Sunday, March 18, 2012

ရှင်ဗောဓိဓမ္မ - အဦးဆုံး ဇင်ဆရာ

by Zay Ya on Sunday, March 18, 2012 at 12:45pm ·


ဗောဓိဓမ္မ ဟာ ကျနော့ နှလုံးသား ရဲ့ ထောင့် တစ်နေရာ မှာ ရှိနေပါတယ်။ ဒါ့ကြောင့် သူ့ အကြောင်း ကို အခြားသူ တွေထက် နည်းနည်း ပိုပြီး အလေးအနက်ထား ပြောရပါလိမ့်မယ်။ ပိုပြီး ခက်ခဲတာ ရှိတယ်။ အဲ့ဒါက သူ့ဘဝ အကြောင်း သူကိုယ်တိုင် စာရေးထား ခဲ့တာ မရှိဘူး ။ အဲ့လိုပဲ - သူ့ဓမ္မ ကိုလည်း သူ ကိုယ်တိုင် စာ ရေးသား ခဲ့သူ လည်း မဟုတ်ဘူးရယ်။ အဲ့လို စာနဲ့ ပေနဲ့ ရှိမနေတဲ့ သူအများရဲ့ ထုံးစံ အတိုင်း တပည့်သာဝက အချို့ရဲ့ ဖွင့်ဆို စကားတွေသာ ကျန်ရစ်တယ်။ ဒါပေမယ့် - ဗောဓိဓမ္မ လို့ ပြောရင် သူ့အကြောင်း က ပြတ်တောင်း ပြတ်တောင်း မဟုတ်နေဘူး။ တစ် ပိုင်း တစ်စ တိုနန့်နန့် မရှိဘူး။ အစဉ်အလာ မှာ ပုံပြင် ရှည် ပြောသလို ပြောတတ် ကြပါ တယ်။ ပြောသမျှ လည်း မတူမညီ ရှိနေတယ်။ အမျိုးမျိုး ကွဲပြား နေတတ် တယ်။


ရှင်ဗောဓိဓမ္မ ဟောပြော ခဲ့တယ် လို့ ယူဆ ရတဲ့ ကျမ်းစာတွေ ရှိပါတယ်။ သုတေသီ အများက အဲ့သည် ခေတ် အချိန် အခါ ကို တိုက်ဆိုင်ပြီး -သူက လွဲလို့ အခြား မဖြစ်နိုင်ဘူး ဆိုတဲ့ ကောက်ချက် နဲ့ - အချို့ ကျမ်းစာတွေ ကို ဗောဓိဓမ္မရဲ့ အဆိုတွေ ဖြစ်ကြောင်း အတည်ပြု ထား တယ်။ ကျနော် သုတေသီ မဟုတ်ဘူး။ ဒါ့ကြောင့် အဲ့ဒီ ကျမ်းစာတွေ အကြောင်း အဓိက ထားပြီး မပြောဘူး။ ဗောဓိဓမ္မ အကြောင်းပဲ ပြောပါမယ်။

လွန်ခဲ့တဲ့ ဆယ့်လေး ရာစုနှစ် အကျော်က ဗောဓိဓမ္မ လောင်းလျာ ကို မွေးတယ်။ အိန္ဒိယပြည် တောင်ပိုင်း က ဘုရင်တစ်ပါးရဲ့ သားတော် ဖြစ်တယ်။ အဲ့သည် ခေတ် အခါ အခြေအနေအတိုင်း - တိုင်းပြည် ခွဲခြား မင်းပြုနေတာမို့ - တိုင်းပြည် အမည်က Pallavas လို့ ခေါ်တယ်။ ဗောဓိဓမ္မဟာ အဲ့ဒီ တိုင်းပြည် ဘုရင်ရဲ့ တတိယ မြောက် သားတော် ဖြစ်ပါတယ် ။ အသိဥာဏ် ပညာ ကြွယ်ဝတဲ့ အပြင် အတတ်ပညာ လည်း တတ်ကျွမ်း ပြည့်စုံတယ်။ ဒါပေမယ့် ဘုရင် မဖြစ် ခင်မှာတင် တိုင်းပြည် နန်းစည်းစိမ် ကို စွန့်ခွာ လာခဲ့တယ်။

