ပြည်ပသို့သွား၍ဆေးကုသကြသည်ဆိုရာဝယ်-အပိုင်း ၁
by Pho Htoo on Sunday, March 18, 2012 at 4:03am ·
စက်တင်ဘာလ ၁၄ရက်နေ့ထုတ် Health Digest ဂျာနယ်မှာ၊ ကျွန်တော်တို့နိုင်ငံက ဝါရင့်ဆေးပညာရှင် ဆရာကြီး တစ်ဦးက နိုင်ငံခြားကို ဆေးသွားကုတဲ့သူတွေများနေတယ်၊ တကယ်ကောလိုအပ်လို့သွားတာ ဟုတ်ရဲ့လားလို့ ဆန်းစစ်ဝေဖန်ပြီးတင်ပြထားတာကိုဖတ်ရပါတယ်။ မှန်ပါတယ်။ တကယ့်တကယ့်ကျန်းမာရေး လိုအပ်ချက်အရ မဖြစ်မနေသွားရတဲ့သူတွေအပြင်၊ မိမိဆန္ဒအလျောက် ပိုကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်တယ်လို့ ယူဆတဲ့နေရာကို သွားကြတာတွေလဲများများလာနေပါတယ်။ ပြည်တွင်းက ဆေးရုံဆေးခန်းတွေကလည်း တတ်စွမ်း သလောက်တော့ လူနာတွေအပေါ်အကောင်းဆုံး ဝန်ဆောင်မှု ပေးကြမှာပါပဲ။ဒါပေမယ့်လည်းပြည်ပက ဝန်ဆောင်မှုတွေကပိုကောင်းတယ်၊ဆွဲဆောင်မှုတွေကပိုကောင်းတယ် ဆိုတဲ့အနေအထားပါ။ ဒါကြောင့်လဲ တတ်နိုင်တဲ့သူတွေက ပြည်ပကိုသွားကြတာပေါ့။ ဒီနေရာမှာ ပြည်ပဆေးရုံတွေက ဘယ်လိုအားသာချက် တွေရှိတယ်ဆိုတာကို သိဖို့လိုပါတယ်။ ဒါမှသာသူတို့နဲ့ ယှဉ်ပြိုင်နိုင်အောင်၊ ကိုယ့်ဘက်က ပြင်ဆင်ရမယ့် အပိုင်းတွေကို မြင်လာနိုင်မှာပါ။
အခင်းအကျင်းနဲ့ဖွဲ့စည်းပုံ
ပြည်ပကဆေးရုံတွေက ဆေးရုံပုံစံဒီဇိုင်းဆွဲပြီးတည်ဆောက်ထားတာပါ။ သားနားတယ်။ ကျယ်ဝန်း တယ်။ ကျဉ်းကျပ်မနေဘူး။ လူနာတွေရော၊ လူနာစောင့်တွေအတွက်ပါဆိုဖာထိုင်ခုံတွေကို အများကြီးချပေးထားပါတယ်။အပျင်းပြေဖတ်စရာစာအုပ်တွေလဲရှိပါတယ်။ဘယ်သူမှမတ်တပ်ရပ်စောင့်နေရတာ မရှိပါဘူး။ သောက်စရာ ရေသန့်ဘူးအသေးလေးတွေတောင်ချပေးထားတာတွေ့ရပါတယ်။ နာမည်ကျော်ဆေးရုံတစ်ခုရဲ့ဆင်ဝင်နားမှာဆိုရင်လဲအသစ်ရောက်လာတဲ့သူတွေပဲဖြစ်ဖြစ်၊ဆေးရုံတက်ရတဲ့လူနာတွေပဲဖြစ်ဖြစ်နားနားနေနေ အပန်းဖြေနိုင်အောင် ကြီးမားတဲ့ဆက်တီအစုံ ၃ -၄ စုံလောက်ချထားပေးပါတယ်။ ဆေးရုံတက်ရတဲ့လူနာတွေရဲ့အခန်းတွေကလည်း ကျယ်ဝန်းသပ်ရပ်ပါတယ်။ မိသားစုတစ်စုကတော့အေးအေးသက်သာနေနိုင် တာပါပဲ။ ဒီတော့အခင်းအကျင်းကဆေးရုံတက်တာနဲ့မတူပဲအဆင့်မြင့်ဟိုတယ် ကြီးတစ်ခု ကိုလာရောက် တည်းခိုနေရသလိုပါ။ ကုန်ကျစရိတ်တွေများပေမယ့် ပေးရသူတို့ရဲ့ စိတ်ထဲမှာ ဒါကိုတန်တယ်လို့ ခံစားရပါတယ်။
