ခေတ်သစ်မြန်မာကို တည်ဆောက်ကြသည့်အခါ
by Lwin Aung Soe on Sunday, 06 November 2011 at 15:55
မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့
ခေတ်သစ်နိုင်ငံတခုကို တည်ဆောက်မယ်လို့ ရည်မှန်းခဲ့သမျှ၊ ကြိုးပမ်းခဲ့သမျှ၊
ကြွေးကြော်ခဲ့သမျှ အခုအချိန်ရောက်မှ အမှန်တကယ် လက်တွေ့ကျကျ စတင်
လုပ်ဆောင်လာနိုင်တော့တယ်လို့ ဆိုချင်ပါတယ်။
စီးပွားရေးနဲ့ ပတ်သက်လို့ မြန်မာပြည်သူ အများစု
ကြုံတွေ့နေရတဲ့ကိစ္စကတော့ ဆင်းရဲမွဲတေမှု ပြဿနာ ဖြစ်ပါတယ်။ ဒီကိစ္စကို
သမ္မတဦးသိန်းစိန်က အထူးကိုင်တွယ် ဖြေရှင်းဖို့ ဆန္ဒရှိကြောင်း အတိအလင်းထုတ်ဖော်
ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု တခုတည်းကို တိုက်ဖျက်တယ် ဆိုပေမယ့်
အခြားဆက်နွယ်မှုရှိတဲ့ ကိစ္စပေါင်းများစွာကိုလည်း တပြိုင်တည်း လုပ်ဆောင်ရမှာ
ဖြစ်ပါတယ်။
ဥပမာအားဖြင့် မိသားစုဆိုင်ရာ ငွေကြေးအထောက်အပံ့၊
သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး၊ မိဘမဲ့နှင့် လေလွင့် ကလေးသူငယ်များ
ထိန်းသိမ်းပြုစု ပျိုးထောင်ရေး၊ အလုပ်အကိုင်သစ် ရှာဖွေရေး၊ အခမဲ့ ကျန်းမာရေး
အစရှိတာတွေအပြင် အဂတိ မလိုက်စားရအောင် ထိန်းချုပ်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး
ဆိုပြီး ဝိုင်းဝန်းကျားကန်ပေးရမယ့် ကိစ္စတွေဟာလည်း တကယ့်ကို အများကြီး ရှိနေပါတယ်။
အစိုးရတဖွဲ့တည်းနဲ့ လုပ်ဆောင်ဖို့ မလွယ်လှပါဘူး။
အခုဆိုရင် အမေရိကန်နိုင်ငံက
အသေးစားလုပ်ငန်းချေးငွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းချေးငွေတွေ ကိစ္စအတွက်
ဝင်ကူညီပေးဖို့ ရှိလာတာဟာ ဆင်းရဲမွဲတေမှု တခုတည်းကို တိုက်ဖျက်ဖို့ အထောက်အကူ
ဖြစ်လာနိုင်စရာ ရှိပါတယ်။ ဂျပန်၊ သြစတြေလျ၊ ကနေဒါနဲ့ ဥရောပက ဗြိတိန်၊ ဂျာမနီ၊
ပြင်သစ်၊ အီတလီ အစရှိတဲ့ ချမ်းသာတဲ့နိုင်ငံတွေကလည်း အမေရိကန်ရဲ့ ခြေလှမ်းအတိုင်း
နိုင်ငံတကာ စုပေါင်းရည်မှန်းချက် (International collective objective) ပုံစံနဲ့
လိုက်လာနိုင်စရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအနောက်နိုင်ငံတွေဟာ
မြန်မာပြည်သူတွေအပေါ်မှာ လူသားချင်း စာနာ ထောက်ထားမှုအရ နှောင်ကြိုးမဲ့ အကူအညီတွေကို
ဂုဏ်သိက္ခာရှိရှိ ပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ကြလို့ပါပဲ။
ဒီလို နိုင်ငံတကာ အကူအညီတွေ ရနေချိန်မှာ
မြန်မာအစိုးရအနေနဲ့ အခြားကိစ္စတွေမှာ ပိုမိုအာရုံစိုက်လာနိုင်မှာဖြစ်လို့
ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုကို အမြန်ဆုံး တိုက်ဖျက်အောင်မြင်နိုင်ဖို့
ရှိပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန်က သူ့အကူအညီမှာ စိုက်ပျိုးရေးလုပ်ငန်း
ချေးငွေတွေကိစ္စကို ထည့်သွင်းထားတာလည်း အင်မတန် လျော်ကန်လှပါတယ်။ ဆင်းရဲသား
အများစုဟာ လယ်သမား မိသားစုအသိုင်းအဝိုင်းဖြစ်လို့ ကျနော်တို့ရဲ့ထမင်းရှင်ဖြစ်တဲ့
