သမ္မတသစ်၏ ဒုတိယအကြိမ်မြောက်စကား(ဒုတိယပိုင်း)
by Wai Maw on Sunday, March 18, 2012 at 8:37pm ·
---ဦးဖိုးသာအောင်
၁၇။၃။၂၀၁၂
သမတကြီးက လူတဦးချင်းစီရဲ့ ဗီဇစရိက် အမူအကျင့်ပေါ်မှာ စီမံခန့်ခွဲမှု ကွဲပြားခြားနားတာကလွဲလို့ အစိုးရရဲ့ မူဝါဒအားလုံးကို မမှိတ်မသုန် ယုံကြည်စွာဆောင်ရွက်နေကြတာသာဖြစ်တယ်လို့ ဆိုစကားကတော့ ပညာမဲ့ဆန်လွန်းလှပါတယ်၊
လက်အောက်ငယ်သားကို အလုပ်ဖြစ်ရေးအတွက် အမိန့်ထုတ်ကြ၊ ညွှန်ကြားကြ၊ စေခိုင်းကြရတာ ဓမ္မတာပါ၊
အစိုးရတိုင်းရဲ့ အလုပ်ပါ၊ သို့သော် သူ့ဗီဇနဲ့သူ ဆဲဆိုပြီး ခိုင်းမယ်၊ ရိုက်ပုတ်ပြီးခိုင်းမယ်၊ ယဉ်ယဉ်ကျေးကျေး နားဝင်ချိုအောင်ခိုင်မယ်ဆိုတာ မျိုးတွေတော့ ရှိတတ်ပါတယ်လို့ ပြောရင် အမိန့်ပေးခံ၊ အခိုင်းခံကြရတဲ့ ဝန်ထမ်းနဲ့ ပြည်သူလူထုက ခွင့်လွှတ်ကြရတော့မှာလား၊ အစိုးရအဖွဲ့ထဲက သမတကအစ ဝန်ကြီးများနဲ့အထက် အရာရှိတွေအားလုံးသည် “ မ ” တရာသားတွေမို့ ဗီဇတွေ စရိုက်တွေ မတူဘူးဆိုတာ လက်ခံပါတယ်၊
ဒါပေမယ့် စီမံကိန်းခွဲရေး ကိစ္စတွေမှာ အချို့က နှေးမယ်၊ အချို့ကမြန်မယ်၊ အချို့က ကြမ်းမယ်၊ အချို့က နုမယ်ဆိုတာမျိုးကတော့ အစိုးရအဖွဲ့ကို မပြောနဲ့ သာမန် သာရေး နာရေး အဖွဲ့ဝင်လူကြီးတွေမှာတောင် မရှိသင့် မလုပ်သင့်ဘူး၊ အစိုးရရဲ့ စီမံခန့်ခွဲမှုအလုပ်မျိုးဆိုတာ မူဘောင်ထဲကပဲ လုပ်ကြရတာ၊ လူဘောင်ထဲမှာလုပ်တဲ့ အစိုးရမျိုးဆိုတာ ဒီမိုကရေစီ အစိုးရမျိုး မဟုတ်တော့ဘူး၊ ဒီလောက်တော့ သိဖို့ကောင်းပါတယ်၊ အစိုးရရဲ့ မူဝါဒအားလုံးကို မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြပါတယ်ဆိုရာမှာလည်း ဒီမိုကရေစီသဘောအရ တာဝန်ကျေအောင် အများဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ကြရမှာပါ၊
သို့သော် မမှိတ်မသုန်ယုံကြည်နေရမယ်လို့တော့ ဘယ်သူ့ကိုမှ ချုပ်ထားလို့ မရပါဘူး မယုံကြည်ပိုင်ခွင့် ရှိရမယ်ဆိုတာ ဒီမိုကရေစီပါ။
နောက်အရေးပါတဲ့ သမတရဲ့ စကားထဲမှာ “ ခေတ်အဆက်ဆက် အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုဆိုတဲ့ အမျိုးသားရေး စိန်ခေါ်မှုကြီးဟာ ခေတ်စနစ်နဲ့အတူ ပေါက်ဖွားရှင်သန်လာခဲ့တာ ဖြစ်တဲ့အတွက် ခေတ်ပြောင်းစနစ်ပြောင်းမှာ စိတ်ဓါတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင် သက်သာချောင်ချိရေး တရားဥပဒေ စည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်း အသိအမြင်မြှင့်တင်ရေး အစရှိတဲ့ ဘက်စုံချဉ်းကပ်မှုနည်းလမ်းတွေနဲ့ ပညာပေးခြင်း၊ စည်းရုံးခြင်း၊ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်တဲ့။
