မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ
(ပိုဒ်
၁၃၁)။ လိပ်ခဲမည်စွာ၊ ဤခန္ဓာ၌၊ သာယာယိမ်းယိုင်၊ မတိမ်းနိုင်ဘဲ၊ စွဲကိုင်အတ္တ၊
သက္ကာယဖြင့်၊ ဝါဒပြင်းစွာ၊ တငါငါနှင့်၊ တဏှာယောက်ျား၊ လက်သမားလျှင်၊
ဆောက်ငြားကြိမ်ကြိမ်၊ ခန္ဓာအိမ်ကို၊ စည်းစိမ်မှတ်ပြု၊ ကိုယ်ဟုမှတ်ထင်၊
တခင်ခင်တည့်။
(ပိုဒ် ၁၃၉)။ ဇရာညီးပြောင်၊ မီးကြီးလောင်လျက်၊ အကောင်ပမာ၊ ဆောင်ရုပ်ဝါနှင့်၊ ငါးဖြာပဉ္စက်၊ ခန္ဓာပျက်ကို၊ သန်လျှက်မိုးချီ၊ မမီမချင်း၊ ငြိုးထားခြင်းဖြင့်၊ အတင်းမကွာ၊ နောက်ထပ်ပါ၍၊ တွေ့ရာသင်းချိုင်း၊ ရပ်မဆိုင်းဘဲ၊ ပိုင်းအံ့ဆတ်ဆတ်၊ လိုက်နေတတ်သည့်၊ သူသတ်ယောက်ျား၊ ရန်သူလားသို့၊ တရားချက်ကျ၊ ပစ္စက္ခဖြင့်၊ လက်ရကိုင်မိ၊ ဒိဋ္ဌသိ၍၊ မချိမဆန့်၊ ပျော်မဝံ့အောင်၊ လတ္တံ့တျားတျား၊ သေမင်းအားကို၊ သောက်စားငံ့ရည်း၊ နေရချည်းဟု၊ ခိုက်ခြည်းစိုက်ခြည်း၊ အမြင်သည်းလျက်၊ လက်တည်းမကွာ၊ အမြဲသာလျှင်၊ မရဏာသတိ၊ ထင်ဘိရကား။(ပိုဒ် ၁၄၁)။ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ အပါယနှင့်၊ ဒုက္ခမဆိတ်၊ အတိတ် နာဂတ်၊ ခုဝတ္တမာန်၊ ပစ္စုပ္ပန်ဟု၊ ရှစ်တန်ဝတ္ထု၊ သံဝေစုတွင်၊ အိုမှု ဇရာ၊ ရောက်ခြင်းရာ၌၊ မဟာသံဝေဂ၊ မိုးကြိုးကျသို့၊ ကြီးလှရှိန်စော်၊ ရွှေဥာဏ်တော်ဝယ်၊ ရှုမျှော်မယုတ်၊ ယထာဘုတ်ဖြင့်၊ သမုဒ်ရလှိုင်း၊ စံတုနှိုင်းအောင်၊ ဟုတ်တိုင်းမှန်စွာ၊ ထင်တော်စွာ၏။ အာကာကောင်းကင်၊ စမထင်သို့၊ ဤသင်္ခါရ၊ ဟူသမျှလည်း၊ နစ္စ ဓူဝ၊ သဿတဖြင့်၊ ထာဝရမြဲရာ၊ မယှိစွာဘူး၊ ပေမှာတသီး၊ တသက်ပြီးလျက်၊ ကျီးတသားပေါက်၊ နောက်၌မလာ၊ တကြိမ်သာသို့၊ ဇရာ မရဏ၊ ဤဓမ္မလည်း၊ တဘဝမှာ၊ ဓမ္မတာလှိုင်း၊ သတ္တဝါ ထိုထို၊ တကြိမ်အိုက၊ နောက်ကိုတလည်၊ ပျိုသည်မယှိ၊ သေသည်ထိတည့်၊ သေပြီးနောက်မှာ၊ ဘန်တခါမျှ၊ ပြန်လာ ရှင်လာ၊ မယှိစွာဘူး။ . . . ဝိဇ္ဇာဇော်ဂျီ၊ တပသီနှင့်၊ လောကီဣဒ္ဓိပါဒ်၊ လွန်ကြီးမြတ်သည့်၊ မိုးနတ်ဗြဟ္မာ၊ ဖြစ်စေကာလည်း၊ ပညာဆေးဝါး၊ မန္တြရားဖြင့်၊ ကုစားအရိုး၊ တန်ခိုးဘန်ဆင်း၊ အို သေခြင်းမှ၊ ရှောင်ကွင်းဘယ်မှာ၊ လွတ်နိုင်ရာလိမ့်။
