တတ်မ ထောင်ကြသူများ
ဝင်းထွဋ်ဇော်
ကျွန်တော်ဟာအခုတလော
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြောစကားတွေကို မကြာခဏ သတိရနေမိပါတယ်။
ဗိုလ်ချုပ်က သူ့ရဲ့မိန့်ခွန်းတစ်ခုထဲမှာ မြစ်ဝကျွန်းပေါ်ဘက်ရောက်စဉ်က သူတွေ့ခဲ့ရတဲ့
လှေ ပြိုင်ပွဲတစ်ခုအကြောင်းပြောသွားခဲ့တယ်။
အဲဒီလှေပြိုင်ပွဲမှာ ရှေ့ဆုံးကပြေးနေတဲ့လှေကို
လှော်ခတ်ကြသူတွေက ပန်းတိုင်မရောက်ခင်မှာပဲ ငါတို့ တော့ နိုင်မှာ ကျိန်းသေတယ်ဆိုတဲ့အတွေးနဲ့
လှေကို ဆက်မလှော်ကြတော့ပဲ တက်မ ထောင်ခဲ့ကြပုံကို ဗိုလ်ချုပ် ကပြောသွားခဲ့တယ်။
အလားတူပဲ ရှုံးနေတဲ့ လှေပေါ်က လူတွေကလည်း ငါတို့တော့
ရှုံးပြီပဲ၊ ဆက်လှော်နေလဲ ပင်ပန်းရုံပဲဆို တဲ့ သဘောနှင့် အားကြိုးမာန်တတ် မလှော်တော့ဘဲ
အားလျော့လိုက်ကြတဲ့ အဖြစ်ကို ဗိုလ်ချုပ်က ပြောသွားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က အာဇာနည်နေ့
နီးရင်ဖြစ်စေ သို့မဟုတ် အာဇာနည်နေ့ ညဥ့်မှာဖြစ်စေ ရေဒီယိုကလာလေ့ရှိတဲ့ ဗိုလ်ချုပ်ရဲ့
ထိုမိန့်ခွန်းကို ကျွန်တော် အကြိမ်ကြိမ် နားထောင်ခဲ့ရဖူးပါတယ်။ သို့ပေမယ့် ထိုစဉ်တုန်းကတော့
ကျွန်တော်စိတ်ထဲမှာ အမျိုးသားခေါင်းဆောင်ကြီးရဲ့ ထိုမိန့်ခွန်းအပေါ်မှာ အခုလောက် မလေးနက်ခဲ့ပါဘူး။
ဒီနောက်သက္ကရာဇ်တွေဟာ တဖြုတ်ဖြုတ်နဲ့ ကုန်လွန်သွားခဲ့တယ်။
ကျွန်တော်တို့နိုင်ငံက ပြည်သူတွေ ဟာ သမိုင်းစာမျက်နှာပေါင်းများစွာကို ရေးခဲ့ကြတယ်။
တချို့ကလည်းမိမိတို့ရဲ့စူးနစ်ခိုင်ကျည်တဲ့ ယုံကြည်ချက် တွေနဲ့ တချို့ကလည်းမိမိတို့ရဲ့သွေးတွေ၊
ချွေးတွေနဲ့ တချို့ကလည်းမိမိတို့ရဲ့ဘဝတွေနဲ့ သမိုင်းစာမျက်နှာတွေ ကိုရေးခဲ့ကြတယ်။
ဒါပေမယ့် ကျွန်တော်ဟာ ဒီနှစ်ကာလတွေအတွင်း
သမိုင်းတစ်လျှောက်တာဝန်ကျေခဲ့ကြသူတွေကို တွေ့ ခဲ့ရသလို၊ တာဝန်မကျေသူတွေ၊ တာဝန်မဲ့သူတွေ၊
ထွက်ပြေးရေးသမား (escapist) တွေ၊ အရှုံးပေးရေးသမား (defeatist)တွေ ကိုလည်းတွေ့ခဲ့ရတယ်။
ထိုလူမျိုးတွေနဲ့အတူပဲ ဗိုလ်ချုပ်ပြောခဲ့တဲ့
တက်မ ထောင်ကြသူတွေ ကိုလည်း ကျွန်တော်တွေ့လာရတယ်။
‘တက်မ’ ထောင်ကြသူတွေ၊ ‘တက်မ’ထောင်ကြသူတွေ။
