မြို့သားများအတွက်လည်း ကမ္ဘာမပြားသေးပါ
ခိုင်ဝင်း
ဆရာဇော်ဇော်အောင်က ရွာသားများအတွက်
ကမ္ဘာမပြားသေးကြောင်းကို ရေးသားခဲ့ဖူးသည်။ ကမ္ဘာပြားခြင်း (သို့မဟုတ်) ဂလိုဘယ်လိုင်ဇေးရှင်းဟု
ခေါ်ဝေါ်သည့် ဖြစ်စဉ်ကြီးသည် မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများ နဲ့ မည်သို့မျှမပတ်သက်ကြောင်းရေးသားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွာသားများအတွက်သာ ကမ္ဘာမပြားတာလား၊ မြို့သားများအတွက်ကော တကယ့် ကမ္ဘာပြားရဲ့လား။
တကယ်ပြားတယ်ဆိုတာ ဘာလဲ
ကမ္ဘာပြားခြင်း(သို့မဟုတ်)
ဂလိုဘယ်လိုင်ဇေးရှင်း ဆိုသည်မှာ တစ်နေ့တစ်ခြားကောင်းမွန်မြန်ဆန်ပြီး သက်သာ သည့်သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကြောင့်
နယ်နိမိတ်စည်းများ ကျိုးပြက်သွားခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု ပညာရှင် Jan Aart
Scholte ကဖွင့်ဆိုခဲ့သည်။
တနည်းအားဖြင့်ဆိုလျှင် ကမ္ဘာပြားသည် ဆိုသည်မှာ တိုးတတ်ကောင်းမွန်လာသည့် နည်းပညာကြောင့် လူသားများသည်တစ်ရွာတည်းနေသူတွေလို နိုင်ငံဆိုတဲ့နယ်နိမိတ်စည်းများကို ကျော်လွန်ပြီး ကူးသန်း ရောင်းဝယ်မှုများ၊ အပြန်အလှန်ဆက်ဆံမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများ၊ ဆထက်တပိုး ဆောင်ရွက်လာ နိုင်ခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသား ဆိုသည်ထက် ကမ္ဘာနိုင်ငံသား (global citizenship) ဆိုသည့်စိတ်ဓာတ်များလည်း ကိန်းအောင်း လာခဲ့လေသည်။ နိုင်ငံအချုပ်အခြာနှင့်ပတ်သက်သည့် အယူအဆများလည်း ပြောင်းလဲလာခဲ့ပြီး၊ အစိုးရများသည် ပြင်ပနိုင်ငံများတွင် ဖြစ်ပျက်သော အဖြစ်အပျက်များ မိမိနိုင်ငံသို့မရောက်ရှိလာအောင် နယ်နိမိတ်များကို ပိတ်ဆို့ထားရန်လည်း မဖြစ်နိုင်ချေ။ (ဥပမာ - အာရပ်ကမ္ဘာတွင်ဖြစ်ပွားသော အုံကြွမှုများနှင့် ပတ်သက်သည့်သတင်းများ မိမိနိုင်ငံသို့ မရောက်ရှိလာရန် နိုင်ငံအစိုးရများ မလုပ်နိုင်ချေ)။
