သမ္မတသစ်၏ ဒုတိယအကြိမ်မြောက်စကား(ပထမပိုင်း)
---ဦးဖိုးသာအောင်
၁၄။၃။၂၀၁၂
၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ရွေးကောက်ပွဲနှင့်အတူ ပေါ်ထွက်လာတဲ့ အစိုးရသစ်သည် လူထုဆန္ဒနှင့် ရေးဆွဲအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်မှန်လွတ်လပ်သော ရွေးကောက်ပွဲနှင့် ဖြစ်ပေါ်လာသည့် အစိုးရလားဆိုတာကို ကမ္ဘာကရော မြန်မာလူထုကပါ နောကျေအောင်သိကြပြီးဖြစ်သည်၊ သို့သော် ယ္ခင် န.အ.ဖ အစိုးရဆိုးနှင့် စာလျှင် အပေါ်ယံနှင့် အနည်းငယ်ပြောင်းလဲရွေ့လျားနေသည်ကိုတော့ အသိအမှတ်ပြုရမည်ဖြစ်သလို အနောက်အုပ်စုနှင့် ပြန်ပေါင်းထုတ်လုပ်ငန်းစဉ်တွေ ရှိလာသည်မို့ မြန်မာဒီမိုကရေစီရေးအတွက် မျှော်လင့်ချက် တစုံတရာရှိလာပါသည်။
လက်ရှိအခြေအနေက ဒီလောက်ပါပဲ၊ အတိုက်အခံတို့ကလည်း အနောက်လှေကြုံစီးရမည့် ကိန်းကလွဲလို့ အခြားမရှိတဲ့ အခြေအနေပါ၊ ဒါလည်း မှန်ပါတယ်။
သမ္မတ ဦးသိန်းစိန်၏ ပွဲဦးထွက်မိန့်ခွန်းသည် အတိုက်အခံနှင့် ပြည်သူလူထုအတွက် မစားရဝခမန်း အားဆေးတစ်ခွက်ပါ၊
နှစ်ပေါင်းငါးဆယ်လောက် လူထုကို စိန်ခေါ်မိန့်ခွန်းတွေနဲ့ ဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ မိန့်ခွန်းတွေကို လမ်းခွဲလိုက်တာ သတိပြုမိပါတယ်၊
မတူဘူးဆိုတာလောက်ပါပဲ၊ ယ္ခု ၁.၃.၂၀၁၂ နေ့က အစိုးရသစ် တနှစ်မြောက် သမတရဲ့ ဒုတိယအကြိမ်မြောက် မာရသွန်မိန့်ခွန်းရှည်ကြီးကတော့ အတော်ကြီး ဂရုတစိုက်နဲ့ ပိပိရိရိ စီမံပြီး အထပ်ထပ် သုံးသပ်ကာ ဟာပေါက်ယိုပေါက် မရှိအောင် အချောကိုင်ပြီးမှ လွှတ်ထုတ်လိုက်တဲ့ မိန့်ခွန်းပါပဲ။
သေသေချာချာ စေ့စေ့စပ်စပ် သုတေသနပြုပြီး ဖတ်လိုက်လျှင်တော့ ဦးသိန်းစိန်အစိုးရ၏ သဘောထားက ပေါ်လွင်ပါတယ်၊ မိန့်ခွန်းအစမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများကနေတဆင့် ကျနော်တို့ကို ယုံယုံကြည်ကြည်နဲ့ နိုင်ငံတော်အုပ်ချုပ်မှု့အာဏာကို အပ်နှင်းထားခဲ့ကြတဲ့ မိဘပြည်သူများလို့ အစချီပြောကြားလိုက်တာကို ကြည့်လျှင် သူတို့ကိုယ်သူတို့ လူထုက ကြည်ကြည်ဖြူဖြူနဲ့ တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်ဆိုတာကို လေးနက်စေချင်လို့ ဗြောင်ကြီး မုန်လာဥ လုပ်လိုက်တာသာဖြစ်တယ်၊ (ယုံယုံကြည်နဲ့) ဆိုတဲ့ စကားက အလွန်ဟာသမြောက်သွားတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရှိန်အဟုန်နဲ့ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးလမ်းကြောင်းအသစ်ကို စနစ်တကျ ကူးပြောင်းဆောင်ရွက်နိုင်ခဲ့ပြီလို့ဆိုတယ်၊ ရယ်စရာတွေကို ခပ်တည်တည်နဲ့ ဖတ်ပြနေတဲ့ သမ္မတကို သနားမိပါတယ်၊
လက်ရှိဖွဲ့စည်းပုံသည် မည်သို့မျှ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိတယ်၊
ဘယ်မှာလဲ စနစ်တကျ ကူးပြောင်းဆောင်ရွက်နိုင်ခဲ့တာ၊ မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ အဖြစ်ကလေးတွေလောက်ပဲ မြင်နေရသေးတယ်၊
သို့သော်လည်း အတိုက်အခံတွေ လွှတ်တော်တွင်းကို ဝင်ရတာက ရတဲ့ကွင်းမှာ ကစားဖို့လောက်ပဲရှိသေးတယ်၊
