Monday, March 12, 2012

အတ္တ ယင်ကောင်

by Zay Ya on Monday, March 12, 2012 at 3:23pm ·


Question: အသိဥာဏ် အလင်း ရှိပြီးသူ ဟာ မှားယွင်း နိုင်ပါသလား။ ကျနော် ကြားမိဖူးသလောက် ခရစ်ရှနမူရတိ ဟာ အသိဥာဏ် အလင်း ရသူ ဖြစ်တယ် လို့ ခင်ဗျား ဆိုခဲ့ပါတယ်။ သူ့ စကား တစ်ခွန်း မှတ်သား ခဲ့ဖူးတယ်။ "ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် အတွက် ဆရာ သခင် မလိုအပ် ပါဘူး" တဲ့။ အဲ့ဒါ သူပြောတဲ့ စကားပဲ။ ခင်ဗျား ပြောတဲ့ စကား လည်း ရှိနေပြန်တယ်။  "ဆရာ သခင် ရှိနေရ ပါမယ်" တဲ့။ ဒီလို ကွဲလွဲ နေတဲ့ စကား နှစ်ရပ် မှာ ဘယ်ဟာ မှားပြီး ဘယ်ဟာ မှန်ပါသလဲ။


Osho: အသိဥာဏ် အလင်း ရပြီးသူ ဟာ ဘယ်တော့ မှ မမှားနိုင်ပါဘူး။ အခု ခင်ဗျား ပြောတဲ့ J. Krishnamurti ။ သူ့စကား က  မှားယွင်း နေ တာ မဟုတ် ပါဘူး။ သူက ခင်ဗျား လက်ရှိ ရှိနေတဲ့ အပိုင်း ကို ထည့်သွင်း မစဉ်းစား ထားတာ သက်သက် ဖြစ်ပါ တယ်။  သူ့ အပိုင်း သူ့ ကဏ္ဍ ကို ကြည့်ပြီး သူ ပြောခဲ့တာ ဖြစ်ပါတယ်။ သူ့အနေ နဲ့က ဥာဏ် အလင်း ရှိပြီးသား သူပဲ ။ လွတ်လပ်နေတယ်။ ဒီ လွတ်လပ်မှု ဟာ အသိဥာဏ် အလင်းရဲ့ ဂုဏ်အင်္ဂါ တစ်ရပ် ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် အသိဥာဏ် အလင်း ရရှိပြီးသူ ဟာ သိမှု သက်သက် ရဲ့ အမြင့်ဆုံး အထွဋ်ထိပ် မှာ ရှိနေတယ်။ သူ့ တည်ရှိနေပုံ က ဧဝရတ်တောင် ရဲ့ ထိပ်ဖျားလေး မှာပဲရယ်။

အဲ့ဒီ အမြင့် နေရာ ကနေ စကား ကို ဆိုတဲ့ အခါ သူ အဲ့ဒီ စကား ကို သုံးနိုင် ပါတယ်။ ဒီ တောင်ထွဋ် ပေါ်ကနေ မြင်တွေ့ရမယ့် အတိုင်း သူပြောမယ်။ ဒါပေမယ့် သတိထားရမှာက သူ ပြောတာကို နားထောင်ကြတာက အောက်ခြေ တောင်ကြား အမှောင် ထဲက လူ အများ ဆီ ဖြစ်ကြောင်း သိထား ရပါ လိမ့်မယ် ။ တောင်အောက် မှာ ရှိတဲ့သူ တွေ က အလင်း ကို မမြင် ဖူးဘူး။ အလင်း ဆိုတာ ကို မသိဘူး။ ဧဝရတ် တောင်ထိပ်ဖျား ဆိုတာ ခရစ်ရှန မူရတိ အတွက် စင်စစ် ရှိနေ ပေမယ့် - သူတို့ အတွက် တော့ အိပ်မက် လိုလိုသာ ဖြစ်နေ ပါတယ် ။ ဒီတောင်ပေါ်ကို တက်ရင် ဒီထွဋ်ဖျား ကို ရောက်မယ် ဆိုတာ ကြားဖူးကောင်း ကြားဖူးမယ်။ ဒါပေမယ့် ရှိတန်ကောင်းရဲ့~ ဆိုတဲ့ အရာ သာ ထင်ကြပါမယ်။

