Saturday, November 5, 2011

ကိုအောင်ဒင် ဂျူလိုင်လကတည်းက တင်ထားတဲ့ ပို့စ်ပါ ၊ အခုကာလမှာ ကိုးကားဖို့လိုမယ်ထင်လို့ ထပ်တင်ပေးတာပါ

by Eimmet Mahotpar on Saturday, November 5, 2011 at 10:20pm
 

Sunday, July 3, 2011
ကိုယ့်ဘက်က အင်အားကောင်းမှ တန်းတူညီမျှ ဆွေးနွေးနိုင်ကြမယ်။( အောင်ဒင်)
http://hittaiblog.blogspot.com/2011/07/blog-post_4701.html

(၁)
ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ကျနော်တို့ နိုင်ငံမှာ ပြန်လည်ထွန်းကားဖို့နဲ့ အမျိုး သားပြန်လည် သင့်မြတ်ရေး အတွက် အကောင်းဆုံး နည်းလမ်းက မြန်မာစစ်အုပ်စု နဲ့ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဖြေရှင်းခြင်း ပဲဖြစ်တယ်လို့ ကျနော်တို့ လက်ခံယုံကြည် ထားကြပါတယ်၊

အဲဒီလို ယုံကြည်မှုအတိုင်း စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးဖို့၊ ဒိုင်ယာလော့ (Dialogue) လုပ်ဖို့တောင်းဆိုခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ၊ အခုထိတော့ စစ်အုပ်စုက လုံးဝလက်မခံညင်းဆန်နေဆဲပါ၊


တကယ်တော့လဲ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊အားလုံးဟာ ဘယ်လိုက စခဲ့စခဲ့ နာက်ဆုံးအဆင့်မှာနှစ်ဖက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဆုံးသတ်ရ တာပါ၊

ဒါပေမည့် ဒိုင်ယာလော့တိုင်းဟာ ကောင်းမွန်တဲ့ရလာဒ်ကို မဖန်တီးနိုင်ပါဘူး၊ အထူးသဖြင့် တဘက်ရန်သူက အင်အားကြီးမားပြီး အနိုင်ရ နေချိန်မှာ ဒိုင်ယာလော့ဆိုတာ ဖြစ်နိုင်ဖွယ် မရှိသလို ဖြစ်ပြန်ရင်လဲ အားနည်းတဲ့ ဘက်က အရှုံးပေး လက်နက် ချရတဲ့ အခြေအနေနဲ့

အဆုံးသတ် တတ်ပါတယ်၊ ကျနော်တို့နိုင်ငံကို ဗြိတိသျှကိုလိုနီအစိုးရက နယ်ချဲ့တော့ အင်္ဂလိပ်-မြန်မာ စစ် သုံးကြိမ်ဖြစ်ခဲ့ပါတယ်၊ အဲဒီ စစ်ပွဲ သုံးခုစလုံးကို နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး အဆုံးသတ် ခဲ့ရပေမည့် အဲဒီဆွေးနွေး ပွဲတွေက ကျနော်တို့ဘယ်လို အရှုံးပေး

ရမယ်ဆိုတာကို ပြဋ္ဌန်း အတည်ပြုတဲ့ ပွဲတွေပဲဖြစ်ခဲ့ရပါတယ်၊

၁၉၄၇ ခုနှစ် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း နဲ့ ဝန်ကြီးချုပ် အက်တလီ ခေါင်းဆောင်တဲ့ ဗြိတိသျှအစိုးရတို့ တွေ့ဆုံ ဆွေးနွေးတဲ့ အချိန်ကျတော့ မြန်မာပြည်သူတွေ ဘက်က ခေါင်းဆောင်ကောင်း များရဲ့ ဦးဆောင်မှု အောက်မှာ ညီညွတ်အား