ဒီနေရာ မှာ စွန့်ခွာ တယ် ( Renouncing )  ဆိုတာ ကို နားလည် စေချင် ပါတယ်။ တိုင်းပြည် စည်းစိမ် ကို စွန့်ခွာတာဟာ  တိုင်းပြည် စည်းစိမ် ကို ဆန့်ကျင်တာ မဟုတ်ဘူး။ လူအများ ပြု နေကျ စည်းစိမ်ချမ်းသာ ခံစား၊ စံစားမှု အဖြစ် ကို မနှစ်မြို့တာ၊ ခါးသီးတာ လည်း မဟုတ် ဘူး။  လူဘောင် လူ့ရာ အတွက် သူ့ အနေနဲ့ အဆင်သင့် မဖြစ်တာ ကိုသာ ဆိုလို ပါတယ်။ လူရေး လူရာ ဟာ သူနဲ့ မသက် ဆိုင်နေ ဘူး။ သူနဲ့ သက်ဆိုင် နေတာက - သူ့ရဲ့ ဓမ္မ ကို သိမြင်ရေး ပဲ။ သေခြင်းတရား အပေါ် ကောင်းကောင်း ရှုမြင်နိုင်ရေး ပဲ။ သေခြင်း တရား (မရဏ) ဟာ ဓမ္မ ခရီးသွား တိုင်း ကို နှိုးဆွပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကို ခင်ဗျား သတိပြု မိရဲ့လား မပြောတတ်။ Bertrand Russell ပြောခဲ့တဲ့ စကားတစ်ခွန်း  - "သေခြင်းတရား သာ မရှိရင်၊ ကမ္ဘာ မှာ ဘာသာ (Religion) ဆိုတာ တွေလည်း ရှိမှာ မဟုတ်ဘူး" လို့ ဆို တယ်။ ဒီစကား မှာ မှန်ကန်တဲ့ အကြောင်းတွေ ပါပါ တယ်။ -- သူ့စကား က မှန်တယ်။ ဒါပေမယ့် ကျနော် အပြည့်အဝ  သဘော မတူဘူး။  ဘာသာရေး ဟာ သူပြောတဲ့ သေခြင်းတရား တစ်ခုတည်း အပေါ်မှာ မဟုတ်ဘူး။ အဲ့ဒီ ထက် ကျယ်ပြန့် နေသေး တယ်။

စင်စစ် ဘာသာရေး မှာ သေခြင်းတရား အကြောင်း တစ်ခုတည်း အပြင်၊ ချမ်းမြေ့မှု သဘော လည်း ရှိတယ်။ သတ္တဝါ ၊လောကဓာတ် တည်ရှိနေ တဲ့အတွက်  တည်ရှိနေခြင်း တရား သစ္စာ လည်း ရှိနေပါမယ်။ ဒါ့ကြောင့် သေခြင်း တရား မရှိတဲ့ အဲ့ဒီ ဘဝ တွေမှာ အဲ့ဒီ သစ္စာ တရား (ဝါ) ချမ်းမြေ့မှု ကိုလည်း တစ်နည်း တစ်လမ်း ရှာဖွေ နေကြဦးမှာပဲ။ ဒါ့ကြောင့် ဘာသာတရား ကတော့ ရှိနေဦးမယ်။ ပသို့ ဆိုစေ - Bertrand Russell ရဲ့ အဆိုက မှန်ကန်ပါတယ်။ သေခြင်း တရားသာ မရှိရင် ဘာသာရေး ကို စိတ်ဝင်စားမယ့် လူဟာ ကမ္ဘာမှာ အတော့် ကို နည်းပါး သွားမှာပဲ။ သေခြင်းတရား ကသာ အများ သူငါ အတွက် ဘာသာရေး ကို စိတ်ဝင်စားဖို့ နှိုးဆွ ပေးနိုင်ဆုံး အရာပဲ ဖြစ်နေတယ် ။ ဟုတ်တယ်ဟုတ် ?