ကျွန်တော်တို့ဆီမှာက ပုဂ္ဂလိကဆေးရုံတွေက ရှိပြီးသားအဆောက်အဦးတွေကို ဆေးရုံပုံစံပြောင်း ထားတာကများပါတယ်။ ဒီတော့အလုပ်လုပ်တဲ့အခါ အဆင်မပြေတာတွေများတာပေါ့။ ပြီးတော့်လူနာစောင့် တွေအတွက် သက်တောင့်သက်သာ ဖြစ်မှုမှာလိုအပ်ချက်တွေရှိနေသေးတယ်။ ဒီဝန်ဆောင်မှုတွေဟာ ဈေးချိုတယ်ဆိုတာ လက်ခံကြပေမယ့် ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှုလိုချင်သူ တွေကနိုင်ငံခြားသွားကြတာပါဘဲ။
ဒီနေရာမှာ ကျွန်တော်တို့ ရွှေမြန်မာတွေဟာ အကောင်းကြိုက်တတ်တဲ့သူတွေဆိုတာထည့်ပြောပြ ချင်ပါတယ်။ ကျွန်တော်ကတော့ဒီအချက်ကို နေရာတိုင်းသဘောမကျပါဘူး။ ဥပမာ-လေယာဉ်စီးတယ်ဆို ပါတော့။ လက်ထဲမှာ ပိုက်ဆံသိပ်မရှိသူကလည်း အကောင်းဆုံးဈေးအကြီးဆုံး လေကြောင်းလိုင်းပဲစီး ချင်တယ်။ြွကားချင်တာလဲပါတယ်။ ဘေးကလူကလည်းတမှောင့်။ ဈေးသက်သာတာဝယ်စီးရင် ကြားဖူးနားဝနဲ့ ဟိုလေကြောင်းလိုင်း (ဈေးကြီးတဲ့လိုင်း)မစီးဘူးလားလို့မေးတော့တာပါပဲ။ စာရေးသူကအလယ်အလတ်တန်း လေကြောင်းလိုင်းကို စီးသွားတာပါ။ ဒါတောင်ဟိုကမိတ်ဆွေတွေက မင်းသိပ်အတာပဲ။ ဒီထက်ဈေးသက်သာတဲ့ လိုင်းရှိတယ်။ အဲဒါစီးစမ်းပါဆိုပြီး ပြောတယ်။ လုံခြုံစိတ်ချရတာချင်းတူခဲ့ရင် ၁ နာရီစာ ကာလလေး အတွက် ငွေတွေ ၂ ဆလောက်သုံးလိုက်ရတာ၊ နှမြောတော့ နှမြောစရာပါ။
ဆက်ဆံရေး
မြန်မာနိုင်ငံကဆေးရုံတွေမှာ လူနာတွေက ဆရာဝန်ကြီးအခန်းရှေ့မှာ ထိုင်စောင့်နေကြတယ်။ "ဦးလှမောင်" "ဒေါ်တင်မြင့်" စသည်ဖြင့် အော်ခေါ်တယ်။ လူနာမရှိရင် "ဦးလှမောင်ရှိလား ဦးလှမောင်၊ ဦးလှမောင်မရှိရင် နောက်တစ်ယောက်ဒေါ်တင်မြင့်ဝင်မယ်" စသည်ဖြင့်အသံမြှင့်ပြီး အော်ခေါ်ရတာတွေရှိ တာပေါ့။ စာရေးသူရောက်ခဲ့တဲ့ ပြည်ပဆေးရုံမှာတော့ အရပ်ရှည်ရှည်၊ ချောချော စမတ်ကျကျဆရာမ လေးကလူနာဓါတ်ပုံကပ်ထားတဲ့စာရွက်လေးကိုင်ပြီး လူနာနား ရောက်လာတယ်။ လူနာနဲ့မလှမ်းမကမ်းမှာ ရပ်ပြီး ပြုံးစစမျက်နှာလေးနဲ့ လူနာကို လက်အုပ်ချီပြီး "ဆဝပ်ဒီ ခ"လို့အရင်နုတ်ဆက်တယ်။ ပြီးတော့ "Mr.Hla Maung, Please