ကောင်းနေတဲ့အချိန်၊ လွတ်လပ်ရေး ရယူဖို့စိတ်ဓာတ်ထက်သန် ပြင်းထန်နေ တဲ့အချိန်၊ စစ်အတွေ့အကြုံ၊ လူထုတိုက်ပွဲအတွေ့အကြုံမြင့်မားပြီး ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ် လွတ်လပ်ရေး ကို အရယူဖို့ ဆုံးဖြတ်ထား တဲ့အချိန်၊ တဘက်မှာ ဗြိတိသျှအစိုးရ အနေနဲ့က

ဒုတိယကမ္ဘာ စစ်ကြီးမှာ ဦးဆောင်တိုက်ခိုက်ခဲ့ရလို့ ပင်ပန်းပြီး စီးပွါးရေး အကြပ်အတည်း၊ နိုင်ငံရေး အကြပ် အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အားနည်း နေတဲ့အချိန်ပါ၊

ဒါကြောင့်မို့လို့ အဲဒီ ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံကို တနှစ်အတွင်း လွတ်လပ်ရေး ပေးမယ်ဆိုတဲ့ ကတိကဝတ် ကိုရခဲ့တာပါ၊

ဒီတော့ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုတာ မှန်ပေမည့် ကိုယ့်ဘက်က အင်အားမကောင်းရင် ဒိုင်ယာလော့ ဆိုတာ ဖြစ်လာနိုင်စရာမရှိဘူး ဆိုတာရယ်၊ ဖြစ်ရင်တောင်မှ တန်းတူညီမျှ ဆွေးနွေး ခွင့်ရပြီး အားလုံးအတွက် အကျိုးရှိတဲ့ ရလာဒ်တွေ ထွက်ပေါ်လာ

မည့်အခြေအနေ မျိုးမှာ မရှိပဲ ကိုယ့်ဘက်ကပဲ လျှော့ပြီးရင်း လျှော့ရတဲ့အခြေအနေ မျိုးကိုပဲ ရောက်စေ နိုင်ပါတယ်၊

စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သီးခြားဆွေးနွေးမှုတွေ လုပ်ခဲ့ဘူးပါတယ်၊ အဲဒီဆွေးနွေးပွဲတွေမှာ စစ်အုပ်စုက အပေါ်စီးကနေ "ခင်ဗျားတို့ လက်နက်ချကြ၊ ဥပဒေ ဘောင်ထဲ ဝင်လာကြ၊ ကျုပ်တို့ကို မဆန့်ကျင်နဲ့၊ ဒါဆို ခင်ဗျားတို့ကို

ကျုပ်တို့က သူကောင်းပြုမယ်" လို့ဆိုပြီး လက်အောက်ခံ ပြုရေးဆွေးနွေး တာမျိုးပဲ ဖြစ်ခဲ့ပါတယ်၊

ကချင်က မထုနော် တို့၊ စခုံတရိန်းတို့၊ ပအို့က အောင်ခမ်းထီ တို့၊ ကရင်က ဖဒိုအောင်ဆန်း တို့ ကတော့ သူကောင်းပြုခံပြီး သူတို့ရဲ့ တော်လှန်ရေးကို ကျောခိုင်းသွားကြပြီး သဘောမတူတဲ့အဖွဲ့တွေကတော့ စစ်အုပ်စုရဲ့ ထိုးစစ်ကို ရင်ဆိုင်နေကြရပါပြီ၊

ဒါကြောင့်အရေးအကြီးဆုံးက ဒိုင်ယာလော့ကို တောင်းဆိုနေတဲ့ တချိန်တည်းမှာပဲ ကျနော်တို့ ဒီမိုကရေစီ အင်အားစုကြီး အားကောင်းကြံ့ခိုင် ညီညွတ်ကြဖို့ လိုအပ်သလို တိုင်းရင်းသား လက်နက်ကိုင်အင်အားစု များကလဲ စစ်အုပ်စုက တဖွဲ့ခြင်းခွဲခြား တိုက်ခိုက်တာ၊