ဦးသိန်းစိန်ဖတ်ပြီးပြောတဲ့ ဒီစာပိုဒ်ကို သေသေချာချာဆန်းစစ်ကြည့်လိုက်တော့ အဂတိလိုက်စားမှုသည် ခေတ်အဆက်ဆက်က အမြစ်တွယ်နေတဲ့ အရာဆိုပဲ၊ အဆန်းတကြယ် ရေးကြီးခွင်ကျယ် ကိစ္စမျိုးလည်းမဟုတ်ပါ၊
ပြီးတော့ အမြစ်တွယ်နေတဲ့ အကုရခက်တဲ့ ကင်ဆာရောဂါလို့ဆိုချင်ပုံရပါတယ်၊
ဒီလိုပြောလိုက်ကတည်းက အစိုးရဆိုတာ အစပဲရိုးပြီး နောက်တော့ သူခိုးပါပဲဆိုတဲ့စကားကို သမတကြီးက ဝန်ခံနေတာသာဖြစ်ပါတယ်၊
ပြီးတော့ အဂတိလိုက်စားမှုကိစ္စကို အမျိုးသားရေးစိန်ခေါ်မှုကြီးတရပ် ဖြစ်နေပါပြီလို့ ဆိုလိုက်ခြင်းသည်လည်း လွန်စွာမိုက်မဲသည့် အမျိုးသားရေး စော်ကားမှုကြီးဖြစ်သွားပါတော့သည်၊
ဘာကြောင့်လဲဆိုရင် အဂတိလိုက်စားသူ၊ အလွဲသုံးစားလုပ်သူ၊ အာဏာဖြင့် မတရားအနိုင်ကျင့်ကာ ဆိုးခိုးတိုက်ခိုက်သိမ်းပိုက်နေသူ၊ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေမှအစ အောက်ခြေ ဒလဝမ်အထိ အကျင့်ပျက်၊ တိုင်းပြည်ဖျက်နေသူများမှာ လက်တဆုတ်စာ အာဏာပိုင်တစုနှင့် အူမတောင့်၍ သီလမစောင့်သူများ၊ အူမတောင့်သော်လည်း သီလမစောင့်သူ ဝန်ထမ်းများပါ ထည့်တွက်ပါမှ လူဦးရေ နှစ်သန်းလောက်ပဲ ရှိပါသည်၊ ကျန်သည့် ကောင်းရောင်းကောင်းဝယ် လက်လုပ်လက်စား၊ တောင်ယာလယ်လုပ်သူအများစုကြီးကတော့ ရိုးသားကြပြီး အစိုးရသူခိုးဓါးပြများ အနိုင်ကျင့်ခြင်းကို ခံနေကြရသူများသာ ဖြစ်ပါသည်၊
ဒါကြောင့် အဂတိလိုက်စားမှုသည် ရိုးသားသော ပြည်သူလူထုကြီးအတွက် ဘာမျှ တာဝန်မရှိပါ၊
ဘာအမျိုးသားရေးမှလည်း မဟုတ်ပါ၊ တိုင်းပြည်အာဏာကိုအတင်းအဓမ္မ ရယူထားတဲ့ သူခိုးဓါးပြ အစိုးရမျိုး တိုင်းပြည်မှာ မရှိလျှင်တော့ အဂတိလိုက်စားမှုဆိုတာ လွယ်လွယ်လေးနဲ့ ပပျောက်တဲ့ ကိစ္စပါ၊
ဒီကိစ္စကို အမျိုးသားရေးစိန်ခေါ်မှုလို့ ပုံကြီးချဲ့ပြောလိုက်သလို ဖြစ်နေပါပြီ၊ သူ့ဖင်မှာ ပေါက်နေတဲ့ပွေးကို အမျိုးသားရေးရောဂါတခုအဖြစ် ပြောလိုက်သလိုပါပဲ၊
ပြီးတော့ အဂတိလိုက်စားမှုသည် ခေတ်စနစ်နဲ့အတူ ပေါက်ဖွားရှင်သန်လာခဲ့တာ ဖြစ်တယ်တဲ့၊ ဟုတ်ပါတယ်၊
စစ်အာဏာရှင်ဗိုလ်နေဝင်းက တိုင်းပြည်လူထုရဲ့အာဏာကို သိမ်းပိုက်ပြီး ပြည်သူပိုင်ကာ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးတဲ့အချိန်ကစပြီး အကြီးအကျယ်အဂတိလိုက်စားကြတာ ဖြစ်တယ်ဆိုတာ လူတိုင်းသိနေတဲ့ဟာပဲ၊
ဒီနေ့ထက်တိုင်လည်း အရှိန်မှ မသတ်သေးတာ၊ ပြောရရင် စစ်ဗိုလ်တွေမှာ တိုင်းပြည်အုပ်ချုပ်ရေး အာဏာရှိနေသ၍ အဂတိဆိုတာ မပျောက်နိုင်ဘူး ဆိုတာပါပဲ၊
ခေတ်စနစ်နှင့်အတူဆိုတာသည် အဲဒီ စစ်ဗိုလ်အုပ်ချုပ်ရေးခေတ်ကို ဆိုတာပါ။
