ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၇) ၊ အပိုင်း(၂)
လူ့အခွင့်အရေး၏ သဘောတရား
ဤနေရာတွင် “လူ့အခွင့်အရေး” ဟူသည့်ဝေါဟာရအား
၎င်းတွင် ပေါင်းစပ်ပါဝင်လျက်ရှိသည့် အစိတ်အပိုင်း နှစ်ရပ်အားဖြင့် သရုပ်ခွဲလေ့လာကြည့်ရန်
လိုအပ်လာပါသည်။ အခွင့်အရေးတိုင်းသည် လူ့အခွင့်အရေး မဟုတ်ပါ။ သို့ရာတွင် “လူ့အခွင့်အရေး”
၏ သဘောတရားကို ကောင်းစွာနားလည် သဘောပေါက်နိုင်ရန် အတွက် “အခွင့်အရေး” ၏ သဘောတရားကို
ဦးစွာနားလည်သဘောပေါက်ရ ပေမည်။
အခွင့်အရေး (ရပိုင်ခွင့်)
“ရပိုင်ခွင့်” ကို အောက်စဖို့ဒ် အင်္ဂလိပ်အဘိဓါန်က အဓိပ္ပါယ်ဖွင့်ဆိုရာတွင်
“တစ်စုံတစ်ခုကို ရယူပိုင်ဆိုင် နိုင်ရန် သို့မဟုတ် တစ်နည်းတစ်လမ်းဖြင့် ကျင့်ကြံနေထိုင်နိုင်ရန်အတွက်
၊ တရားဝင်ဖြစ်သော အကြောင်းအရ ဖြစ်စေ၊ အမှားနှင့် အမှန်ကို ပိုင်းခြားသိတတ်သော ကျင့်ဝတ်ကြောင်း
အရဖြစ်စေ၊ ကျိုးကြောင်း ဆီလျော်သော တောင်းဆိုမှု” ဟု ဖော်ပြထားပါသည်။ “ရပိုင်ခွင့်နှင့်
စပ်လျဉ်းသည့် အခြားအဓိပ္ပါယ်တစ်ရပ်အဖြစ် အောက်စဖို့ဒ် အင်္ဂလိပ်အဘိဓါန်က “တစ်စုံတစ်ယောက်အပေါ်တရားမျှစွာ
သက်ရောက်သောအရာ။ တစ်စုံတစ်ယောက်အနေ နှင့်တော်တည့်မှန်ကန်စွာ တောင်းဆိုပိုင်ခွင့်ရှိသောအရာ။
တစ်စုံတစ်ယောက်၏ ရသင့်ရအပ်သော အရာ” ဟူ၍ အနက် ဖွင့်ဆိုထားပါသည်။ နိုင်ငံရေးပညာရှင်လည်းဖြစ်၊
စာရေးဆရာလည်းဖြစ်သည့် ဂျက်ဒေါ်နယ်လီ (Jack Donnelly) က “ရပိုင်ခွင့်” ကို အဓိပ္ပါယ်သတ်မှတ်ရာတွင်
“လူပုဂ္ဂိုလ်တို့ အထူးရရှိထိုက်သော အရာ” ဟုရေးသားဖော်ပြခဲ့ပါသည်။ ၄င်းကဆက်လက်၍ “လူတစ်ဦးတစ်ယောက်ထံတွင်
ရပိုင်ခွင့် တစ်ရပ်ရှိနေခြင်းဖြင့် ထိုသူသည် လုံခြုံရာနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
သူတစ်ပါး၏ အခွင့်အရေးကို ဖောက်ဖျက်ခြင်းမှာ သာမန်ထက်ပို၍ အရေးကြီးသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ
စော်ကားမှုတစ်ရပ်ကို ပြုလုပ်ကျူးလွန်ရာရောက်ပြီး၊ အဆင့်မြင့်ကျင့်စဉ် တစ်ရပ်ကို တန်းမီအောင်
ကျင့်ကြံရန်ပျက်ကွက်ခြင်းထက် သာလွန်ဆိုးဝါးသည်” ဟု ရေးသားခဲ့ပါသည်။ (“Human Right
and Human Dignity” ,The American Political Science Review, 76:2 June 1982:
P.304)။ ဆိုခဲ့ပြီးသော အဓိပ္ပါယ်သတ်မှတ်ချက်များအရ “လူပုဂ္ဂိုလ်တစ်ဦးထံတွင် အကြောင်းတစ်စံတရာနှင့်