တနည်းအားဖြင့်ဆိုလျှင် ကမ္ဘာပြားသည် ဆိုသည်မှာ တိုးတတ်ကောင်းမွန်လာသည့် နည်းပညာကြောင့် လူသားများသည်တစ်ရွာတည်းနေသူတွေလို နိုင်ငံဆိုတဲ့နယ်နိမိတ်စည်းများကို ကျော်လွန်ပြီး ကူးသန်း ရောင်းဝယ်မှုများ၊ အပြန်အလှန်ဆက်ဆံမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများ၊ ဆထက်တပိုး ဆောင်ရွက်လာ နိုင်ခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသား ဆိုသည်ထက် ကမ္ဘာနိုင်ငံသား (global citizenship) ဆိုသည့်စိတ်ဓာတ်များလည်း ကိန်းအောင်း လာခဲ့လေသည်။ နိုင်ငံအချုပ်အခြာနှင့်ပတ်သက်သည့် အယူအဆများလည်း ပြောင်းလဲလာခဲ့ပြီး၊ အစိုးရများသည် ပြင်ပနိုင်ငံများတွင် ဖြစ်ပျက်သော အဖြစ်အပျက်များ မိမိနိုင်ငံသို့မရောက်ရှိလာအောင် နယ်နိမိတ်များကို ပိတ်ဆို့ထားရန်လည်း မဖြစ်နိုင်ချေ။ (ဥပမာ - အာရပ်ကမ္ဘာတွင်ဖြစ်ပွားသော အုံကြွမှုများနှင့် ပတ်သက်သည့်သတင်းများ မိမိနိုင်ငံသို့ မရောက်ရှိလာရန် နိုင်ငံအစိုးရများ မလုပ်နိုင်ချေ)။
ကမ္ဘာပြားမှုကို အဓိကမောင်းနှင်သူကတော့ အင်တာနက်
ဆက်သွယ်ရေးစနစ်ဖြစ်သည်။ အင်တာနက် ကို အသုံးပြုနိုင်သူသည် နိုင်ငံတကာမှ နေ့စဉ်ထုတ်သတင်းစာများ၊
သုတေသနအဖွဲ့အစည်းများမှထုတ်ဝေသည့် အစီရင်ခံစာများ၊ စာတမ်းများ၊ အီလက်ထရွန်နစ်ဂျာနယ်များ၊
မဂ္ဂဇင်းများကို အခမဲ့သို့မဟုတ် ဈေးနှုန်းချိုသာစွာ ဖြင့်ဖတ်ရှုနိုင်သည့် (နယူးယောက်တိုင်း၊
နေရှင်း၊ ဘန်ကောက်ပိုစ်သတင်းစာများ)၊ အင်တာနက်ကွန်ယက်ပေါ်ရှိ မရေတွက်နိုင်သည့်ပညာရေးဆိုင်ရာ
စာအုပ်စာတမ်းများ၊ သုတေသနရသစာပေမျိုးစုံကို အခမဲ့သို့မဟုတ် ဈေးနှုန်းသက်သာစွာဖြင့် ဖတ်ရှုနိုင် သည်။
(ဥပမာ-အဖြေပူးတွဲပါ အလယ်တန်း၊ အထက်တန်းအဆင့် သချာင်္လေ့ ကျင့်ခန်းများကို အင်တာနက်တွင် လေ့လာနိုင်သည်)။ အလားတူပင်
ကုန်ကျစရိတ်မရှိပဲ Gtalk, Skype တို့ကို အသုံးပြုပြီးနိုင်ငံတကာရှိ မိတ်ဆွေများနှင့်
တစ်ပြိုက်နက်တည်းစကားပြောနိုင်သည်။ အရောင်းအဝယ်များကို လည်း အင်တာနက်မှတစ်ဆင့် နိုင်ငံတကာရှိစီးပွားရေးလုပ်ငန်းများဖြင့်
လုပ်ဆောင်နိုင်လာသည်။ ထိုအခါမှာ အင်တာနက်ဆက်သွယ်ရေးသည် လူသားများကို အကျိုးဖြစ်ထွန်းစေ သည်ဆိုသည်မှာ