ကျနော် က ခရစ်ရှနမူရတိ နဲ့ မတူညီဘူး။ ကွဲပါတယ်။ ကျနော် ဒီလိုမျိုး ပြော ရင် ခင်ဗျားနေရာက ကြည့်ပြီး ပြောမှ ရလိမ့်မယ်။ ခင်ဗျား ကို စကားပြောရင် ခင်ဗျား ကောင်းကောင်း နားလည်ဖို့ အာရုံစိုက်မှသာ ဖြစ်ပါမယ် ။ ဟုတ်တယ်ဟုတ်။  ပြီးတဲ့ နောက်မှသာ ခင်ဗျားကို ဧဝရတ်တောင်ထိပ် တက်မယ့် လမ်းကို ထိုးပြ ညွှန်ပြ မယ်။ ဧဝရတ်တောင်ကို ဒီက တက်ရတယ်၊ ဒီလို မြင်လိမ့်မယ် စသဖြင့် ပြောကြား ရမယ် ဆိုပေမယ့် ခင်ဗျား စတင်ရာက ~ တောင်ကြား၊ အမှောင်ထဲမှာ သက်သက်။ ခင်ဗျား မသိမြင်သေး တဲ့ အတိုင်းလေး သက်သက် ။ ကျနော် က ကျနော့ အတွေ့အကြုံ ကို ပြောတဲ့ အခါ ကိုယ့်နေရာပဲ ကိုယ်ကြည့်ပြီး ပြောမယ် ဆိုပါစို့။~ ခင်ဗျား ကို ထည့်မတွက် ပဲ ပြောမယ် ဆိုပါစို့။ ကျနော် မှန်နေပါမယ် ဒါပေမယ့် ခင်ဗျား မသိဘူး။ ကျနော့ဘာသာ ကျနော် ဟုတ်ရင် ဟုတ်နေမယ် ။ဒါပေမယ့် ခင်ဗျား အတွက် ကျနော်က ဘာမှ အထောက်အကူ မပေးနိုင်ဘူး။ ကျနော်က ခင်ဗျား အတွက် အသုံး မဝင်နေဘူး။

ဥာဏ်အလင်း ရှိပြီးသူဟာ ဘယ်တော့မှ မမှားဘူး။ ဒါပေမယ့် သူက ခင်ဗျားအတွက် အသုံးဝင်မယ် မဝင်ဘူး တော့ ရှိနေနိုင်တယ်။ J.Krishnamurti ရဲ့ ဒီစကားဟာ အသုံးမဝင်ဘူး။ သူ့အတွက်တော့ မေးခွန်း ထုတ်စရာ မလိုလောက်အောင် အပြည့်အဝ မှန်ကန်ပါတယ်။ ဒီနေရာ ဒီအမြင့် မှာ ဒီလိုပဲ ရှိတယ် ဆိုတာ အသိဥာဏ်အလင်း ရရှိပြီးသူ တွေ အဖို့ သိမြင်နိုင်တယ်။ ရောက်ရှိပြီးသူ တွေ အဖို့ ဒီလမ်းဟာ မှန်ရင် မှန်တယ် သိနိုင်ပါတယ်။ ဒါပေတဲ့ ဥာဏ်အလင်း မသိ မရှိနိုင်သေးသူ တွေ အတွက်တော့ သူ့စကား က အသုံးဝင်မနေဘူး လို့ ပြောရမယ် ။ ခင်ဗျား အရူးတစ်ယောက်ကို စကားပြောရတော့မယ် ဆိုရင် အရင်းအတိုင်း ထားပြီး ပြောမလား။ စင်စစ် ဒီ အရူး ကိုယ်စား အတတ်နိုင်ဆုံး စဉ်းစား ပြောဆိုရတယ် မဟုတ်လား။ တကယ်လို့ သာ သူ့အမြင် သူ့ခံစားချက်နဲ့ အကိုက်အလိုက် မညီရင် ခင်ဗျား ပြောမယ့် စကားက ဒီအရူးအတွက် ဘာမှ အသုံးမဝင်ဘူး ။ မြင်နိုင်ရဲ့လား။



