Friday, March 2, 2012

ဂျုံးဂျုံးကျနေသော ကားအိုတစ်စီး (သို့) ကျနော်တို့ မြို့ပြအား အင်ဂျင်ပြန်ချသောအခါ.......

by Thar Lay on Friday, March 2, 2012 at 12:05pm ·
 
နောက်ခံအကြောင်း
နိုင်ငံရပ်ခြားကို နှစ်ရှည်လများသွားပြီး ပြန်လာတဲ့ မြန်မာတစ်ယောက်ဟာ လေဆိပ်ကထွက်လာရင် ခံစားရတဲ့ feeling (၂) ခုရှိပါတယ်...တစ်ခုက ငါ့မြေငါ့ရေ၊ ငါ့မိသားစုဆီ ပြန်ရောက်ပြီဆိုပြီး ကြည်နူးနှစ်သိမ့်မှုနဲ့ နောက်တစ်ခုကတော့ ကိုယ်နေခဲ့ဘူးတဲ့ တိုင်းပြည်တွေနဲ့ ယှဉ်ရင် ငါတို့ရဲ့ ရန်ကုန်ဟာ ဂျုံးဂျုံးကျနေတဲ့ ကားပျက်ကြီးတစ်စင်းလို ဖြစ်နေခဲ့ပါပေါ့လားလို့ တွေးမိရင်း ရင်နင့်မိတာပါ။
မိမိအာဏာတည်မြဲဘို့ လူတွေရဲ့ အကျင့်စရိုက်ကို ဖျက်ဆီးခံလိုက်ရပြိးတဲ့နောက် ပိုနှမြောဘို့ကောင်းတာက လူတွေရဲ့ စိတ်ဓါတ်ပါ အဖျက်ဆီးခံလိုက်ရတာပါ။
လမ်းလယ်ခေါင်မီးပွိုင့်နဲ့ မလှမ်းမကမ်းမှာ ရပ်ပြီးလူတင်နေတဲ့ ဘတ်(စ)ကားတွေ၊ ခေတ်မကောင်းလို့ဆိုပြီး တွင်တွင်ညည်းရင်း ကားတစ်စီးပြီးတစ်စီး ၀ယ်စီးနေတဲ့ ကျနော့်သူငယ်ချင်း စည်ပင်နဲ့ လမ်းတံတားအင်ဂျင်နီယာတွေ၊ ပလက်ဖောင်းသည် လမ်းလျှောက်ရန်မဟုတ်၊ ဈေးရောင်းရန်သာဖြစ်သည်လို့ခံယူထားတဲ့ လမ်းဘေးဈေးသည်တွေ၊ ကားရပ်မပေးတဲ့ လူကူးမျဉ်းကြားက မကူးရဲလို့ သင့်ရာကကူးရင်း အဖမ်းခံကြရတဲ့ ခရီးသွားပြည်သူတွေကြောင့် ပြင်လိုစိတ်ရှိတဲ့ အုပ်ချုပ်သူတစ်ယောက်များတက်လာခဲ့ရင်ဆိုတဲ့ မရဲတရဲမျှော်လင့်ချက်နဲ့ ကျနော် blog လေးတစ်ခုရေးဖြစ်ခဲ့ပါတယ်။