come in" ဆိုပြီးဆရာဝန်ကြီးအခန်းထဲ ကိုတွန်းလှည်းလေးတွန်းပြီး လိုက်ပို့ ပေးတာပါပဲ။ အထဲမှာဆရာဝန်ကြီးကလက်အုပ်ချီပြီး "ဆဝပ်ဒီ ခ" လို့နုတ်ဆက်တယ်။ နောက် ၄-၅ မိနစ်လောက်၊စကားပြန် ကနေတဆင့် မေးမြန်းစမ်းသပ်ပြီး လူနာပြန်ခါနီးမှာ "ဆဝပ်ဒီ ခ" ဆိုပြီးလက်အုပ်ချီပြီး နှုတ်ဆက်ပါတယ်။ ဒီလိုကိုယ့်ကို ကုသပေးတဲ့ ဆရာဝန်ကြီးကိုယ်တိုင်က၊လေးလေးစားစားနဲ့ နုတ်ဆက်တာခံရတဲ့ လူနာရင်ထဲ မှာ ဘယ်မကျေနပ်ပဲနေပါ့မလဲ။ သိပ်ကိုကြည်နူးတာပေါ့။ တခါပြတာနဲ့ကျပ်ငွေ ၃၀ဝ၀ဝ ကနေ ၁၀ဝ၀ဝ၀ လောက်ပေးရတာလဲ တန်တယ်ထင်နေ ကြတာပါပဲ။
ဒါပေမယ့်ဒီလိုအပေါ်ယံယဉ်ကျေးမှုတွေ လူမူဆက်ဆံရေးတွေကနေ၊ အနှစ်သာရဖြစ်တဲ့ဆေးကု သမှုအပိုင်းကိုကြည့်ရင် အားနည်းချက်တွေမြင်နိုင်ပါတယ်။ ဘာသာစကားအခက်အခဲရယ်၊ အရှိန်အဝါနဲ့ လန့်ရတာရယ်ကြောင့် လူနာတွေမှာ ကိုယ်သိချင်တာကိုမေးချင်တာ စိတ်ကြိုက်မေးခွင့်မရနိုင်ပါဘူး။ နောက်ပြီးလူနာတစ်ယောက်အတွက် ပေးတဲ့အချိန်ကလည်းရှိလှရင် ၁၀ မိနစ်ပါ။ လူနာရဲ့အကြောင်း ခရေစေ့တွင်းကျ အသေးစိတ်ဘယ်လိုမှ မသိနိုင်ပါဘူး။ လူနာကိုအသေးစိတ် စမ်းသပ်တာ လည်းနည်းပါတယ်။ စက်တွေနဲ့သာစမ်းသပ်ဖို့ပိုပြီး အားသန်ကြပါတယ်။ စာရေးသူတို့နိုင်ငံကလူတွေက တော့ထပ်စစ်လည်းစစ်ပေါ့။ သဘောထားကြီးကြပါတယ်။ တချို့အရှေ့အလယ်ပိုင်းနဲ့ဥရောပကလူတွေက တော့မရပါဘူး။ သူတို့ဘယ်တုန်းကရိုက်ထားတဲ့ ဓါတ်မှန်ရှိတယ်။ ကြည့်ပါဦး၊ အခုဘာတွေသိချင်လို့ ထက်ရိုက်တာလဲ စသည်ဖြင့် မေးပါတယ်။
ဒီအပိုင်းမှာ ကျွန်တော်တင်ပြချင်တာက ပြည်ပဆေးရုံတွေက တကယ့်ယဉ်ကျေးတဲ့ဆက်ဆံရေး လေးတွေရှေ့တင်ပြီးငွေကြေးကို ထိုက်ထိုက်တန်တန် ယူပြတတ်တာကိုပါ။ ကျွန်တော်တို့ဆီကဆေးခန်း တွေမှာ တကယ်စစ်မှန်တဲ့ စိတ်ရင်းစေတနာရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဆက်ဆံရေး ကတော့ သူတို့လောက် အချိုးမကျလှသေးပါဘူး။ ကျွန်တော်တို့ ပြင်ရဦးမှာပါ။
ဆေးရုံအုပ်ချုပ်စီမံရေး