အနိုင်ကန်ဖို့အတွက် ဘောလုံးဥပဒေနဲ့ ဒိုင်လူကြီးအတွက်က နောက်မှ ကြိုးစားယူရမယ့် အဖြစ်ပါ၊ ဒါက ပြည်သူ့အားကိုးနဲ့သွားကြရမှာဖြစ်နေတယ်။
ဦးသိန်းစိန်က သူ့မိန့်ခွန်းကို ဆက်ဖတ်ပြတယ်၊ ကျနော်တို့နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဗဟိုလ်ပြုပြီး ဒီမိုကရေစီ ခေတ်သစ် စနစ်သစ်ကို ကူးပြောင်းနေတာဖြစ်ပါတယ်၊ ဒါနိုင်ငံနဲ့ ပြည်သူတွေရဲ့ ထူးခြားချက်ဖြစ်တယ်တဲ့၊
ဒီနေရာမှာ ဦးသိန်းစိန်ပြောနေတဲ့ ဖွဲ့စည်းပုံဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံကို ရည်ညွှန်းနေတာဖြစ်တယ်၊
၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီခေတ်သစ်ကို ဘယ်လိုမှ မရောက်နိုင်တာကိုလည်း လူတိုင်းသိတယ်၊
အခြေခံမှအစ ပြန်လည်ပြင်ဆင်ပြီးသော ဖွဲ့စည်းပုံဥပဒေကို ဗဟိုလ်ပြုမှသာ နိုင်ငံနဲ့ ပြည်သူတွေအတွက် ထူးခြားချက်ဖြစ်မယ်။
ဒီအချိန်မှာ ကျနော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ လောကပါလတရားများထွန်းကားတဲ့ နိုင်ငံတော် သစ်တည်ဆောက်နိုင်ပြီလားလို့ မေးရင် အများကြီးကြိုးစားရအုံးမှာဖြစ်တယ်၊
ဒီမိုကရေစီမြန်မာ့လူ့ဘောင်ကြီး ရှင်သန်အောင်ကြိုးပမ်းဆောင်ရွက်ကြရမယ့် ရေရှည်လမ်းစဉ်ကြီးလည်း ဖြစ်ပါတယ်လို့ဆိုတဲ့ သမ္မတကြီးရဲ့ စကားသည် လာမည်ကြာမည်ဆိုတဲ့ နိမိတ်ပြစကားကိုပြောလိုက်တာပါပဲ၊ ကြာမည်၊
ဘယ်လောက်ကြာမည်ဆိုတာတော့ မည်သူမျှမသိနိုင်သလို ထာဝရထက် နည်းနည်းတော့လျော့မှာပါလို့သာ နားလည်မိပါတော့သည်။
ကျနော်တို့ အစိုးရဟာ နိုင်ငံတော်နှင့် ပြည်သူတွေရဲ့ အနာဂတ်သမိုင်းကြောင်းအတွက် အထူးအရေးကြီးလှတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ လေးလေးနက်နက်ခံယူထားပြီးဖြစ်တယ်လို့ဆိုတဲ့ သမ္မတကြီးရဲ့ စကားကတော့ အစွန်းနှစ်ဘက်လို့ တွေးနိုင်ပါတယ်၊
ပြည်သူတွေရဲ့ အနာဂတ်သမိုင်းကြောင်းဟာ ပိုမိုကောင်းမွန်လာနိုင်သလို ပိုမိုဆိုးဝါးသွားနိုင်တာဖြစ်တဲ့အတွက် အထူးအရေးကြီးလှတဲ့ လမ်းပေါ်မှာ အစိုးရကလျှောက်နေရပါတယ်ဆိုတာပါပဲ၊
ဒီစကားသည် တိုင်းပြည်နဲ့ လူထုအတွက် တိုးတက်ကောင်းမွန်ရမှာ အမှန်ဖြစ်နေပြီလို့ အာမမခံဘဲ စောစောကတည်းက ရှောင်တိမ်းထားတဲ့ အဓိပ္ပါယ်ဆိုတာ နားလည်မိပါတယ်။
မြန်မာနိုင်ငံဟာ တကမ္ဘာလုံးက စောင့်ကြည့်မှု့တွေကြားမှာ မြန်မာ့ ဒီမိုကရေစီခေတ်သစ်ကို လမ်းဖွင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုတဲ့ အချက်သည် လက်ရှိလုပ်ဆောင်နေတဲ့ အကျဉ်းသားလွှတ်ပေးခြင်း၊ ဒေါ်စုနဲ့ အင်အယ်ဒီကို ကြားဖြတ်မှာ ဝင်ခွင့်ပြုခြင်းနှင့် မီဒီယာကဏ္ဍကို ယ္ခင်ကထက် လွတ်လပ်မှု အနည်းငယ် ဖွင့်ပေးခြင်းလောက်ကို မြန်မာ့ ဒီမိုကရေစီ ခေတ်သစ်အား လမ်းဖွင့်ပေးနိုင်ခဲ့ပါပြီဆိုသည့်စကားနှင့် အရောင်တင်ကာ အဖြူအမဲမသဲကွဲသေးသည့် ပန်းတိုင်ကို အဝေးကြီးမှ မီးမောင်းထိုးပြလိုက်တာပါပဲ၊