စည်းရုံးတာကို စုပေါင်းပြီး ညီညီ ညာညာတုံ့ပြန်ကြဖို့လိုပါတယ်၊

အဲဒီလို ဒီမိုကရေစီအင်အားစုကြီး နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အားကောင်းမှ၊ ညီညွတ်မှ၊ ခိုင်မာမှ စစ်အုပ်စုနဲ့ တန်းတူညီမျှ ဆွေးနွေး နိုင်ကြမှာပါ၊

(၂)
ကျနော်က တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ထောက်ခံသူပါ၊ ဒါပေမည့်လဲ ကျနော်တို့ ဒီမိုကရေစီအင်အားစုကြီး နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အားကောင်း သန်မာညီညွတ်မှ နဲ့ စစ်အုပ်စု အားနည်းမှပဲ ကျနော်တို့ တောင်းဆိုတဲ့ ဒိုင်ယာလော့

ဆိုတာဖြစ်မယ်လို့ ယုံကြည် ထားပါတယ်၊

အဲဒီလို ဒိုင်ယာလော့မျိုးဖြစ်မှပဲ အားလုံးအတွက် အကျိုးရှိတဲ့ ရလာဒ်တွေထွက်နိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်၊ ဒါပေမည့်လဲ ပြည်တွင်းကနေ ထွက်ပြေးလာသူ တယောက်မို့ ပြည်တွင်းက ဒီမိုကရေစီ အင်အားစုကြီး အားကောင်း ခိုင်မာရေး ဆိုတာကို အဝေးက

စိတ်ဓာတ်ရေးရာ ထောက်ပံ့ ရုံကလွဲလို့ မဆောင်ရွက် နိုင်သူပါ၊

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ညီညွတ်ခိုင်မာအောင် ဆိုတာလဲ ဆုတောင်းပေး ရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ၊

ကျနော်တတ်နိုင်တာ တခုကတော့ စစ်အုပ်စုအားနည်းရေးအတွက် အမေရိကန်အစိုးရက ဦးဆောင်ပြီး စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ စစ်အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေ၊ ငွေဝင်လမ်း ကြောင်းတွေကို တားမြစ်အောင် လှုံ့ဆော်စည်းရုံးတာပါပဲ၊

မြန်မာနိုင်ငံစစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လူသတ်ယန္တယားကြီးကို အင်အားဖြည့်ဖို့၊ လက်နက်တပ်ဆင်ဖို့ ငွေကြေး အမြောက် အများ သုံးစွဲ နေပါတယ်၊

အဓိကရုဏ်းတွေကိုဟန့်တားဖို့၊ ဒီမိုကရေစီ အင်အားစုကြီးကို နှိမ်နှင်းဖို့ အတွက် သူတို့ရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေအ တွက်ငွေကြေး အမြောက်အများ သုံးစွဲပါတယ်။

အဲဒါအပြင် သူတို့ နဲ့ မိသားစုတွေရဲ့ အကျိုးစီးပွါးအတွက် တိုင်းပြည်ရဲ့ အဖိုးတန် သယံဇာတပစ္စည်းတွေ၊ ကျောက်မျက် ရတနာတွေ၊ ကျွန်းသစ်တွေ၊ သဘာဝဓာတ်ငွေ့တွေကို ပြည်ပကို ရောင်းစားပြီး ရရှိတဲ့ ငွေကြေးတွေကို ပြည်ပဘဏ်တွေမှာ ခိုးဝှက် မြှုတ်နှံ

ထားတာပါ၊

ရဲတံခွန် နဲ့ ရတနာ ကထွက်တဲ့ ဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံကို ရောင်းတာကတင် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း၅၀၀ ကျော်ရရှိပြီး စရောင်းချိန်ကနေ ဒီကနေ့အထိ ဒေါ်လာ သန်းထောင်ပေါင်း များစွာ ရခဲ့ပြီး ဖြစ်ပေမည့် အဲဒီပိုက်ဆံတွေဟာ လူထုရဲ့ပညာရေး၊

ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် မဟုတ်ခဲ့ပါ၊

ဒီတော့ မြန်မာစစ်ခေါင်းဆောင်တွေကို စီးပွါးရေး ပိတ်ဆို့တာ၊ သူတို့ ခိုးဝှက်မြှုတ်နှံထားတဲ့ ပိုက်ဆံတွေ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ တားမြစ်တာ တွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ အရေးယူမှုလို့ ကျနော်ယုံကြည်ပါတယ်၊

ရိုးရိုး ရှင်းရှင်းပြောရရင် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ငွေဝင်လမ်းကြောင်း တွေကို ထိထိ ရောက်ရောက် ပိတ်ဆို့နိုင်မယ်ဆိုရင်၊ သူတို့ရဲ့ ပြည်ပမှာသိမ်း ဆည်းထားတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှုတွေကို ထိထိ ရောက်ရောက် ထိန်းချုပ် နိုင်မယ်ဆိုရင် စစ်အုပ်စုဟာ

တဖြေးဖြေးနဲ့ အားနည်းလာလိမ့်မယ် လို့ယုံကြည် ထားပါတယ်၊

အဲဒီလို ယုံကြည်တဲ့ အတွက် အမေရိကန်အစိုးရကို မြန်မာ့ဒီမိုကရေစီ အင်အားစုကြီးကိုအမြင့်မားဆုံး ထောက်ခံပံ့ပိုးဖို့ နဲ့ မြန်မာစစ်အုပ်စုကို အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူဖို့ စည်းရုံးလှုံ့ဆော်နေခဲ့တာ အခုဆို ၁၀ နှစ်ရှိပါပြီ၊

(၃)
လွန်ခဲ့တဲ့ နှစ်နှစ် သမ္မတ အိုဘားမား တက်လာတဲ့အချိန်က စပြီး မြန်မာနိုင်ငံဆိုင်ရာအမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ပြီး ဆန်ရှင်နဲ့ ဖိအားပေးမှုတွေကို ဆက်လက်ဆုတ်ကိုင်ထားပြီး တချိန်တည်းမှာ မြန်မာစစ်အုပ်စုနဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမယ်

ဆိုတဲ့ (Pragmatic Engagement Policy) မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်၊

တနည်းအားဖြင့်ပြောမယ်ဆိုရင် အမေရိကန်အစိုးရကလဲ မြန်မာစစ်ခေါင်းဆောင်များနဲ့ ဒိုင်ယာလော့ လုပ်မယ်ပေါ့၊ အဲဒီ မူဝါဒသစ်ကို ကျနော် ထောက်ခံပါတယ်၊

အရင်တုံးက အမေရိကန်က စစ်အုပ်စုကို ကြားလူကတဆင့် ဆက်ဆံပြီး အပြောင်းအလဲ လုပ်ဖို့တိုက်တွန်းခဲ့တယ်၊ အခု ကြားလူ/ကြားနိုင်ငံကို မသုံးတော့ပဲ တိုက်ရိုက်စကားပြောမယ်၊ စစ်အုပ်စုက အပြုသဘောတုန့်ပြန်မှ၊ အပြောင်းအလဲတွေလုပ်မှ ဆန်ရှင်ကို

ရုပ်သိမ်းမယ်၊ ဒါဟာ ကောင်းမွန်တဲ့ မူဝါဒ တရပ်ပါ၊

ဒါပေမည့် အဲဒီလို တိုက်ရိုက်ဆက်ဆံမှုအပေါ်မှာ စစ်အုပ်စုက အမြတ်ထုတ် အခွင့်အရေးယူပြီး နိုင်ငံတကာ ဖိအားပေး မှုတွေကို ဝေဝါးအောင်၊ လျော့နည်းအောင် လှည့်ဖျားနိုင်တာမို့ သတိကြီးကြီးထားဖို့ အကြံပြု တောင်းဆို ခဲ့ပါတယ်၊