အခု post ဟာ ကျနော်Blogကို မှီငြမ်းပြိး ဖြည့်စွက်ထားတာပါ။

 ဂုံးကျော်တံတားများ နှင့် လှိုဏ်ခေါင်းများ
ခေတ်မီမြို့ပြတွေမှာ တစ်နေ့တစ်ခြားထူထပ်လာတဲ့ ကားကြပ်တဲ့ပြဿနာ၊ ခရိးသွားပြဿနာတွေကို ဖြေရှင်းဘို့ ကြိုးစားကြရာမှာ ဂုံးကျော်တံတားများ ၊ မြေအောက်လှိုဏ်ခေါင်းများ ဆောက်လုပ်ပြီး ဖြေရှင်းကြတာဟာလည်း နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းကိုသုံးရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတော့ မတူညီကြပါဘူး။ ကိုယ့်မြို့ပြရဲ့ အခြေအနေပေါ်မူတည်လို့ ကွာခြားကြပါတယ်။ ကျနော်ဆိုလိုတာက နည်းစံနစ်မဟုတ်ပါဘူး။ မဟာဗျူဟာ ရွေးချယ်မှုပါ။ ဒီနေရာမှာ အခုတစ်လော နိုင်ငံတော်အာဏာပိုင်များက ပြောသလို စင်္ကာပူလိုဖြစ်အောင်ကြိုးစားမယ်လို့ဆိုပြီး သူနဲ့တစ်ထပ်တည်းတူအောင် အတုယူစရာမလိုပါဘူး။ "စု-တု-ပြု" ကြရမှာပါ။ သူတို့အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ထားတာတွေကို သွားလေ့လာ၊ အတုယူသင့်တာကို အတုယူပြီး ကိုယ့်ပုံစံကို ဗျူဟာချရမှာပါ။ လုပ်တာကနောက်၊ ဗျူဟာကအရင်ပါ။ သမ္မတကြီးက လုပ်ပေးပါပြောတိုင်းလည်းချက်ချင်းထလုပ်စရာမလိုပါဘူး။ ရေရှည်စီမံကိန်းချပြီး ဘတ်ဂျတ်ခွဲဝေကာ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ရမှာပါ။
ကဲ- ကျနော်တို့ အိမိနီးချင်းတိုင်းပြည်တွေက မြို့ပြတွေကို တစေ့တစ်စောင်း ကြည့်ရအောင်



ထိုင်းနိုင်ငံ ဘန်ကောာက်
ထိုင်းတွေက ဘန်ကောက်မြို့တော်ကလမ်းတွေကို ယာဉ်ထူထပ်တဲ့နေရာတွေမှာ မဟာဗျူဟာလမ်းမကြီး နဲ့ ဗဟာဗျူဟာလမ်းငယ်ဆိုပြီး ခွဲခြားလိုက်တယ်။ ဥပမာပြရရင် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတို့ဟာ လမ်းမကြီးဖြစ်ပြီး မြေနီကုန်းနဲ့ လှည်းတန်းတို့ဟာ လမ်းငယ်ပေါ့ဗျာ။ အဲဒီလမ်းမကြီးနဲ့ လမ်းငယ်ဆုံတဲ့နေရာရောက်တိုင်း လမ်းမကြီးဖက်ခြမ်းမှာ ခုံးကျော်ထားထားပေးတယ်။
super busy လမ်းတွေဆိုရင်တော့ အရေးမပါတဲ့ လမ်းသွယ်တွေနဲ့ ဆုံတဲ့နေရာတွေမှာတောင် ခုံးကျော်ဆောက်ထားပေးတယ်။
 
ဗန်ကောက်မြို့တော်မှ အထင်ကရ မိုးပျံတံတားတစ်ခု...



ဒါပေမယ့် မြို့လည်ခေါင်ရပ်ကွက်တွေမှာ နေ့လည်နေ့ခင်းတောင် ပက်ကျိနှုံးနဲ့ရွေ့နေတဲ့ ကားမြစ်ကြီးတွေကြောင့် ဘန်ကောက်ဟာ ကမ္ဘာပေါ်မှာ ကားအကျပ်ဆုံးမြို့တော်အဖြစ် နံမည်ဆိုးနဲ့ ကျော်ကြားတုန်းပါဘဲ။ ဒါပေမယ့် သူတို့ စိတ်ဓါတ်မကျပါဘူး။ ပုံမှာမြင်ရတဲ့အတိုင်း မိုးပျံတံတားတွေကို အင်တိုက်အားတိုက်ဖောက်လုပ်ဆဲပါဘဲ။
ဒါပေမယ့် မြို့တော်တွင်းကားနဲ့ လူဦးရေတိုးပွားလာမှုနှုန်းက ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ အခြေခံအဆောက်အအုံတွေပြီးစီးနှုန်းထက်ကျော်လွန်နေတုန်းပါဘဲ.........
တစ်ခါတစ်ရံမှာ တစ်ကီလိုမီတာရွေ့ဘို့ တစ်နာရီကျော်ကြာရတယ်ဆိုတဲ့ complaints တွေဟာ ကြားနေကျ သံစဉ်ဟောင်းတေးတစ်ပုဒ် ဖြစ်နေခဲ့ပါပြီ။
 