လူရူး တစ်ယောက် ရှိတယ်။ သူ ရူးနေပုံ က ဒီလို။ ~ သူ နေ့လည်ခင်း အချိန် တစ်ခု မှာ အိပ်ပျော် သွားခဲ့တယ်။ အိပ်ပျော် သွားချိန် ပါးစပ် အဟောင်းသား ဟောက် နေမိ တယ်။ အဲ့ အချိန် ယင်ကောင် တစ်ကောင် က သူ့ပါးစပ် ထဲ ဝင်သွား တယ်။ သူ ဝမ်းထဲ မှာ မသေ မပျောက် ရှိနေ တယ်။ ပျံသန်း ရင်း ဝမ်းဗိုက်ထဲမှာ ဟိုရောက် ဒီရောက် - ရောက်နေတယ် လို့ ထင်နေတယ်။ အဲ့ အတိုင်း စိုးရိမ်တကြီး ပူပန် လာခဲ့ တယ်။ ကာလ အားဖြင့် ခြောက်လလောက် သူ ကြိတ်မှိတ် ခံတယ်။ ဒါပေမယ့် သူ့ဝမ်းထဲမှာ အဲ့ ယင်ကောင် ဟာ လှုပ်လှုပ်ရွရွ ပျံသန်း နေတယ် လို့ မြင်နေတယ်။ ဝမ်းဗိုက် အတွင်းက ဟိုဟို ဒီဒီ မှာ ခိုကပ်နေတယ်။  သူ့ သည်းခြေ ၊ သူ့ သွေး စီးချောင်း တွေမှာ ယီးလေးခို နေတယ်။ နောက်ဆုံး သူ့ ခန္ဓာကိုယ် တစ်ခုလုံး ဒီ ယင်ကောင် ဟာ လှည့်ပတ် သွားလာ နေတယ် လို့ စွဲစွဲ မြဲမြဲ ကို ထင်နေ တော့ တယ် ။ ဘယ်သူ ကမှ လည်း ဒီကိစ္စ ဟာ မဟုတ်ပါဘူး မဖြစ်နိုင်ပါဘူး လို့ ဖြောင့်ဖျ လို့ မရဘူးပဲ။

သူ့ကို စိတ်ကုဆရာဝန် တွေဆီ ခေါ်သွားတယ်။ သူတို့က သူ့ကို ပြောကြတယ်။ "အဲ့ဒါက ခင်ဗျား စိတ်ထဲမှာပဲ ဖြစ်နေတာဗျ။ တကယ်က ယင်ကောင် ရှိမနေဘူး။ လူတစ်ယောက် ရဲ့ ခန္ဓာကိုယ် ထဲမှာ ယင်ကောင် တစ်ကောင် ဘယ်လိုမှ ရှင်မနေနိုင်ဘူး ။ သွေးပြန်ကြော ၊ သွေးလွှတ်ကြော၊ အစာခြေအင်္ဂါ အဖွဲ့အစည်း ဒါတွေ အားလုံးထဲမှာ ယင်ကောင် တစ်ကောင် အတွက် ရှင်သန်ဖို့ နေရာ မရှိဘူး။ တကယ် လည်း ဒီယင်ကောင် ခင်ဗျားဝမ်းထဲ ဝင်မိသွားဦးတော့ သူသေသွားရမှာပဲ။ အခု ခြောက်လလောက် ကြာခဲ့ပြီ မဟုတ်လား။ ဒီကောင် ခင်ဗျား ကိုယ် ထဲမှာ ဘယ့်နှယ်လုပ် အသက်ရှင်နိုင်မလဲ"

သူ အဲ့စကားတွေ နားထောင် ခဲ့ပေမယ့် မယုံကြည်နိုင်ဘူး။ သူ့ကိုယ်ခန္ဓာ မှာ ရွစိတက်နေတယ် ဆိုတဲ့ စိတ်က သက်သေခံ နေတယ် ။ ဆေးကု ဆရာဝန် တွေဆီ သွား တယ်။  ဆရာဝန်တိုင်းက သူ့ကို စစ်ဆေးတယ်။ တတ်စွမ်း သရွေ့ ဆေးကျွေးတယ်။ နောက်ဆုံး သူတို့ ပြောကြတာ က "ဒါက စိတ်စွဲနေတဲ့ ကိစ္စ တစ်ခုပါ။ ခင်ဗျား စိတ်ထင်နေတာ သက်သက်ပါ။" သူတို့ ပြောသမျှ သူနားထောင် ခဲ့ပါတယ် ။ ဒါပေမယ့် သူ့ခန္ဓာမှာ ဖြစ်နေတာတွေက သူ့အတွက် ပိုပို ဆိုးလာတယ်လို့တောင် ထင်လာတယ်။

