Saturday, November 5, 2011

CHIN WORLD မှ Salai Kipp Kho Lian အား တွေ့ဆုံမေးမြန်းခြင်း။

[By UZa Wana ]

CHIN WORLD မှ Salai Kipp Kho Lian အား တွေ့ဆုံမေးမြန်းခြင်း။ 

ဂျာမဏီ နိုင်ငံ ၏ SPIEGEL ခေါ် မီဒီယာ ကြီးတခု ၏ အွန်လိုင်းဂျာနယ် မှ ယနေ့ မြန်မာနိုင်ငံ တွင် မြင်တွေ့ နေ ရ သော အပြောင်းအလဲများအပေါ် Salai Kipp Kho Lian အား တွေ့ဆုံ မေးမြန်း ချက်ကို မြန...်မာ နှင့် အင်္ဂလိပ်ဘာသာများ သို့ပြန်ဆိုကာ ကျွန်တော်များ CHIN WORLD  တွင် ဖေါ်ပြ ခဲ့ပြီး ဖြစ်ပါသည်။
http://chinworld.info/interview/2011/salai_kipp/burmese_version.html
ယင်း ၏နောက်ဆက်တွဲအဖြစ် CHIN WORLD မှ Salai Kipp Kho Lian အား ထပ်မံတွေ့ဆုံ မေးမြန်း ချက် များ ကို CHIN WORLD စာဖတ်ပရိသတ်များ အား ယ္ခုတင်ဆက်လိုက်ပါသည်။
CHIN WORLD:  ယနေ့ မြန်မာ နိုင်ငံ အတွင်း အပြောင်းအလဲတွေအပေါ် ဘယ်လိုရှုထောင့်မျိုး ကနေ ချဉ်းကပ် ပြီးဘယ်လိုသုံးသပ်ပါသလဲ?  
SALAI KIPP : နာဂစ် အခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြု အပြီး ၂၀၁၀ ရွေးကောက်ပွဲစတော့မယ် ဆိုတော့ ဗမာ စစ်အာဏာရှင်တွေ ရဲ့ လုပ်ရပ်တွေ နဲ့ အခု ၂၀၁၁ ခုနှစ်ပိုင်းမှာ မှ တခါ ရုတ္တ ရက်ကြီး ပြောင်းပြန်လှန်လိုက်သလိုဖြစ်လာတဲ့ အပြောင်းအလဲ dynamic တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။
CHIN WORLD: ဟုတ်တယ်။ အစကနဦးတုန်ုးက လုပ်ထားတာက NLD အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီ တွေ အားလုံးလိုလို ၂၀၁၀ ရွေးကောက်ပွဲမှာ မဝင်ချင်အောင်နဲ့ ဝင်ချင်ရင် တောင်မှ ဝင်လို့ မရအောင် ဥပဒေ တွေ ပြဌာန်းပြီး အစီအစဉ်ရှိရှိ လမ်းတွေကို ပိတ်ထားခဲ့တာ အားလုံး အသိပဲ။ အခု တော့ ရုတ္တရက်ကြီး ၁၉၉၀ အောင်ပွဲရပါတီတွေ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို ပြန်ဝင် လို့ ရအောင် အတင်း ကို လမ်း တွေ ပြန်ဖွင့်နေပြန်တယ်။
SALAI KIPP : ဒါတင်မကသေးဘူး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တွေ ကိုလည်း သူတို့ ဘယ်နည်းနဲ့ မှ လက်မခံနိုင်တဲ့ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းဖို့ ဖိအားပေးပြီး အစီအစဉ် ရှိရှိ တော တွင်းကိုပြန်တွန်းပို့လိုက်သေးတာ။ ဒီအဖြစ်အ ပျက် တွေ က အချိန်ကိုက် ကို အစီအစဉ် ရှိရှိလုပ်ခဲ့တာပါ။