ပက်ကျိနှုန်းနဲ့ ရွေ့နေသော ကားမြစ်တစ်စင်း...
လမ်းတွေကို ဘေးသို့ထပ်ချဲ့ဘို့ မဖြစ်နိုင်တော့တဲ့အခါ ဒေါင်လိုက်ချဲ့လာကြပါတယ်။ ထိုင်းမှာ အသစ်ဆောက်လုပ်ပြီးနဲ့ ဆောက်လုပ်ဆဲ Expressways တွေဟာ မိုးပျံတံတားတွေဖြစ်လို့လာပါတယ်။ ဘန်ကောက်ဟာ နိုင်ငံတကာစံညွှန်းတွေအရ စင်္ကာပူပြီးလျှင် အရှေ့တောင်အာရှမှာ ဒုတိယဈေးအကြီးဆုံး Mega City ဖြစ်ပါတယ်။ လမ်းတွေကို အသစ်ဖောက်လုပ်ဘို့ လက်ရှိအိမ်ခြံမြေတွေကို ဖယ်ရှားဘို့က အလျော်အစားများလာတဲ့အခါ လမ်းတွေကို မိုးပေါ်က သွားဘို့ကလွဲပြိး အခြားကုန်ကျစံရိတ်သက်သာတဲ့ နည်းလမ်းမရှိတော့ပါဘူး။ မြေအောက်ဥမင်လမ်းတူးရတာက ပိုကုန်ကျစံရိတ်များပြီး နည်းပညာပိုမိုရှုပ်ထွေးလို့ပါ။ ဒီအတွက်ပေးဆပ်ရတဲ့ တန်ဘိုးက မြို့ရဲ့အလှအပနေရာတွေနဲ့ အဆောက်အဦးအချို့ဟာ ဒီတံတားကြီးတွေကြောင့် အနီးကပ်မြင်ကွင်းကွယ်သွားပါတယ်။


ဘန်ကောက်ဟာ ပင်လယ်ပြင်အထက် ၆.၅-ပေဘဲမြင့်ပါတယ်။ ကောလဟလအချို့က ဘန်ကောက်ဟာ နုံးမြေပေါ်မှာတည်နေပြီး တစ်နှစ်ကို (၂)လက္မ နှုန်းနဲ့ မြေကြီးထဲကျွံဝင်နေတာကြောင့် (၂၀၃၀) မှာ ပင်လယ်ရေအောက်စုံးစုံးမြုပ်သွားတော့မှာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းဘန်ကောက်ရေကြီးမှု ပြဿနာကို ရင်ဆိုင်ရတဲ့အခါ ဒီကောလဟလခန့်မှန်းချက်အပေါ်စိုးရိမ်မှုတွေ ဟာ ဒေသခံတွေကော ပြည်ပရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာပါ ဖိစီးလို့လာခဲ့ပါတယ်။

ဒီနေရာမှာ ဖြတ်ပြီး အခုခေါင်းစဉ်နဲ့ တိုက်ရိုက်မဆိုင်သော်ငြား ကျွန်တော်တို့နဲ့ သွယ်ဝိုက်ဆက်စပ်နေသော လေကြောင်းပို့ဆောင်ရေးအပိုင်းကိုတင်ပြချင်ပါတယ်။


 
ဗန်ကောက်မြို့ရေကြီးစဉ် ဒွန်မောင်းလေဆိပ်အတွင်း ရေနစ်နေသော လေယာဉ်များ....

