ငါ့ကို လေးစားမှု ပေးပါ။ ဒါမှ မဟုတ် သေခြင်းတရားကို ပေးပါ [သွန်းနေစိုး]
by Thorn Nay Soe on Tuesday, March 6, 2012 at 1:56pm ·
လောလောဆယ် ကျနော်တို့ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်နေတဲ့အရာဟာ လေးစားမှုဖြစ်တဲ့ဆိုရင် သင် လက်ခံမှာလား?
မနေ့က ... ကျနော် ဘတ်စ်ကားစီးတုန်း ကြုံရတာလေးကို ပြောပြချင်တယ်။
အသားလွတ်ကြီးအဖျက်ခံလိုက်ရတဲ့ သီရိမင်္ဂလာဈေးဟောင်းနေရာမှာ ကလေးတစ်ယောက်နဲ့မအေ တက်လာတယ်။
ကားကကြပ်တော့ ကားပေါ်ရောက်ပြီး မကြာခင်ပဲ ကလေးက အီပါလေရော။မအေက ကလေးကို ရိုက်တယ်။ ပါးစပ်ကလည်း ပြောသေးရဲ့။
'ဟဲ့ေ-ာက်ကောင်လေး ငြိမ်ငြိမ်နေစမ်း'
ဒီလို ပြောလို့ကလေးက ငြိမ်သွားမယ် ထင်ပါသလား။ ပိုတောင်ဆိုးလာသေးတာပေါ့။ကလေးက ငိုလေ မအေက ပိုရိုက်လေ။ စကားလုံးတွေက မျိုးစုံလာတယ်။
'သေနာလေး' ဆိုတာရော။ 'သေချင်းဆိုးလေး' ဆိုတာရော။
စုံနေတာပဲ။
အနာဂတ်ကို ကြိုပြီးစဉ်းစားကြည့်စမ်းပါ။
အဲဒီလိုကလေးမျိုး ထွန်းပေါက်မယ် ထင်ပါသလား။
ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာရှိတယ်လို့ ခံစားရမယ် ထင်ပါသလား။
××××××××××××××××××
တစ်ခါက ကျနော် ဧည့်စာရင်းသွားတိုင်တယ်။
နည်းနည်းတော့ ကြာပါပြီ။
ကိုယ်က သန်းခေါင်စာရင်းလည်း မလုပ်ထား။
မတိုင်တာလည်း ကြာလှပြီဆိုတော့ ရပ်ကွက်ရုံးကို အားနာပြီး ဧည့်စာရင်းလေးတိုင်မယ်လုပ်တာ။
ဟိုရောက်တော့ ဘာတွေ့သလဲ?
ရပ်ကွက်လူကြီးက ကောင်မလေး၂ယောက်ကို ဆူပူကြိမ်းမောင်းနေတယ်။
ပြစ်ချက်က ဧည့်စာရင်းမတိုင်လို့ ... တဲ့။
လွတ်လပ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက် လွတ်လပ်စွာ ကိုယ့်အိမ်မှာကိုယ်နေတာ ဧည့်စာရင်းတိုင်ဖို့လိုသလား
ဒီလိုမတိုင်တဲ့အတွက်ရော ဆူပူကြိမ်းမောင်းခွင့်ရှိပါသလား။
ဟိုးအရင် ကျနော်ခပ်ငယ်ငယ်တုန်းက ...