ဗောဓိဓမ္မ  တိုင်းပြည် ကို စွန့်ခွာ မလာခင်က သူ့ ခမည်းတော် ကို ခွင့်ပန် ခဲ့တယ်။
"ဖခင်၊ အဖေ ကျနော့ကို သေခြင်းတရားက မကယ်နိုင်ဘူး မဟုတ်လား။ အဲ့ဒါ အမှန်ဆိုရင် ကျနော့ကို အဖေ မတား ပါနဲ့။ သေခြင်း တရား ကို လွန်မြောက်မယ့် အရာ ကျနော် ရှာဖွေချင်ပါတယ်။ ကျနော့ ကို ရှာဖွေ ခွင့် ပြုပါ။"

အဲ့စကား ပြောချိန် က အရှေ့တိုင်း အိန္ဒိယ တစ်ခွင်မှာ ရာသီဥတု သာယာ တောက်ပ နေတဲ့ အချိန်။
သူ့ ခမည်းတော်က တခဏ တွေဝေသွားတယ်။ ပြီးတော့ -

"ကောင်းပါပြီ။ ငါ့သား --  ငါ မင်းကို မတားဘူး။ ငါ မင်းကို သေခြင်းတရားက မကယ်နိုင်ဘူး ဆိုတာ အမှန်ပဲ ။ မင်း သွားရမယ့် လမ်းမှာ ငါ့မေတ္တာတွေ ပြည့်လျှမ်းနေပါစေ။ ငါ့မေတ္တာ ကြောင့် မင်းရဲ့လမ်းကို ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ပါစေ။ မင်းနဲ့ ခွဲခွာ ရတာမို့ ဝမ်းနည်း ဒေါသ ဖြစ်ရရင် အဲ့ဒါ ငါ့ကိစ္စ၊ ငါ့ဒုက္ခ၊ ငါ့ပြဿနာ ပဲ ဖြစ်တယ်။ ငါ့ တွယ်တာမှု ကြောင့်ပဲ ဖြစ်လိမ့်မယ်။ မင်းကို  ဒီတိုင်းပြည် ရဲ့ အရှင် ဧကရာဇ် အဖြစ် ငါ မျှော်လင့် ထားခဲ့တယ်။ ဒီ Pallavas တိုင်းရဲ့ ဘုရင်တကာ့ ဘုရင် ဖြစ်စေချင် ခဲ့တယ်။ ဒါပေမယ့် အခု - ဒီထက် သာလွန် မြင့်မြတ် တဲ့ လမ်းကို ငါ့သား ရွေးချယ်ခဲ့ပြီ။ ကောင်းပါပြီ။ သွားနိုင်ပါတယ်။"

-- အဲ့လိုနဲ့ ဗောဓိဓမ္မဟာ သူ့တိုင်းပြည်ကို စွန့်ခွာခဲ့တယ်။

 ရှင်ဗောဓိဓမ္မဟာ ဂေါတမဗုဒ္ဓရဲ့ တပည့်သား ရဟန်းတစ်ပါး ဖြစ်ပါတယ်။ သတိပြုမိဖို့ ပြောစရာတစ်ခု ရှိတယ်။ ဂေါတမဗုဒ္ဓဟာ သူ့သာသနာ မှာ ဘိက္ခုနီ ရဟန်းမတွေ ကို လက်ခံဖို့ နှောင့်နှေးခဲ့တယ်။ ဘိက္ခူနီ သာသနာကို နောက်ကျမှ လက်ခံခဲ့တယ်။ ဒါပေတဲ့ - ဗောဓိဓမ္မ ကတော့ ရဟန်းမ တစ်ပါး ထံမှာ တပည့်ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲ့သည် ရဟန်းမ ထံမှာပဲ ဥာဏ် အလင်း ရခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီ ရဟန်းမဟာ မထင်မရှားပဲ ။ ရှင်ဗောဓိဓမ္မ ကြောင့်သာ သူ့အမည် ကို တွဲစပ် မှတ်မိနေကြတယ်။ ဒီ ဘိက္ခူနီမ အမည်က Pragyatara လို့ ခေါ်ပါတယ် ။ သူ့အကြောင်းကို များများစားစား သိပ် မသိဘူး။ မှတ်တမ်း မရှိဘူး။ အလွန်ဆုံးက - ရှင်ဗောဓိဓမ္မ ကို တရုတ်ပြည် စေလွှတ် ခဲ့တယ် ဆိုတာ တစ်ခုတည်း ။ အဲ့သည် အချိန်က တရုတ်ပြည်ကို ဗုဒ္ဓဘာသာ ကျမ်းစာတွေ ရောက်ရှိနေ တယ် ။ နှစ်ခြောက်ရာ လောက် ရှိနေ ပါပြီရယ်။ ဒါပေမယ့် ပဋိပတ် သမားထက် ပဋိယတ် သမားတွေ များတယ်။ ဆိုလိုတာက ကျမ်းစာကိုင် သမားတွေ သာ များတယ်။ ကျမ်းဂန်စွဲ လူအများရဲ့ ထုံးစံအတိုင်း ဝိဝါဒ အမျိုးမျိုး ကွဲပြားတယ်။ အနက်ဖွင့် ဆိုချက် အမျိုးမျိုး ကွဲနေတယ် ။ ပေါက်ရောက်မှု မရှိဘူးရယ် ။ ဒီအကြောင်း ကို မြင်တဲ့ အတွက် ဘိက္ခူနီမ Pragyatara ဟာ ရှင်ဗောဓိ ဓမ္မ ကို စေလွှတ် တာ ဖြစ်တယ် လို့ ဆိုပါတယ်။

