မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈ မှ ၁၉၈၈) (အခန်း- ၃)
အခန်း (၃) လွတ်လပ်ရေးအကြိုကာလ (၁၉၄၅ - ၄၈)
နိုင်ငံတကာနောက်ခံကား
၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ဂျပန်လက်နက်ချရာမှ ဒုတိယကမ္ဘာစစ်ကြီး
တရားဝင်ပြီးဆုံးသွားခဲ့ပါသည်။ ဤစစ်ပွဲကြီးတွင် ဒီမိုကရေစီမဟာမိတ်အဖွဲ့
(အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဆိုဗီယက်၊ ရုရှား)တို့အနိုင်ရပြီး ဖက်ဆစ်ဝင်ရိုးတန်းသုံးနိုင်ငံ
(ဂျာမနီ၊ အီတလီ၊ ဂျပန်)တို့ရှုံးနိမ့်သွားခဲ့သည်။ ဆိုရလျှင် ဒီမိုကရေစီက ဖက်ဆစ်ဝါဒအပေါ်
အနိုင်ရလိုက်သည့်သဘောဖြစ်ပါသည်။ ဤအောင်ပွဲအပေါ်အခြေခံ၍ စစ်ပြီးခေတ်
တူရူချက်သုံးရပ်ပေါ်ထွက်လာခဲ့သည်။
ဤသည်တို့မှာ-
၁။ ကိုလိုနီစနစ်ဆုတ်ခွာသွားခြင်း (DECOLONIZATION)
အင်္ဂလိပ်၊ ပြင်သစ်စသော ကမ္ဘာ့ထိပ်တန်းအဆင့် ကိုလိုနီပိုင်ရှင်နိုင်ငံကြီးများမှာ
စစ်ပွဲတွင်အနိုင်ရခဲ့သည်ဆိုသော်ငြား သိသိသာသာ အင်အားချည့်နဲ့သွားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ကူညီထောက်ပံ့မှုဖြင့်သာ အသက်ဆက်ရှင်သန်နေရသော
ဒုတိယအဆင့်နိုင်ငံများအဖြစ်သို့ လျှောကျသွားခဲ့ရသည်။ သို့နှင့်အမျှ ယခင်ကိုလိုနီဟောင်းများကို
ဆက်လက်ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ၎င်းင်းတို့လက်အောက်ရှိ နိုင်ငံတော်တော်များများကို
လွတ်လပ်ရေးပေးလိုက်ရသည်။ ဤဖြစ်စဉ်ကိုပင် ကိုလိုနီစနစ်ဆုတ်ခွာသွားခြင်းဟု
ဆိုလိုရင်းဖြစ်ပါသည်။ ဤဖြစ်စဉ်အောက်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ခြင်းဖြစ်သည်။
၂။ ဒီမိုကရက်တိုက်ဇေးရှင်းဒုတိယလှိုင်း (DEMOCRATIZATION SECOND WAVE)
စစ်ပြီးခေတ်တွင် စစ်ရှုံးဂျာမနီနှင့် ဂျပန်တို့ဒီမိုကရေစီစည်းဝိုင်းထဲသို့ပြန်လည်ရောက်ရှိလာခဲ့ကြသလို
လွတ်လပ်ခါစ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာလည်း ဒီမိုကရေစီနိုင်ငံရေးစနစ်သို့
ဦးတည်လာနိုင်ခဲ့ကြသည်။ ဟားဗတ်တက္ကသိုလ်နိုင်ငံရေးသိပ္ပံပါမောက္ခ ဆမ်မျုရယ်လ်ဖီးဟန်တင်တန်က
ဤဖြစ်စဉ်ကို ဒီမိုကရက်တိုက်ဇေးရှင်း ဒုတိယလှိုင်းဟုသတ်မှတ်ပါသည်။ (ပထမလှိုင်းမှာ
ဥရောပနှင့် အမေရိကတို့တွင် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းအတွင်းဖြစ်ပွားခဲ့သော
ဒီမိုကရေစီလှုပ်ရှားမှုများကိုဆိုလိုသည်။) အဆိုပါဒီမိုကရက်တိုက်ဇေးရှင်းဒုတိယလှိုင်းတွင်
မြန်မာနိုင်ငံလည်း အကျုံးဝင်သည်။
၃။ ကွန်မြူနစ်ဝါဒသြဇာကြီးလာခြင်း (THE RISE COMMUNISM)
ဒုတိယကမ္ဘာစစ်မတိုင်မီက ကမ္ဘာပေါ်တွင်ဆိုရှယ်လစ်နိုင်ငံဆို၍ ဆိုဗီယက်ယူနီယံတစ်ခုတည်းသာ