ပြီးခဲ့တဲ့နှစ်က ဘန်ကောက်မှာရှိတဲ့ အင်တာနေရှင်နယ်လေဆိပ် ဒွန်မောင်း ရေကြီးလို့ လေယာဉ်တွေ ရေနစ်ဆုံးရှုံးရတဲ့အခါ ရေကလည်းရုတ်တစ်ရက်မကျတဲ့အခါ ဘန်ကောက်က လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီအချို့ဟာ ရန်ကုန်လေဆိပ်နားတစ်ဝိုက်ကမြေတွေကို လာရောက်ငှားရမ်းကြပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုတော့ ဘန်ကောက် bottle neck ဖြစ်တဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေက ရန်ကုန်ကို စဉ်းစားတယ်ဆိုတာ သွားတွေ့ပါတယ်။ ကဲဗျာ မိုးမပြိုဘူး ပြိုခဲ့မယ်ဆိုရင်ကောဗျာ။

ဆိုကြပါစို့- ဘန်ကောက်မြို့ကြီး ပင်လယ်ရေအောက်ရောက်ခဲ့မယ် ဆိုရင်ကောဗျာ ။ ရင်းနှီးမြှုပ်နှံသူတွေ ရွှေ့မယ့်နေရာကို ရန်ကုန်ဖြစ်စေမလား ။ ဒါမှမဟုတ် ဖနွမ်းပင်အဖြစ်ခံမလား ကျနော်တို့ ရွေးရပါမယ်။

 နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြဆိုတဲ့ အညွှန်းကိန်းတွေဟာ လမ်းတံတားနဲ့ ပို့ဆောင်ရေးကဏ္ဏမပါလို့မပြီးပါဘူး။ ကျွန်တော်တို့ရဲ့ရန်ကုန်ဟာ ပထမတန်းစားရန်ကုန်ဖြစ်လာဘို့ ကျနော်တို့မှာ ဘတ်ဂျက်လိုတယ်။ စေတနာမှန်တဲ့ အတွေ့အကြုံရင့်ကျက်တဲ့ပညာရှင်တွေလိုတယ်။ အလိုအပ်ဆုံးက စံနစ်တစ်ကျ စီမံခန့်ခွဲတတ်တဲ့ ခေါင်းဆောင်လိုတယ်။
စင်္ကာပူက အာဏာရှင် လီမိသားစုက အရှေ့တောင်အာရှ လေကြောင်းပို့ဆောင်ရေးကဏ္ဏမှာ ထိပ်ဆုံးကပြေးနေတဲ့ ဟောင်ကောင်နဲ့ ဘန်ကောက်ရဲ့ ဝေစုကိုခွဲယူဘို့ စံနစ်တစ်ကျ စီမံပါတယ်။ 2010 Annual report အရ ချန်ဂီဟာ ၂၀၀၉ ခုနှစ်ကထက် ၁၃% တိုးပြီးခရီးသည် ၄၂သန်းကို ၀န်ဆောင်မှု ပေးကာ ကမ္ဘာပေါ်က ခရီးသွားအများဆုံးဝင်ထွက်တဲ့စာရင်းမှာ အဆင့် ၁၈ချိတ်ပါတယ်။ ဘန်ကောက်က ၄၃သန်းနဲ့ အဆင့်(၁၇)ပါ။ ကျနော်တို့ ရန်ကုန်လေဆိပ်ဟာ ခရီးသည် ၄.၂သန်း မပြောနဲ့ ၊ ၄သိန်း၂သောင်းကို ၀န်ဆောင်မှုပေးတာတောင် မနိုင်နင်းသေးပါဘူး။ အဆ(၁၀၀) ကွာဟနေတဲ့ ပမာဏပါ။ ရန်ကုန်လေဆိပ်ဟာ ထပ်ချဲ့ဘို့ မြေနေရာ အကန့်အသတ်ရှိပါတယ်။ ဒါကျနော့်အမြင်ပါ။ အခုလေယာဉ်ရုံတွေလုပ်ထားတဲ့ ပြည်လမ်းတစ်ဖက်ခြမ်းအထိ ချဲ့မယ်ဆိုရင်တော့ ပြည်လမ်းကို တစ်ခြားကို ကွင်းရှောင်ပြိး ပြန်ဖောက်ပေးရပါမယ်။ ပဲခူးအထိဆိုရင်တော့ နည်းနည်းဝေးသလားလို့ဗျာ။ လေဆိပ်က ရန်ကုန်မြို့ထဲအရောက်(၂)နာရိမောင်းဘို့ဆိုတာ ဘယ်မှာမှ မကြားဘူးပါဘူး။