နောက်ဆုံး သူ့မိသားစု က သူ့ကို ဆရာယောဂီကြီး တစ်ပါး ဆီ ခေါ်သွားတယ်။ ဒီ အရူးခမျာလည်း တစ်ယောက်ဆီ ပြီးတော့ - တစ်ယောက် ဆီ သွားရလွန်းလို့ မောဟိုက်နေပြီ။ အာရုံကြောဆေး တွေ၊ စိတ်ငြိမ်ဆေး တွေလည်း ခဏခဏ သောက်ခဲ့ရပြီးပြီ။ သူ့မှာ ဝေဒနာ မပျောက်တဲ့ အပြင် ငွေလည်း ကုန်လှပြီ။ ဆေးအမျိုးမျိုး သောက်ခဲ့ပြီးပြီ။ ဆရာဝန် အများနဲ့လည်း တိုင်ပင် ပြီးခဲ့ပြီ။ သူ ခံစား မိလာတာ က သူ့ကို အရူးတစ်ယောက်လို ဆက်ဆံ ကြကြောင်းပဲ ဖြစ်ပါတယ်။ သူ စိတ်ထင်နေတာ လို့ အားလုံး ဝိုင်းပြော နေကြ တယ်။ ဒါဟာ သူ စိတ်ထင် တာမှ မဟုတ်ဘဲ။ လူတွေက သူ့ကို နှိမ်ချနေကြတယ်။ သူ့ကို အမြင်စောင်း နေကြတယ်။ သူ့အမြင်ဟာ အဲ့ အတိုင်း ဖြစ်လာပါတယ်။

ဆရာယောဂီ ကြီး က သူ့ကို ကြည့်တယ်။ ပြီးတော့ "အိုး ~ ကျိန်းသေ တယ် ။ မင်း ကိုယ်တွင်း မှာ ယင်ကောင် ရှိနေတာ ထင်ရှားနေ တာပဲ" သူရူး အံ့အားသင့် သွားတယ်။ သူ့ကို ဘယ်သူမှ အဲ့လို မပြောခဲ့ဘူးပဲ။ အခြားသူတွေ အားလုံး ဒီယင်ကောင် မရှိဘူး ချည်း ပြော ခဲ့ကြတာ ၊ အခု သူ့နားကို သူ မယုံနိုင်အောင်ပဲ။

ယောဂီကြီးက "တကယ့် အရူးတွေနဲ့ သွားပြီး မင်း အချိန်ဖြုန်းခဲ့တာကိုး။ ဘာလို့ ကျုပ်ဆီ အရင်မလာခဲ့ရတာလဲ။ ဒီ ယင်ကောင်ကို ဖမ်းထုတ် ဖို့က လွယ်လွယ် လေးရယ်။ ဒုက္ခများ စရာ မရှိဘူး။ ဆေးဝါး သောက်နေစရာလည်း မလိုဘူး။ မင်း နေမကောင်း ဖြစ်နေတာမှ မဟုတ်ဘဲ ။ ဆေးက ဘာမှ မထိရောက်ဘူး။ မင်း ရူးနေတာ မဟုတ်တဲ့ အတွက် စိတ်ပညာ ဆရာဝန်တွေလည်း မင်းကို မကူညီနိုင်ဘူး။"

သူရူး လည်း ချက်ချင်း ဆိုသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ စိတ် ကျေနပ်သွားတယ်။ သူ့အမျိုးသမီ ဆီ လှည့်ပြီး - "ကဲ မင်း ဘာပြော ဦးမလဲ ။ အခု လူမှန် နေရာမှန် ရောက်လာပြီ။ တကယ် သိတဲ့သူ ဆီ ရောက်လာပြီ။ ငါ့ဝမ်းထဲမှာ ယင်ကောင် မရှိပါဘူး ချည်း ငြင်းခဲ့ကြ တာ ဘယ့်နှယ် ရှိစ"