ပတ်သက်သော ရပိုင်ခွင့် တစ်ရပ်ရှိပြီး ယင်းအခွင့်အရေးကို သာမန်အခြေအနေမျိုး တွင် အခြားမည်သည့်ပုဂ္ဂိုလ်ကမှ ထိုသူ့ထံမှ ရုပ်သိမ်းပိုင်ခွင့်မရှိ”
ဆိုသော သဘောနှင့် ညီမျှပါသည်။ ဥပမာ အဖြစ် အောက်ဖော်ပြပါ အခြေအနေတို့ကို လေ့လာကြည့်ကြပါစို့။
(၁)
မောင်ဘ၏ သူငယ်ချင်းတစ်ဦးသည် နိုင်ငံရပ်ခြားသို့
၂နှစ်ကြာခန့် ခရီးသွားရန်ရှိသည်။ ထိုသူနှင့် မောင်ဘတို့ တိုင်ပင်ကြပြီးလျှင် ထိုသူခရီးသွားနေစဉ်
ကာလအတွင်း ထိုသူပိုင်ဆိုင်သောမော်တော်ကားကို မောင်ဘက ကောင်းမွန်စွာဂရုစိုက်မည်ဆိုပါက
မောင်ဘကို အသုံးပြုခွင့်ပေမည်ဟု သဘောတူလိုက်ကြသည်။ မောင်ဘ အနေနှင့် ထိုကားကို အဆိုပါကာလအတွင်း
အသုံးပြုနိုင်ကြောင်းနှုတ်အားဖြင့် ဖြစ်စေ၊ စာချုပ် စာတမ်းပြုလုပ်၍ ဖြစ်စေ သဘောတူလိုက်ကြသည်။
တစ်နည်းအားဖြင့် မောင်ဘ၏ သူငယ်ချင်းဖြစ်သူ နိုင်ငံ ခြားမှ ပြန်ရောက်လာ ပြီး ထိုကားကို
ပြန်မယူမချင်း မောင်ဘအနေနှင့် ထိုကားကို အသုံးပြုခွင့် ရှိနေမည်ဟု ဆိုရပေမည်။
(၂) တက္ကသိုလ်တစ်ခုက စည်မျဉ်းတစ်ရပ် ထုတ်ပြန်ရာတွင်
တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား များနှင့် ၀န်ထမ်းများသာလျှင် တက္ကသိုလ်စာကြည့်တိုက်အတွင်း
ဝင်ရောက်ဖတ်ရှုအသုံးပြုခွင့်ရှိသည် ဟု ဖော်ပြ ပါရှိသည်။ အဓိပ္ပါယ်မှာ တက္ကသိုလ်အသိုက်အ၀န်းနှင့်
သက်ဆိုင်သူများတွင်သာ ဤစာကြည့်တိုက်ကို အသုံးပြု ခွင့်ရှိပြီး၊ ကျန်ပုဂ္ဂိုလ်များထံတွင် ထိုအခွင့်အရေးမရှိဟု ဆိုရပေမည်။
(၃) အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေ၌ အနည်းဆုံးအသက်
၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားများတွင် သာ ဒေသဆိုင်ရာနှင့် အမျိုးသားရွေးကောက်ပွဲများတွင်
မဲဆန္ဒပေးပိုင်ခွင့်ရှိသည်။
(၃) ရှေးရိုးစဉ်လာ ဓလေ့ထုံးစံများအရ ကျေးရွာတစ်ရွာ၏
နယ်နမိတ်အတွင်းရှိ ရေတွင်းများကို ကျေးရွာသားများက အသုံးပြုပိုင်ခွင့်ရှိပြီိး ပြင်ပလူများအနေနှင့်
အသုံးပြုခွင့်မရှိ။
(၅) ကျွန်ုပ်နှင့် ကျွန်ုပ်၏ အလုပ်ရှင်တို့အကြား သဘောတူညီချက်
တစ်ရပ်အရ ၁၀နာရီ ကြာမြင့်သော အလုပ်တခုကို ဆောင်ရွက်ပေးခအဖြစ် ကျွန်ုပ်အား ကျပ်ငွေ ၂၅၀ဟု သိရသည်။ အဆိုပါ အလုပ်ပြီးသွားသော
အခါ အလုပ်ရှင်ထံမှ ကျပ်ငွေ ၂၅၀ ကို တောင်းခံပိုင်ခွင့် ကျွန်ုပ်တွင်ရှိသည်။
အထက်ပါဥပမာများအရ ရပိုင်ခွင့်ဆိုသည်မှာ
(ကား၊ စာကြည့်တိုက်၊ ရေတွင်း သည်တို့ကို အသုံးပြုခွင့် နှင့် ငွေ၂၅၀ ကျပ်ကို တောင်းခံပိုင်ခွင့်