အတွင်းလူနာပေါင်းရာနဲ့ချီရှိပြီး၊အပြင်လူနာနေ့စဉ်ရာဂဏန်းနဲ့ ကြည့်ပေးရတဲ့ဆေးရုံကြီး တစ်ခုကိုချောမွေ့စွာလည်ပတ်နေနိုင်အောင်စီမံရတာလွယ်တာမဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်တည်းရဲ့ စွမ်းအား နဲ့လုပ်လို့ရတာလည်းမဟုတ်ပါဘူး။ဒီနေရာမှာ ကျွန်တော်တို့ ပညာယူစရာတွေအများကြီးရှိပါတယ်။ ဒီအချက်ကိုရှင်းလင်းဖို့ ကျွန်တော်ခုချိန်ကစပြီး ပြည်ပနိုင်ငံအဖြစ် ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ဥပမာပေးပါ့မယ်။
(က)ရင်းနှီးမြှုပ်နှံမှု
ကျွန်တော်တို့ဆီမှာ ဆေးရုံထောင်တဲ့သူတွေက ရတဲ့အမြတ်ကိုယူတယ်။ ကိုယ်ရေးကိုယ်တာ အတွက်သုံးတယ်။ တခြားစီးပွားရေးမှာ မြှုပ်နှံတယ်။ ဆေးရုံလုပ်ငန်းကို တိုးချဲ့တာရှားပါတယ်။ ဆေးရုံအတွက် ကိရိယာအသစ်၊စက်အသစ်ဝယ်ပေးဖို့ပြောရတာ အရမ်းခက်ပါတယ်။ သူတို့ဆီမှာတော့ ရတဲ့ငွေ ကို ထပ်မံရင်းနှီးမြှုပ်နှံတဲ့အပြင် (ခုလိုမြန်မာလူနာဦးရေတဟုန်တိုး တိုးလာတာကို သိတာနဲ့ ဆေးရုံကိုချဲ့ပါတယ်) လိုအပ်ရင်ဘဏ်တွေကနေငွေချေးပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ပါတယ်။ စက်အသစ် တွေဝယ်ပါတယ်။ ဝန်ထမ်းတွေအများကြီးခန့်ပါတယ်။ ကြာလာတော့ သူတို့ဆေးရုံကကြီးမားသားနားပြီး ပစ္စည်းကိရိယာအစုံအလင်နဲ့ ဘာမဆိုစမ်းသပ်နိုင်၊ ကုသနိုင်တဲ့ တကယ့်ဆေးရုံကြီးဖြစ်လာပါတယ်။ ကျွန်တော်တို့ဆီကဆေးရုံတွေမှာတော့၊အချိန်တွေကုန်သွားလည်းဒုံရင်းကဒုံရင်းပါပဲ။ ယခုလောလောဆယ် နာမည်အကြီးဆုံးဘန်ကောက်ဆေးရုံကြီး ကိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က၊ ကုတင် ၁၀ဝ ဆံ့ဆေးရုံကလေးကနေ စခဲ့ပါသတဲ့။ယနေ့အခါမှာ ကုတင် ၅၅၀ ဆံ့တဲ့ ဧရာမ အထွေထွေရောဂါကု ဆေးရုံကြီးဖြစ်နေပါပြီ။ ကုတင် ၃၀ဝ အနည်းဆုံးဆံ့မယ့် အဆောက်အဦးတစ်ခုကို ဆောက်နေတာပြီးလုပါပြီ။ ကျွန်တော်တို့ဆီမှာလည်း ကုတင် ၁၀ဝ လောက်နဲ့လွန်ခဲ့တဲ့ အနှစ်-၂၀ လောက်ကလုပ်ငန်းစခဲ့တဲ့ ဆေးရုံတွေမနည်းပါဘူး။ နောက်နှစ်-၂၀ဆို လက်ရှိ ဘန်ကောက်ဆေးရုံ အဆင့်မျိုး ဘယ်ဆေးရုံက လိုက်မီနိုင်မလဲ။ စောင့်ကြည့်ကြစို့လား။
(ခ) ကျွမ်းကျင်မှု