စင်္ကာပူ


 
စင်္ကာပူမြို့တော်၏ မာရီနာ ပင်လယ်အော် နှင့် Marina Bay Sand Hotel and Casino
စင်္ကာပူ နိုင်ငံမှာတော့ မြို့ထဲလမ်းတွေမှာ ခုံးကျော်တံတားဆောက်လုပ်တာရှားပါတယ်။ ဒီအစား မြို့နယ်တွေဘေးကပတ်ဖောက်ထားတဲ့ အမြန်လမ်းတွေကို ဦးစားပေးပြီး ဖောက်လုပ်ပါတယ်။ အဲဒီအမြန်မောင်းလမ်းတွေဟာ ရပ်ကွက်ကြီး (သို့) မြို့နယ်ထဲဆင်းတဲ့အခါ Exit ဆိုတဲ့ လမ်းမြောင်တွေကနေ ဆင်းသွားပြီး သက်ဆိုင်ရာမြို့နယ်တွေထဲရောက်သွားပါတယ်။ Exit တိုင်းမှာ ခုံးကျော်တံတားရှိတယ်။  မြို့လယ်ခေါင်နေရာတွေမှာတော့ အမြန်မောင်းလမ်းဟာ လှိုဏ်ခေါင်းထဲရောက်သွားပါတယ်။ ရည်ရွယ်ချက်က မြို့လည်ခေါင် စီးပွားရေးရပ်ကွက်တွေက ကိုလိုနီခေတ်အဆောက်အဦးတွေရဲ့ အလှအပ နဲ့ ကုန်တိုက်ကြီးတွေ ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦးတွေကို မကွယ်အောင်လို့ပါ။

စင်္ကာပူ တောင်နှင့်မြောက်ကိုဆက်သွယ်ပေးထားသော Kalang-Payar Lebar Expressway (KPE) Tunnel
မြို့နယ်တွင်းက လမ်းတွေကတော့ ပုံမှန်မီးပွိုင့်ထားတဲ့ လမ်းဆုံတွေဘဲ ရှိပါတယ်။ ဒါတောင် မိုးရွာတဲ့အခါ နဲ့ အလုပ်သွားအလုပ်ပြန်အချိန်တွေမှာ အမြန်လမ်းမကြီးတွေပေါ်မှာတောင် တစ်ရွေ့ရွေ့ဘဲ သွားနိုင်ပါတယ်။ ယနေ့ ကျွန်တော်တို့ရွှေမြန်မာတွေ အားကျအထင်ကြီးတဲ့ စင်္ကာပူမှာတောင် သေသေချာချာမတွက်ချက်ဘဲ လောလော၊လောလောလုပ်လို့ အဓိက စီးပွားရေးရပ်ကွက်ဖြစ်တဲ့ Orchard Road ပေါ်မှာ ရေကြီးတာ (၂)နှစ်ရှိပါပြီ။ ကျွန်တော်မှတ်မိသလောက် Downtown Line မြေအောက်ရထားလမ်းအတွက် Kallang တူးမြောင်းပေါ်မှာ လုပ်ငန်းစကတည်းကပါ။ အခုတော့ Orchard လမ်းမကြီးကို မြှင့်၊ တူးမြောင်းအသစ်တွေပြန်တူးနဲ့ ကုစားနေရပါတယ်။