ထီးထီးကြီးရှိခဲ့သော်လည်း စစ်ပြီးခေတ်တွင်မူ ဆိုရှယ်လစ်နိုင်ငံတော်တော်များများပေါ်ထွက်လာသည်။
အရှေ့ဥရောပတစ်ခုလုံး ဆိုရှယ်လစ်၊ ကွန်မြူနစ်သြဇာစက်ဝန်းထဲရောက်သွားပြီး အာရှမှာဆိုလျှင်လည်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ်ထွက်လာသည်။ ထိုမျှမက လွတ်လပ်ခါစဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင်လည်း
ကွန်မြူနစ်ပါတီများ သို့မဟုတ် လက်ဝဲပါတီများအာဏာရလာကြသည်။ (ဥပမာ-မြောက်ကိုရီးယား၊
မြောက်ဗီယက်နမ် စသဖြင့်) ပြောရလျှင် ဒီမိုကရေစီနိုင်ငံရေးစနစ်ဘက်သို့ ဦးတည်လှည့်ပြောင်းခဲ့ကြသော
လွတ်လပ်ခါစနိုင်ငံများမှာပင် ကွန်မြူနစ်တို့၏သြဇာမှာ အတော်အတန်ကြီးမားခဲ့သည်ဟုဆိုရပါလိမ့်မည်။
အထူးသဖြင့် ထိုခေတ်နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှုအတွင်း အထူးရေပန်းစားခဲ့သည့် အယူအဆနှစ်ရပ်မှာ
မြန်မာ့နိုင်ငံရေးအပေါ် ကြီးကြီးမားမားသက်ရောက်မှုများရှိခဲ့သည်။ မြန်မာ့လွတ်လပ်ရေးနှင့် အပြိုင်ဆိုသလို
ပေါ်ထွက်လာခဲ့သော ပြည်တွင်းစစ်ပြဿနာမှာ အဆိုပါအယူအဆနှစ်ရပ်နှင့် နီးနီးကပ်ကပ်
ဆက်စပ်လျက်ရှိသည်ကို တွေ့ရသည်။ “ဘရောက်ဒါဝါဒ”နှင့် ဇဒါးနော့လမ်းစဉ်တို့ဖြစ်ပါသည်။
ဘရောက်ဒါဝါဒ (BROWDERISM)
အမေရိကန်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး “အားလ်ဘရောက်ဒါ”က စတင်ဖော်ထုတ်ခဲ့သော
အယူအဆဖြစ်၍ “ဘရောက်ဒါဝါဒ”ဟုအမည်တွင်ခြင်းဖြစ်သည်။ တရားဝင်အမည်မှာ
“ဆိုရှယ်လစ်စနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းရေးသဘောတရား” (THEORY OF PEACEFUL
DEVELOPMENT TO SOCIALISM) ဟူ၍ဖြစ်သည်။ ဤအယူအဆ၏အလိုအရ “စစ်ပြီးခေတ်တွင်
လွတ်လပ်ပြီးတန်းတူ ညီမျှသောနိုင်ငံများ ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်နိုင်မည့် အခင်းအကျင်းသစ်
ထွက်ပေါ်လာလိမ့်မည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများရှိ အရင်းရှင်စနစ်မှာလည်း ပိုမိုရင့်ကျက်လာပြီး
ဥပဒေတွင်း ဒီမိုကရေစီစက်ဝိုင်းပိုကျယ်လာလိမ့်မည်။ ဤအခြေအနေသစ်တွင် ဆိုရှယ်လစ်စနစ်သို့
ငြိမ်းချမ်းစွာကူးပြောင်းနိုင်သလို ယခင်ကိုလိုနီဟောင်းများအနေနှင့်လည်း သက်ဆိုင်ရာ
ကိုလိုနီပိုင်ရှင်နိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းပြီး လွတ်လပ်ရေးအရယူနိုင်စရာရှိလိမ့်မည်” ဆိုသော
သဘောမျိုးဖြစ်သည်။ အထူးသဖြင့် စစ်ပြီးခေတ်အမေရိကန်ပြည်ထောင်စုတွင်
“ငြိမ်းချမ်းစွာဖြစ်ပေါ်ရေးအလားအလာများ”အသေအချာရှိလိမ့်မည်ဟု ဘရောက်ဒါက
အခိုင်အမာဆိုပါသည်။ ဤအယူအဆမှာ စစ်ကြီးမတိုင်မီကပင် ပေါ်ထွက်လာခဲ့ပြီး