အငြင်းပွားဖွယ်ရာ မရှိပေ။ (မှတ်ချက်-အင်တာနက်၏ ဆိုးကျိုးများလည်းရှိလေသည်) ဖွံ့ဖြိုးတိုးတတ်သည့်နိုင်ငံများတွင်
အင်တာနက်သည် မရှိမဖြစ်ဆိုသည်ကို အားလုံးသိရှိလက်ခံထားပြီး ဖြစ်သည်။ ကမ္ဘာပြားသည်ဟုဆိုလျှင်
အင်တာနက်က မပါမဖြစ် ဖြစ်သည်။ ကောင်းမွန်မြန်ဆန်သက်သာသည့် အင်တာနက်ဆက်သွယ်ရေးစနစ်မရှိပဲနဲ့
ကမ္ဘာပြားပြီဟုမဆိုနိုင်။ တဖန်ကမ္ဘာပြားမှလည်း နိုင်ငံအတွင်းရှိပြည်သူများသည် အခြားနိုင်ငံမှပြည်သူများနှင့်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အပြန်အလှန်ဆက်ဆံမှုများပြုလုပ်နိုင်ပြီး နိုင်ငံသည်လည်းခေတ်မီဖွံ့ဖြိုးတိုးတတ်လာမည် ဖြစ်သည်။
မြို့သားများအတွက်ကော
ကမ္ဘာပြားပြီလား
စာရေးသူတို့
မြန်မာနိုင်ငံကျေးလက်ဒေသများတွင် အင်တာနက်မပြောနဲ့ တယ်လီဖုန်းပင်ကောင်းကောင်း မရှိသည့်အတွက်
ဆရာဇော်ဇော်အောင်ပြောသည့် ရွာသားများအတွက်ကမ္ဘာမပြားသေးပါ ဆိုသည့်စကားသည် အင်မတန် မှန်ကန်သည့်စကားဖြစ်လေသည်။
သို့သော်မြို့သားများအတွက်ကော ကမ္ဘာ ဘယ်လောက်ပြား သလဲ ဆိုသည်ကိုမေးရန်လိုအပ်သည်ဟု စာရေးသူယူဆသည်။ ကမ္ဘာပြားခြင်းသည် အင်တာနက်အသုံးပြုနိုင်
ခြင်းနှင့် ဆက်စပ်သည်ဟု အပေါ်တွင်ရေးသားခဲ့သည်။ ထိုအခါ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုနိုင်သူ
အရေအတွက်မည်မျှရှိသည်ကို လေ့လာကြည့်ရအောင်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှထုတ်ပြန်သည့်
၂၀၁၀ပြည့်နှစ်စာရင်းဇယားအရ မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူဦးရေ ၄သိန်းခန့်သာရှိသည်ဟုဆိုသည်။
လူဦးရေစုစုပေါင်း ၀.၈ ရာခိုင်နှုန်းသာအင်တာနက် သုံးစွဲနိုင်သည်။ အခြားနိုင်ငံများဖြင့်
နှိုင်းယှဉ်ပါက အင်တာနက်သုံးစွဲသူ ရာခိုင်နှုန်းသည် အလွန်နည်းပါးလျက်ရှိ သည်။ လူဦးရေ
၎.၇သန်းသာရှိသည့် စင်္ကာပူနိုင်ငံတွင်အင်တာနက်သုံးစွဲသူပေါင်း ၁၆သန်းကျော်ရှိလေသည်။ အိမ်နီးချင်း
နိုင်ငံများဖြင့် နှိုင်းယှဉ်လျှင် အင်တာနက်သုံးစွဲမှု အလွန်နောက်ရောက်နေသေးသည်ကို တွေ့ရသည်။
ဘာကြောင့် သုံးစွဲသူ အလွန်အမင်းနည်းရသနည်းဟုမေးလျှင်
အဖြေမှာရှင်းပါသည်။ အိမ်နီးချင်းနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် အင်တာနက်တပ်ဆင်ခနှင့်