ရှစ်လေးလုံး လူထုစူနာမီ လှိုင်းတန်ဘိုးရဲ့ အရှိန်အဟုန်တွေ ကို လျော့နဲ ပြော့ပြောင်းသွားအောင် စစ်အအုပ်စု က နှစ်ပေါင်း (၂၀) ကျော် စနစ်တကျ စီမံခဲ့တဲ့ နာဂစ်စီမံကိန်းကြီး ရဲ့ နဂိုမူလ ရည်ရွယ်ချက်တွေကတော့ NLD နဲ့ တခြား ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေကို တရားဝင် မှတ်ပုံ မတင်နိုင်အောင်လုပ်မယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို လည်း တောတွင်း ပြန်ပို့ပြီး ပြည်တွင်း စစ် အရှိန်မြှင့် မယ်၊ ဗိုလ်သန်း ရွှေ ကတော့ မြန်မာ့နိုင်ငံရေးဇတ်ခုံ ကနေ ကုလား ကာ နောက် ကွယ် မှာ ဝင်ပုန်းမယ်၊ အရှေ့ မှာတော့ ယူနီဖေါင်းချွတ် အရပ်သားသမ္မတ ဦးသိန်းစိန် ရုပ်သေး ကိုတင် ထားမယ်၊ UN, ASEAN, တရုတ် နဲ့ ဂျာမဏီ လို စီးပွားရေး ကိုအငန်းမရလုပ်ခြင်နေတဲ့ အနောက်တိုင်း နိုင်ငံ တွေ တချို့ စ သည် ဖြင့် အဟာမိတ်တွေ ဝန်းရံပြီး နာဂစ်နည်း၊ နာဂစ်ဟန် ဒီမိုကရေစီ အောင်ပွဲ ကြီး ကို တပျော်တပါးကြိး ကျင်းပပြီး စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ မြန်မာ ပြည်သူတွေ ဝေးသထက်ဝေး စေရမယ် ဆိုတဲ့ တွက်ကိန်း တွေ အသေ အခြာ ချထားခဲ့ တာပါ။
CHIN WORLD: ဒါပေမဲ့ သူတို့ရဲ့ ဒီ မဟာ နာဂစ် စီမံကိန်းကြီး ထဲကို ကွက်တိ ဝင်လာတာ တွေရှိသလို အထင်နဲ့ အမြင် တက်တက်ဆင်အောင် လွဲတာတွေ လဲရှိခဲ့တာကြောင့် တမဟုတ်ခြင်း ၁၈၀ ဒီဂရီ ဒါရိုက်ရှင် ကို ပြောင်း ကြရတဲ့ သဘောတွေ မြင်နေရတယ်။
SALAI KIPP : အာဏာရှင်တွေဟာ အကျွင်းမဲ့ အာဏာ absolute power ကိုပိုင်ပိုင်နိုင်နိုင် တည်ဆောက်ပြီး သူတို့ အာဏာ အထွတ် အထိပ်ရောက်နေတဲ့ အချိန် မှာ ပဲ သူတို့ က ပိုင်ပြီနိုင်ပြီ ဆိုပြီး စီမံထားတဲ့ အတိုင်း တကယ်တမ်း လက်တွေ့မှာ ဖြစ်မလာပဲ ဆန့်ကျင်ဖက် ရလဒ်တွေနဲ့ သာ ရင်ဆိုင်ရတာ မျိုး ဟာ the law of unintended consequences ခေါ် မလွှဲသာမရှောင်သာ လူမှု ဥပဒေသ တခု ဖြစ်တယ်။
CHIN WORLD: ကျွန်တော်တို့ ပြည်ထောင်စု မြန်မာ နိုင်ငံ အတွေ့အကြုံ ထဲကနေ ဥပမာလေး တွေ ဆွဲ ထုတ် ပြီး ဖေါ်ပြပေးလို့ရမလား၊?
SALAI KIPP : ၁၉၈၇ ခုနှစ်မှာ အာဏာရှင်ဗိုလ်နေဝင်း က သူပိုင်တဲ့ အကျွင်းမဲ့အာဏာကိုသုံးပြီး ငွေစက္ကူတွေ အားလုံး ဘာလျော်ကြေးမှမပေးပဲ တဖက်သတ် တရားမဝင် ကြေညာလိုက်တယ်။ ဘယ်သူနဲ့မှလည်း မတိုင်ပင်ဘူး၊ မဆလ ပါလီမန်ကိုလည်း မေးမြန်းတင်ပြခြင်းမရှိဘူး၊ လွှတ်တော်မှာတင် အဆိုသွင်း အတည်ပြု ပြီး အသံလွှင့် ရုံကနေ ချက်ခြင်း ကြေညာ၊ ချက်ခြင်း ဥပဒေ အဖြစ်တည်စေ ခဲ့တာ ဖြစ်တယ်။ သူ့ရဲ့ အကျွင်းမဲ့ အာဏာစက် ကိုသုံးပြီး သူ့ကိုတော်လှန်ခြားနားနေတဲ့ သူပုန် သကန်တွေ ရဲ့ ဘဏ္ဍာတိုက် ကို နေ့ခြင်းညခြင်း စက္ကူစုတ် အမှိုက်အဖြစ်ပြောင်း လိုက်ပြီလို့ သူ ယုံကြည် ခဲ့တယ်။ ဒီသူပုန်တွေ ကိုတချက်ထဲနဲ့ အကုန်လုံး ကို အလဲထိုး နိုင်ခဲ့တယ်လို့ သူကိုသူ ပိုင်ပိုင် နိုင်နိုင် ကြီးကို ယုံကြည်ခဲ့တာပါ။ ဒီနေရာမှာ the law of unintended consequences ဝင်လာတယ်။ သူမှန်းထားတာရဲ့ တိုက်ရိုက် ဆန့်ကျင်ဖက် ရလဒ်တွေ သာ ဆက်တိုက်ဆင့်ပွားပေါ်ပေါက်လာပြီး အများသိပြီးဖြစ်တဲ့ ရှစ်လေးလုံး လူထု စူနာမီကြီး ပေါ်ပေါက်လာဖို့ တွန်းအားပေး မိရက်သားဖြစ်ခဲ့ရတယ်။ တိုတိုပြောရရင်  သူနဲ့ အတူ အပေါင်းပါအာဏာရှင် နှစ်ဦးပါဆက်တိုက်ပြုတ်သွားပြီး သူရဲ့ ပြည်သူကို ဆန့်ကျင်တဲ့ ၁၉၇၄ အခြေခံဥပဒေရော သူရဲ့ မဆလပါတီရော၊ မဆလ အစိုးရပါ သမိုင်း အမှိုက်ပုံး ထဲ ကို ရောက် သွား ရ တယ်။ သံဝေဂ ရတတ်ရင် အာဏာရှင်တွေ သံဝေဂရသင့်လှတဲ့ သမိုင်းလက်တွေ့ထဲက ပကတိ ဖြစ်စဉ်တခုပါ။ စိတ်ကူးယဉ် နိုင်ငံရေး သီအိုရီတွေမဟုတ်ဘူး။
CHIN WORLD: နောက်ဘာ သာဓက တွေရှိသေးသလဲ?
SALAI KIPP : ၁၉၉၀ ရွေးကောက်ပွဲမှာလဲ တခါ စစ်အုပ်စုရဲ့ တန်ခိုးကြီးလှပါတယ်ဆိုတဲ့ အကျွင်းမဲ့ အာဏာထဲက နေ the law of intended consequences က လက်စွမ်းပြပြန်တယ်။ တပြည်လုံး အစိုးရ ဝန်ထမ်း တွေကို သေနပ်ထောက်ပြီး စစ်တမ်း ကောက် မှတော့ ရွေးကောက်ပွဲ ရှိရင် တစည သာလျင် အနိုင်ရမည်လို့ အဖြေထွက်တော့တာပေါ့။ “ရေဘူးပေါက်တာ မလိုခြင်ဘူး၊ ရေဘူးထဲရေ ပါလာတာ ပဲ လို ခြင် တယ်” ဆိုတော့ အားလုံးက “မှန်ပါ့ဘုရား” ပေါ့။ ရွေးကောက်ပွဲ မှာ ကျမှ သူတို့ တွက်ကိန်း နဲ့ ဖြောင့်ဖြောင့်ကြီး ကိုဆန့်ကျင်တဲ့ ရလဒ် ကိုတွေ့ကြရတော့တယ်။
CHIN WORLD:  အခုလက်ရှိ အပြောင်းအလဲ တွေထဲမှာရော Salai Kipp ပြောတဲ့ the law of unintended consequences တွေ ရှိနေသလား။
SALAI KIPP : ၂၀၁၀ ရွေးကောက်ပွဲပြီးတာနဲ့တပြိုင်နက်ထဲမှာ စစ်အုပ်စု က ကြိုတင် မခန့်မှန်း ထားတဲ့ ဖိအားတွေကတော့  the law of unintended consequences လို့ပဲခေါ်ရမှာပေါ့၊ တခုပြီးတခု တမျိုးပြီးတမျိုး ဖက်ပေါင်းစုံ ကနေ ပေါ်လာတော့တာ ပါပဲ။
၁) စစ်အုပ်စုရဲ့ NLD နဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီတွေ မပါတဲ့ ၂၀၁၀ အလိမ်အညာ ရွေးကောက်ပွဲ ကြီး ကို UN, US, EU, ASEAN တွေက ဘဝင်မကျလှဘူး။ မြန်မာပြည်ကြီး မှာ ဒီမိုကရေစီ ထွန်းကားပြီ ဆိုပြီး ကမ္ဘာ ကိုလှည့်စားလို့မရခဲ့ဘူး။  ဒါက စစ်အုပ်စုရဲ့ ကြိုတင် တွက်ကိန်းနဲ့ တက်တက်စင်အောင်လွဲတဲ့ ပထမ အချက်။