အစရှိသော) ကိစ္စရပ်တစ်ခုခုအတွက် ရသင့်ရထိုက်မှု သိုပမဟုတ် တောင်းဆိုပိုင်ခွင့် ရှိမှု
ပင်ဖြစ်သည်။ ဤအရာများမှာ ပုံမှန်အခြေအနေတစ်ရပ်တွင် ဖောက်ဖျက်ပိုင်ခွင့်မရှိသည့် ကိစ္စရပ်များ ဖြစ်သည်။
သို့ရာတွင် အထူးအခြေအနေများနှင့် ကြုံတွေ့ရပါက အထက်ပါဥပမာမှ မောင်ဘ၏ ရပိုင်ခွင့်ကို
ဖျက်သိမ်းပစ်ခြင်း၊ သို့မဟုတ် အခြားကိစ္စတစ်ရပ်နှင့် ယှဉ်လျှင် အရေးမကြီးဟု ယူဆခံရခြင်းမျိုး
ရှိတတ်ပါသည်။ အကယ်၍မောင်ဘသည် အရက်အလွန်အကျွံသောက်သူတစ်ယောက်ဖြစ်လျှင် အရက်မူးနေ စဉ်
ကားမောင်းပါက မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားနိုင်သောကြောင့် သူ့သူငယ်ချင်း၏ ကားကို
မောင်းနှင် ခွင့် ရုပ်သိမ်းခံရဖွယ်ရှိသည်။ အခြားဥပမာအားဖြင့် ရေးတွင်းကို အသုံးပြုပိုင်ခွင့်
မရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် ရငတ်၍ သေဆုံးရကိန်းမျိုးနှင့် ကြုံကြိုက်လာသော် အကြင်နာတရားအရလည်းကောင်း၊
အလှူအတန်းပြုသည့် သဘောအရလည်းကောင်း၊ ကျေးရွာသားများက ထိုသူအား ရေတွင်းကိုအသုံးပြုခွင့်ပေးကောင်း
ပေးပေလိမ့် မည်။
အထက်တွင် ဥပမာအဖြစ် ဖော်ပြခဲ့သော ရပိုင်ခွင့်
၅ မျိုးသည် အကြောင်းအချက်နှစ်ခုအရ လူ့အခွင့် အရေးနှင့် ခြားနားပါသည်။
(၁) အထက်တွင်ဖော်ပြခဲ့သော ရပိုင်ခွင့် (အခွင့်အရေး)
များမှာ သီးသန့်ပုဂ္ဂိုလ်များ၊ အုပ်စုများ၊ လူတန်းစား များ နှင့် သက်ဆိုင်သော အခွင့်အရေးများ
ဖြစ်ကြပါသည်။ လူ့အခွင့်အရေးမှာမူ “လူဖြစ်ရခြင်းသက်သက် ကြောင့်” လူသားတိုင်း ရရှိပိုင်ဆိုင်အပ်သော
အခွင့်အရေးများ ဖြစ်ပါသည်။
(၂) အထက်ပါ အခွင့်အရေးများကို လူပုဂ္ဂိုလ်များ သို့မဟုတ်
အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက ပေးအပ်ထားခြင်း ဖြစ်ပါသည်။ ဥပမာ မောင်အနေနှင့်
သူ၏သူငယ်ချင်း နိုင်ငံခြားသို့ ရောက်ရှိနေစဉ် ထိုသူငယ်ချင်း၏ကားကို အသုံးပြုခွင့်ရရှိခဲ့ခြင်းမှာ
ဤအချက်ကို ၄င်းတို့နှစ်ဦး သဘောတူညီခဲ့ကြပြီးမှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အသက် ၁၈ နှစ်ပြည့်ပြီးသူ
အမေရိကန်နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသည်ဆိုသော ကိစ္စမှာလည်း အဆိုပါ ရပိုင်ခွင့်ကို
၁၉၇၁ ခုနှစ်တွင် အမေရိကန်အခြေခံဥပဒေ၌ ပြင်ဆင်ချက်အဖြစ် ထည့်သွင်းပြီးမှသာ ပေါ်ပေါက်လာခြင်း
ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် အချို့သောအခွင့်အရေးများသည် တီထွင်ဖန်တီးမှုကြောင့် ပေါ်ပေါက်လာခြင်း
ဖြစ်သည်။ သို့ရာတွင လူ့အခွင့်အရေးမှာမူ အခြေခံကျလှသော အခွင့်အရေးရပိုင်ခွင့်များ ဖြစ်းသည့်
အလျောက် ယင်းတို့ကို တကူးတက ပေးအပ်၍လည်း မရသကဲ့သို့ ပြန်လည်ရုပ်သိမ်း၍လည်း မရပါ။ လူ့အခွင့်အရေးဆိုသည်မှာ
လူ့ဂုဏ်သိက္ခာအပေါ် အခြေစိုက် တည်ဆောက်ထားသည့် ရပိုင်ခွင့်များသာ ဖြစ်ကြ ပါသည်။
လူ့အခွင့်အရေးဆိုသည်မှာ (မောင်ဘ၏ သူငယ်ချင်းက
မောင်ဘအား သူ၏မော်တော်ကားကို ပေးအပ် ခဲ့သကဲ့သို့ လည်းကောင်း၊ စာကြည့်တိုက် အသုံးပြုခွင့်ကို
ကျောင်းသားနှင့်တက္ကသိုလ်ဝန်ထမ်းများအား တက္ကသိုလ်က ပေးအပ်ခဲ့သကဲ့သို့ လည်းကောင်း) နိုင်ငံတော်
သို့မဟုတ် လူပုဂ္ဂိုလ်တို့က အသိအမှတ်ပြုပေးအပ် မှ ရမည့်အခွင့်အရေးများ မဟုတ်ကြ ဟူ၍ အနောက်တိုင်းအခွင့်အရေးဆိုင်ရာ
အယူအဆအများစုက ဆိုပါသည်။ နိုင်ငံတော်တစ်ရပ်သည် (အခြေခံဥပေဒေတွင် ရပိုင်ခွင့်နှင့် စပ်လျဉ်းသော
ဥပဒေများကို ထည့်သွင်း၍ သင်္ကေတပြုခြင်းအားဖြင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပဋ္ဋိညာဉ်စာချုပ်များတွင်
ပါဝင်လက် မှတ်ရေးထိုးခြင်းအားဖြင့် လည်းကောင်း) လူ့အခွင့်အရေးကို ထိန်းသိမ်းမြှင့်တင်နိုင်သော်လည်း
လူ့အခွင့်အရေးဟူသည် နိုင်ငံတော်နှင့် သီးခြားကင်းလွတ်စွာ တည်ရှိပါသည်။ လူ့အခွင့်အရေး၏
တရားဝင်မှု သည် နိုင်ငံတော်အချုပ်အခြာအာဏာတွင် မြစ်ဖျားခံ၍ ဆင်းသက်လာခြင်း မဟုတ်ပါ။
ယင်းသည် လူ့ဂုဏ်သိက္ခာဆိုင်ရာ ကျင့်ဝတ်တရား၌သာ အခြေစိုက်ပါသည်။
ဥပမာပြ၍ဆိုရလျှင် ညှင်းပန်းနှိပ်စက်ခြင်းနှင့်
ကျွန်ပြုခြင်းတို့သည် လူ့ဂုဏ်သိက္ခာကို လွန်မင်းစွာ ထိခိုက်စေခြင်းကြောင့် ယင်းတို့ကို
ကျင့်ကြံခြင်းသည် မှားယွင်းကြောင်း သိသာထင်ရှားလှပါသည်။ ဤအချက် သည် သက်ဆိုင်ရာ နိုင်ငံများနှင့်
ကမ္ဘာ့ကုလသမဂ္ဂတို့က ညှင်းပန်းနှိပ်စက်ခြင်းနှင့် ကျွန်ပြုခြင်းတို့၏ ဆိုးဝါးမှုကို “အသိအမှတ်ပြုခြင်း၊
မပြုခြင်း” နှင့် မသက်ဆိုင်ပါ။ ဤအပြုအမူများသည် ယခင်က အများလက်ခံထားသော အပြုအမူများဖြစ်ခဲ့သည်
ဆိုသော အချက်ကြောင့် ယနေ့ခေတ်တွင် ညှင်းပန်းနှိပ်စက်ခြင်းနှင့် ကျွန်ပြုခြင်းတို့ကို
ပိတ်ပင်ရာ၌ ခြွင်းချက်တစ်စုံတရာ ထားနေရန်လည်း မလိုအပ်ပါ။ စင်စစ် ညှင်းပန်းနှိပ်စက်ခြင်းနှင့်
ကျွန်ပြုခြင်း တို့ကို ပိတ်ပင်နိုင်ခဲ့ခြင်းသည် ပိုမိုပြည့်စုံလေးနက်သော လူ့ဂုဏ်သိက္ခာဆိုင်ရာ