ယောဂီကြီးက "လွယ်ပါတယ်ကွာ၊ ဒါများ။ ငါထုတ်ပေးမယ်။ လှဲလိုက် အခု" အဲ့လို ပြောပြီး ယောဂီ ကြီးက သူ့အပေါ် စောင် တစ်ထည် ခြုံပေး လိုက်တယ်။ မျက်လုံးမှိတ်ထားဖို့ ပြောတယ်။ "ငါ မန္တာန် ရွတ်မယ်။ အချို့ အစီအရင်လေး လုပ်ရမယ်။ ဒါဆို ငါတို့ ဒီ ယင်ကောင် ကို ထုတ်နိုင်မှာပဲ။ မင်း လုပ်ပေးရမှာက ငြိမ်ငြိမ်လေး နေပေး၊ မျက်လုံး ဆက် မှိတ်ထား။ ဟုတ်ပြီလား။ တအောင့်နေရင် မင်း ခန္ဓာကိုယ် ထဲ ယင်ကောင် ဘယ်နား ရောက်နေလဲ မင်း သိမှာပဲ။ အဲ့အခါ ငါ့ကို ပြောပါ။ လုံးဝ မလှုပ်နဲ့ ။ အဲ့ယင် ကောင် ကို ဖမ်းရခက် သွားလိမ့်မယ် ။"

"ဟုတ် ။ ဆရာကြီး ပြောတာ သဘာဝကျတယ်။ ကျနော် ငြိမ်ငြိမ်လေး နေပါ့မယ်"
"ကောင်းတယ်။ မျက်လုံးလည်း မဖွင့်ပါနဲ့။ ငြိမ်ငြိမ်လေး နေရင်း အသက်ပုံမှန် ရှူနေပါ။ ယင်ကောင် ဘယ်နားရောက်နေလဲ အတိအကျ ပြောပါ။ ငါ ဖမ်းမယ်"

အဲ့လိုနဲ့ လူငယ်လေး ငြိမ်သက်ရင်း မျက်လုံးမှိတ်ထားတဲ့ အချိန် ယောဂီကြီးက နောက်ဘက်ခန်းကို ဝင်ပြီး ယင်ကောင် တစ်ကောင် သွားဖမ်းတယ်။ ပြီးတော့ ပုလင်းတစ်လုံးထဲ ထည့်လာတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ ဟိုသပ် ဒီသပ် လုပ်ပေးလိုက်တယ်။

"ကဲ ... မင်း ယင်ကောင် ဘယ်ရောက်နေပြီလဲ"
"ဗိုက်တည့်တည့်မှာဗျ"
"အိုကေ ~ ဟုတ်တယ် ငါ တွေ့ပြီ။ ရပြီကွ !"
သူ့စောင်ကို ဖယ်လိုက်ပြီး မျက်လုံးဖွင့်ဖို့ ပြောလိုက်တယ်။ ပုလင်းထဲက ယင်ကောင်ကို ပြတယ်။ အရူးလည်း သူ့ဝေဒနာ ပျောက် သွား တယ်။ လူကောင်းပကတိ ဖြစ်သွားပါတယ်။

အဲ့အချိန်မှာ ခင်ဗျားက ယောဂီကြီးဆီ သွားပြီး - "ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲ။ သူ့ကို ယင်ကောင် အခြားတစ်ကောင် ပေးပြီး သူ့ ကိုယ်သူ မှန်ကန်ကြောင်း၊ သူ့အတွင်းမှာ တကယ် ယင်ကောင် ရှိကြောင်း ဘာလို့ ထောက်ခံ ပေးလိုက်ရတာလဲ" လို့ မေးရင် - ယောဂီကြီးက -
"ဒါ သူ့ဝေဒနာ ပျောက်ကင်းသွားဖို့ပဲ" လို့ပဲ ပြန်ဖြေ ပါလိမ့်မယ်။