တရုတ်ပြည်မှာ အဲ့ အခါက ကွန်ဖြူးရှပ်ဝါဒ အားကောင်းတယ်။ တရုတ်ပြည်သူ တွေ ကလည်း သူ့ဝါဒ အောက် မှာ မောဟိုက် နေကြပြီ ရယ်။ ဘာလို့ဆို - စင်စစ် ကွန်ဖြူးရှပ် ဟာ ကိုယ်ကျင့် ဗေဒ သမား သက်သက်။ သူအယူဝါဒ အောက်မှာ အကျင့်သီလတွေ တော့ ရှိမယ်။ တစ်ဦးနဲ့ တစ်ဦး စောင့်ထိန်း မှုတွေ ရှိမယ်။ ဒါပေမယ့် သီလစောင့်ထိန်းခြင်း ရဲ့ နောက်ကွယ်က - ဘဝရဲ့ နက်နဲမှု ကို သိမြင်မှု မရှိဘူး။  အသိအမြင် (ဥာဏ်အလင်း) ကို ကွန်ဖြူးရှပ် ဝါဒမှာ ဘယ်လိုမှ မရှာတွေ့ နိုင်ဘူးပဲ။ အဲ့လို ရှာမတွေ့နိုင်အောင်လဲ အတွင်းသန္တာန် ရဲ့ အေးငြိမ်းမှု (သန္တိ) ကို သူ့ဝါဒက အရေးမထားဘူး။ ငြိမ်းအေးမှု ကို ပစ်ပယ်ထားသူ လို့တောင် ပြောရ လိမ့်မယ်။ "အရာအားလုံး ဟာ ပြင်ပ မှာ ဆက်နွယ်ပြီး သား ရှိတယ်။ အဲ့ဒါကို ပြုစု ရမယ်။ ပျိုးထောင်ရမယ်။ အတတ်နိုင်ဆုံး အလှပဆုံး ဖြစ်အောင် ပြင်ဆင် ရမယ်" ဒီလိုပဲ သူ မြင်ထား ခဲ့တယ်။ ဒီ ဝါဒ ကလည်း တရုတ်ပြည်မှာ ပြင်းပြင်းထန်ထန် အားကောင်း ခဲ့ပါတယ်။ ကနေ့အထိပဲ။