အယူအဆတစ်ရပ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရာစုနှစ်များစွာနှင့် ချီ၍ ကြိုးပမ်းခဲ့ရသည့်
လူသားတို့၏ အောင်မြင်မှုကို ကိုယ်စားပြုပါ သည်။
လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ
လူ့အခွင့်အရေးဆိုင်ရာ သဘောတရားသည် အောက်ပါယူဆချက်သုံးရပ်ပေါ်တွင်
အခြေပြုထားခြင်း ဖြစ်ပါသည်။
(၁) လူသားတို့သည် လူ့ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည်။
(၂) လူသားအချင်းချင်းတို့ အကြား အခြားသောမညီမျှမှုများ
တည်ရှိနိုင်သော်လည်း လူ့ဂုဏ်သိက္ခာကို “ညီတူညီမျှ” ပိုင်ဆိုင်ကြသည်။
လူ့ဂုဏ်သိက္ခာ
လူသားတို့အနေနှင့် လူ့ဂုဏ်သိက္ခာကို ပိုင်ဆိုင်ကြသည်ဟု ဆိုရာတွင်
အကြောင်းတစ်စုံတရာအရ သူတို့အား သက်မဲ့အရာဝတ္တုများကဲ့သို့ လည်းကောင်း၊ ရံဖန်ရံခါ တိရစ္ဆာန်များကဲ့သို့
လည်းကောင်း၊ ခိုင်းစေခြင်း သို့မဟုတ် မတရားအသုံးပြုခြင်းမျိုး မရှိစေရဘဲ ဂုဏ်သိက္ခာနှင့်လျော်ညီသော
ဆက်ဆံမှုမျိုးကို ခံစားပိုင်ခွင့် ရှိသည်ဟု ဆိုလိုရင်းဖြစ်သည်။ အခန်း ၁ တွင် ဆွေးနွေးခဲ့ရာ၌
လူသားတို့သည် သတ္တ၀ါတစ်မျိုးမျှသာ ဖြစ်သော် လည်း အခြားတိရစ္ဆာာန်တို့ထက်သာလွန်သည့် အရည်အချင်းအချို့ကို
ပိုင်ဆိုင်ကြကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါ သည်။ ခရစ်ယာန်နှင့် ဂျူးဘာသာဝင်တို့က “လူသည်
ဘုရားသခင်၏ ပုံရိပ်တော်အတိုင်း ဖန်ဆင်းခံရခြင်းဖြစ် သည်” ဟု ယုံကြည်ကြသည်။
လူသားတို့သည် အသိဥာဏ်နှင့် လောကုတ္တရာ စွမ်းရည်တို့ကို
ပိုင်ဆိုင်ကြခြင်းကြောင့် ၄င်းတို့အနေနှင့် လောကုတ္တရာဆိုင်ရာ တရားထူးတရားမြတ်တို့ကို
ပိုင်ဆိုင်ရရှိနိုင်ကြသည် ဟု ဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြ သည်။ လူသားတို့သည် ထာဝရမပျောက်ပျက်သော
“အမတ၀ိညာဉ်”ကို ပိုင်ဆိုင်ကြသည် ဟူ၍လည်း ဟိန္ဒူ အယူဝါဒက ဆိုသည်။ ထို့အပြင် လူသားတို့သည်
လွတ်လပ်သော စိတ်ဆန္ဒနှင့် ဆင်ခြင်တုံတရားအပါအ၀င် စွမ်းရည်ထူးများကို ပိုင်ဆိုင်ကြသည်။
လူ့ယဉ်ကျေးမှု သမိုင်းတလျှောက်တွင် ခြားနားသော ကာလအပိုင်းအခြား အသီးသီး၌ပေါ်ပေါက်လာခဲ့သည့်
ဤအယူအဆများမှာ အထူးများပြား စုံလင်လှသော်လည်း လူသားတို့သည် အဟိတ်တိရစ္ဆာာန်တို့ထက် တစ်နည်းတစ်ဖုံပို၍
မြင့်မြတ်သည့် အလျောက်သာလွန်ကောင်းမွန်သော အဆင့် အတန်း တစ်ခုဖြင့် ဆက်ဆံခံပိုင်ခွင့်
