Sunday, November 6, 2011

ကွေ့ကောက်ရတဲ့ခရီး





ဖခင်ဖြစ်သူက သားလက်ထဲကိုင်ထားတဲ့ ကမ္ဘာ့မြစ်ချောင်းခွဲခြားပြမြေပုံကို ကြည့်ပြီး သားကိုမေးတယ်။

"သား.. ဒီပုံထဲက မြစ်ချောင်းတွေမှာ ဘာထူးခြားချက်ရှိသလဲ?"

သားက မြေပုံကိုသေချာကြည့်ပြီး "မြစ်ချောင်းတွေက ကွေ့ကောက်နေတယ် ဖေဖေ" လို့ဖြေတယ်။

"ဘာဖြစ်လို့ ကွေ့ကောက်ရသလဲ?"လို့ ဖခင်ကဆက်မေးတော့ သားက သူသိတဲ့ ပထဝီဝင်အနေအထားနဲ့ ပြန်ဖြေတယ်။

"မြစ်ချောင်းတွေက ကွေ့ကောက်ပြီးစီးဆင်းတယ်။ ဒါဟာ သူ့ရဲ့စီးကြောင်းကို ဆွဲဆန့်လိုက်တာဖြစ်တယ်။ စီးကြောင်းရှည်တော့ ရေစီးအား ပိုများများစီးဆင်းနိုင်တယ်။ ဒါမှ မိုးတွင်းရေကြီးတဲ့အချိန် မြစ်ချောင်းတွေမှာ ရေမလျှံမှာဖြစ်တယ်။ နောက်တစ်ခုက ရေစီးကြောင်းကို ဆွဲဆန့်လိုက်တော့ စီးကြောင်းတစ်ခု၊ တစ်ခုတိုင်းမှာ ရေစီးအား လျော့နည်းသွားတယ်။ ဒီလိုဆိုရင် မြစ်ကမ်းပါးတွေမှာ ရေတိုက်စားမှုနည်းသွားတယ်။ မြစ်ကမ်းပါးတွေကိုလည်း ကာကွယ်ရာရောက်သွားတယ်"

သားပြောတာကို နားထောင်ပြီး ဖခင်က "သားပြောတာတွေ မှန်ပါတယ်။ ဖေဖေ့ အနေနဲ့ပြောရရင် ကွေ့ကောက်ပြီးသွားတာဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်တယ်။ တည့်တည့်သွားတယ်ဆိုတာကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမဟုတ်ဘူး။ ဘာဖြစ်လို့ ဖေဖေဒီလိုပြောရသလဲဆိုရင် မြစ်ချောင်းတွေက ရှေ့ကိုသူတို့စီးဆင်းနေတဲ့အချိန်မှာ အတားအဆီးမျိုးစုံနဲ့ ကြုံတွေ့ကြရတယ်။ တချို့အတားအဆီးက ကျော်ဖြတ်စီးဆင်းသွားလို့ မရဘူး။ ဒါကြောင့် သူတို့ဟာ ကွေ့ကောက်ပြီးစီးဆင်းရတယ်။ လမ်းကြောင်းပြောင်းပြီး စီးဆင်းတယ်။ ကွေ့ကောက်ပြီးစီးဆင်းလို့ပဲ သူတို့ဟာ အတားအဆီးတွေကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့ပြီး နောက်ဆုံးမှာ ဝေးလံတဲ့ပင်လယ်ကြီးဆီ အရောက်စီးနိုင်ခဲ့တာဖြစ်တယ်။
လူ့ဘဝမှာလည်း ဒီလိုပဲသား.. အခက်အခဲ၊ အဆင်မပြေတာတွေနဲ့ သားကြုံတွေ့တဲ့အခါ ဒီလိုဆင်းရဲဒုက္ခတွေဟာ လူ့ဘဝရဲ့ဖြစ်ရိုးဖြစ်စဉ်လို့ သားမြင်တတ်ရမယ်။ ဒီလိုဖြစ်ရိုးဖြစ်စဉ်မှာ သား မျှော်လင့်ချက်မမဲ့နဲ့ စိတ်ပျက်ဝမ်းမနည်းနဲ့၊ သက်ပြင်းရှည်တွေ မချနဲ့။ ရှေ့ဆက်တဲ့ခြေလှမ်းကို မရပ်တန့်လိုက်နဲ့။ ကွေ့ကောက်ပြီးသွားရတဲ့လမ်းကို ရှေ့ဆက်သွားရမယ့် နောက်တစ်နည်း၊ နောက်တစ်လမ်းလို့ သားမြင်တတ်ရမယ်။ ဒါမှ မြစ်ချောင်းတွေလိုပဲ ကွေ့ကောက်ပြီး လိုရာခရီး၊ ပင်လယ်ကြီးဆီကို သားရောက်နိုင်မှာဖြစ်တယ်"

နှစ်တွေကြာလွန်တဲ့အထိ ဖခင်ရဲ့စကားကို သားသေသေချာချာ မှတ်သားခဲ့ပါတယ်။ ကွေ့ကောက်ပြီးသွားတာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခု၊ ဆင်းရဲဒုက္ခတွေဟာလည်း လူ့ဘဝတိုင်းမှာတွေ့ကြုံရတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ မှတ်သားပြီး ရှေ့ဆက်တဲ့လမ်းပေါ်က အခက်အခဲ၊ အတားအဆီးတွေကို ကွေ့ကောက်ပြီး ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါဟာ သားဘဝတစ်ခုလုံးအတွက် အဖေပေးတဲ့ ဘဝအသိဉာဏ်ဖြစ်တယ်။

မူရင်း-- http://www.rs66.com/a/1/87/quzheshiyizhongchangtai_76784.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
*
*--
*Don't worry. Be Happy ,*
                  **Moe Moe.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...