ဒီလိုဆေးရုံချဲ့ထွင်ရာမှာ လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။ လူနာတွေမရှိရင် လုပ်ငန်းပျက်မှာပေါ့။ အဲဒီလူနာလာမလာ လေ့လာဆန်းစစ်မှုတွေ လူနာလာရောက်ဖို့ဆွဲဆောင်မှုတွေ၊ တဖက်ကလည်း ဆေးရုံ ကို International အဆင့်ဝင်အောင် သတ်မှတ်ထားတဲ့ စံအတွင်းဝင်ကြောင်း ထောက်ခံသတ်မှတ် ပေးမှုတွေလိုအပ်ပါတယ်။ အဲဒီလုပ်ငန်းတွေအကြောင်း နားလည်သူတွေကိုဆေးရုံကငှားပြီးခန့်ထားတာပါ ပဲ။ ပိုင်ရှင်တစ်ဦးတည်း၊ Director တစ်ဦးတည်းလုပ်နေလို့မရပါဘူး။
အဲဒီမှာစာရေးသူသတိထားမိတာကမြန်မာလူမျိုးကျွမ်းကျင်ပညာရှင်တွေပါဘဲ။ သူတို့ထဲကတစ်ဦး ကိုဆေးရုံရဲ့ ဈေးကွက်ချဲ့ထွင်ရေးမှာ တွေ့ခဲ့ရပါတယ်။ အရမ်းတော်တဲ့သူပါ။ ငယ်ငယ်ရွယ်ရွယ်ပဲရှိပါသေးတယ်။ ဖြစ်နိုင်ရင်တော့ မြန်မာပြည်ပြန်ပြီး အလုပ်လုပ်ချင်ပါသတဲ့။ ခက်တာကမြန်မာပြည်ထဲမှာသူ့ကို အလုပ်ပေးမယ့်သူနဲ့၊ သူလုပ်ရမယ့်အလုပ်ကမရှိသေးတာပါ။ သူ့လိုလူတွေမြန်မာပြည်မှာ အလုပ်ရလာတဲ့ တစ်နေ့ဟာ၊ ကျွန်တော်တို့ဆေးရုံတွေ ဒေသတွင်းစံချိန်မှီလာမယ့်တစ်နေ့ဖြစ်လာမလားလို့ ကျွန်တော်တွေး တောနေမိပါတယ်။
လတ်တလောအနေအထားလေးများ
နိုင်ငံခြားမှာဆေးကုရင် ဈေးအလွန်ကြီးလေ့ရှိပေမယ့် လတ်တလောအနေအထားလေးတွေအရ သက်သာနေလို့လည်းလူနာတွေ ဆေးသွားကုတာများနေတယ်လို့ တချို့ကဆိုကြပါတယ်။ ဟုတ်ပါတယ်။ ထိုင်းမှာက တစ်ဒေါ်လာကို ဘတ်ငွေ ၃၀နဲ့အမြဲညီအောင်ညှိထားပါတယ်။ ဒေါ်လာဈေးကျတော့ ထိုင်းဘတ်ဈေးလည်းကျတာပဲ။ ဒီတော့ မြန်မာငွေကို လဲလိုက်ရင် ထိုင်းဘတ်ငွေပိုရပါတယ်။ ထိုင်းမှာငွေများ များသုံးနိုင်တဲ့ သဘောပေါ့။ နောက်ပြီးထိုင်းမှာက ကုန်ဈေးနှုန်းတွေကချိုသာတယ်။ အစားအသောက်တွေ ကဈေးမကြီးဘူး။ သွားရလာရတာလည်း လွယ်ကူတယ်။ Taxi တွေဆိုပေါမှပေါ။ ဈေးကလည်း သက်သာနဲ့။ လေယာဉ်နဲ့သွားရတာလည်း လွယ်ကူတယ်။ ဈေးနှုန်းတွေကချိုသာတယ်။ မန္တလေး-ရန်ကုန် သွားရသလိုပဲတဲ့။ ဒီလိုအားလုံးအဆင်ပြေချောမွေ့နေတော့ လူနာတွေမပြောနဲ့၊စာရေးသူတောင် ထိုင်းနိုင်ငံရောက်ရတာ ပျော်နေမိ နေသလိုလိုပါ။
