"





ဖြည့်ပေးမှ ပြည့်နိုင်မယ့်
ကွက်လပ်လေးတွေကြား
ကျွန်တော်တို့နာမ်ရုပ်တွေ
အလည်သွားကြတယ် . . .


မညီမျှတဲ့ဘ၀တွေမှာ
ညီ/ညီမလေးတွေကို တွေ့ ရတာ
စိတ်နဲ့ ကိုယ်မမြဲချင်ဘူး . . .


မျက်ဝန်းမှသည် နှလုံးအိမ်ဆီသို့ 
သူတို့ လေးတွေရဲ့ အကြည့်တစ်ချို့ 
ကျွန်တော့်တို့ရင်ကို စို့စေခဲ့တယ် . . .


သနားစရာဘ၀တွေရဲ့ ဒုက္ခ
မနုဿချင်းတူတာတောင်
သူတို့က ပိုလို့ပူနေရရှာတယ် . . .


နေခြည်ထဲမှာ ပွင့်မယ့်အလင်းပန်း
ထမင်းကြမ်းခဲနဲ့ဖြစ်ဖြစ်
ထမင်းရည်ချိုင့်နဲ့ ဖြစ်ဖြစ်
ကျောက်သင်ပုန်းလေးကိုင်
ကျောက်တံလေးနဲ့ ခြစ်ခွင့်ရရင်
မျှော်လင့်ချက်တွေ ၀လင်ပါပြီတဲ့ . . .


ကဲ ... ဒီတော့ဗျာ
ကိုယ့်ဖို့ ၊ သူ့ဖို့နည်းနည်းတွေး
ကလေးဆိုတဲ့ အမြင်နဲ့
အဝေးကို ဖယ်ကျဉ်မထားပါနဲ့ . . .
 

တကယ်မြင်တတ်ဖို့
မျက်စေ့ကို ဖွင့် ၊ နားကိုစွင့်
ပြီးရင် ........
မျှော်လင့်ခြင်း ပန်းလေးတွေကို
ရေကြည်တစ်ပေါက်ဖြစ်ဖြစ်
သောက်ခွင့်ပေးလိုက်ကြမယ် . . . .။ ~ ။



♥MOESUTNAY♥
13.6.2011
( mON: )
11 : 00 p.m
http://moesutnay.blogspot.com/


မှတ်ချက် ။ ။ www.savetheaged.ning.com ဆိုတဲ့ ကျွန်တော်တို့ ရဲ့  ပရဟိတ online donation group လေးဟာ ( 12.6.2011 ) နေ့ က အနန္တမေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးကို ထပ်တစ်ဖန် သွားဖြစ်ခဲ့ပါတယ် ။ မျှော်လင့်ချက်သဲ့နေတဲ့ မျက်ဝန်းငယ်လေးတွေကြား အဲ့နေ့  အိမ်အပြန်လမ်းလေးက ကျွန်တော့် ရင်တွင်းခံစားမှုလေးပါ ။


သူတို့ လေးတွေရှိတဲ့နေရာလေးကို သွားရောက်လှူဒါန်းချင်ပါတယ်ဆိုရင်တော့ ~

*အနန္တမေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း*
ဇောတိကလမ်းမကြီး ၊ ၁၂၆ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ် ၊ရန်ကုန်တိုင်း ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...