သမတက အဂတိရောဂါကုသနည်းကိုလည်း ပြောလိုက်သေးတယ်၊ ခေတ်ပြောင်းစနစ်ပြောင်းမှာ စိတ်ဓါတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင့် သက်သာချောင်ချိရေး၊ တရားဥပေဒစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း အသိအမြင်မြှင့်တင်ရေးကိစ္စဆိုတဲ့ ဘက်စုံချဉ်းကပ်နည်းတွေနဲ့ ပညာပေးခြင်း၊ စည်းရုံးခြင်း၊ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်နေပြီဖြစ်ပါသတဲ့၊
လူကြားကောင်းတရားနာဆိုသလို ရေးသူက ရေးပေးတဲ့ မြန်မာစာအဘိဓါန်ထဲကစာတွေကို သမတက ဖတ်ပြတာဖြစ်ပြီး ခတ်တည်တည်နဲ့ သူခိုးအကျင့်စရိုက်တွေ ပျောက်အောင် တရားဟောရအုံးမယ်ဆိုတာမျိုးဖြစ်နေတယ်၊
ခိုးကျင့်ခိုးကြံစရိုက်တွေကို ခွာမချနိုင်တော့တဲ့ စစ်ဗိုလ်အာဏာပိုင် ဝန်ထမ်းတွေနဲ့ အကျင့်ပျက်တွေကို တရားဥပဒေပြဌါန်းပြီး ဥပဒေအတိုင်းအပြစ်ပေးအရေးယူမယ့် ကိစ္စကို ဝေ့လယ်ကြောင်ပတ်လုပ်ချင်လို့၊ တနည်းအားဖြင့် သူ့လူသူခိုးတွေကို ထွက်ပေါက်ပေးချင်လို့ ပေါက်ကရတွေလျှောက်ပြောနေတာသာဖြစ်တယ်။
ဒီနေရာမှာ အဂတိလိုက်စားတာ၊ လာဘ်ယူတာဆိုတဲ့ ကိစ္စသည် အာဏာရှင်စနစ်၏ လုပ်ဟန်ဖြစ်တယ်ဆိုတာ လူတွေသိနားလည်နေကြပြီ၊
စစ်အစိုးရအဆက်ဆက်လက်ထက်မှာ အဂတိမလိုက်စားသူ၊ လာဘ်ပေး လာဘ်ယူမလုပ်သူဆိုလျှင် အဆင့်မြင့်နှင့် အရေးပါရာထူးကို မရနိုင်ဘူး၊
အဆင့်မြင့် အရေးပါတဲ့ ရာထူးနှင့် လာဘ်မယူလျှင်၊ အဂတိကို ရှောင်လျှင် ပြုတ်လျှင်ပြုတ်၊ မပြုတ်လျှင်သေသွားနိုင်တယ်၊ ဒီနည်းဗျူဟာသည် အစိုးရဆိုးတို့၏ ဗျူဟာဖြစ်သလို အထူးသဖြင့် စစ်အစိုးရများကပိုပြီး ကျင့်သုံးတယ်။
သမတရဲ့ ဖတ်စာထဲမှာ ပိုဆိုးတာက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဆင့်အထိ အုပ်ချုပ်ရေးယန္တရားပြန်လည်တည်ဆောက်ရာမှာ ခေတ်အဆက်ဆက်စူးဝင်နေတဲ့ ဆူးချွန်တွေကို ဖယ်ရှားပစ်ဖို့ ခိုင်မာတဲ့ ဥပဒေတွေ နည်းဥပဒေတွေကို ပြောင်းလဲတည်ဆောက်ရတာဖြစ်ပါတယ်၊
ခေတ်ပြောင်းစနစ်ပြောင်း လုပ်ငန်းစဉ်ခိုင်မာလာတာနဲ့အမျှ အဂတိလိုက်စားမှုတွေဟာ သိသိသာသာလျှော့နည်း ပပျောက်သွားစေမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားဖွဲ့စည်းမှုကို ပြန်လည်တည်ဆောက်ရာမှာ အချိန်ယူပြီး ဆောင်ရွက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်တဲ့။
အောက်ခြေရပ်ကွက်ကျေးရွာကအစ အထက်ဗဟိုလ်က သမတရုံးအထိ ခေတ်အဆက်ဆက်စူးဝင်နေတဲ့ ဆူးချွန်တွေဆိုတာက ဘာလဲ၊ ပေါကြောင်ကြောင်စကားလုံးတွေကို ရေးသားတဲ့သူက ရေးပေးပြီး ဖတ်တဲ့သူက ဖတ်တယ်၊
သမတဆိုသူရဲ့ အရည်အချင်းလည်း ပေါ်လွင်တယ်၊
ဆူးချွန်တွေဖယ်ရှားဖို့ ခိုင်မာတဲ့ ဥပဒေတွေ နည်းဥပဒေတွေကို ပြောင်းလဲတည်ဆောက်နေတဲ့ ခေတ်ပြောင်းလုပ်ငန်းစဉ်တွေ ခိုင်မာလာလျှင် အဂတိတွေ လျှော့နည်းသွားမယ် ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားကို အချိန်ယူပြီး လုပ်ကိုင်နေရပါတယ်ဆိုတော့ စကားကြီး စကားကြယ်တွေ ပြောပြီး သူတို့ တစ်သက်စာ နှစ်သက်စာ အချိန်ယူမယ်လို့ ပြောလိုက်တာပါပဲ။