 
နံမည်ကျော် Orchard လမ်းမကြီး မိုးသည်းထန်ရွာရွာသွန်းမှုကြောင့် ရေကြီးနေစဉ်
ထို့နည်းတူ တရုတ်တန်းမှာ ဆောက်ပြီးတာ တစ်နှစ်လောက်ဘဲရှိသေးတဲ့ Flyover တစ်ခုပြန်ဖျက်ချလိုက်ရပါတယ်။ အသစ်ဆောက်မယ့် မြေအောက်ရထားလိုင်းလုပ်ငန်းခွင်နဲ့ မလွတ်လို့ပါ။
ထို့နည်းတူ နစ်ကိုလ်းဟိုင်းဝေး မတော်တစ်ဆမှုဟာလည်း စင်္ကာပူနိုင်ငံရဲ့ နည်းပညာ နဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှု ရာဇ၀င်မှာ သိသာထင်ရှားတဲ့ အမည်းစက်တစ်ခုပါဘဲ။ ဂျပန်ကုမ္ပဏီဆိုပြီး အထင်တစ်ကြီး လျှော့တွက်ခဲ့မိတဲ့အမှားပါ။ လမ်းအမည်ပေးစံနစ်မှာလည်း ကျနော်တို့ရှေးမြန်မာတွေရဲ့ မြို့တော်မန္တလေးရဲ့ ခြေဖျားတောင်မမှီသေးပါဘူး။
စင်္ကာပူဆိုတိုင်းလည်း အထင်မကြီးကြပါနဲ့....သူတို့မှာလည်း အားနည်းချက်ဆိုတာရှိပါတယ်။ ပုံတူကူးတယ်ဆိုတာ ရိုးစင်းလွန်းပါတယ်။ ကိုယ့်အနေအထားနဲ့ ကိုက်ညီအောင် စံထုတ်ကြဘို့ပါ။
စင်္ကာပူ highway လမ်းတွေ နဲ့ မြို့နယ်လမ်းမကြီးတွေ standard ထားတဲ့ ယာဉ်ကြောပမာဏက (၃)လမ်းမောင်း စံနစ်ပါ။ အခုတော့ ဒီစံနစ်ဟာ ခေတ်မမှီတော့ပါဘူး။ Accident တစ်ခုဖြစ်တာနဲ့ လမ်းတွေဟာဆို့ကျပ်ပြီး ကားတွေကျောက်ချရတော့တာပါဘဲ။ accident ကလည်းမိုးလေးနည်းနည်းသည်းတဲ့အချိန် ၊ အလုပ်သွားအလုပ်ပြန်ချိန်ဆိုရင် အမြဲဖြစ်နေကျပါ။
 