လယ်သမားကြီးတွေရဲ့ ဘဝအခြေခံ ခိုင်မာနေမှသာ လယ်ယာစိုက်ပျိုးရေးဘက်က တိုးတက်ပြီး
တိုင်းပြည်ဝမ်းစာ ဖူလုံလာမှာလည်း ဖြစ်ပါတယ်။
အမေရိကန်ချေးငွေတွေကို
တိုင်းရင်းသားလူမျိုးစုဒေသတွေနဲ့ အခြားဒေသတွေမှာ ဒေသခံများ ဖွံ့ဖြိုးရေးအတွက်
အသုံးချမှာဖြစ်လို့လည်း အင်မတန် ဝမ်းသာရပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကနေ့ထိ
ဆယ်စုနှစ်ပေါင်း များစွာကြာအောင် အထူးသဖြင့် တိုင်းရင်းသားဒေသက ပြည်သူတွေဟာ
စစ်ဘေးစစ်ဒဏ်ကို ခံနေခဲ့ရတာဖြစ်လို့ အစစအရာရာ နိမ့်ကျနေရတဲ့ ဘဝကနေ စတင်
ရုန်းထွက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါတွေကို ဖြောင့်ဖြောင့်ဖြူးဖြူး
လုပ်ဆောင်နိုင်ဖို့ဆိုရင် စစ်မက်ဖြစ်ပွားတာတွေ မရှိစေတော့ဘဲ ထာဝရငြိမ်းချမ်းရေး
ရှိနေမှသာ ဖြစ်နိုင်ပါမယ်။ ဒီတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ
စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပေးဖို့
တာဝန်ရှိလာပါပြီ။ ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံရေးအနေအထားက ကောင်းရင် ကောင်းသလို
ဒေသတွင်း ငြိမ်းချမ်းရေးကလည်း မြန်မြန်ဆန်ဆန် ဖြစ်ထွန်းလာနိုင်စရာ ရှိပါလိမ့်မယ်။
စစ်မက်ဖြစ်ပွားခြင်း မရှိပေမယ့် ခေတ်အဆက်ဆက်
ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ ဒေသတွေမှာလည်း အမေရိကန်က အကူအညီပေးဖို့ ကမ်းလှမ်းနေတာ
တွေ့ရပါတယ်။ ဒါကြောင့် အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာ တော်တော်ကြီးကို
လျော့နည်းသွားနိုင်လို့ အခြားဘက်မှာ ပြည်သူတွေရဲ့ ပကတိလိုအပ်ချက်တွေကို ပိုမို
ဖြည့်ဆည်းပေးလာနိုင်ဖို့ ရှိပါမယ်။ ဒီအခါမှာ နိုင်ငံတွင်း ဘက်စုံ
တိုးတက်ဖွံ့ဖြိုးဖို့ လမ်းစတွေဟာ အချိန်ပိုစောပြီး ပွင့်ထွက်လာနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခုလို တိုးတက်ဖွံ့ဖြိုးလာမယ့်
အနာဂတ်မျှော်လင့်ချက်တွေကို ဖော်ဆောင်ရာမှာ မြန်မာဘက်ကရော၊ နိုင်ငံတကာဘက်ကပါ
ပူးပေါင်းလုပ်ဆောင်တဲ့ အနေအထား ရှိလာတာကို တွေ့ရပါတယ်။ အရင်ထက်စာရင် ပိုပြီး
တာဝန်ခံနိုင်မှုနဲ့ ပွင့်လင်းမြင်သာမှု ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။
နိုင်ငံတကာလမ်းကြောင်းကဆိုရင် စတင်
လမ်းထွင်လာတာကတော့ အမေရိကန်ပါပဲ။ လမ်းထွင်ပေးလိုက်ရုံနဲ့ ပြီးသွားတာတော့
မဟုတ်ပါဘူး။ လျောလျောရှူရှူ ခရီးပေါက်နိုင်ဖို့ကိုပါ လုပ်ရပါမယ်။ ဒီအတွက်
အမေရိကန်ဟာ အရင်မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ စီးပွားရေး ကန့်သတ်ပိတ်ဆို့မှု
(Economic Sanctions) ကို တချိန်တည်းမှာ ဖယ်ရှားမှသာ ဖြစ်နိုင်ပါလိမ့်မယ်။
ဒီအခါမှာ အရင်မြန်မာစစ်အစိုးရက ကျူးလွန်ဖောက်ဖျက် မလိုက်နာနိုင်ခဲ့တဲ့ကိစ္စတွေကို
မြန်မာနိုင်ငံဘက်က တာဝန်ယူ ဖြေရှင်းပေးလိုက်မှသာ အမေရိကန်ရဲ့ စီးပွားရေး