တကယ်တော့ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှာ အတွေ့အကြုံနဲ့အခြေခံကောင်းတွေ အများကြီးရှိထားတဲ့နိုင်ငံပါ။ ရောက်လာတဲ့ဧည့်သည်ကို စိတ်ကျေနပ်မှုရစေပြီး၊ နောက်ထပ်လာချင်အောင် ဆွဲဆောင်နိုင်တဲ့ နိုင်ငံပါ။ ဆေးကုသတာဟာလည်းဒီလိုကမ္ဘာလှည့်ခရီးသည်လုပ်ငန်း တစ်ရပ်ပဲ မဟုတ်ပါလား။ သူတို့ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ လုပ်ငန်းပါ။ သူတို့ကဒီလုပ်ငန်းကို အားတောင် ပေးလိုက်ပါသေးတယ်။ ၂၀ဝ၈ မှာလား၊ ၂၀ဝ၉ အတွက်လား မမှတ်မိတော့ဘူး။ အဲဒီ ခုနှစ်အတွက် ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Export ဆုကို စာရေးသူရောက်ခဲ့တဲ့ ဘန်ကောက်ဆေးရုံကြီးကရပါသတဲ့ဗျား။ လူနာတွေဆီကတိုက်ရိုက်ရတဲ့ ဆေးကုသခအပြင်၊ သူတို့ရဲ့ နေစရိတ်၊သွားလာစရိတ်၊ ဝယ်ခြမ်းမှုတွေအားလုံး ဟာထိုင်းနိုင်ငံရဲ့ ဘဏ္ဍာငွေထဲကို ရောက်ရတာပဲ မဟုတ်လား ။ဆရာဝန်၊ ဆရာမတွေ အများကြီးအလုပ်ရတယ်။ Taxi သမားတွေ၊ဈေးသည်တွေ၊တည်းခိုခန်းတွေ လေကြောင်းလိုင်းတွေ အားလုံး အလုပ်ဖြစ်တယ်။(ဒီထက်ကောင်းတဲ့ Export ဘယ်မှာရှိဦးမှာလည်းခင်ဗျား)
ဒီနေရာမှာတော့ ကျွန်တော်တို့ ဆီမှာလုပ်နေဆဲ လမ်းတံတားပြုပြင်မှုတွေက တစ်နေ့နေ့မှာ သူတို့ဆိမှာလိုပဲ၊ အခြေခံကောင်းတွေဖြစ်လာမယ်လို့ထင်ပါတယ်။
နည်းပညာကွာခြားမှု
အခြားအရာများကို အပထားပြီး မြန်မာလူမျိုးများတွေ ပြည်ပထွက်ဆေးကုရတဲ့ အကြောင်းအရင်းကိုစဉ်းစားရင် အဲဒါဟာဆေးပညာကုသမှု အဆင့်ကွာခြားမှုပဲ ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဦးနှောက် အကျိတ်ရောဂါ စတာတွေကို အေးအေးဆေးဆေးခွဲနိုင်တယ်၊ နက်နဲတဲ့ ရောဂါတွေကိုတွေ့ အောင်ရှာနိုင်တယ်၊ ကုသလို့မလွယ်တဲ့ ကျွမ်းနေတဲ့ ရောဂါတွေမှာ သက်သာအောင် လုပ်ပေးနိုင်တယ် စတာတွေဟာ သူတို့ရဲ့အားသာချက်ပါ။ ဒီအားသာချက်ကသူတို့ဆီမှာရှိပြီး၊ကျွန်တော်တို့ဆီမှာဘာကြောင့်မရှိရတာလဲ။ အဓိကအချက် ၂ ခုကိုတွေ့မိပါတယ်။ ပထမတစ်ချက်ကထိုင်းဆရာဝန်တွေ နိုင်ငံခြားသွားပြီး ပညာသင်ရင် ဘွဲ့မယူပါဘူး။ ပညာပဲယူပါတယ်။ အဲဒီပညာနဲ့ပဲ အလုပ်လုပ်ပါတယ်။
ကျွန်တော်တို့တွေကတော့ ဘွဲ့ကို ပိုမက်မောတန်ဖိုးထားတဲ့အလေ့အကျင့်ရှိပါတယ်။ ဘွဲ့ရဖို့အားစိုက်ရတာနဲ့ ပညာကပါသင့်သလောက်ပါမလာတာ မျိုးတွေရှိခဲ့နိုင်တာပါပဲ။