လစဉ်အသုံးပြုခတို့ အဆမတန်ကြီးမားနေသောကြောင့် ဖြစ်သည်။
မကြာသေးမီက အင်တာနက် အိမ်မှာတပ်ဆင်အသုံးပြုလိုသဖြင့်နှုန်းထားများကို
စုံစမ်းမိသည်။ ကြောက်ခမန်းလိလိဖြစ်သည်။
Sky Net ကတပ်ဆင်က ၁၃သိန်းကျော်နှင့် လစဉ်ကြေး ၅သောင်းမှ တစ်သိန်း အထိ၊ ADSL နှင့်
YMAX က တပ်ဆင်ခ ၁၀သိန်းကျော်နှင့် လစဉ်ကြေး ၇၅မှ ၁၅၀ ဒေါ်လာအထိရှိလေသည်။ အခြားနှစ်စဉ်ကြေး၊
ပြုပြင်ထိန်းသိမ်းခ နှင့် ပြောင်းရွေ့ခများကိုလည်းကောက်ခံလေသည်။ အင်တာနက်သုံးစွဲလို
သူအတွက် အဓိကအခက်အခဲမှာ တပ်ဆင်ခ ၁၀သိန်းကျော်ဖြစ်လေသည်။ တပ်ဆင်ခမှာ စပေါ်ငွေမဟုတ်သည့်
အတွက် အင်တာနက်ပြန်ဖြုတ်သည့်အခါ ပြန်လည်မရနိုင်ချေ။ အမေရိကန်ဒေါ်လာ ၁၅၀၀-၂၀၀၀ရှိသော
တပ်ဆင်ခကို စာရေးသူအထင် မြန်မာနိုင်ငံမှလွဲလျှင် မည်သည့်နိုင်ငံတွင်မှ မကောက်ခံပေ။
ကောက်ခံလျှင်လည်း တပ်ဆင်မည့်သူ ရှိမည်မဟုတ်ဘဲ ကုမ္ပဏီဒေဝါလီ ခံရမည်ဖြစ်လေသည်။ အနည်းဆုံး ခြောက်လသုံးရမည် သို့မဟုတ် တစ်နှစ်သုံးရမည်ဆိုသော
ကန့်သတ်ချက်သာရှိပြီး အင်တာနက် ကုမ္ပဏီက အင်တာနက်ဖမ်းယူနိုင်ရန် moderm/router တို့ကို
အခမဲ့တပ်ဆင်ပေးသည်။ လစဉ်ကြေးကလွဲပြီးနေရာ ရွေ့ပြောင်းခတို့၊ နှစ်စဉ်ကြေးတို့လည်းမပေးရချေ။ လစဉ်နှုန်းထားများလည်း ထိုင်းနိုင်ငံတွင်မြန်မာကျပ်ငွေ
၂၀၀၀၀ ကျော်ဖြစ်ပြီး၊ စင်္ကာပူတွင် မြန်မာကျပ်ငွေ ၃၀၀၀၀ခန့်ဖြစ်လေသည်။ ထိုလစဉ်ကြေး ၂-၃
ပေးရသော အင်တာနက်သည် ကွန်ပျူတာ ၅-၆ လုံးကောင်းကောင်းနိုင်သလို အင်မတန်လည်း မြန်လေသည်။
ပြတ်တောက် ခြင်းလည်းမရှိသလောက်ဖြစ်လေသည်။ အကြောင်းအမျိုးမျိုး ကြောင့်ပြတ်တောက်သည့်အခါတွင်လည်း
နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ပြန်လည်ရရှိလေသည်။
မြန်မာနိုင်ငံတွင် ဈေးအပေါဆုံးအင်တာနက်မှာ
စီဒီအမ်အေနှင့် ဂျီအက်စ်အမ် ဖုန်းများဖြင့် ချိတ်ဆက်ထားသည့် အင်တာနက်ဖြစ်လေသည်။ သို့ရာတွင်
ဖုန်းကဒ်တန်ဖိုး ၅သိန်းနှင့်စီဒီအမ်အေ ဖုန်းကဒ်ဖြစ် ပါက ယင်းဖုန်းကဒ်ထည့်သွင်းနိုင်မည့်တရုတ်ဖုန်းတစ်လုံး၊
