Monday, March 5, 2012

လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ (ဇော်ဇော်အောင်)

by Ko Htway on Monday, March 5, 2012 at 8:49pm ·

လိုရင်းပြောကြစို့။လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ။ဘာကြောင့်လဲ။

နိုင်ငံရေးဆိုတာ ပြည်သူလူထုကြီး တရပ်လုံးရဲ့ အရေးကိစ္စဖြစ်တယ်။ အဲဒီပြည်သူလူထုကြီးဆိုတာကလည်း လူငယ်ကျောင်းသားတွေရဲ့ မိဘဖြစ်တယ်။ ကိုယ့်မိဘတွေရဲ့ အရေးကိစ္စကို လုပ်ကိုင်ဆောင်ရွက်ပေးကြတာ သဘာဝကျတယ်။ လုပ်သင့်တယ်။ မလွဲမသွေ လုပ်ကြရမှာလည်း ဖြစ်တယ်။ အဲဒါတွေက ဘာတွေလဲ။ အဲဒါတွေက ပြည်သူလူထုကြီးတရပ်လုံးရဲ့ …..။

၁။ ဆင်းရဲကျပ်တည်းလှတဲ့ စားဝတ်နေရေးကိစ္စ။

၂။ လွတ်လပ်မှု၊ တရားမျှတမှု စတဲ့လူ့အခွင့်အရေးများ ဆုံးရှုံးနေရတဲ့ ကိစ္စ။

၃။ စုတ်ပြတ်နုံချာလှတဲ့ အခြားသော လူမှုဘ၀ဒုက္ခများ။

ဒီ (၃) ချက်ဟာ “ဒီနေ့” မိဘပြည်သူလူထုကြီးတရပ်လုံး လူးလိမ့်နေအောင် ခံစားနေရတဲ့ အရေးကိစ္စတွေဖြစ်တယ်။ ဒီအရေးကိစ္စတွေ ပြေလည်သွားအောင် (သို့မဟုတ်) ပပျောက်သွားအောင်လုပ်တာဟာ (အထက်ကစကားနဲ့ဆက်ရင်) နိုင်ငံရေးလုပ်တာပဲ။ ဒီကိစ္စ (၃) ရပ်ကို လူငယ်များဆောင်ရွက်ကြပါ။

ကာလရှည်ကြာစွာ မှားယွင်းစွဲမှတ်လာတဲ့ အယူအဆတစ်ခုရှိပါတယ်။ အဲဒီအယူအဆအမှားကြီးက ….. လူငယ်၊ ကျောင်းသားတွေ ပညာကိုသာ သင်ကြပါ။ပညာသင်ချိန်မှာ နိုင်ငံရေးမလုပ်ကြနဲ့။ပညာစုံမှ နိုင်ငံရေးထဲဝင်လုပ်ပါ …. ဆိုတဲ့ အယူအဆအမှားကြီးပဲ၊ နိုင်ငံရေးလုပ်တာဟာ အိမ်ထောင်ပြုတာမဟုတ်ဘူး။ပညာသင်ချိန်မှာ ရည်းစားမထားနဲ့။ အိမ်ထောင်မပြုနဲ့ဆိုတာသူ့ရှုထောင့်နဲ့သူလက်ခံနိုင်စရာရှိပါတယ်။နိုင်ငံရေးမလုပ်နဲ့ဆိုတာတော့ လုံးဝလက်မခံနိုင်ဘူး…..။