တကယ်တော့ အာဏာရှင်များနဲ့ ဒိုင်ယာလော့လုပ်တဲ့နေရာမှာ အထက်ကတင်ပြခဲ့သလို ကိုယ့်ဘက်က အားကောင်းဖို့လိုပါတယ်၊ မဟုတ်ရင် အာဏာရှင်က ဒိုင်ယာလော့ဆိုတာကို လေးစားမှုမရှိပဲ တဖက်က အားနည်းလို့၊ အရေးနိမ့်နေလို့

စကားပြောဖို့ကမ်းလှမ်းတာလို့ မြင်ပါလိမ့်မယ်၊

အဲဒီလို မြင်တဲ့အခါကျတော့ အာဏာရှင်က သူလိုချင်တာကိုပဲ တဘက်သတ် တောင်းဆိုပြီး သူ့ဘက်ကတော့ တစုံတရာ ပြန်ပေးဖို့စဉ်းစားမှာ မဟုတ်ပါ၊

ဒါကြောင့် ကျနော်က အမေရိကန်အစိုးရကို ကိုယ့်ဘက်က အားကောင်းအောင်အရင်လုပ်ဖို့၊ ဒိုင်ယာလော့ လုပ်မည့် အချိန်ကာလကို တစ်နှစ်ဖြစ်စေ၊ နှစ်နှစ်ဖြစ်စေ အတိအကျ သတ်မှတ်ဖို့၊ အဲဒီ တိကျတဲ့ အချိန်ဇယားထဲမှာ ကိုယ့်ဘက်က လိုချင်တာတွေ၊( နိုင်ငံရေး

အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံသားအားလုံး တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်အတွင်းမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အင်အားစု၊

တိုင်းရင်းသားခေါင်းဆောင်များနဲ့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး မတူညီမှုတွေကို ညှိနှိုင်းဖြေရှင်းဖို့) စတာတွေကို ခိုင်ခိုင်မာမာတောင်းဆိုဖို့၊ ပြီးတော့ စစ်အုပ်စုက အပြုသဘောတုန့်ပြန်ရင် ကိုယ့်ဘက်က လိုက်လျောနိုင်တာတွေကို ချပြဖို့ နဲ့ စစ်အုပ်စုက

မတုန့်ပြန်ရင် ကိုယ့်ဘက်က ပိုပြီး အရေးယူ နိုင်တာတွေကို ပြင်ဆင်ထားဖို့၊ အဲသလို အကြံပြုခဲ့ပါတယ်၊

အခုထိတော့ အမေရိကန်ရဲ့ စစ်အုပ်စုနဲ့ဒိုင်ယာလော့ဟာ နှစ်နှစ်သာကြာလာတယ်၊ ဘာရလာဒ်မှမထွက်ဘူးဆိုတာကို ဝန်ခံကြပေမည့် ကျနော်အကြံပြုသလို ဖြစ်မလာသေးပါ၊

(၄)
တဖက်မှာလဲ ဆန်ရှင်ဟာ ထိရောက်မှုမရှိဘူး ဆိုပြီး အမေရိကန်အစိုးရကို ဆန်ရှင်တွေလုံးဝရုတ်သိမ်းပြီး စစ်အုပ်စုနဲ့ ရင်းနှီးအောင်ဆက်ဆံဖို့ တိုက်တွန်းလှုံ့ဆော်နေကြသူတွေလဲအများကြီးပါ၊ သူတို့ရဲ့ အဓိက ဝေဘန်ချက်ကတော့ တရုပ်အစိုးရက မြန်မာစစ်အုပ်စုကို

စီးပွါးရေး အထောက် အပံ့၊ နဲ့ နိုင်ငံရေး အကာအကွယ်ပေးနေတာမို့ အမေရိကန်ရဲ့ ဖိအားပေးမှုဟာ အကျိုးသက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်၊