ဒုတိယအချက်ကတော့ စက်ကိရိယာဝယ်ယူအသုံးပြုမှုပါ။ စက်တွေက လက်ဝယ်ရှိထားမှ ကျွမ်းကျင်မှုဆိုတာ နောက်ကွယ်ကလိုက်လာတာပါ။ စက်တွေမရှိပဲ၊ ကျွမ်းကျင်မှုတွေရှိဖို့မလွယ်ပါဘူး။ ကျွန်တော်တို့ဆီက ဆေးရုံတွေမှာ စက်ပစ္စည်းအသစ်တွေတပ်ဆင်ပါမှ ရောဂါတွေရှာတွေ့လာမှာပါ။ နည်းပညာအဆင့်တွေလည်းမြင့်မားလာမှာပါ။ ဥပမာပေးရရင်-ယခုခေတ်မှာဆိုင်ကယ်တွေပေါလာတော့ တောရွာတွေမှာ စက်ဘီးမစီးတတ်သူတွေတောင် လယ်ကန်သင်းမှာ ဆိုင်ကယ်တဝူးဝူးမောင်းနေနိုင်တယ် ဆိုတဲ့ သဓကပါပဲ။
စနစ်ကွာခြားမှု
ကျွန်တော်တို့ရဲ့ ဆေးပညာကုသမှုကဗြိတိသျှစနစ်ကိုအခြေခံပါတယ်။ ကိစ္စတစ်ရပ်ကိုအလျင်စလို လိုမဖြေရှင်းပဲ စောင့်ကြည့်ပြိး၊ လိုအပ်မှ အန္တရာယ်ရှိတဲ့ ကုသမှုကိုပေးတဲ့ သဘောပါ။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံက ဆေးပညာမှာ အမေရိကန်စနစ်ကို အခြေခံပါတယ်။ ပြဿနာတစ်ခုတွေ့ရင် အမြန်ရှင်း ပစ်မှ နောက်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်မယ်ဆိုတဲ့ အယူ ဝါဒပါ။ ဒါတွေက သဘောလောက်ပြောပြတာဖြစ်ပြီး။ ရောဂါတစ်ခုချင်းစီမှာ ချဉ်းကပ်ပုံခြင်းကွာတတ် ပါတယ်။ ဘယ်ဟာကပိုကောင်းတယ်ဆိုတဲ့ သတ်မှတ်ချက်လည်းမရှိပါဘူး။
ဒီလိုနဲ့ ကျွန်တော်တို့ဆီမှာ ဆီးချိုနဲ့ကျောက်ကပ်ရောဂါရှိလို့ ဆေးထိုးပြီးဓါတ်မှန်မရိုက်ရ တဲ့သူတွေ၊ဆီးချိုရင့်လို့နှလုံးသွေးကြောမခွဲရဲတဲ့သူတွေ၊အာရုံကြောမလွတ်တဲ့အကျိတ်ရောဂါသည်တွေစ
သည်ဖြင့် ရောဂါသည်ပေါင်းစုံ ဟိုရောက်သွားရော။ ဟိုဘက်ကတော့ လုပ်စရာရှိတာတွေ ရဲရဲဝံ့ဝံ့လုပ်ချလိုက်တော့ လူနာကလည်း လတ်တလောအခြေအနေမှာ နေကောင်းလာသလို ဖြစ်ပြီးကျေနပ်ပျော်ရွှင်စွာနဲ့ပြန်လာ တော့တာပါ။ ကုပေးတဲ့ ဆရာဝန်ကြီးတွေရဲ့ ဂုဏ်သတင်းတွေကလည်းမွှေးလို့ပေါ့။ ဒါပေမယ့် စွန့်စားကုသမှုတိုင်းဟာ အကျိုးရှိတာတော့ မဟုတ်ပါဘူး။အမေရိကန်ရော၊ အင်္ဂလန်ကပါ ဆရာဝန်တွေ အားလုံးသဘောတူကြတာက တချို့ရောဂါတွေမှာ ခွဲတာနဲ့ မခွဲတာ၊ လူနာရဲ့သက်တမ်းရှည်မှုမှာ အတူတူပဲလို့ဆိုကြပါတယ်။ ခွဲလိုက်တိုင်း အသက်ရှည်မယ်မထင်ကြပါနဲ့။ တချို့နေရာတွေမှာ ဒီကဆရာဝန်တွေ ရဲ့စောင့်ကြည့်မှုကပိုပြီး မှန်ကန်တတ်ပါတယ်။