အမေရိကမှ အင်္ဂလန်ကွန်မြူနစ်ပါတီ၊ ထိုမှ အိန်္ဒိယကွန်မြူနစ်ပါတီတို့သို့ ပျံ့နှံ့လာခဲ့သည်။
ဂျပန်ခေတ်အတွင်း အိန်္ဒိယပါတီမှတစ်ဆင့် ဗမာပြည်ကွန်မြူနစ်ပါတီသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။
မြန်မာလက်ဝဲသမားတော်တော်များများက စစ်အတွင်းနှင့် စစ်ပြီးခါစအထိ ဤအယူအဆကို
စွဲစွဲမြဲမြဲလက်ခံခဲ့ကြပြီးနောက်ပိုင်းတွင် တူးတူးခါးခါးငြင်းပယ်ခဲ့ကြသည်။
ဇဒါးနော့လမ်းစဉ် (ZHDANOV DOCTRINE)
၁၉၄၇ စက်တင်ဘာလအတွင်း ပိုလန်နိုင်ငံတွင်ကျင်းပသော “ကွန်မြူနစ်သတင်းပြန်ကြားရေးအဖွဲ့”
(အတိုကောက် COMINFORM ကွန်မင်ဖောင်) ကွန်ဖရင့်တွင်တင်သွင်းသော ဆိုဗီယက်ကွန်မြူနစ်ပါတီ
ပေါလစ်ဗျူရိုအဖွဲ့ဝင် “ဇဒါးနော့”၏အစီရင်ခံစာမှာ ဇဒါးနော့လမ်းစဉ်၏ အစပင်ဖြစ်ပါသည်။
ဤအစီရင်ခံစာတွင် “ခေတ်မီနိုင်ငံများရှိ အုပ်စိုးသူ လူတန်းစားများသည် ၎င်းင်းတို့၏
ကိုလိုနီဟောင်းများအပေါ်တွင် နည်းလမ်းဟောင်းအတိုင်းမအုပ်စိုးနိုင်တော့ပြီ။
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုထဲမှ ၎င်းတို့နှင့်နီးစပ်နိုင်မည့် လက်ယာဂိုဏ်းကို
နိုင်ငံရေးအာဏာပေးပြီးနောက်ကွယ်မှ စီးပွားရေးအရဆက်လက်သွေးစုပ်နိုင်အောင်သာ
ကြိုးစားကြပေလိမ့်မည်။ ဤအခြေအနေသစ်တွင် အလုပ်သမားလူတန်းစား၏
အဓိကအန္တရာယ်မှာ မိမိအင်အားကိုလျှော့တွက်ခြင်းနှင့် ရန်သူအင်အားကိုပိုတွက်ခြင်းပေါ်တွင်
အခြေတည်နေသည်” စသဖြင့် ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင်မူ အဆိုပါအစီရင်ခံစာကိုတိုးချဲ့ပြီး ဇဒါးနော့လမ်းစဉ်အဖြစ်ပေါ်ထွက်လာသည်။
ဆိုဗီယက်သိပ္ပံအကယ်ဒမီမှ အာရှပစိဖိတ်ဌာနမှူး အီးအမ်ဇူကော့က ဤလမ်းစဉ်ကို
ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိခဲ့သည်။ “အကယ်၍ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုထဲမှ
လက်ယာဂိုဏ်း(လက်ဝေခံဓနရှင်)များအနေနှင့် နယ်ချဲ့သမားနှင့် စေ့စပ်ပြီး လွတ်လပ်ရေးတိုက်ပွဲကို
သစ္စာဖောက်သွားလျှင် အလုပ်သမားလူတန်းစားကိုယ်စားလှယ် ကွန်မြူနစ်များအနေနှင့်
၎င်းတို့ကိုနယ်ချဲ့သမားနှင့်ထပ်တူထားပြီး ဆက်လက်တိုက်ပွဲဝင်ရမည်” စသဖြင့်
ပို၍ဗြောင်ကျကျဖော်ပြလာခဲ့သည်။ လွတ်လပ်ခါစနိုင်ငံများကို ပြည်တွင်းစစ်လမ်းကြောင်းပေါ်
တွန်းပို့လိုက်သည့်အယူအဆဟု ဆိုရပါလိမ့်မည်။
ဤအယူအဆမှာလည်း ဆိုဗီယက်ပါတီမှ အိန်္ဒိယပါတီ၊ ထိုမှတစ်ဆင့်
ဗမာပြည်ကွန်မြူနစ်ပါတီသို့ ကူးစက်လာခဲ့ပါသည်။
စစ်အေးအစ
ဖော်ပြခဲ့ပြီးသော စစ်ပြီးခေတ်တူရူချက်သုံးခုအနက် ပထမတူရူချက်
(ကိုလိုနီစနစ်ဆုတ်ခွာသွားခြင်း)အရ အနောက်ဥရောပနိုင်ငံကြီးများမှာ ဒုတိယအဆင့်သို့