၂) ရေနံတွေ ဓါတ်ငွေ့တွေ ရောင်းလို့ရတဲ့ သန်းနဲ့ ဘီလျံ နဲ့ချီ တဲ့ ဒေါ်လာငွေတွေ နဲ့ ပြည်သူ့ ဘဝမြှင့်တင်ဖို့ (စစ်သားတွေရဲ့ ဘ၀မြှင့်တင်ဖို့) သူတို့တသက်လုံး ဘာတခုမှ မလုပ်ခဲ့တဲ့ စစ်အုပ်စုက ဒီပိတ်ဆို့မှုတွေဟာ ပြည်သူကိုသာ နစ်နာ စေတယ်၊ ပိတ်ဆို့မှုတွေ ရပ်ဆိုင်းဖို့ လိုအပ်တယ် ဆိုပြီး ပြည်သူတွေ အပေါ်မှာ မေတ္တာစေတနာ တွေ ဗလဗျစ်ကြီးရှိနေခဲ့သယောင်မျိုး တဂျီဂျီ ပြောလာရတာ အားလုံး အသိပဲ။  တနည်း အား ဖြင့် အနောက်တိုင်းရဲ့ စီးပွားရေး ပိတ်စို့ မှု ဒါဏ်ကို စစ်အုပ်စုက အလူး အလိမ့် ခံနေရတယ် ဆိုတာ ကိုသွယ်ဝိုက်ပြီးတောင်မဟုတ်ပါဘူး တိုက်ရိုက်ကျကျ ကို ဝန်ခံနေ သလိုကို ဖြစ်နေတော့တာပါ။ ရွေးကောက်ပွဲပြီးလို့ အရပ်သား ဒီမိုကရေစီ အစိုးရတက်ပါပြီ စစ် အစိုးရ မဟုတ်တော့ ပါဘူး ဆိုပြီး ကမ္ဘာကို ကြေညာခဲ့ ပေမဲ့ အနောက်တိုင်းရဲ့ စီးပွားရေး ပိတ်ဆို့ မှု တွေ ပြန်လည် ရုတ်သိမ်း ဖို့ အလား အလာ မမြင်ရဘူး။ ဒါက စစ်အုပ်စုရဲ့ ကြိုတင် တွက်ကိန်းနဲ့ တက်တက် စင်အောင်လွဲတဲ့ ဒုတိယ အချက်။
၃) ပြည်တွင်းစစ် အပေါ်မှာ မှီတည်ပြီး အာဏာတည်ဆောက်ခဲ့ရတာမို့ ပြည်တွင်းစစ် ပြန်လည် မီးမွှေးဖို့ မဖြစ်မနေ ပြင်ဆင်ခဲ့ရတယ်။ ပထမ အဆင့် အနေနဲ့ ညောင်နှစ်ပင် အတုအယောင် အမျိုးသားညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် ငြိမ်း အဖွဲ့တွေ တင်သွင်းလာတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ အကုန်လုံး ကိုပယ်ချခဲ့တယ်။ အဲဒီကထဲက စစ်အုပ်စုဟာ ပြည်တွင်း စစ်မီးပြန်မွှေးဖို့ပြင်ဆင်လိုက်တာဖြစ်တယ်။ ဒုတိယအဆင့်အနေနဲ့ ရွေးကောက်ပွဲ နီး လာတော့ ငြိမ်းအဖွဲ့တွေ လုံးဝလက်မခံနိုင်မှန်း ကြိုတင် သိနိုင်တဲ့ နယ်ခြားစောင့် တပ် အသွင်ကူးပြောင်ရေး ဆိုတာ ကို အစီအစဉ်ရှိရှိ တင်လာတော့တယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်ကြီးကို အရှိန် ထပ်မြှင့်လိုက်တယ်။ စစ်အုပ်စု က လိုလားတဲ့ ပြည်တွင်းစစ်ကြီးကတော့ အလိုတော် ရှိတဲ့အတိုင်း အရှိန်ပြန်မြင့်လာပါရဲ့ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ခဲ့ရတယ်။ အဓမ္မစုစောင်းထားတဲ့ ကလေး စစ်သားတွေ၊ လခမလောက်လို့ စိတ်ဓါတ်ကျဆင်းနေတဲ့ တပ်မတော် သားတွေ၊ မဖြစ်စလောက် စစ် သင် တန်း တွေပေးပြီး စစ်တိုက်ခိုင်းတော့ စစ်သားတွေ တိုက်ပွဲတိုင်းမှာ အကျအဆုံး အဆ မတန် များတဲ့ အပြင် တပ်ပြေး တွေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) အတွင်း အထွတ်အထိပ် ကိုရောက်ခဲ့တယ်။ ရဲဘော်တွေသေမဲ့ အတူတူ ရာထူးအပြုတ်ခံပြီး စစ်ထွက်ဖို့ ညင်း ဆန် ရင်း အာဏာဖီဆန် တဲ့ တပ်မှူးတွေရှိလာတယ်။ ဒါက စစ်အုပ်စုရဲ့ ကြိုတင် တွက်ကိန်းနဲ့ တက်တက် စင်အောင်လွဲတဲ့ တတိယ အချက်။