*မြန်မာ့ဒီမိုကရေစီ* ဆိုတဲ့ အသုံးအနှုန်းသည်လည်း ဟိုတုံးက *မြန်မာ့ဆိုရှယ်လစ်* ဆိုတဲ့ လိုရာဆွဲသုံးစကားမို့ သတိကြီးစွာနဲ့ စောင့်ကြည့်ပြီး မည်သည့် အဓိပ္ပါယ်ကို အတိအကျ ဖေါ်ပြပါသလဲဆိုတာ မေးခွန်းထုတ်ရမယ့် အသုံးအနှုန်းဖြစ်နေပါတယ်။
နိုင်ငံသားအားလုံး နောက်ကြောင်းပြန်မလှည့်စတမ်းလျှောက်လှမ်းပြီး မတူညီတာတွေဖယ်ရှား၊ တူညီတာတွေကို ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားကြမည်ဆိုရင် ကျနော်တို့ ဒီမိုကရေစီဟာလည်း ခိုင်မာသထက် ခိုင်မာလာမှာဖြစ်တယ်လို့ သမတက ဆိုပြန်ပါတယ်၊ နိုင်ငံသားအားလုံးကတော့ နောက်ကြောင်းကို ရွံလွန်းလို့ မုန်းလွန်းလို့ ကြောက်လွန်းလို့ ဘယ်သူမှ နောက်ကြောင်းကို ပြန်မလှည့်ချင်ကြတော့ပါဘူး၊
ဒါသေချာတဲ့ အချက်ပါ၊ မ.ဆ.လ၊ န.ဝ.တ၊ န.အ.ဖ ဆိုတဲ့ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ စစ်တပ်ရဲ့ ညစ်ပါတ်တဲ့ အာဏာအဆင့်ဆင့်ကို အသုံးချခွင့်ရပြီး မတရားတဲ့နည်းအမျိုးမျိုးနဲ့ ကြီးပွါးချမ်းသာနေတဲ့သူတွေ၊ ဒီမိုကရေစီမရှိ ခေတ်ပျက်မှာ သူဋ္ဌေးဖြစ်နေကြတဲ့ လာဘ်ထိုးကြီးပွါးလမ်း အတိုင်း လျှောက်လှမ်းခဲ့ကြတဲ့ မျိုးချစ်စိတ်မရှိသူ တရုတ် ကုလားနဲ့ မြန်မာအချောင်သမားတွေ၊ အဲဒီ့လူနည်းစုကတော့ နောက်ကြောင်းကို ပြန်ချင်တဲ့ စိတ် ရှိနိုင်ပါတယ်၊
ပြည်သူအများစုကတော့ မပြန်ရေးချ မပြန်ချင်ကြတော့ပါဘူး၊ ခါးသီးပြီး ဆင်းရဲတွင်းနက်လှတဲ့ ခေတ်ဟောင်းကို နာကျည်းနေကြတာ အမှန်ပါ၊ နောက်ကြောင်းကို လှည့်ချင်သူဆိုတာကတော့ ပြည်သူ့ဘက်မှာမရှိပါ၊
စစ်အာဏာရှင်နှင့် တိုက်ရိုက်ထိစပ်နေသူများ၊ အစိုးရအတွင်းမှ အချို့ပုဂ္ဂိုလ်များနှင့် နိုင်ငံရေး အစွန်းရောက် အစွဲရှိသူများကိုတော့ စိတ်မချနိုင်သေးပါ။
မတူညီတာတွေ ဖယ်ရှားပြီး တူညီတာတွေကို ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားကြမယ်ဆိုရင် ဒီမိုကရေစီဟာလည်း ခိုင်မာသထက်ခိုင်မာမည်ဖြစ်တယ်ဆိုတဲ့ စကားကလည်း အတိုက်အခံနိုင်ငံရေးဘက်က နှစ်ပေါင်းနှစ်ဆယ်ကျော် အထပ်ထပ်သုံးစွဲလာတဲ့ အချောင်သမားလက်သုံးစကားဖြစ်ခဲ့ပါတယ်၊
ဒို့မကောင်းတာတွေကို မဝေဘန်နဲ့ မထောက်ပြကြပါနဲ့ မတူတာတွေအသာထားပြီး တူတာလေးတွေပေါင်းလုပ်ကြတာပေါ့ဆိုတဲ့ အထက်စီးက အသာစီးရနေတဲ့ ကြီးပွါးချမ်းသာ အချောင်သမား အတိုက်အခံတွေရဲ့ မရိုးနိုင်တဲ့ လက်သုံးစကားပါ၊
ဒါကို သမတကြီးက လိုက်ပြီး သုံးနေပြန်တော့ ဘယ်မတူညီချက်တွေကို ဖယ်ရှားရမှာတုံး၊ နိုင်ငံပိုင်နဲ့ ပြည်သူ ပြည်သားပိုင်တွေကို စစ်အာဏာရှင်နဲ့ လက်ဝါးချင်းရိုက်ပြီး လွှဲပြောင်းရယူထားတဲ့ စီးပွါးရေးလုပ်ငန်းပေါင်းစုံကိစ္စတွေကို မတူတာထဲ ထည့်ရမှာလား၊
ရာထူးကြီးလေ အကျင့်ပျက်လာဘ်စားလေဆိုတာတွေကို မတူတာထဲထည့်ရမှာလား၊
အောက်ခြေလူထုထံ မရောက်ရှိတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာကို မတူတာထဲထည့်ရမှာလား၊
တူတာတွဲလုပ်ဆိုတာလောက်သည် ထိရောက်တဲ့ ခိုင်မာတဲ့ တိုးတက်မှု့မဖြစ်နိုင်ဘူး၊
မတူတာတွေကို တူအောင်ညှိ့နိုင်မှ၊ မှားသူ့ဘက်က ပြင်နိုင်မှ အလုပ်ဖြစ်တယ် ထိရောက်တယ်ဆိုတာ သိကြဖို့ကောင်းပါတယ်။
