ကြားဖြတ်ရွေးကောက်ပွဲ နီးလာချိန်မှာ အရေးကြီးဆုံး ရှောင်ရန်-ဆောင်ရန်
by Lwin Aung Soe on Tuesday, March 13, 2012 at 2:55pm ·
ကြားဖြတ် ရွေးကောက်ပွဲ နီးလာလေ All-inclusive politics (အားလုံးပါဝင်တဲ့ နိုင်ငံရေး) ဟာ အောင်မြင်ဖို့ ပိုပြီး နီးစပ်လာနေပါတယ်။ အောင်မြင်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ အတော်များများက ခန့်မှန်း တွက်ဆနိုင်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မင်းသားကြီး မလုပ်ရသူတွေဟာ နိုင်ငံရေးလမ်းကြောင်းကို ပြောင်းလဲဖို့ ကြိုးပမ်းတတ်ပါတယ်။ မအောင်မြင်တဲ့ နောက်ဆုံးမှာ ပတ်မကြီးကို ထိုးဖောက်တတ်ကြပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းလောက်သာ ကျန်ပါတော့တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင် စာရင်းမှာ မှားယွင်းမှုတွေ အများအပြား ရှိနေပါတယ်။ ဒါဟာ ရွေးကောက်ပွဲ မသမာမှုကို ဖြစ်စေပြီး တဆက်တည်းမှာ ကြားဖြတ် ရွေးကောက်ပွဲရဲ့ ရည်မှန်းချက်တွေကို ထိခိုက်သွားစေနိုင်ပါတယ်။
ဒီလို အချိန်မျိုးမှာ ကျနော်တို့ဟာ မဲဆန္ဒရှင် စာရင်း မှားယွင်းမှု မှန်သမျှကို ဖော်ထုတ်ပြီး အမှန်အတိုင်း ပြင်ဆင်ဖို့၊ ပြည်သူတွေ မဲထည့်မမှားရအောင် စည်းရုံးဖို့၊ Free and fair ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စေဖို့၊ ပြည်သူအချင်းချင်း ညီညွတ်နေကြဖို့၊ မသမာသူတွေရဲ့ ဘေးအန္တရာယ်ပေးခြင်းမှ လူတိုင်း လူတိုင်း လုံခြုံစေဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်စေဖို့ကိုသာ အတတ်နိုင်ဆုံး ကြိုးပမ်းနေကြရမှာ ဖြစ်ပါတယ်။
ဒီလို အချိန်မျိုးမှာ ကျနော်တို့ဟာ ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်နိုင်ရေး လမ်းကြောင်းကလွဲလို့ နည်းမျိုးစုံနဲ့ ဆွဲဆောင် တွန်းအားပေးလာတဲ့၊ မခံချိမခံသာ ဆွပေးလာတဲ့ အခြားကိစ္စတွေအပေါ်မှာ အာရုံ မစိုက်သင့်ပါဘူး။
ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်သွားတာဟာ ညီညွတ်မှု အင်အားတခုကို တည်ဆောက်ယူနိုင်ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ အမျိုးသားရေးကိစ္စ လုပ်စရာ အလုပ်တွေကို ညီညွတ်မှု အင်အားနဲ့ တခုပြီးတခု အရှိန်အဟုန်ကောင်းကောင်း ဆက်တိုက် လုပ်ဆောင်သွားလို့ ရပါတယ်။
ဒါမျိုးကို မဖြစ်စေချင်သူတွေက ခုကတည်းက လမ်းကြောင်းလွဲပေးဖို့ ကြိုးစားနေကြတယ်။ ငြိမ်းချမ်းမယ့် အနာဂတ် မြန်မာနိုင်ငံမှာ နိုင်ငံသားအားလုံး ကြီးပွားနိုင်ကြမယ့် အရေးအတွက် အာရုံပြောင်း လမ်းလွဲခံရတာမျိုး မဖြစ်ရအောင် သတိပြု ဆင်ခြင် ရှောင်ရှားကြစေလိုပါတယ်။
လွင်အောင်စိုး
၁၃-၃-၂ဝ၁၂
...............
0 comments:
Post a Comment