ပြီးတော့ သူတို့အစိုးရသစ်က ယခင်အစိုးရ၏ လစာနှုန်းအတိုင်းသာယူနေပါသည်လို့ ပြောလိုက်သေးတယ်၊
အဲဒီအစိုးရ အဖွဲ့ဝင်တွေ အားလုံးသည် လစာတခုတည်း အပေါ်မှာ ရိုးရိုးသားသားရပ်တည်နေကြလို့လား၊ သူတို့အစိုးရအဖွဲ့ဝင်တွေအားလုံးရဲ့ စီးပွားရေးနဲ့ ပိုင်ဆိုင်မှုငွေကြေးပမာဏကို ပြည်သူကို ချပြတဲ့ ထုံးစံ ရှိကြလို့လား၊ ရယ်စရာတွေ ပြောနေတယ်၊
ယခင်လစာအတိုင်း ယူပါတယ်တို့ တိုင်းပြည်ဆင်းရဲနေချိန်၊ လူတန်းစား ကွာဟမှုတွေကြီးမားနေချိန်မှာ သူတို့အတွက် အပိုကုန်ကျစရိတ်တွေ နည်းပါးအောင် စိတ်ရင်းနဲ့လုပ်ဆောင်နေပါတယ်တို့ ဆိုတဲ့စကားတွေဟာ အရှုးဖင်က နတ်စကားထွက်နေတာနဲ့တူတယ်၊ တော်တော်စိတ်ရင်းကောင်းတဲ့ သမတနဲ့ အစိုးရအဖွဲ့တဲ့လား။
၃ ဒဿမ ၃ ရာနှုန်း ဝန်ထမ်းတွေကို လစာတိုးမယ်ဆိုရင် ၉၆ ဒဿမ ၇ ရာနှုန်း ပြည်သူလူထုကိုလည်း ပြန်ပြီး ကြည့်ဖို့လိုတယ်တဲ့၊ အဲဒီလစာနှုန်း ကိစ္စကို လွတ်တော်ဥက္ကဌရွှေမန်းက ဖွလိုက်တယ်၊ သူ့ကိုယ်သူ ကယ်တင်ရှင်လိုလို ဂရုဏာသမားကြီးလိုလိုနဲ့၊ ပြီးတော့ သမတက တိုင်းသူပြည်သားတွေ မျက်နှာကိုလည်း ကြည့်ဖို့လိုပြန်သတဲ့၊ အဖွင့်နဲ့ အပိတ်နဲ့ လုပ်နေကြတာ၊ တကယ်တော့ လစာတိုးပေးဖို့ ဆိုတာ ဘာမှ အဓိကကျတဲ့ ကိစ္စမဟုတ်ဘူး၊ လစာတိုးလေ ပိုငတ်လေဆိုတာ စစ်အာဏာရှင်သက်တန်းတစ်လျှောက် အကြိမ်ကြိမ်သင်္ခန်းစာရခဲ့ပြီ မဟုတ်လား၊ လစာမတိုးပါနဲ့ ကိုကြီးရွှေမန်းရယ်၊ ကုန်ဈေးနှုန်းလေးကို ချပေးပြီး တည်ငြိမ်အောင် လုပ်ပေးပါလား၊ ကုန်ဈေးနှုန်း ချပေးပါလို့ ပြောရင် ဦးရွှေမန်းတို့ အသဲခိုက်အောင်နာတယ် မဟုတ်လား၊ ရှစ်ဆယ့်ရှစ်တွေကို ကုန်ဈေးနှုန်းကိစ္စကြောင့် နှစ်ရှည်ထောင်ဒဏ်တွေ ရက်ရက်စက်စက်ချခဲ့ဘူးတာ ဘာမှ မကြာသေးပါဘူး၊ လူထုကို အထင်သေးပြီး သမတက ပေါက်ကရတွေ ပြောနေတာသာဖြစ်တယ်။
ဆင်းရဲမွဲတေမှုကို ၂၀၁၅ မှာ ၂၆ ရာနှုန်းမှ ၁၆ ရာနှုန်း အထိလျှော့ကျအောင် အင်ဂျီအိုအကူအညီနဲ့ လုပ်အုံးမယ်တဲ့၊
ဘယ်အင်ဂျီအိုရဲ့ အကူအညီကိုမှ ယူစရာမလိုပါဘူး၊ ဒီမိုကရေစီစနစ်ကိုပဲ တိတိကျကျဖော်ဆောင်ပြီး လိုက်နာကျင့်သုံးလိုက်ပါ၊
ဒါမှမဟုတ် ဒေါ်စုနဲ့ အင်အယ်ဒီကို မှန်ကန်တဲ့ လုပ်ပိုင်ခွင့်တွေ ပေးအပ်လိုက်ဆန်းပါ၊ ချက်ချင်း ပြည်သူလူထုဆင်းရဲမွဲတေမှုဘဝမှ လွတ်မြောက်ပါလိမ့်မယ်၊ မြန်မာပြည်အကြောင်းကို တကမ္ဘာလုံးသိကြတယ်၊ အစိုးရ မကောင်းလို့ မွဲတေသွားတာ။
ပညာရေးဘက်မှာလဲ အွန်လိုင်းစာကြည့်တိုက်တွေ ဖြစ်အောင်လုပ်နေပြီတဲ့၊ ရယ်စရာကောင်းလှတယ်၊ ကျောင်းသုံးစာအုပ်တောင် လုံလောက်အောင် ဆောင်ရွက်ပေးပါအုံး၊ ဆရာ ဆရာမကို လာဘ်မယူဖို့ အရင်ပြောပေးပါအုံး သမတကြီးရယ်။