နိုင်ငံတော်တည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိစေရေးအတွက် ရည်ရွယ်ပြီး တနှစ်အတွင်းမှာ အကျဉ်းသား ၂၈၀၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်ဆိုတာကလည်း နိုင်ငံရေး အကျဉ်းသားအများစုသည် နဂိုလ်ကတည်းက ဒီမိုကရေစီကို တောင်းခဲ့ကြသူတွေဖြစ်တယ်၊
သူတို့ကို ဒီမိုကရေစီ မတောင်းရဲ မတိုက်ရဲအောင် နှိပ်ကွပ်ခဲ့ကြတာမဟုတ်ပါလား၊ ယနေ့ကမ္ဘာနှင့် မြန်မာ့အခြေအနေအရပ်ရပ်အရ အစိုးရသစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ မှန်ပေမယ့် အစကတည်းက မဖမ်းသင့်တဲ့လူတွေပါလား၊
နှစ်ပေါင်း နှစ်ဆယ်ကျော် အကျဉ်းချခံရတယ်ဆိုတာ နိုင်ငံရေး သဘောထား ကွဲပြားမှု့ကြောင့် မဖြစ်သင့်ဘူးဆိုတာ လူ့အခွင့်အရေးကို နားလည်တန်ဖိုးထားတတ်သူတိုင်းသိတဲ့ခေတ်ပါ၊
နိုင်ငံတော်တည်ဆောက်ရေးမှာ အားလုံးပါဝင်စေချင်ပါတယ်ဆိုတဲ့ အခုမှ ပေါက်လာတဲ့ စိတ်စေတနာကိုတော့ လေးစား တန်ဘိုးထားပြီး ကြိုဆိုရမှာဖြစ်တယ်၊
သို့သော်လည်း နှောင်ကြိုးဖြစ်တဲ့ ပုဒ်မ (၄၀၁-ခ) ကတော့ စိတ်မချရသေးတဲ့ အဖြစ်မို့ လွတ်ငြိမ်းချမ်းသာခွင့် မမည်သေးပါဘူး။
ပြည်ပရောက်တွေကို လမ်းဖွင့်ကြိုဆိုတဲ့အတွက် တက်တက်ကြွကြွကူညီဆောင်ရွက်လာကြတာ တွေ့ရတယ်လို့ သမ္မတကြီးက ဆိုပါတယ်၊ ဟုတ်ပါတယ် ပြစ်မှု့တစုံတရာ ကျူးလွန်ထားခြင်းမရှိတဲ့ သူတွေ အကြုံးဝင်သလို၊ ကျူးလွန်ထားလျှင်လည်း ပြစ်ဒဏ်ကျခံပြီး ပြည်တွင်းမှာ နေထိုင်ခွင့်ပြုမယ်ဆိုတာ သိရပါတယ်၊
သို့ပေမယ့် ပြစ်မှု့ဆိုတာ ရာဇဝတ်မှုလား၊ နိုင်ငံရေးမှုလားး၊ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ ရာဇဝတ်မှုမျိုးလား၊ နိုင်ငံရေးမှုဆိုရင်လည်း ဘယ်လိုပုံစံနဲ့ ညိစွန်းမှုမျိုးဆိုတာ ရှင်းဖို့လိုပါတယ်၊ ပြည်ပရောက်တွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်တာတော့ သေချာပါတယ်၊ မည်သို့ဖြစ်စေ မြန်မာပြည်ကို ပြန်ဖို့ မြန်မာသံရုံးတွေမှာ ဗီဇာအတွက် ခက်ခဲနေကြတယ်၊
အမိန့်ဥပဒေနဲ့ သမတရဲ့စကားက နေရာတိုင်းမှာ အတည်မဖြစ်သေးပါဘူး၊
သမတက ရှေ့အစိုးရအဆက်ဆက်မှာ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ရှောင်တိမ်းထွက်ခွါခဲ့ရသူတွေသည် ပြည်တွင်းကို ဝင်ရောက်အခြေချနေထိုင်ချင်လျှင် ပြန်လည်ပြီး လက္ခံနေပါပြီလို့ ပဏာယူတဲ့အနေနဲ့ နိုင်ငံတကာက သိစေချင်တာရယ်၊ မျှတတဲ့ အစိုးရတရပ်ဖြစ်လာပြီလို့ အသိအမှတ်ပြုလာစေချင်တာရယ်ကြောင့် ပြည်ပရောက်များကို လမ်းဖွင့်ကြိုဆိုပါတယ်၊
ဒီအတွက် တက်တက်ကြွကြွ ကူညီဆောင်ရွက်လာကြတာတွေ့ရပါတယ်လို့ ပြောလိုက်တာပါပဲ၊
သူပစ်တဲ့ မြားက တချက်တည်းနဲ့ နှစ်ကောင်ထိပါတယ်၊ တကောင်က နိုင်ငံတကာအသိအမှတ်ပြုမှု့နဲ့ နောက်တကောင်က ပြည်တွင်းပြန်ဝင်ပြီး စီးပွါးရေး ဂွင်ထပ်ပြီး ဖန်ချင်သူတွေပဲဖြစ်တယ်၊ ရိုးရိုးသားသား ပြည်တွင်းကို ပြန်ဝင်နေချင်သူတွေအတွက်ကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရအုံးမှာပါ။
