အက်ဒရီနဲလင် ညစ်ညမ်းမှု - Adrenaline Pollution
by သစ္စာနီ on Saturday, March 17, 2012 at 10:33am ·
(၁)အင်မတန် အနေအထိုင်ရိုးစင်းသော ရှေးအထက်ကျော် ကာရီ လူ့သမိုင်းကပင် လူ့ဘဝအဖြစ်ကို၊ ကိစ္စများမြောင် လူတို့ဘောင်ဟု ယူဆခဲ့ကြလေရာ ယခုကဲ့သို့ ၂၁ ရာစု အကြိုသမိုင်းကာလ လူ့အဖွဲ့အစည်းအတွင် လူတစ်ဦးချင်း ဘဝရပ်တည်မှု၏ မှန်းဆရခက်လောက်အောင် ကိစ္စများမြောင် ရှုပ်ထွေးခြင်းကိုကား အဆန်းဆိုဖွယ် မရှိတော့ပါ။ စားသုံးသူနေထိုင်မှု၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဒဿန စသည်တို့မှာ အရှိန်အဟုန်ဖြင့် ပြောင်းလဲလှုပ်ရှားနေရာ လူသားသည် အမှီလိုက်နိုင်ရန် ခက်ခဲစွာ ကြိုးပမ်းရုန်းကန် နေရလေသည်။
လိုချင်စရာ (လောဘ) တွေများလာသောအခါ အလိုမပြည့်စရာ (ဒေါသ) တွေ များလာသည်မှာ ဓမ္မတာဖြစ်သည်။ ဂုဏ်တုဂုဏ်ပြိုင်စိတ်၊ မာနထောင်လွှားစိတ်၊ ရန်လိုစိတ်၊ နိမ့်ကျစိတ်၊ မိစ္ဆိယစိတ် စသဖြင့် မောဟ အဝိဇ္ဖာတရားတို့ဖြင့် ထူထပ်စေးပျစ်စွာ ဖုံးလွှမ်းနေသည့်ဘဝ၌ လူသားတို့သည် နေသားကျ ရှည်ကြာလာခဲ့ကြသည်။
လူသည် ရေထုလေထု ညစ်ညမ်းမှု ပတ်ဝန်းကျင် သန့်ရှင်းရေးကို ကျယ်လောင်စွာ အော်ဟစ်နေသော်လည်း ထိုဗဟိဒ္ဓိ သန့်ရှင်းရေးဖြစ်သည့် ကိုယ့်စိတ် သန့်ရှင်းရေးကိစ္စကိုမူ အလေးဂရုပြုဖို့ မေ့လျော့နေခဲ့ကြလေသည်။
ဆေးပညာသဘောအရ ကျွန်တော်တို့၏ ရုပ်ခန္ဓာ အတွင်းရှိ ဇီဝအင်္ဂါအဖွဲ့အစုတို့သည် အခြင်းအရာကို လိုက်၍ လှုံ့ဆော်တုန့်ပြန် ဆောင်ရွက်တတ်သော သဘာဝရှိကြသည်။ ကျွန်တော်တို့သည် စိတ်လှုပ်ရှားမှု တစ်ခုခုနှင့် ကြုံရလေတိုင်း ကျောက်ကပ်အကြိတ်လေးမှ အက်ဒရီနဲလင်းခေါ် ဟောမုန်းဓာတ် တမျိုး ယိုစိမ့်ထွက်လာတတ်သည်။ ထိုဓာတ်သည် လူအား နှလုံးတုန် ရင်ခုန်ခြင်းကို ဖြစ်စေသည်။ သွေးကို ပြင်းစွာ တိုးစေသည်။ သွေးထဲတွင် သကြားဓာတ်ကို ဖြစ်ပေါ်စေသည်။ ယင်းကို ရည်းစူး၍ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဝေဒနာရှင်တွေ များသော စိတ်လှုပ်ရှားစရာတွေများသော လောဘ၊ ဒေါသ၊ မောဟ၊ ဗျာပါဒမိစ္ဆယတွေများသော ယနေ့ခေတ်ကို အက်ဒရီနဲလင်ညစ်ညမ်းမှု (Adrenaline Pollution) ခေတ်ဟု အမည်တပ်ခေါ်ဝေါ် နေကြလေသည်။
(၂)ယနေ့ခေတ်လူသား၏ နှလုံးခုန်သံကား၊ အကုသိုလ် အင်ဂျင်စက်မြည်သံနှင့်သာ တူ၍နေလေတော့သည်။ ခန္ဓာကိုယ်ထဲတွင် နေ့စဉ်နှင့်အမျှ တိုးပွားမြင့်တက်လာသော အက်ဒရီနဲလင်ဓာတ်ကို နည်းပါးလျော့ကျအောင် ကျွန်တော်တို့ ဘာလုပ်ကြရမည်နည်း။ “ကိုယ်စိတ်ကိုယ်စစ်” ဟု သဲအင်းဂူဆရာတော်ဘုရားကြီးက ဆုံးမတော်မူခဲ့ဖူး၏။ ကမစ္ဆဒ္ဒ (ကာမဂုဏ် အာရုံတို့၌ အလိုရှိခြင်း) ဗျာပါဒ (မကောင်းကြံစည်ခြင်း) ဖြင့် ဆူပွက်လှုပ်ရှားနေသောစိတ်ကို အေးချမ်းသက်သာအောင် ပြုမှသာ ဖြစ်တော့မည်။ ထိုသို့ပြုရန်မှာ ဘုရား၏ သမထ ဝိပဿနာဆိုသော ဘာဝနာနည်းမှလွဲ၍ တခြားမမြင်ပါချေ။