အခြေခံမူကြီး သုံးချက်ကို ခဏဘေးဖယ်ထားပါအုံး။ လွတ်လပ်ပြီး လူသား ဂုဏ်ရည်မြင့်မားတဲ့ ဒီမိုကရေစီ လူ့ဘောင်ကြီး ဖြစ်ပေါ်လာရေးအတွက် အခြေခံအကျဆုံးက ဥပဒေ စိုးမိုးရေးဖြစ်တယ်လို့ သမတက ဆိုပြန်တယ်၊
အမှတ်တမဲ့ နားထောင်လျှင်တော့ ဟုတ်သလိုလိုပဲ၊ သေသေချာချာသုံးသပ်လိုက်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ လူ့ဘောင်လို့ မသုံးနှုန်းဘဲ *တရားမျှတတဲ့* ဆိုတဲ့ စကားစုနေရာမှာ လူသားဂုဏ်ရည် လို့ သုံးနှုန်းထားတယ်၊
နောက်တချက်က *တရားဥပဒေစိုးမိုးရေး* ဆိုတဲ့ စကားကို မသုံးဘဲ *ဥပဒေ စိုးမိုးရေး* လို့ပဲ သုံးထားတယ်၊
တရားမျှတမှုတို့ တရားတို့ ဆိုတဲ့ စကား အသုံးအနှုန်းတွေကို ရှောင်ပြီးပြောနေတာကို တွေ့ရတယ်၊ ဒါကြောင့် တရားမျှတမှုဆိုတာကို အစိုးရသစ်က ကြောက်နေတာတွေ့ရပါတယ်။
လွှတ်တော်အရပ်ရပ်က ဥပဒေတွေ ရေးဆွဲပြဋ္ဌါန်းပြီး ဒီဥပဒေများနဲ့ အညီ ကျနော်တို့ အစိုးရက အုပ်ချုပ်၊ ဒီဥပဒေနဲ့ အညီတရားရေး မဏ္ဏိုင်က လိုက်နာဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်တဲ့။
ဟုတ်ပါတယ် သမတကြီးပြောတာက ဆောင်ရွက်ကြရမယ့် လုပ်ငန်းစဉ်အတွက် မှန်ပါတယ်၊ ဒါပေမယ့် အနှစ်သာရပိုင်းဖြစ်တဲ့ လွှတ်တော်အရပ်ရပ်ဆိုတာ အမှန်တကယ် ပြည်သူက တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်ဖြစ်ရပါမယ်၊
အမှန်တကယ် ပြည်သူအများစုက ထောက်ခံအတည်ပြုထားတဲ့ ဖွဲ့စည်းပုံလည်းဖြစ်ရပါမယ်၊
ဒီအချက်ကို ရှောင်ပြီး ဒါမှမဟုတ် ဒီအချက်ကို သာမန် နေရာမှာသာထားပြီး ပြောနေတဲ့ လွှတ်တော်အရပ်ရပ်တို့ ဥပဒေတို့ ဆိုတာတွေကတော့ အပေါ်ယံ ရွှေမှုန်ကျဲနေတာပါ၊
ပြီးတော့ ဥပဒေနဲ့ အညီဆိုရာမှာ သမတဟာ Rule of Law ကို ထပ်ခါထပ်ခါပြောနေတယ်၊
Rule က စည်းမျဉ်းစည်းကမ်း၊ Law က သတ်မှတ်ပြဋ္ဌါန်းထားတဲ့ ဥပဒေပေါ့၊ စည်းမျဉ်းစည်းကမ်း ဥပဒေဆိုတာ ဘယ်သူက ဘယ်သူ့အတွက် ချမှတ်ပြဋ္ဌါန်းတာလဲဆိုတဲ့ အချက်က အရေးကြီးပါတယ်၊
ဥပဒေရဲ့ အထက်မှာ မည်သူမျှ မရှိရသလို တိုင်းသူပြည်သားအားလုံးအတွက် တပြေးညီ အကျိုးရှိစေမယ့် ဥပဒေမျိုး၊ အများဆန္ဒနဲ့ အတည်ပြုပြဋ္ဌါန်းထားတဲ့ ဥပဒေမျိုးသာ ဖြစ်ရမယ်၊
ဒီလိုမဟုတ်ရင် Rule of Law ဆိုတာ တရားမျှတတဲ့ သဘော မဖြစ်တော့ဘဲ အနိုင်ရလူတစုက အများပြည်သူကို ဖိနိပ်တဲ့ အနိုင်ကျင့်တဲ့ ဗိုလ်ကျလွှမ်းမိုးတဲ့ Rule of Law သာဖြစ်သွားတယ်၊ အခု သမတက ဘယ်လို Rule of Law ကိုပြောနေတာလဲ ဆိုတာ မရှင်းပါဘူး၊ ရောချနေတာတွေ့ရတယ်။
သမ္မတက ရောချပြောဆိုနေတဲ့ Rule of Law နဲ့ ဒီမိုကရေစီ ရှင်သန်ဖို့မဖြစ်နိုင်သလို စုပေါင်းဆောင်ရွက်စရာလည်း လိုမည်မဟုတ်ပါဘူး။