ရှိကြောင်း အဆိုပါ အယူအဆအသီးသီးတို့က အထူးညွှန်းဆို ဖော်ပြကြ သည်။ လူ့ဂုဏ်သိက္ခာဆိုင်ရာ
အယူအဆအသီးသီးတို့သည် ထူးခြားစုံလင်ကြသော်လည်း အများစုက လက်ခံ ထားသော အယူအဆများသာ ဖြစ်ကြသည်။
လူ့ဂုဏ်သိက္ခာဆိုင်ရာ အယူအဆ၏ အကောင်းဆုံးဖော်ညွှန်းချက်များအနက် တစ်ချက်အဖြစ်
၁၈ ရာစုနှစ် တွေးခေါ်ပညာရှင် အီမန်နျူဝယ်ကန့် (Immanuel Kant) က “လူသားတစ်ဦးချင်းစီအား
နည်းနိဿရည် သဖွယ် သဘောထား၍ ဆက်ဆံခြင်း မပြုဘဲ ရည်ရွယ်ရာပန်းတိုင် သဖွယ်သဘောထား၍ ဆက်ဆံရမည်”
ဟု မိန့်ဆိုဖူးပါသည်။ “ရည်ရွယ်ရာပန်းတိုင်” သဖွယ် သဘောထား၍ ဆက်ဆံရမည်ဟု ဆိုရာ၌ ထိုပုဂ္ဂိုလ်အား
အသုံးချခံ ပစ္စည်းတစ်ခုသဖွယ် သဘောထား၍ ကျွန်ပ်တို့၏ အကျိုးစီးပွား ပြည့်မြောက်အောင်
မြင်စေရန် သက်သက်အတွက် ခိုင်းစေခြင်းမျိုးမဟုတ်ဘဲ
ဂါဝရတရားဖြင့် အမြဲတစေ ဆက်ဆံရမည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။
တန်းတူညီမျှသော လူ့ဂုဏ်သိက္ခာ
လူတို့သည် ရုပ်ဆင်းအင်္ဂါ၊ အသိဥာဏ်ပညာ၊ စိတ်နေစိတ်ထား၊
လူမှုရေးနောက်ခံ၊ လူတန်းစား၊ ပညာ အရည်အချင်း၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အခြားအရာများစွာတို့တွင်
သိသိသာသာ ခြားနားကြလေသည်။ သို့ရာတွင် လူ့အခွင့်အရေး အယူအဆ၏ ပဓါနကျသောအချက်မှာ လူသားတို့အနေနှင့်
အခြားအချက်တို့တွင် မည်မျှပင် ကွဲပြားခြားနားသည် ဖြစ်စေ၊ တူညီသော လူ့ဂုဏ်သိက္ခာကို ပိုင်ဆိုင်ကြသည်
ဟူသောအချက်ပင်ဖြစ် သည်။
လူသားတိုင်းသည် တူညီမျှတသော ဂုဏ်သိက္ခာကို
ပိုင်ဆိုင်ကြသည် ဆိုသည့် အယူအဆအား လူ့သမိုင်းတစ်လျှောက်၌ လူသားတိုင်းက လက်ခံခဲ့ကြသည်
မဟုတ်ပါ။ မြေရှင်ပဒေသရာဇ် လူ့အဖွဲ့အစည်းနှင့် အိန္ဒိယနိုင်ငံတို့မှ ဇာတ်ခွဲခြားသော လူ့အဖွဲ့အစည်းတို့ကဲ့သို့
ထက်အောက်နိမ့်မြင့် အလွှာကွဲပြားသော လူ့အဖွဲ့အ စည်းတို့တွင် တူညီမျှတမှုမရှိသည့် လူ့ဂုဏ်သိက္ခာအကြောင်းကို
အထူးအလေးပေးဖော်ပြလေ့ရှိပါသည်။ ဥပမာ အားဖြင့် အိန္ဒိယနိုင်ငံရှိ ဇာတ်ခွဲခြားသည့် စံနစ်တွင်
လူတို့အား ဇာတ်နိမ့် ဇာတ်မြင့် အလွှာများ ခွဲခြားဖော်ပြလေ့ ရှိပြီး ဇာတ်မြင့်သူတို့သည်
ဇာတ်နိမ့်သူတို့ထက် ပို၍ မြင့်မြတ်သန့်ရှင်းကြသည်။ ဇာတ်မြင့်သူတို့၏ အနီးပတ်ဝန်း ကျင်တွင် ဇာတ်နိမ့်သူတို့ရှိနေခြင်းအားဖြင့် ဇာတ်မြင့်သူအား
ညစ်နွမ်းစေသည် ဟုဆိုကာ ဇာတ်ကွဲပြားသူ အချင်းချင်းတို့အကြား ကူးလူဆက်ဆံမှုများ အတတ်နိုင်ဆုံး