ကျနော်တို့အိမ်ကို ဧည့်စာရင်း လာစစ်ဘူးတယ်။
ရပ်ကွက်ထဲမှာ လူတွင်ကျယ်လုပ်နေတဲ့ငတိလည်း ပါလာတယ်။
ဘွတ်ဖိနပ်ကြီးနဲ့ဗျာ၊ အိမ်ပေါ်ထိတက်လာ။
မြန်မာနိုင်ငံသားတစ်ယောက် လွတ်လပ်စွာနေတဲ့အသိုက်အမြုံလေးကို အဲဒီလို ၀င်မွှေနှောက်ခွင့်ရှိပါသလား။
ဘာပစ်မှုမှ မကျူးလွန်ပဲနဲ့ ကိုယ့်ရပ်တည် ရှင်သန်မှုအတွက် ဧည့်စာရင်းဆိုတာကြီး တိုင်နေရအောင်
ကျနော်တို့က ထောင်သားတွေလား။
ခုခေတ်ရန်ကုန်မှာ အိမ်ငှားအများစုက အဲဒီလို ဧည့်စာရင်းဆိုတာကြီးနဲ့ နေကြရတာပါ။
ဒါဟာ လူကို အနိုင်ကျင့်နည်းတစ်မျိုးပါပဲ။
××××××××××××××××××
ရန်ကုန်ပြင်ပကနေ ထွက်လိုက်တာနဲ့
ပခုံးမှာ အပွင့်ကလေးနည်းနည်းလောက်ရှိရင်
ဌာနဆိုင်ရာဆိုရင် လူလူချင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတာ။
ပခုံးနှစ်ဘက်ကြားခေါင်းပေါက်တဲ့ လူလူချင်းဗျာ
VIP ဆိုတဲ့စကားတစ်လုံးဟာ ကျနော်တို့ထက် အရာရာ အခွင့်ထူးခံခွင့်ရတယ်ဆိုတဲ့သဘောကို သက်ရောက်စေတယ်။
ဘုရားဖူးသွားရင်တောင် VIP ယာဉ်တန်းလာမှာမို့ ကျန်တဲကားအားလုံး လမ်းဘေးချရပ်ခဲ့ရတာတွေ
VIP တွေအတွက် သီးသန့်ဇရပ်၊ သီးသန့်နေရာတွေ အများကြီး။
မြန်မာတစ်နိုင်ငံလုံးရဲ့ မျက်နှာစာအားလုံးမှာပါပဲ။
VIP ဆိုတဲ့စကားတစ်လုံးဟာ လွတ်လပ်စွာ အနိုင်ကျင့် ခေါင်းပုံဖြတ်ခွင့်ဆိုတဲ့စကားလုံးနဲ့ တူနေတယ်။
အရေးကြီးတဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့အချိန်မျိုးမို့ဆို ထားပါတော့။
ဘုရားဖူးတာလိုမျိုးမှာတောင် VIP အတွက် သီးသန့်ထားနေရတာက မလွန်ဘူးလား။
အဲဒါမျိုးကို ဒါ ထုံးစံပဲလေဆိုပြီး ငုံ့ခံနေရတဲ့ လူတွေရဲ့ဘ၀ကရော လူပီသပါရဲ့လား။
××××××××××××××××××
ဟိုးတစ်နေ့က ကျနော့်ဂျာနယ်တိုက်က ဖုန်းကို Evdo ဆိုတာ ဖွင့်တယ်။
အဲဒါဖွင့်မှ ဖုန်းနဲ့ အင်တာနက်သုံးလို့ ရတယ်ဆိုလား။
အဲဒါဗျာ။ အင်တာနက်ကလေးဖွင့်တာ တစ်ပတ်လောက်ကြာသွားတယ်။
မြန်ချင်လို့ ပိုက်ဆံပေးပြီး ဖုန်းဆိုင်တစ်ခုကို လုပ်ခိုင်းကာမှ အဲဒီလောက်ကြာတာ။
ဖုန်းဆိုင်ကို ကျနော်ကိုယ်တိုင် လိုက်သွားပြီးပြောတော့
'ထုံးစံပဲဗျ၊ တစ်ခါတစ်လေ ကြာချင်ကြာတတ်တယ်' တဲ့
'အများနဲ့ ဆိုတော့ ကျနော်တို့လဲ ဘယ်တတ်နိုင်မလဲ' တဲ့။