ဒီလို စဉ်းစားပါ။ပညာသင်ချိန်မှာ နိုင်ငံရေးလုပ်တာဟာပညာကောင်းကောင်း သင်နိုင်ဖို့၊ နောင်ကိုလည်း နောင်လာနောက်သား ညီငယ်ညီမငယ်တွေ ပညာကောင်းကောင်းသင်နိုင်ဖို့လုပ်ရတာ၊အခုအချိန်မှာလူငယ်တွေ နိုင်ငံရေးမလုပ်ရင် နောင်တက်လာမည့် လူငယ်တွေပညာကောင်းကောင်း သင်နိုင်မှာမဟုတ်ဘူး။ အခုအခြေအနေမှာစုတ်ပြတ်သတ်နေတဲ့ ပညာရေးစနစ်ကိုမပြင်ရင် နောင်အခါမှာ နောက်တက်လာမည့်လူငယ်တွေအတွက် ဘာမှသုံးမရ၊ စားမရ၊ကုန်းကောက်စရာမ ရှိလောက်အောင် ချွတ်ခြုံကျနေတဲ့ ပညာရေးစနစ် အမွေဆိုးကိုပဲ ပေးနိုင်လိမ့်မယ်။

ဒါကြောင့်လူငယ်တွေ ပညာသင်ချိန်မှာ နိုင်ငံရေးလုပ်ကြပါ။ ပညာလည်းသင်ကြပါ။ ပညာသင်ရင်း နိုင်ငံရေးလုပ်လို့ရပါတယ်။ ဒီမယ်လူငယ်တို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကျောင်းသားကိုအောင်ဆန်းဟာ ပညာသင်ရင်းနဲ့ နိုင်ငံရေးလုပ်ခဲ့သူ ဖြစ်တယ်။ လူငယ်တွေနိုင်ငံရေးလုပ်ကြပါလို့ တိုက်တွန်းရတဲ့ အကြောင်းရင်းတွေထဲမှာ သိပ်အရေးကြီးတဲ့ အကြောင်းရင်းတခု ရှိသေးတယ်။

ဒီလိုပြောကြည့်ကြဦးစို့။
လူငယ်တွေနိုင်ငံရေးလုပ်ကြပါလို့ ဘာကြောင့်ပြောရသလဲ။ မိဘပြည်သူတွေရဲ့ ကိစ္စမို့လို့ လုပ်ကြပါလို့ ပြောရတာ။ ပညာရေးကိစ္စမို့လို့ လုပ်ကြပါလို့ ပြောရတာ ။ နောက်အကြောင်းတစ်ခုရှိသေးတယ်။ အဲဒါဘာလဲဆိုတော့ ……။

လူကြီးတွေ နိုင်ငံရေးလုပ်ကြတာ သိပ်ဟန်မကျဘူး။ ဒါကြောင့်လူငယ်တွေ နိုင်ငံရေးဝင်လုပ်ကြပါလို့ ပြောရတာဖြစ်တယ်။
ဒီနေရာမှာတော့ ပြဿနာတွေ အများကြီးရှိနိုင်ပါတယ်။ သမိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး၊အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ လူကြီးတွေ ပါဝင်ဆင်နွှဲခဲ့ကြတာမဟုတ်လားလို့ ပြောလာနိုင်ပါတယ်။ မှန်ပါတယ်။ ဒါမငြင်းနိုင်ပါဘူး။ ဦးဝိစာရတို့ ၊ ဦးဥတ္တမတို့လို ရဟန်းအာဇာနည်တွေ၊ ဆရာစံတို့ နိုင်ငံရေးသုခမိန် ဦးအောင်ဆန်းလို လူအာဇာနည်တွေအခြားသောတိုင်းပြည်ခေါင်းဆောင်ကြီးတွေ ပြည်သူလူထုတွေ သက်စွန့်ကြိုးပမ်းခဲ့လို့ လွတ်လပ်ရေးရခဲ့တာမှန်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်ပါ။ ဒါပေမယ့် ဟောဒီလိုဖြစ်ရပ်တွေလည်း ရှိခဲ့တာ အမှန်ပါပဲ။ ဘာလဲဆိုတော့ …. ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက် ၁၀ နှစ် ကျော်ကျော်လောက်အထိ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းပေါ်မှာ မှန်မှန်ခရီးဆက်လာခဲ့တယ်။အခြေအနေကောင်းတော့ မလိုရှိရာက တိုင်းပြည်ကံဆိုးမိုးမှောင်ကျခဲ့တယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေပေါင်းစုံဟာ ဘက်စုံက ယိုယွင်းပျက်စီး လာခဲ့တယ်။သယံဇာတပေါကြွယ်လှတဲ့ နိုင်ငံ၊ဆန်ရေစပါးပေါများလှတဲ့ နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်သွားရတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေသာမက၊ စိတ်ဓာတ်ကိုယ်ကျင့်တရားတွေပါ သိသိသာသာ ပျက်ယွင်းခဲ့ရတယ်။ အဲဒါဘာ့ကြောင့်လဲ ဘာကြောင့် တိုင်းပြည်ဟာ (ဒီနေ့အထိ) စုတ်ပြတ်သတ်သွားရတာလဲ။