မရှိစေရန် ဆောင်ရွက်တတ်ကြသည်။ လူသားတို့၌ လူ့ဂုဏ်သိက္ခာနှင့် စပ်လျဉ်းလာလျှင် တူညီမျှတမှုမရှိကြောင်း
ဇာတ်ခွဲခြားသည့်စနစ်တွင် အခိုင်အမာဖော်ပြထား သည်။ ဤစနစ်၏ အကျိုးဆက်အားဖြင့် ဇာတ်နိမ့်အနွယ်ဝင်လူသားတို့အနေဖြင့်
၎င်းတို့အခြေခံ လူ့အခွင့်အရေး များကို ဖောက်ဖျက်ရုပ်သိမ်းခြင်း ခံရသည့်အပြင် ဇာတ်မြင့်သူတို့၏
မတရားသဖြင့် ချိုးနိမ်ဆက်ဆံခြင်းကိုလည်း ခံစားကြရလေသည်။ ရှေးရိုးအန္ဒိယ လူ့အဖွဲ့အစည်းတွင်
လူ့အခွင့်အရေးနှင့် ပတ်သက်သောအတွေးခေါ်နှင့် လက်တွေ့ကျင့်ကြံမှုတို့ မရှိသလောက် နည်းပါးခဲ့သည်။
ခေတ်သစ်အန္ဒိယနိုင်ငံ၏ ခေါင်းဆောင်တို့သည် ၄င်းတို့ လူ့အဖွဲ့အစည်းကို ဖိစီးနှိပ်စက်ထားခဲ့သော
ဇာတ်ခွဲခြားသည့် အစဉ်အလာမှ ရုန်းထွက်၍ အိန္ဒိယနိုင်ငံသားတိုင်း တူညီမျှတသော လူ့ဂုဏ်သိက္ခာကို
ပိုင်ဆိုင်နိုင်သည့်အဆင့်ထိ ရောက်ရှိလာစေရန် ခက်ခဲကြာမြင့်စွာ ကြိုးစားခဲ့ ရလေသည်။
မည်သို့ပင်ဆိုစေ လူသားတိုင်း၌ ညီမျှသောလူ့ဂုဏ်သိက္ခာ
ရှိသည်ဆိုသော အယူအဆသည် သစ်ဆန်း သောအယူအဆတစ်ရပ်တာ့ မဟုတ်ပါချေ။ စတိုးအစ် (Stoics) ဟုခေါ်သော
ရှေးခေတ်ဂရိနှင့် ရောမတွေးခေါ် ပညာရှင်များက လူသားတို့သည် လူနေမှုအဆင့်အတန်းနှင့် မျိုးရိုးစဉ်လာ
သဘောလက္ခာများ ကွာခြားစေကာမူ “ဘုရားသခင်ထံမှ မြင့်မြတ်သောမီးပွားတစ်ပွင့်” ကို ပိုင်ဆိုင်ကြသည်ဟု
ယုံကြည်ခဲ့ကြသည်။ တစ်နည်းအားဖြင့် လူသားတို့သည် ဘုရားသခင်ပိုင်ဆိုင်သော ဂုဏ်အင်္ဂါနှင့်
ထပ်တူထပ်မျှဖြစ်သော ဂုဏ်အင်္ဂါတစ်စိတ်တဒေသကို ဆင်ခြင်ဥာဏ် အားဖြင့်လည်းကောင်း၊ အသိဥာဏ်အားဖြင့်လည်းကောင်း
ပိုင်ဆိုင်ကြသည်ဟု ဆိုလိုခြင်းဖြစ်ပါ သည်။ ဤအချက်သည် လူသားတိုင်း တန်းတူညီမျှမှု၏ အခြေခံပင်ဖြစ်ပါသည်။
ဥရောပအလယ်ခေတ်တွင် လူမှုရေးအဆင့်အတန်းတို့ အဆမတန်ကွာခြားခဲ့သည်။
သို့ရာတွင် လူသားတိုင်းသည် “ထာရ၀၀ိညဉ်တော်” ကို ပိုင်ဆိုင်ကြသည်ဆိုသော ခရစ်ယာန် ဘာသာရေးအယူအဆကြောင့်
ဥရောပ မြေရှင်ပဒေသရာဇ် လူ့အဖွဲ့အစည်း၏ အဆင့်အတန်းအလွှာခွဲခြားသော သဘာဝသည် အတိုင်းအတာတစ်ခုအထိ
လျော့ကျသွားခဲ့ သည်။ သို့သော်တဟုန်ထိုး တိုးတက်လာသော လူ့အခွင့်အရေး အယူုအဆအခြေခံတစ်ရပ်ကို တန်းတူညီမျှရေး အတွေးအခေါ်အားဖြင့် တည်ဆောက်နိုင်ခဲ့သည်မှာ
မကြာသေးမီ ရာစုနှစ်များအရောက်တွင်မှ ဖြစ်သည်။ ဤအတွေးအခေါ်သည် ၁၈ ရာစုနှစ် ၁၉ ရာစုနှစ်များတွင်
အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံတော်တို့ တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံသားတို့၏
တော်လှန်ရေးများနှင့် အတူ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပါသည်။
လူသားချင်းဆက်ဆံရေး၏
စံချိန်စံညွှန်း
လူ့အခွင့်အရေးကို အခြေခံအကျဆုံး အဓိပ္ပါယ်သတ်မှတ်မည်
ဆိုပါက “လူဖြစ်ရခြင်းတည်း ဟူသော ကောင်းမြတ်ခြင်း သက်သက်ကြောင့် လူသားတိုင်းခံစားပိုင်ခွင့်
ရှိသည့် လူသားချင်းဆက်ဆံရေး၏ အခြေခံစံချိန် စံညွှန်း” ဟူ၍ အဓိပ္ပါယ်သတ်မှတ်နိုင်ပါသည်။
လူသားတိုင်းတွင် လူ့ဂုဏ်သိက္ခာ ရှိသောကြောင့် ၄င်းတို့အနေနှင့် လူချင်းတူတူ သူချင်းမျှမျှ
ဆက်ဆံခံထိုက်သော အခွင့်အရေးကို ပိုင်ဆိုင်ကြပါသည်။ နှိပ်စက်ညှင်းပန်းခြင်းသည် လူ့ဂုဏ်သိက္ခာကို
အကြွင်းမဲ့ငြင်းပယ်ရာ ရောက်သောကြောင့် ၄င်းတို့တိတိလင်းလင်း တားမြစ်ထားခြင်း ဖြစ်ပါ
သည်။ လူအချို့သည် အဆင့်အတန်း၊ ဥာဏ်ပညာ၊ ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်းကြောင့် ဖြစ်စေ၊
ကျွန်ုပ်တို့၏ သတ်မှတ်ချက်အရ ဆိုးသွမ်းသူဖြစ်သောကြောင့် ဖြစ်စေ၊ (ရာဇ၀တ်ကောင်များမှသည်
နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူများအထိ) မည်သူ့ကိုမှ
နှိပ်စက်ညှင်းပန်းခြင်း မပြုအပ်ပါ။
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် “တန်းတူညီမျှရေး”
သည် ခေတ်သစ်လူ့အခွင့်အရေးဆိုင်ရာ အယူအဆ၏ ပဓါနအချက် ဖြစ်ပါသည်။ လူ့အခွင့်အရေးသည် လူသားအားလုံးတို့အပေါ်
တန်းတူညီမျှ ဆက်ဆံကျင့်သုံးရ သည့် အခြေခံ စံချိန်စံညွှန်း ဖြစ်ပါသည်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းဟူသည်
တန်းတူညီမျှသော တပြေးညီဆက် ဆံရေးကို လူသားတိုင်းခံစားကြရသော လူ့အဖွဲ့အစည်းဖြစ်သည် ဆိုသော
အချက်ကို အခန်း ၁ တွင် ဆွေးနွေး ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤလူ့အဖွဲ့အစည်းမျိုးအနေနှင့်
လူ့အခွင့်အရေးကို ပိုမိုလေးစားလိုက်နာနိုင်မည့် အခြေနေကောင်းများကို ဖန်တီးပေးနိုင်စွမ်း
ရှိပါသည်။ ဤသဘောတရားအရဆိုလျှင် ဒီမိုကရေစီလူ့အဖွဲ့
အစည်းတိုင်းတွင် ပကတိပြည့်စုံသော လူ့အခွင့်အရေးမှတ်တမ်းများ မရှိကြသည့်တိုင် ဒီမိုကရေစီနှင့်
လူ့အခွင့် အရေးသည် နီးကပ်စွာ လွန်းထိုး ယှက်နွယ်လျက်ရှိသည်ဟု ဆိုရပေလိမ့်မည်။
ကက်နက်အေ
မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ မှ
0 comments:
Post a Comment