ပိတ်ဆို့မှုနဲ့အတူ ဥရောပနဲ့ အခြားနိုင်ငံတွေက ပိတ်ဆို့ထားတာတွေလည်း အလိုအလျောက်
ပြန်လည် ရုပ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။
နိုင်ငံတကာဘက်ကရော၊ မြန်မာနိုင်ငံဘက်ကပါ
ဘက်ပေါင်းစုံကနေ ဘယ်သူမဆို မိမိတို့ တာဝန်ရှိတဲ့ကိစ္စတွေကို တပြေးညီ ကျေပွန်အောင်
လုပ်ဆောင်နိုင်မှသာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ အခုလည်း
မြန်မာဘက်ခြမ်းမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီစတဲ့ တာဝန်ရှိသူတွေအသီးသီးက
တာဝန်ရှိတဲ့အလျောက် ပြုပြင်ပြောင်းလဲ လုပ်ဆောင်လာကြတာကို တွေ့မြင်နေရပါပြီ။
အစိုးရဘက်ခြမ်းမှာဆိုရင် အာဏာရှင်စနစ်အောက်မှာ
အမြစ်တွယ်ခဲ့တဲ့ အစိုးရလုပ်ထုံးလုပ်နည်း စနစ် (Governmental mechanism) ဟာ
အပြောင်းအလဲကာလမှာ အသားမကျတတ်လို့ ချွတ်ယွင်းချက်တွေ ရှိနေတတ်ပါတယ်။ ဒါကို နားလည်
တုန့်ပြန်ပေးနိုင်ဖို့ လိုအပ်သလို အပြုသဘောနဲ့ လမ်းညွန်ထောက်ပြ ဝေဖန်ပေးနိုင်တဲ့
နိုင်ငံရေး ပါတီတွေ၊ ပြည်သူနဲ့ မီဒီယာတို့ကိုလည်း လွှတ်တော်နဲ့ အစိုးရဘက်က ပြန်လည်
နားလည် တုန့်ပြန်ပေးဖို့ လိုပါမယ်။ လွှတ်တော်ဘက်ခြမ်းမှာ ဆိုရင် နိုင်ငံနဲ့
ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ဖြည့်ဆည်းနိုင်ဖို့ မြော်မြင်ပြီး ခက်ခက်ခဲခဲ
လုပ်ဆောင်နေကြတာကို အပြုသဘောနဲ့ ရှုမြင်မိပါတယ်။ အတွေ့အကြံ ရင့်ကျက်မှုနဲ့
အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရင် ဥပဒေပြုလုပ်ငန်းတွေဟာ
အရှိန်ကောင်းကောင်းနဲ့ မြန်ဆန်လာနိုင်စရာ ရှိပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ အမျိုးသားရေးအဆင့်
ဖြေရှင်းလုပ်ဆောင်ရမယ့် ကိစ္စတွေဟာ တခုနဲ့တခု ထိထိမိမိ ချိတ်ဆက်ထားတဲ့ သဘော
ရှိနေတယ်လို့ မြင်မိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ်
ရပ်ဆိုင်းရေး၊ လက်နက်ကိုင် အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးပါတီများနှင့်
အခြေခံဥပဒေ အခန်းကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေး၊ ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးများ
ချိုးဖောက်မှုကို တိုက်ဖျက်ရေး စတဲ့ကိစ္စတွေဟာ အမျိုးသားရေးအဆင့် (National level)
နဲ့ ဖြေရှင်း လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ တခုနဲ့တခုဟာလည်း
ချိတ်ဆက်နေကြပါတယ်။ ဒီလိုကိစ္စတွေမှာ ပြဿနာတွေ ရှိလာရတာဟာ ခေတ်အဆက်ဆက်၊
စနစ်အမျိုးမျိုးမှာ ပြည်သူ့ဆန္ဒကို ဦးစားမပေးနိုင်ခြင်းရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ဆင်းရဲမွဲတေမှု
တိုက်ဖျက်တာကိုပဲ ဥပမာပေးမယ်ဆိုရင် အဂတိလိုက်စားတာကို မတိုက်ဖျက် နိုင်ဘဲနဲ့
ရည်မှန်းချက် မအောင်မြင်နိုင်ပါဘူး။ တခါ အဂတိလိုက်စားတာကို တိုက်ဖျက်ရာမှာလည်း
တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အစရှိတာတွေကလည်း ဝန်းရံထားနိုင်မှ