တကယ်တော့ ဟိုတုန်းက ကျွန်တော်သတိမ ထားမိခဲ့လို့ပါ။ ‘တက်မ’ ထောင်ကြသူတွေကို ကျွန်တော်တို့
ပတ်ဝန်းကျင်ထဲမှာမကြာခဏတွေ့ခဲ့ရပါတယ်။
တက်မထောင်ကြသူတွေထဲမှာ နိုင်ငံရေးအရ ခြေကုန်လက်ပန်းကျနေသူတွေ၊
မူလကတည်းက ယုံကြည်ချက် ခိုင်ခိုင်မာမာ မရှိခဲ့တဲ့ နိုင်ငံရေးလှေကြုံစီးသမားတွေ၊ နိုင်ငံရေးကိုယ်ခံအားနည်းတဲ့အတွက်
သဘောတရားရေးအရ အမြင်မရှင်းသူတွေ၊ တို့လည်းနေရဖို့အချိန်သိပ်မရှိတော့ဘူး။ ရသလောက်ပဲယူပါတော့
မယ်ဆိုတဲ့ အတွေးမျိုးရှိသူတွေ၊ မဟုတ်မတရားမှန်းသိပေမယ့် မိမိတို့ရဲ့ဘဝကြီးပွားချမ်းသာဖို့အတွက်
မတရား တဲ့အင်အားစုတွေနဲ့ ပူးပေါင်းကြတဲ့ ကိုယ်ကျိုးရှာ အချောင်သမားတွေစတဲ့ လူအမျိုးမျိုးပါဝင်ခဲ့ကြတယ်။
ကျွန်တော့်ရဲ့ဘဝဖြတ်သန်းမှုတစ်လျှောက်မှာ
ထိုသူမျိုးတွေကို အများအပြားတွေ့ခဲ့ရဖူးပါတယ်။
တကယ်တော့ တက်မထောင်ခြင်းဟာ အချောင်သမားဝါဒရဲ့
မျက်နှာဖုံးစွပ်ထားတဲ့ သွင်ပြင်လက္ခဏာ တစ်မျိုးပဲဖြစ်ပါတယ်။ တက်မ ထောင်ခြင်းဟာ ပင်ပန်းဆင်းရဲမှုဒဏ်ကို
မခံနိုင်တော့တဲ့အတွက် သို့မဟုတ် အားအင်ကုန်ခန်းလာတဲ့ ဟာတွေမှာလုပ်လေ့ရှိတဲ့ အရှုံးပေးလုပ်ရပ်လည်းဖြစ်နိုင်ပါတယ်။
ဒါအပြင် တက်မထောင်ခြင်းဟာ မိမိကိုယ်မိမိယုံကြည်မှုလွန်ကဲခြင်းကြောင့်
သို့မဟုတ် ရန်သူရဲ့ အင်အားကို လျော့တွက်မှုကြောင့် လုပ်တဲ့လုပ်ရပ်လည်းဖြစ်နိုင်ပါတယ်။
သို့မဟုတ် ရန်သူရဲ့နည်းဗျူဟာ ထောင် ချောက်ကိုမသိမမြင်တဲ့အတွက် လုပ်လိုက်တဲ့လုပ်ရပ်လည်းဖြစ်နိုင်ပါတယ်။
တကယ်တော့ ကျွန်တော် တို့ဟာခရီးရှည်ကြီးတစ်ခုကို
လျှောက်လှမ်းကြရာမှာဖြစ်စေ၊ လုပ်ငန်းတာဝန် ကြီးတစ်ခုကို အကောင်ထည်ဖော်ကြရာမှာပဲဖြစ်စေ၊
ခရီးဆုံးကို ရောက်တဲ့အထိ လျှောက်လှမ်းကြရမှာပါ။
သို့မဟုတ်လုပ်ငန်းတာဝန်တစ်ခုလုံးကိုအောင်မြင်စွာပြီးဆုံးတဲ့အထိ
အရှိန်မြင့်ပြီး လုပ်ဆောင်ကြရမှာပါ။
ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်း
(globalization) ခောတ်ကြီးမှာ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ယှဉ်ပြိုင်မှုတွေ အားကောင်းတာတွေ့နိုင်ပါတယ်။
စီးပွားရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ စစ်ရေးနယ်ပယ်၊ အားကစားနယ်ပယ်၊ ဘယ်လိုနယ်ပယ်မှာပဲဖြစ်ဖြစ်