(ပိုဒ် ၁၄၂)။ ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍ မပျို၊ အိုသာအိုခဲ့၊ ပျက် ပြိုမဆိတ်၊ တညိတ်ညိတ်ဖြင့်၊ တမှိတ်မစဲ၊ တည် မမြဲရှင့်၊ ဘောက်လဲ ဖြစ်ချုပ်၊ မီးဟုပ်ဟုပ်သို့၊ နာမ် ရုပ် နှစ်ခု၊ ပစ္စည်းပြု၍၊ ပေါင်းစု ဖြစ်ကြ၊ သင်္ခတဟု၊ သဘာဝမျိုး၊ ကောင်း အဆိုးဖြင့်၊ ကြောင်း ကျိုးမျှသာ၊ ထင်စပါ၏၊ အကာအတိ၊ နှစ်မရှိကြောင့်၊ ပကတိကိုယ်၊ မတည်လိုဘူး။ ပုဂ္ဂိုလ် အထု၊ ထိုအစုတွင်၊ အာယု ပုည၊ ခယနှစ်မှာ၊ တဖြာဖြာကြောင့်၊ ဗြဟ္မာတို့အား၊ စုတိငြား၏၊ နှစ်ပါးမည်ထ၊ ထိုခယ၌၊ ဟာရ ကောပါ၊ ထည့်၍သာလျှင်၊ လေးဖြာအပေါင်း၊ နတ်သေကြောင်းတည်း၊ ၎င်းထိုမှ၊ မနုဿကား၊ ခယနှစ်ချက်၊ ဥဘယက်နှင့်၊ လက်နက်ဟူပေ၊ ဥပစ္ဆေဖြင့်၊ လေးထွေအလို၊ လေကြောင်းဆို၏ ၊ ထိုထိုသေခြင်း၊ မကင်းသတ္တ၀ါ၊ သေကြရာနှိုက်၊ ၀ိဇ္ဇာ သိပ္ပ၊ ဣဒ္ဓိစသား၊ ထိုမျှအားလုံး၊ လက်ချဆုံး၏၊ သုံးဆယ့်တစ်ထပ် ဘုံအရပ်ဝယ်၊ မလပ်များစွာ၊ ကျင်လည်ပါသည့်၊ သတ္တဝါ မြတ် ယုတ်၊ ထိုအစုတ်ကား၊ သမုဒြာ၊ စက္ကဝါနှင့်၊ မဟာပထဝီ၊ မေဒနီ မြင်းမိုရ်၊ ယုဂန္ဓိုရ်တို့၊ ပျက်ပြိုဘန်ဘန်၊ ကြိမ်ကြိမ်ပြန်လဲ၊ အလွန်မြဲလှ၊ ခိုင်ခံ့စွသား၊ မူလ နှစ်မြွှာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာမြစ်ငုတ်၊ ရင်းမပြုတ်၍၊ မြတ် ယုတ်ဘဝ၊ ဇာတိရက ၊ အိုကြသေကြ၊ မနေရဘူး၊ လူကနတ်က၊ ဖြစ်သမျှပင်၊ မြင်သမျှမျိုး ၊ ဒုက္ခအိုးတည့်၊ လိုစိုးပိုင်ပိုင်၊ တည်မခိုင်ခဲ့၊ မခံနိုင်ပျက်၊ မပျက်နိုင်ခံ၊ ဝဋ်ထုံးစံရှင့်၊ တရံကိစ္စ၊ မသွေရဘူး၊ ဒုက္ခမြဲစွာ၊ ဓမ္မတာဖြင့်၊ ဇရာ မရဏ၊ ဆုံးဌာနဟု၊ဘဝစက်ဝိုင်း၊ ဤဆစ်ပိုင်းကား။ ။ဖြစ်တိုင်းရောက်နေ ခရီးတည်း။
(ပိုဒ် ၁၄၃)။ ကာယဟူဘိ၊ နားမျက်စိနှင့်၊ ဣတ္ထိ ပုရိသ၊ ဖြစ်လာကြတိုင်း၊ ရုက္ခသီးပွင့်၊ ခါမလင့်ဘဲ၊ ရင့် တဖုတ် ဖုတ်၊ ကင်းဖြုတ်ဖြုတ်ဖြင့်၊ ညှာပြုတ်ကြွေကျ၊ မမြဲကြသို့၊ ဘဝပျက်ပြို၊ လူထိုထိုကား၊ ရွယ်ပျို ရွယ်လတ်၊ ကျန် မလွတ်သည်။ ။မချွတ်သေအံ့ အပြီးတည်း။
Posted by ဘုန်းဉာဏ် at 10:42 AM 0 comments Links to this post
Labels: A Blogger's Notes
ကံတရားဆိုတာ ဘယ်မှာရှိပါသလဲ
မြန်မာလူမျိုး (ဗုဒ္ဓဘာသာဝင်) ဆိုတာ ရတနာသုံးတန်နှင့် ကံ၊ ကံရဲ့အကျိုးတရားကို သက်ဝင် ယုံကြည် ကြပါတယ်။ ဘယ်လောက်ထိ ကံကို ယုံကြည်သလဲဆိုရင် ဘာပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် “ကံအတိုင်းပါပဲ”လို့ ပြောကြတဲ့ အထိပါ။ ဒီလောက်အရေးပါတဲ့ ကံအကြောင်းကို အနည်းဆုံး အတော်အသင့်တော့ နားလည်ထားသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ကံနှင့် ပတ်သက်တာတွေကို ဒီဘလော့ဂ်မှာ တင်ထားဖို့ စိတ်ကူးရလာခဲ့ပါတယ်။ ဒါနဲ့ ဆရာတော်ကြီး ဦးသေဋ္ဌိလရဲ့ “The Essential Themes of Buddhist Lectures” ထဲက ကံနှင့်သက်ဆိုင်တဲ့ “ကံဟူသည်၊ နိယာမ၊ ကံအမျိုးမျိုး၊ ကိုယ့်သဘောနှင့်ကိုယ်၊ ကံတရားပေးတဲ့ သင်္ခန်းစာတွေ” ဆိုတဲ့ ခေါင်းစီးတွေကို ဘာသာပြန်တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်မင်းသား ဂျက်လီရဲ့ ကိုယ်ရေးအကျဉ်းနှင့် သူ့အမြင် ဖြစ်တဲ့ “Our Actions Determine Our Destiny” ကိုပါ ဘာသာပြန်တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်း မကောင်း စသည့် စာဖတ်ပရိတ်သတ်ရဲ့ အမြင်ကိုတော့ များများ သိခွင့်မရပါ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ သိချင်နေကြသူတွေအတွက် ကံအကြောင်းပို့စ်လေးတွေရဲ့ အဆက်အဖြစ် A Manual of Buddhism စာအုပ်မှ Where is Kamma ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်။
“အရှင်ဘုရား၊ ကံတရားဆိုတာ ဘယ်မှာ ရှိပါသလဲဘုရား” မိလိန္ဒမင်းက ရှင်နာဂသေန (ရှင်နာဂသိန်) အား မေးလျှောက်တော်မူသည်။
ဖြေကြားတော်မူသည်မှာ “အို မင်းတရားကြီး၊ ကံတရားကို ဤတဒင်္ဂသာဖြစ်သည့် ဝိညာဏ် (စိတ်) ၌သော်လည်းကောင်း၊ ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းတစ်ခုခု၌သော်လည်း သိုမှီး သိမ်းဆည်းထားသည် မဟုတ်ပေ။ သို့သော်လည်း ရုပ်နှင့်နာမ်တို့အပေါ်တည်မှီပေ၏။ ၎င်းသည် အခွင့် ရသည့် အခိုက်အတန့်၌ ဖြစ်ပေါ်၏။ သရက်သီးသည် သရက်ပင်၏ တစ်နေရာရာ၌ သိုမှီးထားသည်ဟု မဆိုရပဲ သရက်ပင်ကို တည်မှီလျှက် သင့်လျှော်သောရာသီ၌ ပေါ်ထွက်လာသကဲ့သို့ ဖြစ်ပေ၏။
လေ သို့မဟုတ် မီးကို တစ်စုံတစ်ခုသော သီးသန့်နေရာ၌ သိုမှီးသိမ်းဆည်း မထားသကဲ့သို့ ထို့အတူပင်လျှင် ကံတရားကို ခန္ဓာကိုယ်၏ အတွင်း သို့မဟုတ် အပြင်၌ သိုမှီးသိမ်းဆည်း မထားပေ။ ကံတရားဟူသည် တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းပေးသည့် သီးခြားစွမ်းအင်တစ်ခုသာလျှင် ဖြစ်ပေ၏။”
Narada Thera, “Where is Kamma, A Manual of Buddhism”, Publication of the Buddhist Soceity, Malaysia, 1995 ကို ဘာသာပြန်ပါသည်။
ဘုန်းဉာဏ်

0 comments:
Post a Comment