သေဆုံးခြင်း ဟုသာ ခေါ်ဆိုသည်
by Zay Ya on Monday, March 19, 2012 at 11:50am ·
Question : ဘာဝနာကို ဖွံ့ဖြိုးမှု အနုပညာ (the Art of Growing) လို့ မခေါ်ဘဲ - ဘာလို့ သေဆုံးမှု အနုပညာ (the Art of Dying) လို့ ခေါ်ရတာလဲ။
Answer : တကယ်က နှစ်မျိုးစလုံး ခေါ်လို့ ရပါတယ်။ ဒါပေမယ့် အတ္တသန္တာန်ဟာ ဖွံ့ထွားရတာ ဖွံ့ဖြိုးရတာကို ကြိုက်တယ်။ သေဆုံးမှု မရဏကို ပြောတဲ့ အခါ ကြောက်ပါတယ်။ ဘာဝနာကို သေဆုံးခြင်း အနုပညာ တစ်မျိုးပဲ လို့ ပြောတဲ့ အခါ ခင်ဗျား နည်းနည်း တော့ တွန့်သွားတယ်။
မုလ္လာနဆရုဒင် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ တစ်နေ့တော့ မြို့တစ်မြို့နားကို ရောက်တယ်။ အဲ့မြို့က ရေတွင်း တစ်တွင်း နားမှာ လူတွေ အုံနေတာကို တွေ့တယ်။ အဲ့မှာ ဘုန်းတော်ကြီး တစ်ပါး ရေထဲ ပြုတ်ကျနေ ပါတယ်။ သူက ကယ်ပါ ယူပါ တစာစာ အော်နေတယ်။ လူတွေ ကလည်း ဘေးနား က ဝိုင်းအုံ ပြီး အော်ပြော ကြတယ်။
"အရှင်ဘုရား ။ လက်ကမ်းလိုက်ပါ။ လက်လှမ်းလိုက်ပါ။ တပည့်တော်တို့ ဆွဲထုတ်ပါ့မယ်။"
အဲ့လို ဝိုင်းအော်ပြောကြပေမယ့် ဘုန်းကြီးက ဂရုမပြုမိဘူး။ ရေထဲမှာ အသည်းအသန် ကူးခတ်နေတုန်းပဲ။ ကြောက်အားလန့်အား အကူ အညီ တောင်းနေတုန်းပဲ။ နောက်ဆုံးတော့ မုလ္လာနဆရုဒင် က အနားကို ရောက်လာတယ်။ သူ ဝင်ကယ်မယ် ဆိုတဲ့ အနေနဲ့ လူတွေ ကို ပြောလိုက် တယ်။ ရေတွင်းနားကို ကပ်ပြီး ကိုယ်ကို ငုံ့ပေးလိုက်တယ်။ ပြီးတော့ ဘုန်းကြီးကို လှမ်းအော်ပြောတယ်။
"အရှင်ဘုရား။ ကျုပ်လက်က ဒီမှာ။ ကျုပ်လက်ကို လှမ်းဆွဲလိုက်ပါ"
အဲ့တော့မှ ဘုန်းကြီးလည်း လက်ကို လှမ်းဆွဲတယ်။ ရေတွင်းထဲက ထွက်လာနိုင်ခဲ့တယ်။ လူတွေလည်း အံ့ဩသွားကြတယ်။ အတူတူပဲကို ဘာလို့ သူ့ကျမှ ကယ်လို့ ရတာလဲ။
"ဒါရိုးရှင်းပါတယ်။ ဒုက္ခရောက်နေသူ ဆီက ဘာတွေများ ခင်ဗျားတို့ သွားတောင်းနေမှာလဲ။ သူ့လက်တစ်ဖက်တောင် ခင်ဗျားတို့ မရနိုင်ဘူး ရယ်။ ဒါ့ကြောင့် သူ့ဆီက ကျနော် ဘာမှ လှမ်းမတောင်းဘူး။ ခင်ဗျား လက်တစ်ဖက် ပေးဗျာ လို့ ပြောစရာ မလိုဘူး။ အဲ့ဒီအ စား - ကျုပ်လက်ကို လှမ်းကိုင်လိုက်ဗျာ လို့ပဲ ပြောရမယ်။ ဒါဆို လုံလောက်ပါတယ်။"