နောက်သမတကြီးရဲ့ စကားထဲမှာ သာတူညီမျှအခွင့်အရေးကို အားလုံးမျှဝေရရှိပြီး တန်းတူရည်တူဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ ကျနော်တို့ အစိုးရရဲ့ လိုလားချက်လည်း ဖြစ်တယ်လို့ပါပြန်တယ်၊
တိုင်းရင်းသားတွေဆိုတဲ့အထဲမှာ မြန်မာလူမျိုးစုလည်း အပါအဝင်ဖြစ်တယ်ဆိုတာ အစိုးရသစ်ကိုယ်တိုင် လက္ခံနားလည်ရမယ်၊
ဒီတော့ သာတူညီမျှတို့ တန်းတူရည်တူတို့ဆိုတာတွေက တကယ်တော့ အခွင့်ရေးထူး တရပ်မဟုတ်ဘူး၊
လွတ်လပ်တဲ့ အမိနိုင်ငံရဲ့ မြေပေါ်မှာ မွေးဖွါးသူအားလုံးရဲ့ အခြေခံ ရပိုင်ခွင့် (သို့မဟုတ်) မွေးရာပါ ပိုင်ခွင့်တွေသည် အတူတူပင်ဖြစ်သောကြောင့် အခွင့်အရေးဆိုတဲ့ စကားလုံးကို မသုံးတာအကောင်းဆုံးပါ၊ အခွင့်အရေးလို့ဆိုကတည်းက တဦးက တဦးကိုပေးမှ ရနိုင်တာမျိုးဖြစ်သွားပါသည်၊
ဒီလိုဆိုရင် ပေးသူက ကျေးဇူးရှင်ကြီးတွေအဖြစ်ကို အလိုလိုရောက်ရှိသွားပါသည်၊
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဗိုလ်နေဝင်း အဏာရလာကတည်းက တိုင်းသူပြည်သားများ၏ မွေးရာပါ၊ လူသားတဦးချင်းစီ၏ ရပိုင်ခွင့်များကို စစ်အာဏာရှင်အစိုးရက သိမ်းယူလိုက်ကြပြီး အဓမ္မစိုးမိုးအုပ်ချုပ်ခဲ့ကြတာပါ၊
တကယ်တော့ လူ့အခွင့်အရေးဆိုတာ နဂိုလ်ကတည်းကရှိပြီးသားပါ၊ အာဏာရှင် ပါဝါရှင်တို့က မတရားပြုကျင့်သိမ်းပိုက်လိုက်လို့ လူ့အခွင့်အရေးဆိုတာ ကွယ်ပျောက်ကြရတာဖြစ်ပါတယ်၊ ယနေ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေးဆိုတာ အဲဒီစစ်အာဏာရှင်တစုက ဖျက်ဆီးထားလို့ ကွယ်ပျောက်နေရတာသာဖြစ်ပါတယ်၊
ယနေ့ စစ်ဦးစီးအစိုးရသည် တကယ်တန်းစေတနာမှန်လျှင် ရှေ့ကစစ်အစိုးရများကဲ့သို့ လူ့အခွင့်အရေးကို မချေဖျက်ဖို့၊ မချုပ်ကိုင်ဖို့ပဲဖြစ်ပါတယ်၊ ဘာမှ ရှည်ရှည်ဝေးဝေးပြောပြီး သာတူညီမျှဖြစ်ရေးသည် အစိုးရ၏ လိုလားချက်လည်း ဖြစ်တယ်လို့ ပြောနေဖို့ မလိုပါဘူး၊
စစ်ဦးစီးအစိုးရမျိုး စစ်တပ်က လွှမ်းမိုးမှုလွန်ကဲနေသည့် အစိုးရမျိုးနှင့် လူထုတရပ်လုံးအပါအဝင် တိုင်းရင်းသားများ၏ မျှော်လင့်ချက် လိုလားချက်များသည် မည်သည့်အခါမှ တူညီနိုင်မည် မဟုတ်ပါ။
၁၈ နှစ် ၁၉ နှစ်အရွယ် လက်နက်ကိုင် တိုင်းရင်းသားလူငယ်တွေက လက်တော့တွေ ကွန်ပြူတာတွေကို ကိုင်ချင်ကြတယ်ဆိုတာ ကြားရတော့ သမတကြီးက စိတ်မကောင်းဖြစ်မိပါသတဲ့၊ မြန်မာအစိုးရအကြောင်း ကောင်းကောင်းမသိသေးတဲ့ နိုင်ငံခြားသားကြီးများကတော့ ယုံချင်ယုံမှာပါ၊ ကောင်းကောင်းသိသူများကတော့ ရယ်ကြမှာပါ၊
လက်တော့တွေ ကွန်ပြူတာတွေကို ထားပါအုံး၊ လက်ကိုင်မိုဘိုင်းဖုန်းလေးတွေကိုင်နိုင်ဖို့ အရင်လုပ်ပေးပါအုံး၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူနဲ့ နောက်ဆုံးအနိမ့်ကျဆုံး ကမ္ဘောဒီယား နိုင်ငံမှာ လက်ကိုင်ဖုန်းသုံးနိုင်တဲ့ ဈေးနှုန်းနဲ့ အနေအထားလောက်ဖြစ်အောင် ဦးစွာဆောင်ရွက်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။
ကလေးတွေကို မေတ္တာစေတနာတကယ်ထားတယ်ဆိုရင်၊ ပညာရေး အသုံးစရိတ်ဘတ်ဂျတ်ကို ဘယ်လောက်မြှင့်တင်သလဲဆိုတာ တိတိကျကျ ချပြရဲကြလို့လား၊ ကျောင်းဆရာ ဆရာမနဲ့ ပညာရေးဝန်ထမ်းတွေကို လာဘ်မစားကြနဲ့လို့ လေချိုသွေးပြီး တကယ်လုပ် မလုပ်ဆိုတာ စစ်ဆေး အရေးယူမှု မရှိတဲ့ အစိုးရမျိုးဖြစ်နေတယ်ဆိုတာ လူတိုင်းသိနေတာပဲ၊