လျှောကျသွားခဲ့ရာ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းသာ “အဆင့်လွန်နိုင်ငံကြီး” အဖြစ်
ကျန်ရစ်ခဲ့သည်။ အလားတူတတိယတူရူချက် (ကွန်မြူနစ်ဝါဒသြဇာကြီးလာခြင်း)ကြောင့်လည်း
ဆိုဗီယက်ယူနီယံမှာ (အထူးသဖြင့် သြဇာနယ်ပယ်တွင်) အဆင့်လွန်နိုင်ငံကြီးတစ်ခုအဖြစ်
ပေါ်ထွက်လာရာ ၎င်းအဆင့်လွန်နိုင်ငံကြီး နှစ်ခုထိပ်တိုက်သဘောဆောင်လာရာမှ
“စစ်အေးတိုက်ပွဲ” (COLD WAR) ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ ဆိုဗီယက်ယူနီယံ၏
သြဇာနယ်ပယ်ချဲ့ထွင်ရေးမြားဦးမှာ ပထမအရှေ့ဥရောပ ထို့နောက် ဂရိနှင့် တူရကီတို့သို့ပါ
လှည့်လာခဲ့ရာ အမေရိကဘက်မှ “ထရူးမင်းဝါဒ”ဖြင့် တုံ့ပြန်လာရတော့သည်။
“ကွန်မြူနစ်စနစ်၏ ခြိမ်းခြောက်မှုခံနေရသော နိုင်ငံအားလုံးကိုကူညီမည်”ဟု
ဤ၀ါဒကတရားဝင်ကြေညာလိုက်သည်။ ၁၉၄၇ မတ်လ ၁၂ ရက်နေ့ကထွက်ပေါ်လာသော
အဆိုပါ “ထရူးမင်းဝါဒ” (TRUMAN DOCTRINE) သည်ပင် စစ်အေး၏အစဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးပြက္ခဒိန် (၁၉၄၅)
မေ ၃- စမ်းချောင်း၊ ဗားကရာလမ်းတွင် ကွန်မြူနစ်ပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ။
မေ ၁၇- “စက္ကူဖြူစာတမ်း” ထုတ်ပြန်ကြေညာ။
ဇူလိုင် ၂၀- ဗမာပြည်ကွန်မြူနစ်ပါတီ-ဒုတိယကွန်ဂရက်ကျင်းပ။
သြဂုတ် ၁၉- နေသူရိန်လူထုအစည်းအဝေးကြီးကျင်းပ။
စက်တင်ဘာ ၁- ပြည်သူ့လွတ်လပ်ရေးဆိုရှယ်လစ်ပါတီ တည်ထောင်။
စက်တင်ဘာ ၄- ကန္ဒီကွန်ဖရင့်တက်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ သီဟိုဠ်နိုင်ငံ ကန္ဒီမြို့သို့ထွက်ခွာ။
စက်တင်ဘာ ၇- ကန္ဒီသဘောတူညီချက်လက်မှတ်ထိုး။
အောက်တိုဘာ ၁၅- စစ်အုပ်ချုပ်ရေးရုပ်သိမ်း။
အောက်တိုဘာ ၁၆- ဘုရင်ခံ ဒေါ်မန်စမစ် ရန်ကုန်ပြန်ရောက်။
အောက်တိုဘာ ၁၉- ဘုရင်ခံနှင့် ဖ.တ.ပ.လခေါင်းဆောင်များဆွေးနွေး။
နိုဝင်ဘာ ၁- ဖ.တ.ပ.လခေါင်းဆောင်များမပါသည့် ဘုရင်ခံအမှုဆောင်ကောင်စီဖွဲ့စည်း။
ဒီဇင်ဘာ ၂၆- ဖ.တ.ပ.လကို ဖ.ဆ.ပ.လဟုပြောင်း။
စစ်ကြီး မပြီးတတ်သေးမီ ၁၉၄၅ ခုနှစ် မေလ ၃ရက်နေ့တွင်ဖြစ်သည်။ စစ်ကြိုခေတ်နှင့်
စစ်အတွင်းတစ်လျှောက်လုံး မြေအောက်ပါတီအဖြစ်ရပ်တည်လှုပ်ရှားခဲ့ရသော
ဗမာပြည်ကွန်မြူနစ်ပါတီမှာရန်ကုန်မြို့ စမ်းချောင်းရပ်ကွက် ဗားကရာလမ်းတွင် ဌာနချုပ်ဖွင့်ပြီး
ဆိုင်းဘုတ်တင်ပွဲကျင်းပခဲ့သည်။ တရားဝင်နိုင်ငံရေးပါတီတစ်ရပ်အနေနှင့် ထွက်ပေါ်လာနိုင်ခဲ့သော်လည်း
ပြည်သူ့အရေးတော်ပုံပါတီနှင့် တစ်ပါတီတည်းပေါင်းစည်းရေးကား အပြီးတိုင်ပျက်ပြယ်သွားရတော့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပြုချက်အရ ဖက်ဆစ်တော်လှန်ရေးအကြိုကာလကပင်