တန်ဖိုးမြန်မာငွေ တစ်သိန်းကျော် ဝယ်ရန် ငွေရှိရမည် ဖြစ်လေသည်။
အင်တာနက်ဈေးနှုန်းများသည် အိမ်နီးချင်းနိုင်ငံများဖြင့်
နှိုင်းယှဉ်လျှင် အဆမတန်ကြီးမားနေသည့် အပြင် အရည်အသွေးမှာလည်းအတော်ကွာဟမှုရှိလေသည်။
အင်တာနက်ပြတ်တောက်မှုများကို မကြာခဏ ကြုံတွေ့ရသလိုတစ်ခါတစ်ရံ ရက်သတ္တပတ်၁-၂ပတ်ခန့် ပြတ်တောက်မှုများရှိနေတတ်သည်။
(ယခုလောလော ဆယ်တွင် အင်တာနက်ပြတ်တောက်မှုများကိုတွေ့ကြုံနေရသည်မှာ ရက်သတ္တပတ် ၂ပတ်ခန့်ရှိပြီဖြစ်သည်။
ရေအောက်ချထားသော အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် ပြင်ဆင်နေရသောကြောင့်ဟု ဆိုသည်)
ထိုအပြင် အင်တာနက်မြန်နှုန်းသည် နှေးကွေးပြီး အင်တာနက်စာမျက်နှာတစ်ခုမှတစ်ခုသို့ သွားရာတွင်
လမ်းခုလတ်တွင် အချိန်များစွာ ကြာညောင်းသဖြင့် အသုံးပြုရသည်မှာ အဆင်မပြေကြပါ။
အင်တာနက်ဈေးနှုန်းများဘာလို့ အခြားနိုင်ငံများဖြင့်
နှိုင်းယှဉ်လျှင် ဘာလို့ အဆမတန်ကြီးမားနေရ သလဲ၊ ထို့အပြင် ဘာကြောင့် အင်တာနက် အသုံးပြုရာတွင်လည်း
အခြားနိုင်ငံများမှာလို မြန်ဆန်မှုမရှိရ သလဲနှင့် မကြာခဏဘာကြောင့်ပြတ်တောက်ရသနည်းဆိုသည်ကို
စာရေးသူသည် အင်တာနက်နှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်မဟုတ်သဖြင့် မသိချေ။ သို့သော်မြန်မာနိုင်ငံအင်တာနက်သည်
ကမ္ဘာကိုလွှမ်းနိုင်ဖို့ အများကြီးလိုသေးသည်ကိုတော့ ကောင်းစွာသိရှိပါသည်။
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတတ်ရေးတွင်
အင်တာနက်၏ အခန်းကဏ္ဍ အရေးပါပုံကို ကောင်းစွာသဘောပေါက်ပါသည်ဟုထင်ပါသည်။ ထို့အတွက်ကြောင့် တိုင်းသူပြည်သားများ ၏ စီးပွားရေး၊
ပညာရေး၊ လူမှုရေး ဘဝများကို တိုးတတ်ကောင်းမွန်အောင်ဆောင်ကြဉ်းပေးနိုင်သည့် မြန်ဆန်သက်သာသည့်
အင်တာနက်ဆက်သွယ်ရေးစနစ်ထွန်းကားလာရန် နိုင်ငံတော်အစိုးရမှ ထိရောက် သည့်မူဝါဒများ ချမှတ်အကောင်ထည်ဖော်လိမ့်မည်ဟု
မျှော်လင့်လျက်ရှိပါသည်။
ဆရာဇော်ဇော်အောင်ကိုပြောလိုသည်မှာတော့ မြို့သားအချို့အတွက်က
လွှဲလို့ ကမ္ဘာမပြားသေး ပါ ကြောင်းဖြစ်သည်။
ပြည်သူ့ခေတ်၊
အတွဲ (၂)၊ အမှတ် (၆၇) မှ
0 comments:
Post a Comment