ဝေဘူဆရာတော်ဘုရာကြီးက အနာပါနကမ္မဌာန်အား စိတ်ကိုလေနဲ့ဆေးတဲ့နည်းဟု မိန့်ဆိုတော်မူပါသည်။ ဘုရားပေးသော ထိုဆေးကား တစ်ဘဝစာမဟုတ်။ တစ်သံသရာလုံး အမြစ်တွယ်လာသော ဘဝတဏှာ ဝဋ်ရောဂါကိုပါ၊ အမြစ်ပြတ်အောင် စွမ်းဆောင်နိုင်ပေသည်။ “လူခြင်းတူပေမယ့်၊ အသက်ရှူခြင်းကွဲတယ်” ဆိုသော စကားမှာ အနာပါနကမ္မဌာန်းစီးဖြန်းနေသော ယောဂီ၏ လေကိုရှူပုံနှင့်၊ သာမန်လူတို့ နေ့စဉ် လေကိုရှူပုံတို့ ကွဲပြားခြင်းအား ဥပမာဆောင်ထားသော စကားပင်ဖြစ်သည်။
“အသွားမတော် တစ်လှမ်း” ဆိုသည်မှာ ဝိပဿနာသတိ အမှတ်ကင်းလွတ်ကာ လှမ်းသွားခြင်းကို ဆိုလိုပေသည်။ စိတ်သည် လက်ဖျစ်တစ်တွတ်၊ ခဏလေး အတွင်းမှာပင် ကုဋေတစ်သိန်း ဖြစ်ချုပ်သော သဘောရှိလေရာ အမှတ်တမဲ့လှမ်းသော် ခြေတစ်လှမ်း (ခဏငယ် ဆယ်ဆ) အတွင်း ကုဋေတစ်သန်းကြွေးတင် ပေလိမ့်မည်။ ထို့ကြောင် ခြေတစ်လှမ်း ကုဋေတစ်သန်း ဟုဆိုကြခြင်းဖြစ်၏။ “အစားမတော် တစ်လုတ်” ဆိုသည်မှာ အမှတ်အသိကင်းစွာ စားသောက်ခြင်းကို ဆိုလိုလေသည်။ အမှတ်တစ်မှတ် မမှတ်နိုင်လျှင်လည်း လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာ ကြွေးတင်ပေလိမ့်မည်။
(၃)လောကတွင် ဒုစရိုက်ပြစ်မှုဟူ၍မရှိ။ မကောင်းမှု အားလုံး၏ ပင်မအခြေအမြစ်သည် အသိဉာဏ် ကင်းမဲ့ခြင်း (အဝိဇ္ဖာ) နှင့် ဖောက်ပြန်တတ်သော အမြင်မှားကြောင့် မှားသောအယူကို ယူခြင်း (မိစ္ဆဒိဌိ) ဟူ၍သာ ဖြစ်သည်ဟု (မြတ်ဗုဒ္ဓ ဒေသနာကျမ်း၊ စာမျက်နှာ ၈ တွင်) ဖော်ပြထားလေသည်။
ဝိပဿနာတရား အားမထုတ်နိုင်မီကာလတွင်လည်း အကုသိုလ်ဗျာပါဒနည်းအောင် သမ္မာသတိဖြင့်သာ နေထိုင်သင့်သည်။
သမ္မာသတိဆိုသည်မှာ -
၁။ ဆိုးညစ်သော စိတ်များမဖြစ်ပေါ်စေရန်
၂။ ဖြစ်ပေါ်ပြီးသော ဆိုးညစ်သည့်စိတ်များ ဖယ်ရှားပစ်ရန်
၃။ မဖြစ်သေးသော ကောင်းမြတ်သောစိတ်များ ဖြစ်ပေါ်စေရန်
ကိုယ့်စိတ်ကို စောင့်ကြပ်ကြည့်ရှုနေထိုင်ခြင်း ဖြစ်ပါသည်။ “လောကတွင် မဆုံးမပဲထားသော စိတ်ထက် ကြောက်စရာကောင်းသော အရာမရှိ” ဟု သဲအင်းဂူဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူခဲ့ပါသည်။
ဆရာတော်အရှင် သီရိနန္ဒာဘိဝံသက “သတိဆိုတာ တစ်ယောက်တည်း တည့်အောင်နေဖို့” ညွှန်ပြတော်မူပါသည်။ သတိဆိုသည်မှာ ကိုယ့်ကိုယ်ကို လုံခြုံအောင် စောင့်ရှောက်ရင်း သူတစ်ပါးကိုပါ လုံခြုံအောင် စောင့်ရှောက်သော တရားဟုဆိုပါသည်။ အဓိပ္ပါယ်မှာ အစဉ်အမြဲ သတိရှိနေသဖြင့် အများအပေါ်တွင် မတရား မလုပ်တော့ခြင်းပင် ဖြစ်လေသည်။
သစ္စာနီ (သဘင်အနုပညာဂျာနယ်၊ အမှတ် ၂၈)
သန္တာရလွင်ပြင် (၁) ၂၀၀၀၊ အောက်တိုဘာ
0 comments:
Post a Comment