လောက်ဇူ၊ ချောင်ဇူ၊ လီဇူ တို့လို ပုဂ္ဂိုလ် တွေလည်း မရှိဘူး မဟုတ် - ရှိတယ်။ ကွန်ဖြူးရှပ် မတိုင်ခင်- ကွန်ဖြူးရှပ်နဲ့ ခေတ်ပြိုင် - ရှိနေ တယ်။  ဒါပေမယ့် သူတို့တွေဟာ ဆရာသခင် အဖြစ် ထက်၊ ပုဂ္ဂိုလ်ထူး တွေ အဖြစ် သာ သီးခြား ရှိ ကြတယ်။ ဒါ့ကြောင့် တရုတ် ပြည်သူ တွေ ရဲ့ စိတ်နှလုံး အတွင်းကို ထိုးဖောက် ဝင်ရောက် ရာမှာ ကွန်ဖြူးရှပ်နဲ့ ယှဉ်ပြိုင် မနေကြဘူးပဲ ။ ကွန်ဖြူးရှပ် ဝါဒကို တန်ပြန် တိုက်ခိုက် မနေဘူး။ ဒီ အချက်တွေကြောင့် တရုတ်ပြည်သူတွေ နှလုံးသား မှာ တစ်စုံတစ်ခု လစ်ဟာနေပါတယ်။ အသက် နာမ် ခန္ဓာ မရှိဘဲ ရုပ်ချည်း သက်သက် ဘယ်သူမှ အသက် ရှင်သန် မနေဘူး မဟုတ်လား ။ လောကမှာ နာမ်တရား ဆိုတာ မရှိ - ရုပ်တရားသာ ရှိတယ် လို့ ခင်ဗျား စပြီး တွေးပြီ ဆိုပါတော့ - အဲ့လို ရှိပြီ ဆိုတာနဲ့ ခင်ဗျား ဘဝဟာ ရုတ်ခြည်း အဓိပ္ပာယ် မဲ့သွားမှာပဲ။  ရုပ်၊နာမ်တို့ရဲ့ တရား မရှိ ရင် ခင်ဗျား သန္တာန်မှာ ထောက်တည်ရာ မရတော့ဘူးပဲ။ အကြောင်းက - အပင် တစ်ပင်ရဲ့ ရေသောက်မြစ်ကို ဖြတ်ချ လိုက်ရင်  အပင်သေသွားတယ်။ အဲ့လိုပဲ ရုပ်နာမ် တွဲစပ် ဘဝ ဖွံ့ထွား စည်ပင်နေရာကို နာမ် အကြောင်း ပစ်ပယ် လိုက်တာ နဲ့ ခင်ဗျား သန္တာန် အမြင်မှာ ရုပ်ချည်း သက်သက် ငုံးတိတိ ကျန်ရစ်ခဲ့တာ မို့လို့ပဲ ။ နာမ်တရားကို ပစ်ပယ်တဲ့ အတွက် ခင်ဗျား အသိတရားကို ပစ်ပယ် လာ မယ်။ အသိတရားကို ပစ်ပယ်ရင် ခင်ဗျား မှာ အမြင် မရှိတော့ဘူးလို့ ပြောရမယ်။ အမြင် မရှိရင် - အလင်းမရှိ၊ အမှောင်သာ အတိပြီး နေတော့တယ်။

ကွန်ဖြူးရှပ်ဟာ ဆင်ခြင်မှု အဓိက ဝါဒီ ဖြစ်ပါတယ်။ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ လည်း ဟုတ်တယ်။ အမှန်ပဲ။ ဒါပေမယ့် သူ့ရဲ့ ကိုယ့်ကျင့် သီလ ဟောပြောချက် တွေဟာ မှားနေပါတယ်။ ဒါကို လောက်ဇူ၊ ချောင်ဇူ၊ လီဇူ တို့လို သီးခြား ပုဂ္ဂိုလ် အများက သိနားလည်တယ်။ ဒါပေမယ့် သူရို့ ဒီလို သိနားလည် ထားရုံ တစ်ယောက်စ နှစ်ယောက်စ ကလွဲလို့ - အခြားသူ အများအပေါ် ဟောကြားနိုင်ဖို့ - သူတို့ ကိုယ်တိုင် က ဆရာသခင် မဟုတ်ဘူး ရယ်။ ဂိုဏ်း ဂဏ ၊ ဝါဒ သမားတွေ မဟုတ်ဘူး။ ဘာသာ ကိုးကွယ်မှု အနေနဲ့တောင် မရှိခဲ့ဘူး။ သူ့ တော သင်္ခမ်း၊ ကျောင်းမှာ မိမိတို့ ဘာသာ မိမိတို့ သီတင်းသုံးနေတဲ့သူ တွေသာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဗောဓိဓမ္မ တရုတ်ပြည် ရောက်လာတဲ့အခါ - သူ့ရဲ့ ဓမ္မဟာ ချက်ချင်း ဆိုသလို တရုတ်ပြည်သူတွေ ရဲ့ နှလုံး သည်းပွတ် ဖြစ် သွား ခဲ့တယ်။ ရာစုနှစ်နဲ့ ချီအောင် ဆာလောင်ငတ်မွတ် ခဲ့သူ တွေလို၊ အငမ်းမရ ဝါးမျို စားသုံး ကြတယ်။ နှစ်ပေါင်းများစွာ မိုးခေါင်နေရာ ရပ်ဝန်း မှာ ဗောဓိဓမ္မ ဟာ တဗြုန်းဗြုန်း ရွာကျလာတဲ့ မိုး ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေ မမျှော်မှန်း ထား နိုင်တဲ့ နည်းနဲ့ ဗောဓိဓမ္မ ဟာ တရားရေအေး တိုက်ကျွေးနိုင်ခဲ့တယ်။


To be continued.
...............
~ Osho
...............
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..............

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...