အခုလာမည့် ကျောင်းတက်ပညာရေးနှစ်မှာလည်း ဘာထူးမှာလဲ ဦးအာလူးရယ်လို့ပဲ ပြောချင်ပါတယ်၊
ဒါနဲ့တောင် လက်တော့ မကိုင်ရတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကလေးတွေကို သနားပြနေသေးတယ်။
မယုံမရဲ ဖြစ်နေတဲ့ စိုးရွံ့မှုတွေ ပပျောက်အောင် ဖျောက်ပစ်ရမယ်ဆိုတာ လက်ရှိအစိုးရရဲ့ ခံယူချက်ဖြစ်တယ်တဲ့၊ ခံယူချက်ဆိုပြီး ရပ်တန့်နေရမှာ မဟုတ်ပါဘူး၊
လက်တွေ့လုပ်ပြဖို့ပဲ လိုပါတယ်၊ ယနေ့အထိတော့ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ငန်းစဉ်တွေကို မတွေ့မမြင်ကြရသေးပါဘူး၊
အကျဉ်းသားလွတ်၊ အပစ်ရပ်ဖို့ဆွေးနွေး၊ ဒေါ်စုနဲ့ အင်အယ်ဒီကို လွတ်တော်ဝင်ရန်ခွင့်ပြု ငွေကြေးစနစ်ပြုပြင်၊ မီဒီယာကို တိုးတက်ခွင့်ပြုဆိုတာတွေသည် ယခင်ကြွေးဟောင်းတွေကို ပြန်ပြီးဆပ်နေရတာမျိုးပါ၊
ကြွေးကျေပြီး ရှေ့ဆက်စီးပွားရေး လုပ်ရမယ့် အချေမျိုးမဟုတ်သေးပါဘူး၊
ဒါတောင် ကြွေးဟောင်းတွေက များလွန်းလို့ ဘယ်လောက်ကြာကြာဆပ်မှာလဲ မသိပါဘူး၊ အလွန်ရင်လေးစရာပါ၊
သမတကြီး ကိုယ်တိုင်ကလည်း ရေရှည်တွေ နှစ်ရှည်တွေ ပြုလုပ်ကြရမှာ ဖြစ်တယ်လို့ ထပ်ချည်းတလဲလဲပြောနေတာမို့ သဘောပေါက်နေကြပါပြီ။
နောက်ထပ်ပြီး သမတကြီးက တိုင်းရင်းသားတွေ ခံစားနေရတဲ့ ခါးသီးတဲ့ဒါဏ်ရာတွေ စူးနစ်တဲ့ အတွေ့အကြုံတွေ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ ကျနော်တို့ အားလုံးမှာ တာဝန်ရှိတယ်၊ ဒီတာဝန်ကလည်း ခက်ခဲကြီးလေးတဲ့ တာဝန်လို့ သိရှိနားလည်ထားပါတယ်တဲ့၊
အင်း အခုမှပဲ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ခါးသီးတဲ့ ဒါဏ်ရာတွေ စူးနစ်တဲ့ အတွေ့အကြုံတွေ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေကို သိရသတဲ့လား သမတကြီးရယ်၊ ဒီအသက်အရွယ်ကြီး ရောက်မှ ဒါလေးတွေကို သိတဲ့အတွက် ဘယ်လိုကျေးဇူးတင်ရမှာလဲ၊ ပြီးတော့ ဒါတွေကို ဖြည့်ဆည်းပေးဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိတယ်တဲ့၊ အားလုံးဆိုတာ ဘယ်သူတွေကို ပြောနေတာတုံး၊ စစ်တပ်က ညစ်ပတ်တဲ့ အာဏာရှင်စိတ်ရှိသူတွေက မိမိတို့ကိုယ်ကို ပြုပြင်လိုက်ရင် ပြီးတာပါပဲ၊
ဘယ်အားလုံးမှာ တာဝန်ရှိတယ်ဆိုပြီး အမြီးပြတ်ညှိချင်နေရတာလဲ၊ တာဝန်ဖောက်ဖျက်သူများသည်သာ တာဝန်ရှိတာပါ၊
ပြီးတော့ လူတစုက မိုက်ရိုင်းစော်ကားသွေးခွဲ ဖျက်ဆီးထားခဲ့လို့ နာကျည်းစွာခံခဲ့ရတဲ့ ဒါဏ်ရာတွေကို ပြန်လည်ကုသရမယ့် အချိန်မှာတော့ ဒီတာဝန်သည်ခက်ခဲကြီးလေးတဲ့ တာဝန်ကြီးလို့ သိရှိနားလည်ပါတယ်တဲ့၊ ကဲ ကောင်းကြသေးရဲ့လား၊
နှစ်ရှည်လများ ဖိနှိပ်ခဲ့တာ ရက်စက်ယုတ်မာခဲ့တာတွေကို အလွယ်တကူပြုလုပ် ကျူးလွန်ခဲ့ကြတာကို ပြန်လည်ကုစားဖို့ ပြန်လည်နောက်ဆုတ်ပြီး ဘဝမှန်ကို ရောက်အောင်လုပ်ကြဖို့မှာတော့ သိပ်ပြီး ကြီးကျယ်တဲ့ တာဝန်ကြီးဖြစ်နေပြီတဲ့လား၊
ခက်ခဲကြီးလေးတဲ့ တာဝန်ကြီးတဲ့လား၊