ဗုဒ္ဓဂေါတမ ပြောကြားခဲ့တဲ့ သစ္စာရဲ့ အနက်ဟာ "အဲ့ဒီ ဝေဒနာ ပျောက်ကင်းရေး" လည်း ဖြစ်ပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့ အရာ လည်း ဖြစ်တယ်။ ရှေးအကျဆုံး လက်တွေ့ ကျကျ အဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ "သစ္စာ" ဆိုတဲ့ ဝေါဟာရမှာ ရှိပါတယ်။ "ဓမ္မ" မှာ ရှိတယ်။ "ဓမ္မ" ဟာ ဒီအဓိပ္ပာယ် အားဖြင့် "လမ်း" အထောက်အပံ့ ဖြစ်ပါတယ်။ သူတို့ အလုပ်ဖြစ်အောင် လုပ်ပေးတယ်။ ဒါပေမယ့် လမ်းဟာ လမ်း ပဲ။ ဒီမြစ်ကို ဖြတ်ကူး ရာမှာ သူဟာ "ဖောင်၊ လှေ" ကို အသုံးပြုတယ်။ "ဓမ္မ" ဟာ "ဖောင်၊ လှေ" ဖြစ်ပါ တယ်။ ပါဠိ ဝေါဟာရနဲ့ ဒါကို "ဥပါယ" လို့ ခေါ်မယ်။ ဒီမှာ ဘာဝနာ ဟာ ဥပါယ၊ အထောက်အပံ့ ၊ ဖောင်လှေ ဖြစ်ပါတယ်။ ခင်ဗျား ရင်ထဲမှာ တကယ်မရှိတဲ့ အရာကို တကယ် မရှိကြောင်း သိမြင်ဖို့၊ တကယ် ရှိတဲ့ အရာကို တကယ် ရှိကြောင်း သိမြင် ဖို့ ရိုးရိုး ရှင်းရှင်း ကူညီ ပေးတယ်။ ခင်ဗျား ရင်ထဲမှာ အတ္တ ရှိတယ် လို့ မြင်တယ်။ ဒီ ပုံပြင် အရ ယင်ကောင် ဟာ အတ္တ ဖြစ်ပါတယ်။ ဒုက္ခ ဖြစ်ပါတယ်။ ကြေကွဲ၊ ငိုကြွေးမှု မရဏ လည်း ဖြစ်တယ် ။ ဒါကို ရှင်းလင်း ဖယ်ရှား ထားနိုင်ဖို့၊ ဒီ ဝေဒနာက လွတ်ကင်း ရှင်းပျောက် နိုင်ဖို့ ဘာဝနာ က ကူညီပေး တယ်။ တကယ် စင်စစ် အဲ့ အတ္တ စသည် အရာတွေဟာ ခင်ဗျား ရင်ထဲမှာ ၊ ခင်ဗျား သန္တာန်မှာ နကိုကတည်းက ရှိမနေဘူးရယ်။ ဒါပေမယ့် ဒါကို ရှိမနေဘူးဗျ လို့ အတင်းကာရော ဘယ်လို သွားပြောမလဲ။

ခရစ်ရှန မူရတိရဲ့ စကားက အဲ့လို ပြောနေတာ ဖြစ်ပါတယ်။ ပုံပြင်ထဲက လူရူးကို - "ယင်ကောင် ဆိုတာ တကယ်ရှိမနေဘူး။ ခင်ဗျား ဘာမှလုပ်စရာ မလိုဘူး။ ဘယ်ဆရာဝန်ဆီမှ မဟုတ်ဘူး။ ခင်ဗျား စိတ်ထင်လို့သာ ဖြစ်နေတာပါဗျ" လို့ ပြောနေတာနဲ့ အတူတူ ပါပဲ။ ကျနော် ကတော့ အဲ့လို မပြောနိုင်ဘူးရယ်။ "အိုကေ ~ ယင်ကောင် ရှိနေလား။ ထုတ်လိုက်ကြရအောင်" ဒါပဲ ပြောရပါလိမ့်မယ်။ ခင်ဗျား မှာ အဲ့ဒီ ဝေဒနာကြီး ဖြစ်နေရက်နဲ့ ကျနော်က "ခင်ဗျား စိတ်ထင်နေတာဗျ~ အလကား သက်သက်ကြီးပဲ။" လို့ ပြောရင် အလုပ် မဖြစ်ဘူးရယ်။


~ Jiddu "one does not Need a Master"  by Osho
 ....................
March 12nd 2012 at 2:45 PM
....................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.....................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...