မတရားမှုဆိုတာ မတရားမှုပဲ။ အများနဲ့အတူတူ ခံနေရတာမို့ ကိုယ်လည်း ခံနေရမယ်ဆိုတာမျိုး အဓိပ္ပါယ် မရှိဘူးလေ။
ဒီတော့ ကျနော်အထက်တက်မယ်တွေ အောက်ဆင်းမယ်တွေ လုပ်တာပေါ့။
ဒီတော့မှ အဆင်ချောသွားတယ်။
ဆက်သွယ်ရေးမှာပဲ ဒီလိုကိစ္စတစ်ခု ကြုံရတာ ရှိပါသေးတယ်။
ကျနော့်ဖုန်း ဘီလ်ကုန်လို့ ပိတ်သွားတုန်းက ...။
ဘီလ်ဆောင်ပြီး ပြန်ပွင့်ဖို့ ပြောတာ အဲဒီက လက်ထောက်မန်နေဂျာဆိုတဲ့ မိန်းမက ရင့်ရင့်သီးသီး တုန့်ပြန်တယ်။
နောက်တစ်ရက်ကျော်မှ ရမတဲ့။
နက်ဖြန်တောင် ပြန်မပွင့်ဘူး။
ကျနော် အတင်းတောင်းဆိုနေတော့ သူက ပြောတယ်။
'ဒီမှာ ဒုဝန်ကြီး ခိုင်းတာတွေ လုပ်နေရတာ မအားဘူး' တဲ့။
ဒုဝန်ကြီးဆိုတဲ့ နာမည်တပ်လိုက်တာနဲ့ ကြောက်သွားမယ်များမှတ်သလား မသိ။
အဲဒီဒုဝန်ကြီး ဘယ်မှာလဲ ရန်ကုန်မှာရှိရင် ကျနော်ဝင်တွေ့မယ် ပြောတော့ အားလုံး ရှုပ်ကုန်တယ်။
... ဆိုလိုတာက လူလူချင်း တန်းတူပဲဆိုတဲ့သဘောထားမျိုး မထားနိုင်တာကိုပြောတာပါ။
အဲဒါကို အရိုးစွဲနေတယ်
××××××××××××××××××
ကျနော်တို့ ဖြစ်နေတာက နည်းနည်းလေး အာဏာရတာနဲ့ အာဏာလေးပြချင်ပြီ။
ရပ်ကွက်ဥက္ကဌလောက် ၁၀အိမ်ခေါင်းလောက်ဖြစ်တာနဲ့ ကိုယ့်ကိုယ်ကို သက်ဦးဆံပိုင်ကြီးဖြစ်တော့မလောက်။
လက်ပတ်ကလေးတစ်ခု၊ တံဆိပ်လေးတစ်ခုလောက် ပတ်ခွင့်တပ်ခွင့်၇တာနဲ့
အာဏာ့ရှင်ကြီးဖြစ်သွားတော့တာ။
အဲဒါကို ကျနော်တို့လူ့အဖွဲ့အစည်းကရော ဘာလို့ ခေါင်းငုံ့ခံနေကြသလဲ။
လူတစ်ယောက် အာဏာပြတယ်ဆိုတာ အာဏာအပြခံတဲ့သူတွေရှိလို့လဲ အာဏာပြ၀ံ့ကြတာပါ။
ကျနော်တို့က အာဏာရှင်စနစ်ကိုလည်း မုန်းတယ်ပြောတယ်။
ဒါပေမဲ့လူငါးယောက်လောက် စုမိတာနဲ့ အဲဒီထဲက အာဏာအရှိဆုံးလူဟာ အာဏာရှင်ဖြစ်သွားတော့တာပဲ။
တနည်းထပ်ပြောမယ်။
ကျနော်တို့ မြန်မာပြည်ရဲ့ လူဦးရေ သန်းခြောက်ဆယ်ကို အသေးဆုံး ငါးယောက်စီပါတဲ့ ယူနစ်ကလေးတွေအထိ ထပ်ခွဲကြည့်လိုက်။
၅ယောက်မှာ တစ်ယောက်က အာဏာရှင်ဖြစ်တယ်။
ကျန်၂ယောက်က သူ့ကိုဝိုင်းမြောက်ပြီး ကပ်ဖားယက်ဖားလုပ်ကြတယ်။
ကျန် ၂ယောက်က လုပ်သမျှ ငုံ့ခံကြတယ်။
ဒီလို ၅ယောက်ယူနစ်ကလေးတွေက နိုင်ငံတော်ကြီးဖြစ်သွားတော့ ဘယ်လိုနေမလဲဆိုတာ တွေးကြည့်ပေါ့။
ဒါ ... ဘာကြောင်ဖြစ်ရတာလဲ?