၎) အဲဒီလို ၂၀၁၀ ရွေးကောက်ပွဲကို ကမ္ဘာ က လည်း ဟက်ဟက်ပက်ပက် လက်မခံ၊ စီးပွား ကပ် ကနေ လွတ်ဖို့ ပိတ်စို့မှုတွေလျော့ မလားထင်တာလည်း လျော့မဲ့ အလားအလာက လုံးလုံး လျားလျား မရှိ၊ ပြည်တွင်းစစ်မီ အရှိန်ကိုမြှင့် လိုက်ခါကျမှ ပဲ “ထိုင်နေရင်အကောင်းသား၊ ထသွားမှကျိုးမှန်းသိ” ဆိုသလို စစ်ရေးမှာ လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကြားထဲ မှာ မြစ်ဆုံ ဆည်ကိစ္စ တရုတ် ရဲ့ အပေါ်စီးလွန်းတဲ့ တဖက်သတ် အနိုင်ကျင့် ဖိအားပေးတာတွေ ပါ ထပ်ပေါင်းလိုက်တော့ စစ်အုပ်စု မှာ pressure တွေ ဝိုင်းဝိုင်း လည်ရတော့တယ်။ NLD လူငယ်ကွန်ယက်ကလည်း အရမ်းအားကောင်းနေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း နည်းပညာသစ်တွေ ကိုသုံးပြီး ကမ္ဘာ့ပြည်သူတွေနဲ့ အဆက် အသွယ် တွေ အထွတ် အထိပ်ကိုရောက်နေတဲ့ အချိန်၊ မြစ်ဆုံ အရေးကိုအခြေခံပြီး ဧရာဝတီ ကိုကယ်ဆယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကတပ်လှန့်လိုက်တော့ ပြည်တွင်းပြည်ပ ဒီိမိုကရေစီ အင်အား စုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အပြင် ကမ္ဘာ့ပြည်သူတွေ ကပါ တက်တက်ကြွကြွ အားဖြည့်လာမဲ့ အလားအလာ ကလည်းဖိအားကြီးတခု၊ KIO/ KIA / SSA / KNU/ DKBA အစရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကလည်း တစည်း တလုံး ဖြစ်နေကြတဲ့ အချိန် ........ စသည်ဖြင့် စစ်အုပ်စု ကို မျက်ဖြူစိုက် စေလောက်တဲ့ အကြောင်း အချက် တွေ အများကြီးဟာ unintended consequences တွေ အဖြစ် တပြိုက် နက်ဆိုသလို တသီကြီး ဖြစ်ပေါ်လာခဲ့တာပါ။
CHIN WORLD: ဒီလို ဖိအားတွေ စုပြုံလာတော့ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည် နဲ့ စတင် စကားပြောလာရတာ၊ NLD အစရှိတဲ့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီတွေ ပါတီ မှတ်ပုံ ပြန်တင်လာနိုင်အောင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဖုတ်ပူမီးတိုက် အပူတပြင်းလုပ်လာရတာ ၊ ကြားဖြတ်ရွေးကောက်ပွဲကိုတောင် ဒေါ်အောင် ဆန်းစုကြည် ကဝင်ရွေးဖို့ အလားအလာ ရှိသလို အသံတွေထွက်လာတဲ့ အထိ ဖြစ်လာတာ၊ တမဟုတ်ခြင်းခုန်ပျံကျော်လွှား ပြောင်းလဲသွားတာတွေ ဟာကောင်းတဲ့ လက္ခဏာ တွေပဲမဟုတ်လား?