စာရေးသူနိုင်ငံခြားဆေးရုံက Director တွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သူတို့အားလုံးက ကျွန်တော်တို့မြန်မာဆရာဝန်တွေကို အထင်မသေး ပါဘူး။ သူတို့ရဲ့အစိုးရဆေးရုံတွေမှာလည်း ဒီလိုပဲ အခက်အခဲတွေ ကြန့်ကြာမှုတွေ အများကြီးရှိတယ်ပြောပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာသာ အကောင်းဆုံးဖြစ်အောင် အလွယ်တကူစီမံလို့ရတာလို့ရှင်းပြပါတယ်။ ဟုတ်ပါတယ်-သူတို့ရဲ့ ပုဂ္ဂလိကဆေးရုံမှာ အထူးကုဆရာဝန်ပေါင်းစုံပါပဲ။ သူတို့တွေက နိုင်ငံခြားမှာ ထူးခြားဆန်းသစ်တဲ့ ပညာရပ် ရှိတယ်ဆိုရင် သွားသင်တယ်။ ဆေးသစ်တစ်မျိုး ပေါ်တယ်ဆိုရင် လှမ်းမှာတယ်။ ဥပမာ –ဂျာနယ် တစ်ခုမှာ ကင်ဆာရောဂါကုထုံးသစ်တစ်မျိုး စမ်းသပ်လို့ ရလာဒ်ကောင်းတယ်ဆိုရင် သူတို့ကအဲဒီ ကုထုံးကို နောက်နေ့မှာ လူနာကိုပေးဖို့ အဆင်သင့်ဖြစ်နေပြီ။ ဦးနှောက်အတွင်းက နုနယ်တဲ့ သွေးကြောတွေ ကျဉ်းနေတာ ကို သတ္ထုဝိုင်ယာခွေလေးထည့်ပြီး ချဲ့လို့ရတယ် လို့ သုတေသနဌာနတစ်ခုက ပြောတယ် ဆိုပါစို့။ အဲဒီသုတေသနဌာနမှာ သူတို့လူမျိုး တစ်ယောက်ဟာ
၆ လ - ၁ နှစ်အတွင်း သွားရောက်လေ့လာနေဖို့ ၉၀ ရာခိုင်နှုန်းသေချာပါတယ်။ ဒီလိုကျိုးစားမှုတွေနဲ့ နည်းပညာတွေ မြင့်နေတော့ သူတို့ရဲ့ နာမည်ကျော်ဆေးရုံကြီးမှာ ကျွန်တော်တို့ မြန်မာတွေ တင်းကြမ်းပြည့်နေတာမဆန်းတော့ပါဘူး။ သူတို့နဲ့ကျွန်တော်တို့ရဲ့ကြားက နည်းပညာကွာခြားမှုဟာလည်းနေ့စဉ်နဲ့အမျှပိုပြီး ကြီးထွားလာ နေမှာ အမှန်ပါ။
ကျွန်တော်တို့ဆီမှာတော့ အထူးကုဆရာဝန်တွေ အားလုံးလိုလို အစိုးရဝန်ထမ်းတွေဖြစ်တာ ကြောင့် လုပ်ရကိုင်ရတာမှာ ကန့်သတ်ချက်တွေများပါတယ်။ သူများနိုင်ငံကို ပညာအသစ်သွား ရောက်လေ့လာ ဖို့ဆိုတာမလွယ်ပါဘူး။ စရိတ်ထောက်ပံ့မယ့်သူ မရှိပါဘူး။ နိုင်ငံတော်က ၆ လ၊ ၁ နှစ် ခွင့်ပြုဖို့ဆိုတာ လည်းခက်ပါတယ်။ ရက်ပိုင်းလေး ကွန်ဖရင့်တက်ဖို့တောင် သိန်း ၅၀ ဘဏ်မှာ သွင်းပြီးမှသွားရတာပါ။ ဆေးပညာဖွံ့ဖြိုးမှုအတွက် အတားအဆီးဖြစ်နေတဲ့အရာတွေ ရှင်းပေးမှ ဆေးပညာ တိုးတက်မှုတွေ ရှိလာမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
အပိုင်း (၂) ဆက်ပါမည်။
0 comments:
Post a Comment