မနက်ခင်းအလုပ်သွားချိန် မြင်ကွင်းတစ်ခု

ရန်ကုန်
ပြီးခဲ့တဲ့လပိုင်းအတွင်း နိုင်ငံတော်အာဏာပိုင် ထိပ်ပိုင်းမှ ပုဂ္ဂိုလ်များက ရန်ကုန်မြို့ကြိးကို စ့င်္ကာပူလိုဖြစ်အောင်လုပ်မယ် ဆိုတဲ့ လေသံပစ်လာတော့ ကျနော် အံ့အားသင့်မိတယ်.......အပြောလွယ်လိုက်ကြတာလို့.....တံတား(၅)စင်းလောက်ဆောက်ရုံနဲ့ အခုလိုကြွေးကျော်ရလောက်အောင် သူတို့ဘယ်လောက်များလေ့လာပြိးပြီလဲလို့....
ရန်ကုန်ကို စင်္ကာပူရဲ့ခြေဖျားကိုမှီဘို့ ဆိုတာ နေပြည်တော်ဆောက်တာထက် (၁၀)ဆပိုခက်ပါတယ်။
အရေးအကြီးဆုံးက ဘတ်ဂျတ်ပါ။ မြို့တော်တည်ဆောက်ရေးအတွက်လိုအပ်တဲ့ဘတ်ဂျတ်ကို ပြည့်မှီအောင်ရှာဖွေနိုင်ဘို့ အခွန်ထမ်းဆောင်ရန် တာဝန်ရှိသူတိုင်းကို တိတိကျကျ အခွန်ဆောင်ခိုင်းဘို့က စရမှာပါ......မြန်မာနိုင်ငံမှာ အချမ်းသာဆုံးဆိုတဲ့လုပ်ငန်းရှင်တွေဟာ ရန်ကုန်အခြေချနေထိုင်သူတွေပါ....ဘယ်အဖွဲ့အစည်းက အဲဒီ ပုဂ္ဂိုလ်တွေကို အခွန်စည်းကြပ်မှာလည်း..? လက်ရှိအစိုးရအဖွဲ့အစည်းတွေဘဲဆိုရင်တော့ မေ့လိုက်ပါတော့...
နောက်တစ်ခုက ရေတိုရေရှည်စီမံကိန်းတွေနဲ့ မြို့ပြPlanကို ရေးဆွဲမယ့်သူတွေ...စည်ပင်နဲ့ အိုးအိမ်အဖွဲ့အစည်းက ဆွဲမှာလား ? ဒါဆိုရင်လည်း ပုံမကျ၊ ပန်းမကျ ဟိုမရောက်ဒီမရောက်ပုံစံတွေ ထွက်လာမှာဘဲ။
စည်ပင်လမ်းတံတားဌာနဟာ ကြီးကြပ်တဲ့အဖွဲ့အစည်း ဖြစ်သင့်တာပါ။ နိုင်ငံတစ်ကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညှိပြီး ရေးဆွဲထားတဲ့ ကိုယ်ပိုင် စံတွေနဲ့ ချိန်ထိုးပြီး စစ်ဆေးရမှာပါ။ စစ်ဆေးသူက ကန်ထရိုက်လုပ်တဲ့အခါ သူခိုးကို ငွေထုပ်သွားပို့ခိုင်းသလိုပါဘဲ။ အခုတော့ ပျက်စီးသွားတဲ့အကျင့်ဟာ သူရဲ့ သက်မွေးဝမ်းကျောင်းပညာဖြစ်သွားပါပြီ။
တစ်ရက်(၂)သိန်းလောက်ဝင်ငွေ ရှိနေသူကို လစာတစ်သိန်းပေးလည်း သဲထဲရေသွန်ပါဘဲ..ဆက်ခိုးဦးမှာပါဘဲ...
အတိုချုံးရရင် ကျနော်တို့မှာ ငွေ၊ နည်းပညာနဲ့ စံနစ်တစ်ကျရှိမယ့် ရေရှည် Plan ရှိရမယ်။ မြို့တော်တစ်ခုလုံးကိုsurveyယူ၊ Plan ပြန်ဆွဲပြိး တကယ်ဖြစ်အောင်လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေကို ကန်ထရိုက်အပ် အလုပ်အပ်နှံရပါမယ်။ ကျနော်တို့ရန်ကုန်က အထင်ကရ လမ်းမရှည်ကြိးများဟာ ယာဉ်ကြောနှစ်စီးစာဘဲရှိပါတယ်။ ကျနော်တို့ လိုအပ်တာက ယာဉ်(၅)ကြောပါ။ ဒါဆိုရင်လုပ်ငန်းအတိုင်းအတာဘယ်လောက်ကြီးသလဲဆိုတာမှန်းလို့ရပါပြီ။ ရေဆိုးစွန့်ပစ်စံနစ် ၊ ယာဉ်ကြောထိန်းသိမ်းမှုစံနစ် ၊ မြို့တော်သယ်ယူပို့ဆောင်ရေးစံနစ် (ဘတ်စကားနဲ့ ရထားများ)၊ လမ်းလျှောက်ခရီးသွားသူများအတွက် သက်တောင့်သက်သာရှိစေမယ့် ပလက်ဖောင်းများ၊ ယာဉ်ရပ်နားမှုစံနစ်၊ အမှိုက်စွန့်ပစ်စံနစ်၊ မြို့တော်တွင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုစံနစ်၊ ဘဏ်စံနစ် ၊ အရေးအပါဆုံး ဆက်သွယ်ရေးစံနစ် ၊ ဒါတွေအားလုံးဟာ နေ့ချင်းညချင်းထလုပ်လို့ ရတဲ့ကိစ္စတစ်ခုမှ မပါဘူး။ မူချပြီးရင် စံနစ်နဲ့ လူပါပြောင်းမှ ရမှာပါ။ အတတ်ပညာရှင်တွေနဲ့ အသိပညာရှင်တွေကို နေရာပေး ၊ facility ပေးပြီး စံနစ်တစ်ကျ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရမယ့်ကိစ္စတွေပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...