ထိရောက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဘက်မှာလည်း ဒီသဘောမျိုးတွေ
ရှိပါတယ်။ ဒါကြောင့် ကွင်းဆက်သဏ္ဍာန် ပြဿနာကြီးတွေကို အမျိုးသားရေးအဆင့်နဲ့
ဖြေရှင်းနိုင်ဖို့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာနဲ့ ပြည်သူတွေရဲ့
အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မရှိမဖြစ် အရေးပါလှပါတယ်။
ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့အတွက် မြန်မာ့အရေးမှာ မြန်မာတွေက သာလျှင် အဓိက
ကာယကံရှင်အဖြစ် တာဝန်ခံပြီး ညီညီညွတ်ညွတ် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
ဝမ်းသာစရာကတော့ လက်ရှိအချိန်မှာ အပြန်အလှန်
ယုံကြည်မှုကို အပြည့်အဝ မဟုတ်သေးတာတောင် အတော်အတန် တည်ဆောက်လာနိုင်တာကို
မျက်ဝါးထင်ထင် တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှုရှိမှလည်း
ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေ ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒီအချက်ကို အရင်
စစ်အစိုးရလက်ထက် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ တဖက်သပ် လုပ်ဆောင်ခဲ့တဲ့ ဥပဒေကဲ့သို့
အာဏာတည်သော အမိန့်များ ထုတ်ပြန်ခြင်း၊ ဧရာဝတီမြစ်ဆုံဆည် ကဲ့သို့စီမံကိန်းများ
ချမှတ်လုပ်ဆောင်ခြင်း အစရှိတာတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ပြည်သူတွေဟာ အမြဲလိုလို အားမလို
အားမရဖြစ်တတ်ကြပါတယ်။ ဒါဟာလူ့သဘာဝ ဖြစ်ပါတယ်။ ဒီအချက်ကို လေးလေးစားစားနဲ့
တုန့်ပြန်ပေးနိုင်ရင် နိုင်ငံရေးက ပိုမိုရှင်သန် တိုးတက်နေမှာ ဖြစ်ပါတယ်။
ဒီအချက်ကို လစ်လျူရှုလိုက်ရင် နိုင်ငံရေး တည်ငြိမ်မှုကို စတင်ထိုးနှက်ဖို့
အခွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။
မိမိလုပ်တဲ့ အလုပ်ပေါ်မှာ မိမိတာဝန်ယူခြင်း
ဆိုတာဟာ အရင် စစ်အစိုးရလက်ထက်မှာ ကျင့်သုံးခဲ့တဲ့ “အထက်ကပေးတဲ့ အမိန့်”
စနစ်ကို ချေဖျက်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေဟာ အထက်ကပေးတဲ့အမိန့်
မဟုတ်ရတော့ ပါဘူး။ အခြေခံဥပဒေဘောင်အတွင်းက လုပ်ပိုင်ခွင့်အာဏာရဲ့
လမ်းညွှန်ချက်အဖြစ်နဲ့သာ ရှိနေရမှာဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့
နိုင်ငံရေးပါတီတွေမှာ အခုဆိုရင် မိမိလုပ်တဲ့ အလုပ်ပေါ်မှာ မိမိတာဝန်ယူခြင်း ဆိုတဲ့
စိတ်ဓါတ်တွေဟာ တိုးပွားလာနေတာ တွေ့ရတော့ ကျေနပ်အားရမိပါတယ်။ မီဒီယာကတဆင့်
ပြည်သူလူထုတရပ်လုံး သိလာအောင် ပွင့်ပွင့်လင်းလင်း ချပြရဲတဲ့ စိတ်ဓါတ်တွေလည်း ရှိလာပါတယ်။
မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့် တွေလည်း အရင်ထက်စာရင် အများကြီး
တိုးတက်ကောင်းမွန်လာပါတယ်။ ဝန်ကြီးဌာနတချို့မှာလည်း သူ့လူကိုယ့်လူ ဦးစားပေးတာတွေ
လျော့နည်းလာပြီး တန်းတူညီမျှမှုစနစ်ကို အကောင်အထည် စဖော်လာတာ တွေ့ရပါတယ်။