ဒီလိုစဉ်းစားမိတယ်။
လွတ်လပ်ရေးရပြီး ၁၄ နှစ်လောက်အကြာမှာ ကြီးကျယ်တဲ့ နိုင်ငံရေးအပြောင်းအလဲကြီး တစ်ရပ်ကြုံလိုက်ရတယ်။ အဲဒီအချိန်ကစပြီး တိုင်းပြည်နိုင်ငံရဲ့အရေး(န
ိုင်ငံရေး) လုပ်ကြတဲ့ လူကြီးတွေဟာ (၁) ဥာဏ်ပညာနည်းပါးကြတယ်။ (၂) မဆင်မခြင်ထင်ရာလုပ်ကြတယ်။ အဲဒီအကျိုးဆက်က တိုင်းပြည် ချွတ်ခြုံကျပြီး ကမ္ဘာ့အလယ်မှာ ဆင်းရဲမွဲတေတဲ့ နိုင်ငံအဖြစ် မျက်နှာငယ်ခဲ့ရတာပဲ၊ စကားပြောရိုင်းသွားရင် ခွင့်လွှတ်ပါ။ အဲဒါ … တချို့လူကြီးတွေ အသုံးမကျလို့ …. ဖြစ်ရတာ။
အထက်စာပိုဒ်တစ်နေရာမှာ …လူကြီးတွေ နိုင်ငံရေးလုပ်တာ သိပ်ဟန်မကျဘူး … လို့ လျှော့လျှော့ပေါ့ပေါ့ ပြောခဲ့ပါတယ်။ အမှန်က … အသုံးကို မကျတာ … ပါပဲ။
ဒါကြောင့် လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ။ လူကြီးတွေမလုပ်နိုင်တဲ့ အလုပ်တွေကို တာဝန်ယူထမ်းရွက်ကြပါ။

ဒီမယ်လူငယ်တို့။ မောင်ရင်တို့ လုပ်နိုင်ပါတယ်။
အကယ်၍ တစ်စုံတစ်ယောက်က လုပ်နိုင်ပါ့မလားလို့ သံသယနဲ့ မေးလာရင် … သမိုင်းစာမျက်နှာတွေကို ပြန်လှန်ကြည့်လို့ ပြောလိုက်ပါ။ ဒီမယ်လူငယ်တို့။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ မောင်ရင်တို့ ဘယ်တုန်းကမှ မမှားခဲ့ဘူး။ တစ်ခါမှ အမှားမလုပ်ခဲ့ဘူး။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းသမိုင်းမှာလည်း ဘယ်တုန်းကမှ မမှားခဲ့ဘူး။ တစ်ခါမှ အမှားမလုပ်ခဲ့ဘူး။ ဒီနေ့အထိပါပဲ။

ဒါကြောင့်လိုရင်းကို ချုပ်ရရင် --- လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ……။

(ဇော်ဇော်အောင်) ဒီကနေ့ထုတ် ဒီလှိုင်းဂျာနယ် အတွဲ(၁)အမှတ်(၈)မှာပါတဲ့ ဆောင်းပါးလေးပါ..
source: Ko Htet Aung

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...