အမှားတွေကို အကြီးအကျယ်ကျူးလွန်ခဲ့တဲ့ စစ်အစိုးရဟောင်းများနှင့် ပါတ်သက်သူတွေက တကြောင်းမထောက် တကြောင်းထောက်ဆိုသလို ဖြစ်နေသူတွေအတွက်ကတော့ တာဝန်ကြီးမှာ အမှန်ပါပဲ၊
ပြည်သူ့အစိုးရစစ်စစ်ဖြစ်လာရင်တော့ ဒီကိစ္စသည် အလွန်လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်မည့် အမျိုးသားရေးကဏ္ဍလေးတခုပါပဲ။
လွတ်လပ်ရေးမပေးချင်လို့ အင်္ဂလိပ်က ပြည်မနဲ့ တောင်တန်းဒေသကို သွေးထိုးသွေးခွဲခဲ့တဲ့ အမွေတွေကို မြန်မာစစ်အာဏာရှင် အစိုးရအဆက်ဆက်က ဆက်ခံခဲ့တာပါ၊ ပြည်ထောင်စုပျိုကွဲမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူ့အာဏာကို အဓမ္မသိမ်းခဲ့တဲ့ စစ်အစိုးရဟာ ရှစ်ဆယ့်ရှစ်အရေးအခင်း ဖြစ်တဲ့အခါ မြန်မာပြည်မှာ လူမျိုးစုပေါင်းတစ်ရာ့သုံးဆယ်ကျော် ရှိနေတယ်ဆိုပြီး ပုံကြီးချဲ့ရှုတ်ထွေးစေခဲ့ပါတယ်၊
ဒါမှလည်း စစ်တပ်က သက်ဆိုးရှည်မှာပါ၊ ဒါကြောင့် သမတကြီးက တိုင်းရင်းသားတွေရဲ့ အိပ်မက်ဆိုးတွေ တခန်းရပ်စေဖို့အတွက် သိပ်ပြီးခက်ခဲနေတဲ့ တာဝန်ကြီးပါ၊ ရေရှည်ဆောင်ရွက်ရမယ့် ကိစ္စပါလို့ ပြောလိုက်တာပါ၊ ရှင်းပါတယ်။
ကချင်ဒေသမှာ စစ်ရပ်စဲဖို့က အစိုးရနဲ့ ကချင်ခေါင်းဆောင်များမှာတာဝန်ရှိပါတယ်လို့ဆိုတဲ့ သမတရဲ့ စကားကတော့ ဘာကြောင့် စစ်ဖြစ်နေတယ်၊ ဘယ်လိုဖြေရှင်းမှ ပြေလည်မှုရှိမယ်ဆိုတာကို မှုန်ဝါးအောင်လုပ်ပြီး နှစ်ဘက်လုံးမှာ တာဝန်ရှိတယ်လို့ ပြောလိုက်တာပါ၊ ထာဝရငြိမ်းချမ်းရေးအတွက် အဆင့်သုံးဆင့်ကို ဖြတ်ရမယ်ဆိုတာကလည်း ပြဿနာကို ပုံကြီးချဲ့ ရေရှည်ဆွဲမယ့်သဘောထားကို တင်ပြလိုက်တာပါ၊
ပြဿနာကို ဖြေရှင်းရာမှာ အဆင့်တွေရှိတယ်ဆိုတာ လူတိုင်းနားလည်လက်ခံပြီးသားပါ၊
ဒါပေမယ့် ရေရှည်လုပ်မှ ဖြစ်မယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး၊ သမတရဲ့ စကားကတော့ ကုလားကားရိုက်နေတာ ထင်ရှားပါတယ်၊
ပေရှည်မှ စစ်အာဏာရှင်တဖြစ်လဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ရှေ့ရေးအတွက် ပနက်တိုင်က ခိုင်မာမှာပါ၊
အခု သမတက တိုင်းရင်းသာလူမျိုးတစ်ရာကျော်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြန်ပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများဆန္ဒနှင့် သဘောတူပြင်ဆင်ပြီး မိမိတို့လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ သမတကြီးက ပြောပါတယ်၊ ဒီလိုဆိုရင် ယခုအစိုးရသစ်၏ လွတ်တော်အမတ်များသည် အများဆန္ဒအတိုင်း ရွေးကောက်တင်မြှောက်ထားသူတွေလားလို့ မေးခွန်းထုတ်ရပါလိမ့်မယ်၊
၂၀၀၈ ဖွဲ့စည်းပုံသည်လည်း လူထုအများ၏ဆန္ဒမဟုတ်သလို ၂၀၁၀ ရွေးကောက်ပွဲသည်လည်း တရားမျှတသော ရွေးကောက်ပွဲမဟုတ်ဆိုတာ အားလုံးသိပြီးသားပါ၊
အဲဒီ ၂၀၁၀ ရွေးကောက်ပွဲ ရလာဒ်အတိုင်းတက်လာတဲ့ အမတ်များ၏ ဆန္ဒသည် ပြည်သူလူထုကြီး တရပ်လုံး၏ ဆန္ဒမဟုတ်ပါ၊
ဒါကြောင့် ယခုလွတ်တော်ရောက် အမတ် အများစု၏ဆန္ဒဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို မည်သို့မျှ ပြုပြင်နှိုင်ခြင်းမရှိပါ၊