ယှဉ်ပြိုင်မှုတွေ ကြီးမားပြင်းထန်တာကို တွေ့နိုင်ပါတယ်။
တစ်ချိန်တည်းမှာလည်း ယှဉ်ပြိုင်မှုတွေ ပြင်းထန်တာနဲ့အမျှ
ယှဉ်ပြိုင်သူအချို့အကြားမှာ မိမိ အနိုင်ရဖို့ အတွက် မသန်မာတဲ့ နည်းလမ်းမျိုးစုံနဲ့
ပရိယာယ် ဝေဝုစ် အမျိုးမျိုးကိုကျင့်သုံးလာကြတာ တွေ့ရတယ်။ စစ်ရေး မှာရော နိုင်ငံရေးမှာပါ
တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ လက်ဦးမှုယူကာ (pre-enptiveaction) လုပ်ဆောင်လာကြသည်။
တချို့ကဆိုရင်မိမိ ကြိမ်းသေပေါက် ပါဝါခိုင်မြဲရေးအတွက်
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် ယုတ်စွဆုံး အားကစားနယ်ပယ်မှာပင် မိမိရဲ့လက်သတ်မွေးတပည့်တွေ
ဆွေမျိုးမိတ်သင်္ဂဟ ခရိုနှီ (cronies) တွေကို စနစ်တကျနေရာမှာ ချထားပြီးမှ သိပ်အရေးမပါတဲ့
နေရာတွေမှာ ဖြေလျော့မှုတွေ လုပ်လာကြတယ်။
အထူးသဖြင့် ယနေ့ခောတ်ရဲ့ ကမ္ဘာနိုင်ငံရေးနယ်ပယ်မှာ
မိမိအနိုင်ရရေးအတွက် အကြမ်းရော အနုပါ ပါဝင်တဲ့ နည်းဗျူဟာမျိုးစုံကို ကျင့်သုံးနေကြတာ
တွေ့ရပါတယ်။ အထူးသဖြင့် ထိုနည်းဗျူဟာတွေ ထဲမှာ ပေးကမ်းစွန့်ကျဲခြင်းဆိုတဲ့ ဒါနဥပါယ်ပြစ်ဒဏ်ခတ်ခြင်းဆိုတဲ့ ဒဏ်ကြောင့် ဒဏ္ဍဥပါယ်၊
ညီညွတ်သော အသင်း အပင်းကို ဖြိုခွဲခြင်းဆိုတဲ့ ဗေဒဥပါယ်နဲ့ မာယာ ပရိယာယ်တွေ ဥာဏ်နီဥာနက်တွေ
ဆင်တဲ့မာယာဥပါယ်တို့ဟာ ယနေ့ခောတ်နိုင်ငံတွေအကြားမှာ အသင်းအပင်းတွေအကြားမှာတွင်တွင်ကျယ်ကျယ်သုံးစွဲနေတဲ့
နည်းဗျူဟာ တွေဖြစ်နေပါပြီ။ အမေရိကန်ပြည်ထောင်စုက ပါကင်စတန်နိုင်ငံကို နှစ်စဉ်ဒေါ်လာသန်း၂၀၀၀ကျော်
ထောက်ပံ့ လျှက်ရှိတယ်။
အမေရိကန်ပြည်ထောင်စုဟာ လွန်ခဲ့တဲ့ ၈နှစ်လောက်ကစတင်ပြီး
လစ်ဗျားခေါင်းဆောင် ကဒါဖီနှင့် ပြန် လည်သင့်မြတ်ရေးအတွက် ဆွေးနွေးမှုတွေကို တိုးတိုးတိတ်တိတ်လုပ်ခဲ့ပါတယ်။
ကဒါဖီကလည်း မိမိနိုင်ငံ ကျူးလွန်ခဲ့တဲ့ (လော့ကာဘီ ဗုန်းခွဲမှုလို) အပြစ်တွေကို ဝန်ခံခဲ့ပြီး
သေဆုံးသူတွေအတွက် လျော်ကြေးပေးဖို့ကမ်း လှမ်းခဲ့တယ်။
ကဒါဖီဟာ နိုင်ငံတကာအသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ရောက်ဖို့