“တော်လှန်ရေးတပ်ဦး” အဖြစ် နှစ်ပါတီ တစ်ပါတီပေါင်းစည်းရေးကြိုးစားခဲ့ကြပါသေးသည်။
သခင်စိုးက ပြည်သူ့အရေးတော်ပုံပါတီဝင်များတစ်ဦးချင်း လျှောက်လွှာတင်ရမည်၊ စိစစ်ပြီးမှ
လက်ခံမည်ဆို၍ အဆင်မပြေခဲ့ပါ။ စစ်ပြီးခါစတွင် နှစ်ပါတီပေါင်းစည်းရေးဆက်လက်ညှိနှိုင်းခဲ့ကြသော်လည်း
လက်တွေ့ဖြစ်မလာခဲ့ပါ။ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြည်သူ့အရေးတော်ပုံပါတီမှာလည်း
“ပြည်သူ့လွတ်လပ်ရေးဆိုရှယ်လစ်ပါတီ” အဖြစ်ပြောင်းလဲဖွဲ့စည်းပြီး တရားဝင်ထွက်ပေါ်လာခဲ့ပါသည်။
သည်လိုနှင့် လက်ဝဲအိုင်ဒီအိုလိုဂျီကို လက်ခံသည်ဆိုကြသော ပါတီနှစ်ရပ် အပြိုင်ဖြစ်ပေါ်လာခဲ့တော့သည်။
၁၉၄၅ မေလတွင် စစ်ပြေးဆင်းမလား အစိုးရက စစ်ပြီးခေတ်မြန်မာနိုင်ငံအုပ်ချုပ်ရေးအတွက်
“စက္ကူဖြူစာတမ်း” ကို တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ ဤစာတမ်းအရ
ခွင့်ပြုသောအုပ်ချုပ်ရေးမှာ စစ်ကြိုခေတ်အဆင့်လောက်ပင် မရှိ၍ ဖ.တ.ပ.လအဖွဲ့ကြီးကရော
လူထုကပါ လက်မခံနိုင်ကြပါ။ ဤသို့ စက္ကူဖြူ စာတမ်းထွက်လာသည့်တိုင် ဘုရင်ခံဒေါ်မန်စမစ်
ခေါင်းဆောင်သော စစ်ပြေးအစိုးရ ပြန်မရောက်သေး၍ မြန်မာပြည်မှာ
CIVIL ADMINISTRATION SERVICE,BURMA အတိုကောက် “ကက်စဘီ” (CAS-B)
အောက်တွင် ရှိနေဆဲဖြစ်သည်။ စစ်အုပ်ချုပ်ရေး သဘောဖြစ်ပါသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယကွန်ဂရက်ကို ၁၉၄၅ ဇူလိုင်လ ၂၀ ရက်နေ့တွင်
စတင်ကျင်းပခဲ့သည်။ (သမိုင်းသဘောအရ စတင်တည်ထောင်ခဲ့သော
၁၉၃၉ သြဂုတ်လ ၁၅ ရက်နေ့အစည်းအဝေးကို ပထမကွန်ဂရက် ဟုသတ်မှတ်ပါသည်။)
သခင်သန်းထွန်းက သဘာပတိအဖြစ်တာဝန်ယူ၍ အထွေထွေအတွင်းရေးမှူး သခင်စိုးက
နိုင်ငံရေးအစီရင်ခံစာ တင်ခဲ့သည်။ (မူလစတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့ကြသော သခင်အောင်ဆန်းနှင့်
သခင်လှဖေ (ဗိုလ်လက်ျာ) တို့ကိုမူ ကွန်ဂရက်မှ မဖိတ်တော့ပါချေ။)
ကွန်ဂရက်တွင်တင်သွင်းခဲ့သော သခင်စိုး၏ နိုင်ငံရေးအစီရင်ခံစာမှာ ဘရောက်ဒါဝါဒကို
အတည်ပြုလိုက်သည့် သဘောပင်ဖြစ်သည်။ “ဗြိတိသျှလေဘာပါတီ နှင့်စေ့စပ်ဆွေးနွေးပြီး
လွတ်လပ်ရေးယူရန်” ဟူသော အိန္ဒိယကွန်မြူနစ်ပါတီ၏ ဂျိုရှီလမ်းစဉ်ကို
ပဲ့တင်ထပ်လိုက်ခြင်းပင်ဖြစ်သည်။ ဤအချက်ကို ကွန်ဂရက် မတိုင်မီ ထုတ်ပြန်ခဲ့သော
ဇွန်လ ၁၆ ရက်နေ့ကြေညာချက်တွင် ယခုလို အတိအလင်းတွေ့နိုင်ပါသည်။
“ကမ္ဘာ့ဒီမိုကရေစီနှင့်အမေရိကန် ဆိုဗီယက်မဟာမိတ်ဖွဲ့ခြင်းတွင် အခြေခံသော
ငြိမ်းချမ်းရေးဘောင်အတွင်းတွင် ဗြိတိသျှနယ်ချဲ့စနစ်နှင့် မြန်မာပြည်၏ ပဋိပက္ခများကို ဖြေရှင်းရန်” ဟု
အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။ သခင်စိုး၏ နိုင်ငံရေးအစီရင်ခံစာမှာ ဆိုခဲ့ပါ
အချက်ကိုပင် မတ်လီနင်ဝါဒ အကိုးအကားများဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
မူလက ပြည်သူ့အရေးတော်ပုံပါတီဝင်တော်တော်များများမှာ အင်္ဂလိပ်ကိုလက်နက်ဖြင့်
ဆက်လက်တော်လှန်ရန် စိတ်အားထက်သန်မှုများရှိခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင်မူ
၎င်းတို့အပါအ၀င် ဖ.တ.ပ.လအဖွဲ့ကြီး ကိုယ်တိုင်က သခင်စိုးတင်ပြခဲ့သော ဒုတိယကွန်ဂရက်လမ်းစဉ်ကို
လက်ခံလာကြဟန်ရှိပါသည်။ သည်လိုနှင့် - အင်္ဂလိပ်နှင့် စေ့စပ်ဆွေးနွေးပြီး လွတ်လပ်ရေးအရယူရန်မှာ
ဖ.တ.ပ.လ အဖွဲ့ကြီး၏ တရားဝင်လမ်းစဉ်ဖြစ်လာခဲ့သည်။
ဤကွန်ဂရက်မှပင် နောက်ထပ်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။
ပါတီ၏နံပါတ်တစ်ခေါင်းဆောင် သခင်စိုးကို အိမ်ထောင်ရေးပြစ်မှုဖြင့် ပါတီဝင်အဖြစ်မှ
၂နှစ်ရပ်ဆိုင်းလိုက်သည့်ဆုံးဖြတ်ချက်ဖြစ်သည်။ ဤတွင် လစ်လပ်နေသော အထွေထွေ
အတွင်းရေးမှူးနေရာအတွက် အိန္ဒိယမှ ပြန်မရောက်သေးသော သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) ကို
ကွန်ဂရက်ကရွေးချယ်ခဲ့သည်။ ဤအချက်သည်ပင် နောင်ကွန်မြူနစ်ပါတီအကွဲ၏ ဇာတ်လမ်းအစဟု
ဆိုနိုင်စရာရှိပါသည်။
- နေသူရိန်ညီလာခံ
၁၉၄၅ သြဂုတ်လ ၁၉ ရက်နေ့တွင် ဖ.တ.ပ.လအဖွဲ့ချုပ်ကကြီးမှူး၍ ရန်ကုန်မြို့
ကန်တော်ကြီး နေသူရိန်ပြဇာတ်ရုံတွင် လူထုအစည်းအဝေးကြီးကျင်းပခဲ့သည်။
ဖ.တ.ပ.လကိုယ်စားလှယ်များအပါအ၀င် လူထုတစ်သိန်းကျော်တက်ရောက်ခဲ့ကြသည်။
စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်ကာ လုံးဝလွတ်လပ်ရေးပေးရန် တောင်းဆိုကြေညာခဲ့ကြသည်။
အဆိုပါ ဖ.တ.ပ.လ အဖွဲ့ချုပ်၏ ကြေညာချက်ကို ဖတ်ကြားပြီး အဆိုသုံးရပ်ကို
တင်သွင်းဆုံးဖြတ်ခဲ့ကြသည်။
ပထမအဆို (ဗမာ့တပ်မတော် အဆို) ကို ဖ.တ.ပ.လ ဗဟိုဦးစီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ
ဒီးဒုတ်ဦးဘချိုက တင်သွင်းသည်။ ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သော
ဗမာ့မျိုးချစ်တပ်မတော်နှင့် ပြောက်ကျားတပ်ဖွဲ့များကို အမြဲတမ်းတပ်မတော်အဖြစ်
ပြောင်းလဲဖွဲ့စည်းနိုင်ရန်ဖြစ်သည်။ ဤအဆိုကို မျိုးချစ်အဖွဲ့ခေါင်းဆောင်ဦးအေးနှင့်
ကရင်အမျိုးသားခေါင်းဆောင်မန်းဘခိုင်တို့က ထောက်ခံပြီး တက်ရောက်လာသော
လူထုပရိသတ်ကြီးက အတည်ပြုခဲ့သည်။
ဒုတိယအဆို (တိုင်းပြုပြည်ပြုလွှတ်တော်အဆို) ကို ဖ.တ.ပ.လ ဗဟိုဦးစီးအဖွဲ့ဝင်
တစ်ဦးဖြစ်သူ ဦးဘဘေက အဆိုတင်သည်။ လွတ်လပ်သော မြန်မာနိုင်ငံအတွက်
ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ရေးဆွဲနိုင်ရန် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ
ကျင်းပဖို့ ဖြစ်သည်။ ဤအဆိုကို မျိုးချစ်အဖွဲ့မှ ဦးဘအုန်းနှင့် ဗဟိုဦးစီးအဖွဲ့ဝင်
ဦးကျော်ငြိမ်းတို့က ထောက်ခံပြီး လူထုပရိသတ်က အတည်ပြုခဲ့သည်။
တတိယအဆို (တစ်နိုင်ငံလုံး ညီညွတ်ရေးအဆို) ကို ဗမာ့မျိုးချစ်တပ်မတော်မှ
ဗိုလ်ကျော်ဇောကတင်သည်။ ဖက်ဆစ်တော်လှန်ရေးအတွင်း တပ်မတော်သားရဲဘော်များ
အသက်စွန့်အနစ်နာခံခဲ့ကြပုံကို ဖော်ပြပြီး လွတ်လပ်ရေးအတွက် ခေါင်းဆောင်များနှင့်
လူထုတစ်ရပ်လုံး လူမျိုးဘာသာမရွေး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန် ပန်ကြားခြင်းဖြစ်ပါသည်။
ဤအဆိုကို ဗဟိုဦးစီးအဖွဲ့ဝင် တစ်ဦးဖြစ်သူပျော်ဘွယ်ဦးမြနှင့် ဗမာ့မျိုးချစ်တပ်မတော်မှ
ဗိုလ်ရဲထွဋ်တို့က ထောက်ခံပြီး လူထုပရိသတ်ကြီးက အတည်ပြုခဲ့သည်။
- ကန်္ဒီစာချုပ်
နေသူရိန် ညီလာခံကြီးက အတည်ပြုပေးလိုက်သော ပထမအဆို (ဗမာ့တပ်မတော်အဆို) ကို
ဆွေးနွေးရန် ၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့
၁၉၄၅ စက်တင်ဘာလ ၄ရက်နေ့တွင် အရှေ့တောင်အာရှစစ်ဌာနချုပ် ရုံးစိုက်ရာ
သီဟိုဠ်နိုင်ငံ ကန္ဒီမြို့သို့ ထွက်ခွာခဲ့ကြသည်။ မောင့်ဘက်တန်ခေါင်းဆောင်သည့်
အရှေ့တောင်အာရှ မဟာမိတ်စစ်ခေါင်းဆောင်များနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့
စက်တင်ဘာလ ၆ ရက်နေ့မှစတင်ဆွေးနွေးခဲ့ကြရာ နောက်တစ်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင်
ကန်္ဒီသဘောတူညီချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အဆိုပါ
ကန္ဒီသဘောတူညီချက် (ကန္ဒီစာချုပ်) မှ အရေးကြီးသည့် အချက်အချို့မှာ-
၁။ ဗမာ့မျိုးချစ်တပ်မတော်ကို တပ်သား ၅၂၀၀၊ အရာရှိ ၂၀၀၊
(အရန်တပ်သား ၃၀၀၀၊ အရန်အရာရှိ ၂၀၀) ဖြင့် ဗမာ့တပ်မတော်
(ဘားမားရိုင်ဖယ်) အဖြစ် ပြောင်းလဲဖွဲ့စည်းရန်။
၂။ အဆိုပါ ဘားမားရိုင်ဖယ်ကို ဗြိတိသျှ ကွပ်ကဲမှုအောက်တွင်ထားပြီး ပြန်လည်လေ့ကျင့်ရန်။
၃။ မြန်မာလူမျိုးများထဲမှ ဗိုလ်ချုပ်အောင်ဆန်း သို့မဟုတ် ၎င်းအဆိုပြုသူတစ်ဦးကို
ဒုတိယတပ်မတော်စစ်ဆေးရေးအရာရှိချုပ် (ဒုတိယ စစ်ဦးစီးချုပ်သဘော) အဖြစ်ခန့်ထားရန်။
၎။ နောင်လာမည့် ဗမာ့တပ်မတော်၏ နျူကလီးယပ်စ်အဖြစ် သဘောထားရန် စသည်တို့ဖြစ်သည်။
ပြန်လည်ဖွဲ့စည်းမည့် တပ်မတော်ကို ဗြိတိသျှတို့ဘက်မှ နိုင်ငံရေးနှင့် ကင်းရှင်းစေလိုသည်ဖြစ်ရာ
ဗိုလ်ချုပ်အောင်ဆန်းမှာ တပ်မတော်တွင် ဆက်လက်တာဝန်ယူမည်လော သို့မဟုတ်
နိုင်ငံရေးဘက် (ဖ.တ.ပ.လ) တွင် ဆက်လက်တာဝန်ယူမည်လော ဆုံးဖြတ်ဖို့ရှိလာသည်။