အဲဒါတွေဟာ တာဝန်ခံခြင်း (Accountability)၊
ပွင့်လင်းမြင်သာခြင်း (Transparency)၊ တန်းတူညီမျှခြင်း (Equality)နဲ့
လွတ်လပ်ခြင်း (Freedom of speech, Freedom of expression, Freedom of assembly,
Freedom of press & Media freedom, etc.) ဆိုတဲ့ ဒီမိုကရေစီရဲ့ မရှိမဖြစ်
အခြေခံစံနှုန်းတွေပါပဲ။ ပြည်သူတွေကိုယ်တိုင်မှာလည်း ဒီလိုမျိုး အလေ့အထတွေ တစတစ
တိုးပွားလာတာ မြင်နေရပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို စတင်
စိန်ခေါ်နိုင်ကြပါပြီ။
စတင် စိန်ခေါ်နိုင်ပြီ ဆိုပေမယ့်လည်း
အခုလောလောဆယ်တော့ မြန်မာနိုင်ငံမှာ ဒီစံနှုန်းတွေဟာ စတယ်ဆိုရုံပဲ ရှိသေးတယ်လို့
ပြောရပါဦးမယ်။ ရာခိုင်နှုန်းအားဖြင့် ခန့်မှန်းခြေ ၅% လောက်ပဲ ရှိဦးမယ်ဆိုရင်
လွှတ်တော်အမတ်များ အပါအဝင် အစိုးရတာဝန်ရှိသူများ စိတ်မရှိကြပါနဲ့။ ပြည်သူလူထုနဲ့
နိုင်ငံရေးပါတီတို့ကလည်း စိတ်ပျက်အားငယ်စရာ မလိုပါဘူး။ တချို့ကဏ္ဍမှာတော့ မှန်းတာထက်
ရာခိုင်နှုန်း ပိုများနိုင်ပါတယ်။ တချို့မှာတော့ လျော့နေနိုင်ပြီး တချို့မှာတော့
လုံးဝကို မစတင်နိုင်သေးဘူးလို့ ပြောချင်ပါတယ်။
ဘယ်ကဏ္ဍမှာ သုညလဲ လို့မေးရင် ကျနော်
ပွင့်ပွင့်လင်းလင်း ဖြေပါမယ်။ တရားစီရင်ရေး ကဏ္ဍပါ။ ဒီကဏ္ဍဟာ နိုင်ငံရဲ့
အချုပ်အခြာအာဏာကြီး သုံးရပ်ထဲမှာ ပါနေလို့ သိပ်အရေးကြီးပါတယ်။ ဒီမိုကရေစီ
နိုင်ငံတခုရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ဂုဏ်သိက္ခာရှိရှိ ဖြစ်နေအောင် ကျနော်တို့
ဇွဲရှိရှိ အများကြီး ကြိုးစားရပါဦးမယ်။ နိုင်ငံရေးမှာ အစိုးရတဖွဲ့တည်း လုပ်ရတာ
မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေရော ပြည်သူတွေပါ စုပေါင်းဝိုင်းဝန်း ဖေးကူလက်တွဲ
လုပ်ဆောင်ကြရတာဖြစ်လို့ လူတိုင်း အဖွဲ့တိုင်းမှာ ရှေ့ဆက်လုပ်စရာတွေ အများကြီး
ရှိနေသေးပါတယ်။
ဝေဖန်သံတွေကြားက မဆုတ်မနစ်
ကြိုးပမ်းနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ ဦးဆောင်မှု
အခန်းကဏ္ဍကို ကျနော်ကတော့ ကျေနပ်အားရပါတယ်။ သူတို့တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။
အခုလို အသွင်ကူးပြောင်းကာလမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဒီမိုကရေစီ
အခြေခံအုတ်မြစ်ကို ဝိုင်းဝန်း တည်ဆောက် အားပေးနေကြသူ အားလုံးအပေါ်မှာလည်း
ကျေနပ်အားရမိပါတယ်။ တကယ်တော့ ကျနော်တို့အားလုံးဟာ မြန်မာနိုင်ငံနဲ့
နိုင်ငံသားတွေရဲ့ လိုအပ်ချက်အရ ဒီမိုကရေစီကို အခြေခံထားတဲ့ ခေတ်သစ်တခုကို
တည်ဆောက်နေကြသူတွေပဲ ဖြစ်ပါတယ်။
လွင်အောင်စိုး
၆-၁၁-၂ဝ၁၁
မှတ်ချက်။ လက်ရှိအနေအထားအရ
လိုရင်းမျှကိုသာ အကျဉ်းချုပ် ရေးသားထားခြင်းကြောင့် ခေတ်သစ်တည်ဆောက်ရေး အတွက်
လိုအပ်သည့် ကဏ္ဍများစွာကို ရေးသားဖော်ပြရန် ကျန်ရှိနေသေးကြောင်း ဝန်ခံပါသည်။
0 comments:
Post a Comment