ကျနော်တို့အားလုံး ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်နေစိတ်ထား အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမယ်လို့ သမ္မတက ပြောတယ်၊ ဟုတ်ပါတယ် မှန်ပါတယ်၊ အဲဒီ့စကားက ဒီမိုကရေစီကို ဖျက်ဆီးထားတဲ့ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ အာဏာပိုင်တွေနဲ့ ပိုပြီး သင့်တော်တယ်၊ အဖျက်ဆီးခံထားရလို့ ပျက်စီးနေရတဲ့ ပြည်သူတွေအတွက်က အလွယ်တကူ ပြုပြင်နိုင်သလို ဒီမိုကရေစီကို မြတ်နိုးလို့ တောင်းဆိုနေတာက ပြည်သူတွေသာဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့အားလုံးလို့ ဆိုတဲ့နေရာမှာ စစ်အာဏာရှင်တွေနဲ့ ပြည့်သူ့မျက်နှာကို မကြည့်တဲ့ အချောင်သမား အတ္တသမားတွေကို အထူးရည်ညွှန်းတာ ဖြစ်သင့်ပါတယ်၊ ပြည်တွေလည်း ကျနော်တို့နဲ့ အတူတူပါပဲဆိုတဲ့ သဘောမျိုးနဲ့တော့ မပြောပါနဲ့။
ခေတ်ပြောင်းပြီ စနစ်ပြောင်းပြီဆိုတာကို အားလုံးယုံယုံကြည်ကြည် လက်ခံနိုင်ရင် နောက်ကြောင်းက အတွေးအခေါ်ဟောင်းတွေဟာလည်း အပြန်အလှန် ထိမ်းကျောင်းမှုနဲ့ အဖြည်းဖြည်းချင်း ပပျောက်သွားမှာဖြစ်ပါတယ်လို့ ဆိုရာမှာတော့ ခေတ်ပြောင်းပြီ စနစ်ပြောင်းပြီဆိုတာကို အားလုံးက ယုံယုံကြည်ကြည်လက်ခံနိုင်ဖို့ ဆိုတာသည် လက်ရှိအာဏာပိုင်များအပေါ်မှာပဲ မူတည်နေပါတယ်၊
လက်ရှိအာဏာပိုင်တွေနဲ့ သမ္မတကြီးတို့ နောက်တုံးက ပြုလုပ်ထားတဲ့ အမှားတွေကို ထားပါအုံး၊
ယ္ခုလက်ရှိအချိန်မှာ ဘာတွေဘယ်လောက်ပြုပြင်ပြီးပြီလဲ၊ ရှေ့ရေးမှာ ပြည်သူလူထုအတွက် ဘယ်လောက်စိတ်ချယုံကြည်လောက်တဲ့ အလုပ်တွေကို လုပ်ပြနေကြပြီလဲဆိုတာကို ပြည်သူလူထုက မျက်စိဒေါက်ထောက်ပြီးကြည့်နေကြတာပါ၊
အခုအထိတော့ ပြည်သူရော နိုင်ငံတကာကပါ အားရကျေနပ်တဲ့ အဆင့်မျိုးကို လုံးဝမရောက်သေးတဲ့ အပြင် ဒီမိုကရေစီရရှိရေးအတွက် လွှတ်တော်တွင်း လွှတ်တော်ပမှာ ကြိုးပမ်းနေကြရဆဲပါ၊ အစိုးရကို ယုံပြီး ပုံအပ်ဖို့ဆိုတာ ဝေးပါသေးတယ်၊
ပြည်သူလူထု တရပ်လုံး နောက်ကြောင်းမှာ ခံစားခဲ့ကြရတဲ့ ခါးသီးလှတဲ့ ဝေဒနာတွေမှ ဖြစ်ပေါ်ခဲ့ရတဲ့ အတွေးအခေါ်ဟောင်းတွေကို ဘယ်လိုပပျောက်အောင် အပြန်အလှန် ထိန်းကျောင်းမှု့တွေ ပြုလုပ်မှာလဲ၊
တဖြည်းဖြည်းချင်း ပပျောက်သွားမှာ ဖြစ်တယ်ဆိုတာကရော၊ ဘယ်အချိန်အတိုင်းအတာ ဆွဲချင်နေတာလည်း၊ အမြန်အဆန် ပပျောက်ရမှာပေါ့လို့ သမတက မပြောခဲ့တာ တွေ့ရပါတယ်၊
ဒါကြောင့်လည်း အစိုးရသစ်အပေါ်မှာ ယုံကြည်လို့မရကြသေးပါ။
သမတရဲ့ စကားထဲမှာ လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ စိတ်နေစိတ်ထား အမူအကျင့်တွေ ပြောင်းလဲစေဖို့ Rule of Law နဲ့ အားဖြည့်ရမယ်တဲ့၊ ဒီစကားကတော့ သိပ်ပြီး နိမ့်တဲ့ အတွေးအခေါ်က လာတဲ့ စကားပါ၊