ကြိုးပမ်းခဲ့တယ်။ သို့ပေမယ့် အရှေ့အလယ်ပိုင်းမှာ တူနီးရှားနိုင်ငံက စခဲ့တဲ့ တော်လှန်ရေးနွေဦးပေါ်ပေါက်လာခဲ့ပြီးနောက်
လူထုအုံကြွမှုတွေ လက်ဗျားကို ကူးစက်လာချိန်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ ကဒါဖီကို
အပြတ်ရှင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ပဲ ကဒါဖီဟာ သားနှစ်ဦးနှင့် မြေးသုံးဦးတို့
သတ်ဖြတ်ခံခဲ့ရတာကို မကာကွယ်နိုင်ခဲ့ပဲ အာဏာလက်လွှတ် ဖြစ်ခဲ့ရတယ်။
အလားတူပဲ အီဂျစ်သမ္မတဟောင်း မူဘာရစ်ဟာလည်း
တချိန်တုန်းက အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုတို့ရဲ့ အာရပ်ကမ္ဘာမှာရှိနေတဲ့ အမာခံ
မဟာမိတ်တစ်ဦးပါ သို့ပေမယ့် အီဂျစ်နိုင်ငံမှာ လူထု အုံ ကြွမှုတွေ ပေါ်ပေါက်လာချိန်မှာတော့
အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုတို့ဟာ မူဘာရစ်ကို ကျောခိုင်း ခဲ့ကြတယ်။
ယနေ့ကမ္ဘာ့နိုင်ငံအချို့မှာပေါ်ပေါက်နေတဲ့ဖြစ်ရပ်တွေက
‘ဒီလောကမှာ ထာဝရမိတ်ဆွေဆိုတာမရှိဘူး။ ထာဝရရန်သူဆိုတာလည်း မရှိဘူး’ ဆိုတဲ့စကားကို ထင်ဟပ်ပြနေသလိုပဲ။
၁၉၆၀ပြည့်လွန်နှစ်တွေရဲ့စောစောပိုင်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့
အမေရိကန်ပြည်ထောင်စု သမ္မတ ဂျွန်ကနေဒီကတော့ ‘စေ့စပ်ဆွေးနွေးဖို့ မကြောက်ပါနဲ့၊ သို့ပေမယ့်
ကြောက်လို့စေ့စပ်ဆွေးနွေးရတာမျိုးလည်း မဖြစ်ပါစေနဲ့’ လို့ပြောခဲ့ဖူးပါတယ်။
ယနေ့ခောတ်မှာ ကျွန်တော်တို့ ဘယ်သူ့ကိုယုံကြည်ရမှာပါလဲ။
တကယ်တော့ ကျွန်တော်တို့ဟာကိုယ့် ကိုကိုယ်ယုံကြည်ရမှာပါ။ ပြီးတော့လူထုဟာ ကျွန်တော်တို့ပဲဖြစ်တဲ့အတွက် လူထုအားကို
ယုံကြည်ရမှာပါ။
ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခဲ့ရင်
မိမိတို့ရဲ့လုပ်ငန်းတာဝန်တွေကို ပြီးဆုံးတဲ့အထိ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ကြရမှာပါ။
ကျွန်တော်တို့ဟာ မိမိတို့ လျှောက်လှမ်းနေတဲ့ ခရီးရှည်ကြီးကို ပန်းတိုင်ရောက်တဲ့အထိ
ဆက်လက်ချီတတ်ကြရမှာပါ။
ပန်းတိုင်မရောက်ခင် တက်မ ထောင်ကြခြင်းဟာ
လူပျော့လူညံ့တွေရဲ့အလုပ်ပဲဖြစ်ပါတယ်။ ရှုံးနိုမ့်မှုတွေ ရဲ့လမ်းစပဲဖြစ်ပါတယ်။
ပြည်သူ့ခေတ်၊
အတွဲ(၂)၊ အမှတ်(၆၆) မှ
0 comments:
Post a Comment