ကျနော်မြင်သလောက် ပြောရရင်
သမိုင်းကြောင်းအစကနေ သုံးသပ်ရလိမ့်မယ် ထင်တယ်။
ကျနော်တို့ဟာ အရှေ့တိုင်းနိုင်ငံအများစုနည်းတူ
လူကိုလူလို မမြင်တဲ့ သက်ဦးဆံပိုင် စနစ်ဆိုးကြီးကို ဖြတ်သန်းခဲ့ကြရတယ်။
ရေမြေ့သနင်းပြည့်ရှင်မင်းဆိုလား တော်တော်ကြောင်တဲ့အသုံးအနှုန်း။
ကိုယ့်ဘာသာ ပိုက်ဆံရှိလို့ ရွှေထီးဆောင်းလို့ မရဘူး။ သဇင်ပန်းပန်လို့ မရဘူး။
အရှင်မင်းကြီးခွင့်ပြုမှ။
ပီးတော့ အဲဒီအရှင်မင်းကြီး တိုင်းခန်းလှည့်လည်လာရင် ဒူးတုပ်ရသေးတယ်။
လက်အုပ်ချီရတယ်။ ဘုရားထူးရသေးတယ်။
အရှင်မင်းကြီးလည်း လူ။ ကျေးတောသားလည်း လူပဲ။
ဘယ်သူ့ဘယ်သူမှ ထူးပြီး မမြင့်မြတ်ဘူး။
အဲဒါကို ငုံ့ခံကြရတယ်။
တော်ဝင်မို့ မြင့်မြတ်တယ်လို့ စိတ်ဓာတ်သွင်းခံခဲ့ရတယ်။
နောက်တော့ ကိုလိုနီခေတ်။
နဂိုတည်းက ဂုတ်သွေးစုပ်ချင်လို့ နိုင်ငံကိုလာသိမ်းတဲ့ကောင်တွေ ဘယ်မှာကောင်းလိမ့်မလဲ။
ကျနော် ဒီဆောင်းပါးမှာ တစ်ခါတည်းပြောချင်တယ်။
တစ်ချို့ ခုချိန်ထိ အင်္ဂလိပ်လက်အောက်မှာ နေရင်ကောင်းဦးမှာပဲလို့ တမ်းတတဲ့လူတွေရှိတယ်။
ဘာမှ မကောင်းဘူး။
ကိုယ်လွတ်လပ်ဖို့ ကိုယ့်ဖာသာ အားကိုးရမှာ။
ကျားကြောက်လို့ ရှင်ကြီးကိုးရင် ရှင်ကြီးကျားထက် ဆိုးမှာပဲ။
အင်္ဂလိပ်လက်အောက်မှာနေတုန်းက ကျနော်တို့ မြန်မာတစ်ပြည်လုံး ချစ်တီးလက်အောက်ရောက်တော့မလို့။
ခုထိ ကျနော်တို့ တိုင်းပြည်မှာ ကိုယ့်တိုင်းရင်းသားမဟုတ်တဲ့ ငတိတွေ ချယ်လှယ်စိုးမိုးဖို့
မြန်မာပြည်ထဲ လူမျိုးခြားတွေ အလုံးအရင်းနဲ့သွင်းခဲ့တာ အင်္ဂလိပ်ကစတာပဲ။
ကိုမင်းကိုနိုင်ကဗျာလိုပဲ။
ဘယ်သူ့ကျွန်မှ မခံနဲ့။
လူတိုင်းဟာ လွတ်လပ်စွာ မွေးဖွားတယ်။ လွတ်လပ်စွာ ရှင်သန်ခွင့်ရှိတယ်။
ဒါပေမဲ့ အခုကျနော်တို့ တော်တော်များများက ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ်မေ့နေကြတယ်။
ကိုယ်တိုင် လွတ်လပ်ခွင့် မတောင်းသလို သူများလွတ်လပ်ခွင့်ကို လေးစားရကောင်းမှန်းလည်း မေ့သွားကြတယ်။
ခုနပြောသလို အင်္ဂလိပ်အရှင်ကြီးတွေ အောက်မှာ နှစ်၁၀၀လောက် ပြားပြားဝပ်နေခဲ့ရခြင်းကလည်း အဲဒါကို အရိုးစွဲသွားခဲ့တာ။
အင်္ဂလိပ်ပြီးတော့ ဖက်ဆစ် ပိုဆိုးတယ်။