ဗိုလ်ချုပ်အောင်ဆန်းက ဖ.တ.ပ.လ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဖို့ ဆုံးဖြတ်ပြီး ၎င်း၏တပ်မတော်တာဝန်ကို
ဗိုလ်လက်ျာသို့ရွေးချယ် လွှဲအပ်ပေးခဲ့သည်။ အကြောင်းကြောင်းကြောင့် ဘားမားရိုင်ဖယ်တွင်
ပါဝင်ခွင့်မရသူများကို စုစည်းပြီး ပြည်သူ့ရဲဘော်အဖွဲ့ကိုလည်း ဦးဆောင်ဖွဲ့စည်းခဲ့သည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးရုပ်သိမ်းပြီးနောက်တစ်နေ့
(အောက်တိုဘာလ ၁၆ ရက်နေ့)တွင် စစ်ပြေးဘုရင်ခံ ဒေါ်မန်စမစ် ပြန်ရောက်လာသည်။
ထိုသည်၏ နောက်တစ်နေ့ (အောက်တိုဘာလ ၁၇ ရက်နေ့)မှာပင် မြို့တော်ခန်းမတွင်
ဘုရင်ခံကြိုဆိုသည့် အခမ်းအနားပြုလုပ်ပြီး မြန်မာပြည်အုပ်ချုပ်ရေးနှင့် ပတ်သက်သော
ဘုရင်ခံ၏ သဘောထားကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဘုရင်ခံ၏ သဘောထားမှာ
စက္ကူဖြူ စီမံကိန်းကိုအကောင်အထည်ဖော်ရန်ပင်ဖြစ်သည်။ ဤအတွက် ဘုရင်ခံအမှုဆောင်အဖွဲ့
ဖွဲ့စည်းလုပ်ကိုင်သွားမည်ဟု ကြေညာသည်။
နောက်ထပ် နှစ်ရက်အကြာ အောက်တိုဘာလ ၁၉ ရက်တွင် ဘုရင်ခံ အမှုဆောင်ကောင်စီထဲသို့
ဖ.တ.ပ.လ ခေါင်းဆောင်များ ပါဝင်ကြရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။ ဖ.တ.ပ.လအဖွဲ့ချုပ်မှ ဘုရင်ခံအမှုဆောင်ကောင်စီတွင်
၁၁ နေရာတောင်းခဲ့ရာ ဘုရင်ခံဘက်မှ မလိုက်လျောသဖြင့် ဆွေးနွေးပွဲပျက်သွားခဲ့ရသည်။
သည်လိုနှင့် နိုဝင်ဘာလ ၁ရက်နေ့တွင် ဖ.တ.ပ.လ ကိုယ်စားလှယ်များမပါသော
ဘုရင်ခံအမှုဆောင်ကောင်စီကို ဖွဲ့စည်းခဲ့သည်။ ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော် စသော
စစ်ကြိုခေတ် နိုင်ငံရေးသမားဟောင်းကြီးများ နှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
ဒီဇင်ဘာလ ၂၆ ရက်တွင် ဖ.တ.ပ.လ ကို ဖ.ဆ.ပ.လ (ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) ဟု
အမည်ပြောင်းပြီး ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကျင်းပနိုင်ရေးအတွက်
ပြင်ဆင်စိုင်းပြင်းလာခဲ့သည်။
- ခြုံငုံသုံးသပ်ချက်
၁၉၄၅ ခုနှစ်မှာ စစ်ပြီးခေတ်၏ ပထမဆုံးနှစ်ဖြစ်ပါသည်။ ဤနှစ်အတွင်း ဖက်ဆစ်တော်လှန်ရေးကာလက
စုစည်းနိုင်ခဲ့သော အမျိုးသားညီညွတ်ရေးအင်အားကို အရှိန်မပျက်ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်ဟု
ဆိုနိုင်ပါလိမ့်မည်။ သို့နှင့်အမျှ တစ်ကျော့ပြန်နယ်ချဲ့သမားကို ညီညီညွတ်ညွတ်ရင်ဆိုင်နိုင်ခဲ့ကြသည်။
သို့တိုင်အောင် အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ဖ.ဆ.ပ.လ) အတွင်း ကွန်မြူနစ်၊
ဆိုရှယ်လစ် အားပြိုင်မှုများ အစပျိုးလာခဲ့ပြီးကားဖြစ်ပါသည်။ သည်လိုနှင့် ...။
(ကျော်ဝင်း)
(ဆက်လက်ဖော်ပြပါမည်)

0 comments:
Post a Comment