အလားတူပဲ။ ဘာဝနာကို ဖွံ့ထွားမှု ဖြစ်စဉ်၊ ရှင်သန်ကြီးထွားမှု ဖြစ်စဉ်လို့ ပြောရင် - ဖြစ်စဉ် အမှန် ပဲ။ ဒါပေမယ့် ခင်ဗျား အတ္တ က ကျေနပ်တယ်။ နှစ်သိမ့်သွား တယ်။ သေဆုံးရတာ ၊ ပြတ်တောက် ပျက်သုဉ်း သွားရမှာကို မလိုလားဘူး ပဲ။ ဒါပေတဲ့ ဘာဝနာရဲ့ တကယ့် အလုပ်မှာ - သတ်ပစ်ရမှာက သူ့ကိုသာ ဖြစ်ပါတယ်။ ဘာဝနာကို သေဆုံးခြင်း ဖြစ်စဉ် တစ်ခု အဖြစ် ပြောရင် စင်စစ် သူ့ကို သတ်ပစ်ဖို့ ပြောတာ သာ ဖြစ်တယ်။ ဘာဝနာ အတွင်းမှာ အတ္တ ဟာ ကြီးထွားမလာနိုင်ဘူး။ သေဆုံး ပျက်ပြုန်းသွားဖို့ ရာသာ ရှိပါတယ်။
ကျနော်တို့ ဆီမှာ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိတယ်။ ခင်ဗျား အတ္တ ဆက်လက်ပြီး ရှင်သန်ကြီးထွား လာမလား။ ဒါမှမဟုတ် - လျော့ပါး ပျောက်ပျက် သေဆုံး သွားမလား။ ဒီနှစ်ခုထဲ။
တကယ်လို့သာ ခင်ဗျား အတ္တက ဆက်လက်ရှင်သန် ကြီးထွားနေမယ်- ပိုပြီး ခိုင်မာလာမယ် ဆိုရင် - ဒီ အညစ်အကြေး နွံတောထဲ ခင်ဗျား ဆက်ရှိနေ မှာပဲ ။ဒါဟာ ဘာဝနာ ရဲ့ လုပ်ငန်းစဉ် မဟုတ်ဘူးရယ် ။ အတ္တကြောင့် ခင်ဗျား စိတ်ကူး၊ အကြံအစည်၊ မျှော်မှန်း တမ်းတ ချက်တွေ တတိတိ များပြား လာ နေဦးမယ်။ ခင်ဗျား ကြေကွဲ ဝမ်းနည်း စွဲလမ်းနေဦးမယ်။ ခင်ဗျားရဲ့ ဘဝဟာ ပီဘိ ရှင်သန်ရက်သား ငရဲ ဖြစ်နေဦးမယ်။
တကယ် စင်စစ် ဘာဝနာက အတ္တ တစ်ခုတည်း ကို သတ်ပစ်တယ်။ အဲ့အခါ ကျန်တဲ့ အလှအပတရား၊ ချမ်းမြေ့မှု သန္တိကို ဖွံ့ဖွံ့ ထွားထွား တွေ့ရပါလိမ့်မယ်။ "အမှောင် ပျောက်ပျက်သွားခြင်း" ကိုပဲ အလင်း ရောက်ခြင်း လို့ ခေါ်ဆိုသလိုမျိုး။ အတ္တ ပျက်သုဉ်း သေဆုံး တဲ့ အခါ - ခင်ဗျား ဘဝရဲ့ ချမ်းမြေ့မှုကို နေရာတိုင်းမှာ မြင်တွေ့နေရပါလိမ့်မယ်။
ဒါ့ကြောင့် ကင်ဆာရောဂါ လို ခင်ဗျား သန္တာန်မှာ ကပ်ညိတွယ်နေတဲ့ အတ္တကို ဘာဝနာ က သတ်ပစ်တယ်။ ဘာဝနာကို သေဆုံးခြင်း အနုပညာလို့ ခေါ်ရင် သူ့သေဆုံးမှုဟာ အတ္တရဲ့ သေဆုံးမှုသာ ဖြစ်တယ်။ သူ မရှိရင် အရာရာဟာ အစွမ်းကုန် လှပ ဖွံ့ထွားနေကြပါတယ်။
...............
March19th 2012 at 11:20 AM
...............
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..............
0 comments:
Post a Comment