နောက် ဆိုရှယ်လစ်အာဏာရှင်။ ဆိုရှယ်လစ်ဖက်ဆစ်။
ဒီနေရာမှာလည်း တစ်ခုတော့ ပြောချင်ပါသေးတယ်။
တစ်ချို့က ဆိုရှယ်လစ်ခေတ်က အလံကိုပိုကြိုက်တယ်လို့ ပြောနေကြတာတွေ့တယ်။
ကျနော်တော့ ဦးနေ၀င်းကိုယ်တိုင်ကိုရော ဦးနေ၀င်းခေတ်ကဟာတွေကိုရော ဘာတစ်ခုမှ မကြိုက်ဘူး။
ထားလိုက်ပါတော့။ ဒိတ်အောက်နေတဲ့ဟာတွေကို ရာဇ၀င်ဖုန်တောထဲမှာ ထားခဲ့ကြ၇အောင်။
လူတစ်ယောက်ရဲ့ ရပ်တည်ရှင်သန်မှုလေးတစ်ခုအတွက် ပြည်သူ့ဆိုင်မှာ တန်းစီကြရ
ပါတီလည်းကြောက်ရ ကောင်စီလည်း ကြောက်ရ ဘ၀ဟာ
လူနဲ့ကို မတူတာ။
အာဏာရှင်စနစ်ဆိုရင် ဘယ်အာဏာရှင်စနစ်မှ မကောင်းဘူး။
ကျနော်တို့ အခု လိုအပ်နေတာ လူကိုလူလိုမြင်ဖို့ပဲ။
ကိုယ်ဟာ လူတစ်ယောက်ဖြစ်လို့ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ ရယူထိုက်ကြောင်း နားလည်ရမယ်။
သမိုင်းနဲ့ချီပီး ကျွန်ဇာတ်အသွင်းခံခဲ့ရလို့ ကျွန်စိတ်ပေါက်နေတာတွေကို ပြင်ရမယ်။
သက်ဦးဆံပိုင်ရဲ့ကျွန်၊
နယ်ချဲ့ကျွန်၊
ဖက်ဆစ် ကျွန်၊
အာဏာရှင် ကျွန်။
ဒီဘ၀တွေကို ရုန်းထွက်ဖို့ စိတ်ထဲက အမှောင်ကိုပါ အရင်ဆုံးဖယ်ရမယ်။
ရန်ကုန် ကားမှတ်တိုင်တွေမှာကြည့်လိုက်။
အလှထားတဲ့ ဆိုင်းဘုတ်တွေကို အသားလွတ် ဓားတွေနဲ့ ထိုးခွဲကြတာ။
လမ်းမပေါ်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်။
ပန်းမခူးရဆိုတဲ့ နေရာမှာ လူလစ်တာနဲ့ ပန်းခူး။
ရေမကူးရဆိုတဲ့ နေရာမှာ ရေကူး။
တစ်နေ့က ပုဂံရောက်သွားတယ်။
တကယ်တန်ဘိုးရှိလှတဲ့ နံရံဆေးရေးပန်းချီတွေအပေါ်မှာ Correction Pen နဲ့
စာတွေ လျှောက်ရေးထားတယ်။
အဲဒါတွေက ဘာကိုပြလဲ
ဖျက်လိုဖျက်ဆီးစိတ်ကို ပြတယ်။
ကျွန်စိတ်ကို ပြနေတယ်
လူဆိုတာ ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ် နေသင့်တယ်
မကျေနပ်တာ ရှိရင် ဒဲ့ရင်ဆိုင်။
ကိုယ့်အခွင့်အရေးတွေ ကိုယ့်ရပိုင်ခွင့်တွေ ချိုးနှိမ်ခံ၇တယ်လို့ ထင်ရင် ... ရအောင် ရဲရဲတောင်း။
အခုက ကျနော်တို့ဟာ မတရားအလုပ်ခိုင်းခံနေရတဲ့ အလုပ်သမားတွေလိုပဲ
အလုပ်ရှင်ကိုလဲ မကျေနပ်ဘူး
ပြန်လည်း မပြောဝံ့ဘူး။ ဒီတော့ လစ်တာနဲ့ မဟုတ်တာလုပ်တာပဲ။
အဲဒါဟာ အလုပ်ရှင်နာတာနောက် ကိုယ်အရင်နာတာ။
ကိုယ့်သိက္ခာကိုယ် ချလိုက်တာ။