စာရေးပေးသူရဲ့ သဘောထားရော စာဖတ်သူရဲ့ အရည်အချင်းပါ ပေါ်လွင်တယ်၊ မြန်မာလူထုတွေရဲ့ စိတ်နေစိတ်ထား အမူအကျင့်တွေ ပြောင်းလဲစေဖို့မှာ စည်းမျဉ်းဥပဒေတွေနဲ့ လုပ်ကိုင်ရလောက်အောင် နိမ့်ကျတဲ့ လူမျိုးမဟုတ်ဘူး၊
နဂိုလ်ကတည်းက ယဉ်ကျေးမှုစိတ်နေသဘောထား အမူအကျင့်တွေဟာ အဆင့်မြင့်ပြီးသား လူမျိုးဖြစ်တယ်၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ရေး စနစ်တွေပျက်ပြားခဲ့လို့သာ လူထုကြီး တရပ်လုံး ကိုယ်ရော စိတ်ပါ ဆင်းရဲနေတာဖြစ်တယ်၊
ဒါတောင် မြန်မာနိုင်ငံသားတွေဟာ အလွန်ရောင့်ရဲ နိုင်ကြတယ်၊ ဆန်မစားရလဲ ဆန်ကွဲပဲစားတာပေါ့ဆိုတဲ့ လူမျိုးဖြစ်တယ်၊
ဒါကြောင့် Rule of Law ဟာ အုပ်ချုပ်သူ လူတန်းစားကျင့်သုံးရမှာဖြစ်ပြီး ပြည်သူအတွက်ကတော့ အုပ်ချုပ်သူသာ တရားစောင့်လျှင် အလိုလိုပဲ စိတ်နေစိတ်ထား အမူအကျင့်တွေ ပြောင်းလဲကြပါတယ်၊
လူ့အဖွဲ့အစည်း တရပ်လုံးအတွက် သမတကြီး စိုးရိမ်ရမှာ မဟုတ်ပါဘူး။
နောက်တချက်ပြောပါအုံးမယ်၊ အမျိုးသား အကျိုးစီးပွါးကို ထိမ်းသိမ်းစောင့်ရှောက်မြှင့်တင်ရာမှာ ခေတ်အဆက်ဆက် မှန်ကန်စွာ ကျင့်သုံးခဲ့တဲ့ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒကိုပဲ ဆက်လက်ကျင့်သုံးမည်လို့ ဆိုတဲ့ သမတရဲ့ စကားသည် သွက်သွက်ခါအောင် မှားနေတယ်လို့ပဲ ဆိုရပါတော့မယ်၊
ခေတ်အဆက်ဆက်မှာ မှန်ကန်စွာ ကျင့်သုံးခဲ့တဲ့ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒဆိုတာ ဘာကို ဆိုလိုတာလဲ၊ ဘယ်ခေတ်မှာ ဘယ်လို နိုင်ငံခြားရေး မူဝါဒတွေကို ကျင့်သုံးတယ်ဆိုတာကို သမတကိုယ်တိုင် ခွဲခြားနားလည်ဖို့လိုတယ်။
ဖ.ဆ.ပ.လ ခေတ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အားကောင်းချက်ရှိသလို အားနည်းချက်လည်း ရှိခဲ့တယ်။
ဗိုလ်နေဝင်း မ.ဆ.လ ခေတ်မှာတော့ အားနည်းချက်က ကြီးမားလှပြီး ဘက်မလိုက်အဖွဲ့ထဲ ဝင်လိုက် ထွက်လိုက်လုပ်ပြီး စစ်အာဏာရှင် စနစ်ခိုင်မြဲဖို့ လုပ်ခဲ့ရတယ်၊
ဒါကြောင့် ခေတ်အဆက်ဆက်မှာ မှန်ကန်စွာ ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒဆိုတာ မရှိခဲ့ပါဘူး၊ မှန်ကန်တဲ့ နိုင်ငံခြားရေးမူဝါဒ ဆိုတာ အဲဒီ့တိုင်းပြည်ရဲ့ တည်ငြိမ်မှုတိုးတက်မှု့နဲ့ပဲ တိုင်းတယ်၊
အခုအစိုးရက ကျင့်သုံးမယ့် နိုင်ငံခြားရေး မူဝါဒ ကောင်း မကောင်းဆိုတာကိုလည်း တိုင်းပြည်ဘယ်လောက်တိုးတက်တည်ငြိမ်ပြီး လူထုတရပ်လုံး ဘယ်လောက် ကျေနပ်ပြီး စိတ်ချမ်းသာရမလဲဆိုတာနဲ့ပဲ ကြည့်ရပါလိမ့်မယ်။
ရှေ့က လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒဆိုတာနဲ့ လုံလောက်မှန်ကန်ပြည့်စုံမှု့မဖြစ်နိုင်ဘူး။