SALAI KIPP : ကောင်းလည်းကောင်းသလို၊ အခြေအနေအပြောင်းအလဲတွေကို တုန့်ပြန်ရာမှာ ခြေလှမ်း မှားရင် အန္တရယ် လည်း အလွန်ကြီးပါတယ်။ အရေး အကြီးဆုံး သတိပြုရမဲ့အချက်က  ဒီ အပြာင်းအလဲ တွေဟာ ခုနကပြောခဲ့တဲ့ ဖိအားတွေချည်း သက်သက်ကြောင့် ဖြစ်လာတာ မ ဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသားတွေ အပါ အဝင် ပြည်သူတရပ်လုံး ကသူ့ဖက်မှာ ရှိနေတာ (ပြည်သူတွေရဲ့ သွေးချွေးမျက်ရေတွေ)၊ တပ်မတော် အရာရှိ အရာခံ ကအစ တပ်သား ငယ်တွေ အထိ ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည် အားကိုး နေကြတယ်ဆိုတဲ့ အချက် (တပ်မတော်သားတွေရဲ့ သွေးချွေးမျက်ရေတွေ)၊ ကမ္ဘာ့ ပြည်သူတွေ ရဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ် လေးစားထောက်ခံ မှုဟာလည်း အထွတ်အထိပ် ကိုရောက်နေတယ် ဆိုတဲ့ အချက် .... ဒီလိုဒီလို အချက်တွေ အများကြီး ကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည် ကို စကား စပြောလာရတယ်ဆိုတာကို မမေ့စေခြင်ဘူး။ ဒါတင်မကဘူး အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်စို့မှု တွေ ပြန်လည် ရုတ်သိမ်းရေးမရုတ် သိမ်းရေး ကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အများကြီး မှီတည်နေတယ်၊ ဆန်ရှင်ဆိုတာကလည်း စစ်မှန်တဲ့ (အတုအယောင်မဟုတ်တဲ့) တွေ့ဆုံဆွေးနွေးရေး ကိုဖြစ်ပေါ်စေခြင်လို့ လုပ်ထားတာဆိုတဲ့အချက်၊ အာဆီယံ နိုင်ငံတွေ ကလည်း (ဒီနေရာမှာ တရုတ်ရောပဲ) အခြေအနေပေးရင်ပေးသလို ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တိမ်းညွတ်မှုတွေ အမြဲပြသ နေတဲ့ အချက် ၊ .... တိုတို ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဖက်မှာ ခွန်အားတွေ ထောက်ခံမှုတွေ ပါဝါတွေ တပြုံခေါင်းကြီးရှိတယ်ဆိုတာ ကိုမမေ့စေခြင်ဘူး။
CHIN WORLD: ဒေါ်အောင်ဆန်းစုကြည်ကရော Salai Kipp အခု ပြောသွားတဲ့ ပြည်သူ့အားတွေ နဲ့ သူ့ရဲ့ ကိုယ်ပိုင် ခွန်အားတွေ ကိုမေ့ထားပြီလို့ ထင်စရာရှိနေလို့လား?
SALAI KIPP : ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ စကားစပြော ဖြစ် ကြတာ ကို  ကြိုဆိုကြရမှာပါ။  ဒါပေမဲ့ ဘာတွေဆွေးနွေးတယ်ဆိုတာ ကို ဒီနေ့ အထိ ပြည်သူကို ပြောခွင့် မရှိဘူး ဆိုတော့ အမှောင်ထဲကဗျာဒိတ်သံ ကို လူတိုင်းလိုလို ကသံသယ ဝင်နေကြတာအမှန်ပဲ။  ဒါကတော့ သဘာဝလည်းကျပါတယ်။ ကျိတ်ဝိုင်း ကလေး တွေနဲ့ တံခါးပိတ်ပြီး ဆွေးနွေး လေ့ ရှိတာ က စစ်အုပ်စုပါ။ ကုတ်ချောင်း ကုတ်ချောင်း ဆွေးနွေးကြပြီဆိုရင် ပြည်သူကို အကျိုးပြုတဲ့ ဆုံးဖြတ်ချက် ကမရှိသလောက်ရှားခဲ့ပါတယ်လေ။ ရှစ်လေးလုံးအလွန် အနှစ် (၂၀) ကျော်ကာလမှာလည်း နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ စစ်အုပ်စု အကြိမ်ကြိမ် စကား ပြောဖြစ် ခဲ့ကြတယ်။ ဘာတွေ ပြောတယ်ဆိုတာလည်းဘယ်သူမှမသိခဲ့ရဘူး။ နောက်ဆုံးသိရတော့လည်း ဘာတခုမှ လည်း အကောင်း တွေဖြစ် မလာခဲ့ဘူး။ ဒါကြောင့်လည်း အမှောင်ထဲမှာ ပဲရှိနေသေးတဲ့ မှောက်ဖဲ ကို ကောင်းတယ်လို့ပြည်သူကယုံဖို့ခက်နေတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံမှား သံသယ မရှိရင်တောင် ဦးသိန်းစိန် ကိုတော့ သံသယဝင်ခွင့်ရှိရပါလိမ့်မယ်။ ပြည်သူကဘာမှန်းမသိရတဲ့ကိစ္စက အချိန်ကြာကြာဆွဲ လာတာနဲ့ အမျှ ပြည်သူရဲ့ ယုံကြည်မှုတွေ လျော့နဲစေမှာဖြစ်တယ်။ သိပ်ကို ထိလွယ်ရှလွယ် အချက်အလက် တွေမို့ အချိန် အကန့်အသတ်အားဖြင့် ပြည်သူ ကိုချမပြဖို့ သဘောတူထားတယ်ဆိုရင်လည်း “ကျမတို့ဆွေးနွေး တဲ့အချက်တွေက လျှိ့ဝှက်ရမဲ့ အချက်တွေဖြစ်တဲ့အတွက် ကောင်း၏ မကောင်း၏ မပြောနိုင်သေးပါ” ဆိုရင်လည်း စိတ်သက်သာရာရတာပေါ့။ ဒါတောင်အဲဒီ အချိန်အကန့် အသတ် ဆိုတာကြီး က အရင်ကလို အနှစ် (၂၀) ကျော်ကြာဆွဲထားလို့ မဖြစ် တော့ဘူး။ စစ်အုပ်စုက အချိန် ဆိုတာကြီးကို သူ့ရဲ့ လက်နက် အဖြစ်သုံး လေ့ရှိတာ ကိုသတိပြုဖို့လိုတယ်။ ပြည်သူကို ချမပြဘူးဆိုတာကတော့ တနည်းအားဖြင့် သတင်း အမှောင် ချထား လိုက် တာပါပဲ။ ဒီလိုလုပ်ရပ်မျိုးဟာ တကယ်တမ်းဆို မလိုအပ်ပါဘူး။ ရန်သူ့နိုင်ငံ တခု နဲ့ စစ်ခင်းနေရလို့ နိုင်ငံတော်ရဲ့ လုံခြုံရေး တွေကိုထိမ်းသိမ်းဖို့ အစိုးရတရပ်က လျှိ့ဝှက်ရတာ တွေရှိရတတ်ပါတယ်။ တိုင်းသူပြည်သားတွေ အတွက်ကောင်းမဲ့ အရာဆိုရင် နာဂစ် အမှောင်ထဲမှာ အမှောင် ချထား တာထက် ဒီမိုကရေစီ အလင်းထဲမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန် အစိုးရ၊ ပြည်သူ စသည်ဖြင့် အားလုံး အပြန်အလှန် ယုံကြည်မှုတွေတိုးပွားနိုင်တာပါ။
အခုအတိုင်းဆိုရင်တော့ အမှောင်တိုက်ထဲကိုနယ်ကျွန်သွားရင် ပြန်ရုန်းရခက်သွားနိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည်လို ရှားရှားပါးပါး ခေါင်းဆောင်ကောင်းတယောက် ပြန်ပေါ် လာဖို့ ဆိုတာအင်မတန်အလားအလာနဲပါတယ်။ ဗမာအပါအဝင် တိုင်းရင်းသား ပြည်သူ တရပ်လုံး ကရော၊ တပ်မတော်သားတွေ အားလုံးအတွက်ရော ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့မေ့မရတဲ့၊ သူတို့ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း တယောက်ပြန်လည်ရှင်ပြန် နိုးထလာ နဲ့ အတူတူ ပါပဲ။ ပြည်သူတွေရဲ့ အားဟာသူ့ဖက်မှာ အပြည့်အဝရှိနေတယ်။ ပြည်သူတွေကိုသာ ယုံကြည် စေခြင် တယ်။ ပြည်သူတွေရဲ့ ယုံကြည်မှု ကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အကြီးမားဆုံးခွန် အား အဖြစ် နားလည်၊သိမှတ်၊ ယုံကြည်ထား မှသာ အလင်းခေတ်ဆီ ကို ရောက်အောင် ထိထိ ရောက်ရောက်ဦးဆောင်သွား နိုင်မှာ ဖြစ်တဲ့ အကြောင်း သာမန် အညတရ ပြည်သူ တယောက် အနေ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြခြင်တယ်။
CHIN WORLD:  ပါတီ မှတ်ပုံတင်ဖို့အရေး လိုအပ်ချက်အနေနဲ့  ၂၀၀၈ နာဂစ် အခြေခံဥပဒေကို “ထိမ်းသိမ်းကာကွယ်” ဖို့ မလိုအပ်တော့ပဲ “လေးစားလိုက်နာ” ဖို့ပဲ လိုအပ်တော့တယ် ဆိုရင်ကော NLD က ပါတီပြန်လည်မှတ်ပုံတင် ဖို့လုံလောက်ပါ့မလား?
