Thursday, March 15, 2012

၁၉၈၈ ခုနှစ်၊ မတ် (၁၃) တွင်ဖြစ်ပွားခဲ့သော ဖုန်းမော်အရေးအခင်းနှင့် ပတ်သက်၍ မောင်စိုးနိုင်၏ ထွက်ဆိုချက်

by Nay Myo on Thursday, March 15, 2012 at 7:17pm ·
 
အမည်နှင့် မှတ်ပုံတင်    -         မောင်စိုးနိုင် ၊     ဘီအက်စ်အင်န်ဒဗလျူ 
                                                                    ၂၁၆၀၉၁
တာဝန်                     -             ပထမနှစ် သတ္တုတူးဖော်ရေး
သက်သေအမှတ်         -           (၇၁)

          ၁၃-၃-၈၈ နေ့ညက ကျောင်းသားများနှင့် ရပ်ကွက်မှလူငယ်များ ရန်ဖြစ်သည့်အကြောင်းကို ကျွန်တော်တို့က ကျောင်းဝင်းအတွင်းရှိ ရေပန်းအနီးတွင် ဖြစ်ပျက်ပုံကို မေးမြန်းနေကြပါသည်။ ပါမောက္ခချုပ်မှ “ကျောင်းအပြင်သို့ မင်းတို့ သွားခွင့်မပြုဘူး-ဥပဒေအရ စီစဉ်ပေးမည်” ဟု ပြောပါသည်။ ရေပန်းအနီးမှာပင် နေကြပါသည်။ ကျွန်တော့်အထင် ရဲများရောက်လာပြီး ပထမဆုံး မီးသတ်ရေပန်းဖြင့် လူစုခွဲပါသည်။ ကျွန်တော်တို့က ဝေးနေသဖြင့် ရေမစိုပါ။ နောက်တစ်ဖန် မျက်ရည်ယိုဗုံးပစ်သဖြင့် ကျွန်တော်တို့ ထွက်ပြေးကြပါသည်။ ကျွန်တော်တို့ ထွက်ပြေးသည့်နောက်ဘက်မှ လှမ်းပစ်သည်ကို ခံလိုက်ရသဖြင့် ကျောတွင်ပူကနဲ ဖြစ်သွားပါသည်။
သွေးများယိုစီးလာပြီး နာကျင်လာသဖြင့် ငါတော့ထိသွားပြီလို့ ပြောသည့်အခါ သူငယ်ချင်းများက ဆရာတစ်ယောက်အိမ်သို့ ပွေ့သွားပါသည်။ နောက် ပါမောက္ခချုပ်က ကားစီစဉ်ပေးသဖြင့် အင်းစိန်ဆေးရုံသို့ ပို့ပေးပါသည်။ ရဲလား၊ စစ်တပ်လားမသိ၊ မပို့ရဟုတားသဖြင့် ကျောင်းအတွင်း ပြန်ခေါ်သွားပါသည်။ ဒဏ်ရာရသည့် အခြားကျောင်းသားတစ်ဦးလည်း အတူပါလာပါသည်။ နောက်မှပို့ခွင့်ရသဖြင့် အင်းစိန်ဆေးရုံသို့ ပို့ပါသည်။ အင်းစိန်ဆေးရုံတွင် သွေးသွင်းပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ဆက်ပို့ပါသည်။ ရန်ကုန်ဆေးရုံကြီး ရောက်လျင်ရောက်ခြင်း ဒဏ်ရာကို ခွဲစိတ်ကုသပေးပါသည်။ ရန်ကုန်ဆေးရုံကြီးပို့စဉ် သူငယ်ချင်းတစ်ယောက် အစောင့်ပါလာပါသည်။ ကျွန်တော့်မှာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေ၍ အချိန်မှာ ည (၁) နာရီ (၂) နာရီခန့် ထင်ပါသည်။ ဆေးရုံပို့စဉ်ကပါလာသော သူငယ်ချင်းမှာ အတန်းတူသော်လည်း မေဂျာမတူပါ၊ အမည်မှာ ကိုဇော်သိန်း ဖြစ်ပါသည်။ ယနေ့အထိ ဆေးကုသမှုခံရဆဲ ဖြစ်ပါသည်။ မောင်ဖုန်းမော်ကို မသိကျွမ်းပါ။ ကျွန်တော် ဒဏ်ရာရသည့် အချိန်က ထွက်ပြေးစဉ် နောက်ကျောတွင် ပူကနဲဖြစ်သွားသည်ကိုသာ သိလိုက်ပြီး သေနတ်ထိမှန်း မသိသေးပါ၊ နောက်မှပြေးရင်းအောင့်လာသဖြင့် လက်ဖြင့်စမ်းကြည့်ရာ လက်တွင် သွေးများပေနေပါသည်။ သူငယ်ချင်းများက ကျောင်းဆေးခန်းတွင်လုပ်သော ဆရာမအိမ်သို့ ခေါ်သွားပါသည်။ ပထမနှစ်မှ ယနေ့အထိ ကျောင်းဆူပူလှုပ်ရှားမှုတွင် လုံးဝ ပါရှိခဲ့ခြင်း မရှိပါ၊ ရရှိခဲ့သောဒဏ်ရာမှာ ဆူပူမှုတွင် ကျွန်တော်ပါဝင်ခြင်းမရှိဘဲ ရမ်းပစ်စဉ် ကံမကောင်း၍ ထိမှန်ခဲ့ရခြင်းဖြစ်သည်ဟု ထင်ပါသည်။ ကျွန်တော်တို့ ထိုင်နေသော ရေပန်းမှာ မီးထိန်လင်းအောင် ထွန်းထားသဖြင့် ပစ်မှတ်သဖွယ်ဖြစ်၍ ရေပန်းအနီးသို့ ပစ်ခတ်သဖြင့် ကျွန်တော့်အား ထိမှန်ရခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ဆေးကုသခံနေရစဉ်အတွင်း ခြေထောက်ကို လက်ထိပ်ခတ်ထားသဖြင့် စိတ်မချမ်းမြေ့ဘွယ်ရာများ ခံစားနေရပါသည်။ ကျွန်တော့်ဖခင် ဦးကျော်ရီ မှာ ဧရာဝတီတိုင်း ပြည်သူ့ကောင်စီ ပထမသက်တမ်း အလုပ်အမှုဆောင်အဖွဲ့ဝင် လူမှုရေးတာဝန်ခံ ဖြစ်ခဲ့ပါသည်။ ဆူပူခြင်းကိစ္စများတွင် ပါဝင်ခြင်းမပြုဘဲ လွတ်ကင်းအောင်နေရန် အမြဲမှာကြားခဲ့ပါသည်။ ဘခင်၏ မှာကြားချက်ကို အမြဲတန်း နားထောင်ပါသည်။
                                      --------------------------------------

ဝန်ခံချက်။           ။ ဤစာစုမှာ ၁၉၈၈ ခုနှစ်၊ မတ် (၁၃) တွင်ဖြစ်ပွားခဲ့သော ဖုန်းမော်အရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏
                             အစီရင်ခံစာ (အပြည့်အစုံ) တွင် ပါဝင်သော သက်သေထွက်ချက်များမှ မောင်စိုးနိုင် ၏ ထွက်ချက်များကို ကူးယူ
                             ဖော်ပြခြင်းဖြစ်ပါသည်။ မူရင်း စာလုံးပေါင်းသတ်ပုံအတိုင်း ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...