ကိုယ့်ရဲ့ လူသားအဖြစ် လူသားဂုဏ်သိက္ခာ ပျောက်ဆုံးသွားတာ။
ဒါပေမဲ့ အဲဒီဓလေ့ထုံးတမ်းကြီးက အရိုးစွဲနေတယ်။
တက္ကသိုလ်တွေမှာ ပါမောက္ခချုပ်က မတရားလုပ်တယ်။
ဒါကို ကျောင်းသူကျောင်းသားတွေက ဒဲ့မရင်ဆိုင်ရဲဘူး။
ဒီတော့ သူလစ်တာနဲ့ ကျောင်းကို ဖျက်လိုဖျက်ဆီးလုပ်မယ်။
သူချထားတဲ့ စည်းကမ်းအားလုံး ဖောက်ဖျက်မယ်။
စည်းကမ်းဆိုတာ မတရားတဲ့စည်းကမ်းကိုပဲ ဖောက်ဖျက်ရမှာဖြစ်တယ်။
အိမ်သာထဲမှာ ဖဲ၇ိုက်တာ၊ ဖယ်ရီကားပေါ်မှာ မတော်တာလုပ်တာဟာ မကျေနပ်မှုကို မှန်ကန်စွာ ဖော်ပြခြင်းမဟုတ်ဘူး။
ရုံးတွေမှာဆိုလည်း ဒီအတိုင်း။
ရပ်ကွက်တွေမှာလဲ ဒီအတိုင်း။
အများပြည်သူပိုင်နေရာဆိုတာနဲ့
အများပြည်သူက လစ်ရင်လစ်သလို ဖျက်ဆီးရမယ့် နေရာလို့ ဖြစ်နေတယ်။
အမြင်သာဆုံးက ဘောလုံးပွဲတွေမှာပဲ။
ဒိုင်လူကြီးညစ်လို့ ပေါက်ကွဲတာ တကမ္ဘာလုံးထုံးစံပဲ။
ဒါပေမဲ့ ဒိုင်လူကြီးညစ်တာလဲ မဟုတ်ပဲနဲ့
ကိုယ်အားပေးတဲ့အသင်းက တကယ်ကိုညံ့လို့ ရှုံးရတာကို လက်မခံနိုင်တဲ့ကိစ္စ။
တိုင်းနဲ့ပြည်နယ်ပွဲတွေဆို အဲဒါ ပိုသိသာတယ်။
တစ်နယ်မှာသွားကန်လို့ကတော့ အဲဒီနယ်ခံအသင်းကို နိုင်ပြီးပြန်မလာနဲ့
အသက်ပါမလာဖို့သာ ပြင်ဆိုတာမျိုး။
လူစုမိတာနဲ့ လူအုပ်အားကိုးနဲ့ အနိုင်ကျင့်ချင်တဲ့စိတ်ဟာ
ကျွန်စိတ်မစင်သေးတာကိုပြတယ်။
အာဏာလေးနည်းနည်းရတာနဲ့ အာဏာပြချင်တဲ့စိတ်ဟာ
အထက်ဖားအောက်ဖိနဲ့ သခင်အားရ ကျွန်ပါးဝတာကိုပြတယ်
လိုအပ်တာက ကိုယ့်လူသားဂုဏ်သိက္ခာရော တစ်ဘက်သားရဲ့ လူသားဂုဏ်သိက္ခာရော
တန်ဘိုးထား၇မှာဖြစ်တယ်။
အဲဒီအတွက် ကျနော်တို့ အခုထဲက ပျိုးထောင်သင့်တာ ...
လေးစားမှုပဲ။
အရင်ဆုံး ကိုယ့်ကိုယ်ကို လေးစားရမယ်။ Self Esteem
ဒီ့နောက်မှ သူတစ်ဘက်သားကို လေးစားမယ်။
စပါယ်ယာကအစ သူ့ကားပေါ်ရောက်လာတဲ့လူကို ဟိန်းဟောက်ချင်တာမျိုး။
ဆယ်အိမ်ခေါင်းလောက်ကအစ အာဏာပြချင်တာမျိုး။
ကျွန်စိတ် သူငယ်နာ မကုန်သေးတာကို တိုက်ဖျက်ရမယ်။
ကျနော်တို့အားလုံး ကိုယ့်လူသား အခွင့်အရေးကို ပိတ်ပင်တားမြစ်လာရင်
ကိုယ့်လူသားဂုဏ်သိက္ခာကို စော်ကားလာရင် ခေါင်းငုံ့မခံတတ်တဲ့စိတ်မျိုးမွေးရပါမယ်လို့ တင်ပြလိုက်ရပါတယ်။

0 comments:
Post a Comment