သမတရဲ့ မိန့်ခွန်းရှည်ကြီးရဲ့ နောက်ဆုံးမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးအောင်မြင်ရှင်သန် ခိုင်မာတဲ့ အဆင့်ကို ရောက်ဖို့ ကျနော်တို့ နောက်ထပ်များစွာ ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်တယ်ဆိုပဲ။
ဒီစကားကတော့ အင်မတန်ကြောက်စရာကောင်းလှပါတယ်၊ နောက်ထပ်များစွာဆိုတာ ဘယ်လောက်ဘယ်မျှကြာမည်ဆိုတာတောင် ခန့်မှန်းဖို့ ခက်သွားပါပြီ။
နောက်ထပ်များစွာဆိုတာ အကန့်အသတ်မရှိဘူးလို့ ပြောလိုက်တာပါပဲ၊ သမတရဲ့ မိန့်ခွန်းရှည်ကြီးထဲမှာ အများကြီးကြိုးပမ်း ရအုံးမည်ဆိုတာကို ထပ်ခါတလဲလဲ သုံးထားတာကိုကြည့်ရင် ဒီမိုကရေစီကို လွယ်လွယ်နဲ့ မြန်မြန် မဖေါ်ဆောင်ဘူးဆိုတာ သေချာနေပါပြီ။
နောက်ဆုံးအနေနဲ့ ပဏာယူသွားတာက သူတို့ကိုယ်သူတို့ အသက်နဲ့ခန္ဓာကို စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစ္စာပြုထားသူများ ပီပီ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးပမ်းသွားကြမယ်တဲ့။
စစ်အစိုးရ အဆက်ဆက်နှိပ်စက်ခံထားရလို့ လူလုံးမလှဘဲ အပူလုံးကြွနေရတဲ့ ပြည်သူလူထုကြီး တရပ်လုံး ပြန်လည် နွားလံထူလာနိုင်ရေးအတွက် အသက်နဲ့ ခန္ဓာကို စွန့်လွှတ်ပေးဆပ်ကြမှာလား၊ ဒါမှမဟုတ် ဘယ်သူ့အတွက် ကာကွယ်စောင့်ရှောက်ဖို့ စွန့်လွှတ်ပေးဆက်ကြမှာလား ဆိုတာကတော့ ကွဲပြားဖို့လိုပါတယ်၊ ပြည်သူတရပ်လုံးကတော့ စောင့်ကြည့်ရင်းနဲ့ အတူ ဒီမိုကရေစီရရှိရေးအတွက် အားသွန်ခွန်စိုက် လုပ်စရာရှိတာတွေ ဆက်လက်လုပ်ကြရမှာပဲဖြစ်ပါတယ်။
ဒီတော့ သမတရဲ့ တနှစ်သက်တန်း မာရသွန် မိန့်ခွန်းရှည်ကြီးကို အနှစ်ချုပ်ရလျှင်တော့ ရေးသားပေးသည့် ပုဂ္ဂိုလ်သည် အတော်ကလေး ဂရုတစိုက်နဲ့ ဆင်ခြင်သုံးသပ်ပြီး ယျေဘူယျသဘောဆောင်သော၊ မြန်မာစကားလုံးများကို ဝေဝေဆာဆာ သုံးပြီး အစွန်းလွတ်အောင် ကြံဆောင်ရေးသားထားတာကို တွေ့ရပါတယ်၊ စစ်ဦးစီးအစိုးရအနေနဲ့ အများလည်း ကြားလို့ကောင်းအောင် သူတို့ထွက်ပေါက်လှပြီး အချိန်ယူနိုင်အောင်နှင့် နောက်ဆုံးမှာ ဒီမိုကရေစီဆိုတာကို လိုသလို ဆွဲယူ ပုံဖေါ်အသုံးချပြီး ဈေးကွက် စီးပွါးရေးမှာ စစ်အာဏာရှင်ဟောင်းနှင့် သူတို့ အသိုင်းအဝိုင်းက ကြီးပွါးပြီး လူတစ်စုက လက်ဝါးကြီးအုပ်မယ့် ပုဂ္ဂလိက စီးပွါးရှင်ကြီးများ ဆက်လက်ကောင်းစားရေးကိုပဲ ဦးစားပေး ဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် ဒီအကူးအပြောင်းအတွက် စိတ်ချရရေးနှင့် ခိုင်မာတည်တံ့ရေး ဖြစ်အောင် အချိန်ယူဆောင်ရွက်မည်သာဖြစ်ပါကြောင်းကို လေ့လာတွေ့ရှိပါသည် ခင်ဗျား။ ။
--ဦးဖိုးသာအောင် -------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
0 comments:
Post a Comment