မရှိ ခဏ
by Zay Ya on Thursday, March 1, 2012 at 11:58pm ·
ဆူဖီ တစ်ပါး ထံ လူတစ်ယောက် က ချဉ်းကပ်၍ ငွေအများ လာလှူ သည်။
ဆူဖီဆရာက - "ငါ့မှာ အခုအတွက် ငွေရှိနေပါတယ်။ ဘာမှ ထပ်မလိုဘူး။"
လာလှူတဲ့သူက - "ဘယ်လောက်များ ရှိနေလို့လဲ။ ဆရာ့မှာ ရှိတဲ့ ဒီငွေလေးက ဘယ်လောက်ခံမှာမို့လို့လဲ။ အခု ဒီငွေဟာ ဘာမှမသုံးလောက်ဘူးရယ်။ ဟုတ်တယ် မဟုတ်လား"
ဆူဖီဆရာက - "ဒီရှိသလောက် ပါးပါးလျားလျား ငွေလေး ပါပဲ။ ဒါပေတဲ့ အဲ့ဒီငွေ ဘယ်အချိန် အထိ ခံမယ် မခံဘူး ဆိုတာ ခင်ဗျား အတိအကျ အာမခံ ပေးနိုင်သလား။ ဒီလိုသာ အာမခံနိုင်မယ် ဆိုရင် ~ ကျုပ် လက်ခံပါမယ်"
..............
- ဘဝသည် ပစ္စုပ္ပန်တည့်တည့်သာ ဖြစ်သည်။ အခြား ခဏတို့ မရှိ။
- ယခုခဏတွင်သာ တည်မြဲနေ၍ ကျန်ရှိသော အချိန်အပိုင်းအခြား တို့ ဟူသည် စိတ်၏ ချယ်လှယ်မှုများသာ ဖြစ်ကြောင်း သိနိုင်၏။ ယနေ့သာ ဖြစ်သည်။ ယနေ့မှ တစ်ပါး အခြား မရှိ။ မနက်ဖြန်သည် မည်သည့် အချိန်ကမှ ရောက်မလာသကဲ့သို့ အတိတ်ကာလ သည်လည်း သေဆုံးပြီး၍ မည်သည့်အခါ တွင်မျှ ပြန်ဦးမော့ မလာ၊ ထပ်မံ ပေါ်မလာတော့။ အစစ်အမှန်သော ဖြစ်ရပ် တို့ ဟူသည် ယခု အတွင်း သာ ပြည့်စုံပါသည်။ ထို့ကြောင့် ယနေ့၊ ယခု၊ ဤခဏ၊ တခဏ သည် သစ္စာလည်း ဖြစ်သည်။
- မနက်ဖြန်ဟူသည် ခင်ဗျား၏ အိပ်မက်တို့သာ ဖြစ်ကြောင်း မမေ့အပ်ပေ။ သို့သော် လူအများသည် ယနေ့၌ မနေထိုင်လို သည်မှာ နှစ်ပေါင်း အတီတေ ကြာမြင့် ခဲ့ပြီ ဖြစ်သည်။ လူသည် အိပ်မက်သာ မက်လိုသည်။ အစစ်အမှန်တွင် မည်သို့မျှ မတည်ရှိနေ၊ မနေထိုင် နေပေ။ ထို့ကြောင့် မေးလိုသည်မှာ ~ အဘယ်ကြောင့်များ အိပ်မက်ကို လိုလားနေပါသနည်း။ အစစ်အမှန် ဖြစ်တည်နေသော ခဏ ကို အိပ်မက်တို့ဖြင့် အဘယ်ကြောင့် ဖုံးကွယ် လိုကြပါသနည်း။
- လူသည် အမြဲ မပြတ် မွတ်သိပ်နေသော သတ္တဝါ ဖြစ်လျက် ရှိသည်။ တစ်နေ့တာလုံး အမောအဟိုက်တို့ဖြင့် ခံစားနေရသည် ကို စံစားနေရ သည်ဟု မှတ်ယူသည်။ စေ့စေ့ကြည့်လျှင် တစ်နေ့တာလုံး ငတ်မွတ်မှုဖြင့်သာ နိဂုံးချုပ် အိပ်ရာဝင်လျက် ရှိသည်။ ထို အာသာ ရမ္မက် ငတ်မွတ်မှု တို့ကို ဘာသာတရား ဟူသော တံဆိပ်နာမ တို့ဖြင့် ဖိနှိပ် နှိပ်ကွပ်ရန်လည်း ကြိုးစား သေးသည်။ စင်စစ် ဘာသာတရား တံဆိပ် တို့သည် လည်း ယနေ့ယခု ဤခဏ၌ ရှိမနေပေ။ သေလွန်ပြီးနောက် ၊ နတ်ပြည်၊ ငရဲပြည်၊ကောင်းကင် ဘုံတို့ ဖြင့် မြှူ ဆွယ် ဖြားယောင်း လျက် ရှိသည်။ ယင်း ကောင်းကင်ဘုံနန်း၊ နတ်ပြည်တို့ဖြင့် မိမိ ၏ အတ္တကို အစာသွပ်ပေးသည်။ အတ္တ၏ နှစ်သိမ့်မှု ကို ယူ၍ ဘာသာတရား လုပ်နေသည်ဟု မိမိ ကိုယ်ကိုယ် အထင်ရှိလိုက်လျှင် ~ ထိုသူသည် ကမ္ဘာလောက၌ ဘာသာ တရား စစ်စစ်နှင့် အဝေးဆုံး သူသာ ဖြစ်ချိမ့်မည်။
- စင်စစ် ဘာသာတရား ဟူသည် ယခုခဏ ဖြစ်တည်နေသည့် အစစ်အမှန်ကို ရှုမြင်မှု၌ သာ တည်ရှိသည်။ ယခုခဏ ကိုမျှ မမြင်လျှင် ဘာကိုမျှ မြင်နိုင်စွမ်း မရှိ။ ဘာသာတရား စင်စစ် မဟုတ်။ အခု မကောင်းသော သူကို နောင်ကောင်းမည်ဟု မည်သို့မျှ မပြောနိုင်။ ယခုခဏ ကောင်းခြင်း သည် နောင်ကောင်းခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဘာသာတရား စစ်စစ်ကို လိုလားသူသည် ယခုခဏမှ တစ်ပါး ပြေးပေါက် မရှိ။
- ထို့ကြောင့် စစ်မှန်သော ဘာသာတရား၌ ညွှန်ပြသည့် တစ်ကြောင်းတည်းသော အရာမှာ ~
ဤတခဏအတွင်း၌သာ အားလုံး ဖြစ်ထွန်း၍ ဤတခဏအတွင်း၌သာ အားလုံး နိဂုံးချုပ်သည်။ ~ ဟူ၍။..............
March 1st ,2012 at 11:30 PM
..............
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..............
0 comments:
Post a Comment