ယခု လွတ်တော်တွင်း အမတ်များ၏ အများဆန္ဒဆိုသည်မှာ လူထုကို ကိုယ်စားပြုမထားသဖြင့် လက်ခံနိုင်မည်လည်း မဟုတ်ကြပါ၊
သို့သော် ယနေ့ပြည်သူလူထု မျှော်လင့်နားလည်နေသည့်အချက်မှာ အရည်အတွက် မဟုတ်ဘဲ အရည်အချင်းသာဖြစ်နေပါသည်၊
ဒါကြောင့် ဒေါ်စု အပါအဝင် အင်အယ်ဒီ အမတ်အနည်းစုနှင့် အခြားသော တိုင်းပြည်အပေါ်စေတနာထားသည့် အမတ်များ၏ အရည်အချင်းနှင့် ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဆိုတာကိုတော့ ကြိုဆိုရမည်သာ ဖြစ်ပါသည်။
သမတကြီးပြောသည့် အများဆန္ဒဆိုတာကိုတော့ အလွယ်တကူ လက်ခံကြမည်မဟုတ်ပါ။
MICRO စီးပွားရေးကို ရေတိုရေရှည်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နေပါတယ်၊
ငွေလဲနှုန်းကိုလည်း ယာယီသတ်မှတ်ထားပါတယ်ဆိုတာတွေကတော့ ခေတ်နဲ့အညီ နိုင်ငံတကာနဲ့ ဆက်ဆံဖို့အတွက် အစိုးရတိုင်း လုပ်ရမယ့် ကိစ္စပါ၊
အဆန်းမဟုတ်ပါဘူး၊ သို့သော် လူထုအတွက်နဲ့ လူတစုအတွက် ဘယ်သူ့ဘက်ကို ရည်ရွယ်ပြီး လုပ်မယ့်စီးပွားရေးတွေလည်း ဆိုတာကိုတော့ ဆန်းစစ်ကြရပါလိမ့်မယ်။
မိုဘိုင်းဖုန်းကိစ္စမှာ နိုင်ငံတကာရဲ့ စံချိန် စံညွှန်းနဲ့အညီ နည်းလမ်းရှာ ဆောင်ရွက်နေပါတယ်လို့ ဆိုပြန်ပါတယ်၊ ဒါ မှန်ပါတယ်၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ စံချိန်စံညွှန်းတွေ ရှာကြရမှာပါ။ အခု မြန်မာပြည်မှာ နိုင်ငံတကာက ဈေးနှုန်းနဲ့အညီ မြှင့်တင် မြင့်တက်နေတာသာ တွေ့ရပြီး နိုင်ငံတကာက လစာတွေ လုပ်ခတွေနဲ့ ညှိတာကတော့ အားနည်းနေတာတွေ့ရတယ်၊
အစိုးရနဲ့ စီးပွားရေးချုပ်ကိုင်သူများက ပြည်သူကိုသတ်မှတ်ချင်တဲ့ လုပ်ခလစာကြတော့ အီသီယိုပီးယားတို့ ဆိုမာလီ၊ ကင်ညာက လုပ်ခနှုန်းထားလောက်ဖြစ်ပြီး ပြည်သူက ပြန်လည်ဝယ်ယူစားသုန်း စတဲ့ စရိတ်စကတွေကြတော့ အမေရိကန် အင်္ဂလန် ပြင်သစ်တို့က သတ်မှတ်နှုန်းထားမျိုးတွေ ဖြစ်နေတယ်၊
စီးပွားရေးအကြံပေးပညာရှင်တွေသည် ဒါတွေကို နောကြေအောင် သိနေပေမယ့် မပြောရဲ မဆိုရဲ ဖြစ်နေကြတယ်၊
ကားဈေး ဓါတ်ဆီနဲ့ ကလေးကစားစရာလောက်သာ ဖြစ်နေတဲ့ မိုဘိုင်းဖုန်းကြေးကိစ္စကို ရေးကြီးဂွင်ကျယ်လုပ်ပြီး သမတက ပြောနေပြန်တယ်။
အစိုးရသစ်အဖွဲ့ထဲမှာ ခေါင်းမာဂိုဏ်းတို့ အပျော့ဂိုဏ်းတို့ ကွဲပြားနေတယ်လို့ ပြည်ပမီဒီယာတွေက ဝေဖန်ချက်တွေ ရှိနေတာမျိုး အစိုးရထဲမှာ မဟုတ်ပါဘူး၊ အားလုံးစိတ်တူ ကိုယ်တူနဲ့ နိုင်ငံတော်အတွက် ကြိုးပမ်းနေတာသာ ဖြစ်တယ်လို့ ကြားရတော့ အတော်လေး တုန်လှုပ်မိပါတယ်၊
အစိုးရအဖွဲ့ထဲမှာ ပြုပြင်ပြောင်းလဲချင်တဲ့ စေတနာအမှန်ရှိနေသူများချည်း ဖြစ်နေလျှင်တော့ တော်ပါသေးရဲ့၊ အားလုံးစိတ်တူ သဘောတူနဲ့ ကိုယ်လိုချင်တဲ့ ပုံစံမျိုးပဲ ဖြစ်စေရမယ်ဆိုရင်တော့ သံဃာစင်ပါမှောက် ရမယ့်ကိန်းပါ၊
ဒါမှမဟုတ် အများထင်ထားသလို အပျော့အမာ လွန်ဆွဲနေတဲ့အခြေအနေရှိနေသေးပါတယ်ဆိုရင်လည်း အပျော့ဘက်ကပဲ နိုင်ပါစေလို့ ထောက်ခံအားပေးကြရတော့မှာပါ။
ဒုတိယပိုင်းကို ဆက်လက်တင်ပြပါမည်။
--ဦးဖိုးသာအောင် -------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
0 comments:
Post a Comment