SALAI KIPP : ဒီလောက်ကလေးပြင်တာနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပါတီများ ပြန်လည် မှတ်ပုံတင်ကြလေသတည်းဆိုရင်တော့ ရာဇဝင်ရိုင်းတော့မှာပဲ။ ဒီစကားလုံးလေး နှစ်ခုကို အလဲအလှယ်လုပ်လိုက်တာနဲ့ပဲ ကိုယ်ကိုယ် တိုင် ဂုဏ်ကျက်သရေ ရှိရှိ ထုတ်ပြန် ခဲ့တဲ့ လူသိရှင်ကြား ကြေညာထားတဲ့ သမိုင်းဝင် ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ပါ တက်တက်ဆင်  အောင်လမ်းလွဲ လိုက်သလိုဖြစ်တော့မှာပေါ့။ ဒီစာသာလေး လောက်ပြင်ပြီး ချော့ခေါ်လို့ရရင် လမင်းကြီးပေါ် က ယုန်ကလေးနဲ့ အဖိုးအို ရုပ်တွေ ကို လက်ညှိးထိုးပြပြီး ကလေးအငိုတိတ်အောင် ချော့လို့ ရတဲ့ အဆင့် သာသာပဲရှိကြတော့မှာပေါ့။ မကြီးမငယ်နဲ့ ဒီလောက်လေး နဲ့တော့ မှတ်ပုံ မတင် လောက်ဘူးလို့ ပဲ ယုံကြည်ပါတယ်။ ယုံကြည်ပါရစေ။
၂ဝ၁ဝ နိုဝင်္ဘာ လ ရွေးကောက်ပွဲ ကို မဝင်ဘဲ သပိတ်မှောက်ခဲ့ တုန်း ကထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်း မှာ ‘နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရင်၊ ၂ဝဝ၈ အခြေခံ ဥပဒေ ကို ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အချက် တွေကို ပြင်ဆင်ပေးရင်၊  လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြု ပြီး ကျင်းပမယ် ဆိုရင်’ ရွေးကောက်ပွဲ ကို ဝင်ဖို့ အလေးထား စဉ်းစားမယ် လို့ ဆိုထားတယ်။ အဲဒီ ကြေညာ စာတမ်း ရဲ့ ၁၀၀% ကြီးမဟုတ်ရင်တောင် ၅၀% လောက်ရရင်ကို ရင်ကော့ပြီး ၀င်နိုင်ပါသေးတယ်၊ ကျန်တဲ့ ၅၀% ကိုအထဲရောက်မှ ဆက်လုပ်လို့ရသေးတယ်ပဲတွက်ကြည့်ရအောင်။ ဒါက နိုင်ငံရေး ပေးအယူ လုပ်တဲ့ သဘောတရားပေါ့။ ဒါပေမဲ့ အခုန က ပြောလိုက်တဲ့ စာသား လေးလောက်ပြင် တာ နဲ့ ရွေးကောက်ပွဲဝင်လို့ ကတော့ ကိုယ့်ကိုယ်  ကို နာဂစ်ဘောင်ထဲမှာ ကျဆင်း ပြီး ဘောင်ခတ် ဖို့ အရေး ပွင့် လာတော့ မဲ့ တံခါးကြီးထဲကနေသိက္ခာ ရှိရှိ မ၀င်ရပဲ ခြံစီးရိုးအောက် ကနေတိုးဝင်ရတဲ့သဘောသက်ရောက်သွားတော့မှာဖြစ်တယ်။ မိမိတို့ ရဲ့ပြည်သူ၊ မိမိတို့ရဲ့ခွန်အားတွေ၊ မိမိတို့ရဲ့ အားကောင်းတဲ့ မူတွေကို အပြင်မှာချန်မထားခဲ့ကြပါနဲ့၊ နာဂစ် အမှောင်တိုက်ထဲကိုလည်း ငုတ်လျှိးပြီးမ၀င်ကြပါနဲ့လို့သာ အကြံပြုလိုက်ခြင်တော့တယ် ဗျာ။
END.
လက်ရှိ အပြောင်းအလဲများ အကြား ၂၁ ရာစု ပင်လုံ ညီလာခံ ကြွေးကျော်သံ များ မှေးမှိန် စပြုလာသည့် ကိစ္စ နှင့် အခြား အရေးကြီးသော နိုင်ငံရေး အခင်းအကျင်း များအပေါ် Salai Kipp Kho Lian ၏ အမြင်များ ကို CHIN WORLD စာဖတ် ပရိတ်သတ် တို့ လေ့လာ ဖတ်ရှု နိုင်ရန် အတွက်  ဆက်လက် တွေ့ဆုံ မေးမြန်းသွားမည်ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...