ဒါကြောင့် စီးပွါးရေးပိတ်ဆို့မှုကိုရုတ်သိမ်း၊ မြန်မာစစ်အုပ်စုကို ရင်းရင်းနှီးနှီး ဆက်ဆံပြီး ယုံကြည်မှု ရအောင်ကြိုးစားရင် တဖြေးဖြေးနဲ့ အပြောင်းအလဲ တွေလုပ်အောင် စည်းရုံးသိမ်းသွင်းနိုင်လိမ့်မယ်၊ တရုတ်လက်ထဲကနေ မြန်မာစစ်အုပ်စုကို

ဆွဲထုတ်နိုင်ဖို့ကပိုအရေးကြီးတယ် လို့ အဲဒီ ညဏ်ကြီးရှင်များက ကြွေးကြော်ကြပါတယ်၊

တရုတ် ရဲ့အကာအကွယ်ပေးမှုကြောင့် အမေရိကန် ရဲ့ ဖိအားပေးမှုတွေ ထိရောက် သင့်သလောက် မထိရောက်ဘူးဆိုတာ အတိုင်းအတာ တခုထိတော့ မှန်ပါတယ်၊ ဒါပေမည့် တရုတ်အစိုးရက အာဏာရှင်များအားလုံးရဲ့ ဖခင်ကြီး၊ သူကိုယ်တိုင်က သူ့ပြည်သူတွေကို

အကန့်အသတ်တွေ၊ အကြမ်းဖက်မှူတွေနဲ့ အုပ်ချုပ်နေသလို တကမ္ဘာလုံးက အာဏာရှင် အစိုးရများကို ဦးဆောင် ဦးရွက်ပြုနေသူ ဖြစ်ပါတယ်၊

တရုတ် နဲ့ အမေရိကန်ရဲ့ တန်ဘိုးထားမှုတွေက အရှေ့နဲ့အနောက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြပါတယ်၊ တရုတ်က ဒီမိုကရေစီ၊ တရားမျှတမှု နဲ့ လူ့အခွင့်အရေးဆိုတာကို ကွန်မြူနစ်ပါတီရဲ့ အာဏာကို ခြိမ်းခြောက်မှု အဖြစ် သဘောထားတယ်၊
အမေရိကန်က ဒီမိုကရေစီ၊ တရားမျှတမှု နဲ့ လူ့အခွင့်အရေးဆိုတာကို လူ့အဖွဲ့အစည်းတိုင်းမှာ မလွဲမသွေ ရှိသင့်တဲ့၊ လူသားတိုင်း ခံစားပိုင်ခွင့်ရှိတဲ့ အခြေခံရပိုင်ခွင့်များလို့ ယုံကြည်တယ်၊

တရုတ်အစိုးရက အာဏာဟာ သေနတ်ပြောင်းဝမှာတည်တယ်လို့ ကျင့်သုံးပြီး အမေရိကန်က အာဏာဆိုတာ လုထုရဲ့ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်မှုနဲ့ပဲ ရရှိသင့်တယ်လို့ လက်ခံတယ်၊

ဒါကြောင့် တန်ဘိုးထားမှုခြင်းဆန့်ကျင်ကြတဲ့ နေရာမှာ အမေရိကန် အစိုးရကို သူ့ရဲ့ တန်ဘိုးထား မှုတွေကို စွန့်လွှတ်ပြီး တရုတ် အစိုးရလို ကျင့်ကြံဖို့တောင်းဆိုတာ အဓိပ္ပာယ်မရှိပါ၊

မြန်မာစစ်အုပ်စုနဲ့ ရင်းနှီးကျွမ်း ဝင်သွားရင် အပြောင်းအလဲတွေ လုပ်အောင် ဖြေးဖြေးချင်း စည်းရုံး နိုင်လိမ့်မယ်လို့ ဆိုတာလဲ စိတ်ကူး ယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

အမေရိကန်က အီဂျစ်သမ္မတ မူဘာရက်ကို မဟာမိတ် အဖြစ်ဆက်ဆံပြီး အထောက်အပံ့ တွေအများကြီး ပေးပြီး ဒီမိုကရေစီ အပြောင်း အလဲတွေ လုပ်ဖို့ စည်းရုံးခဲ့ပေမည့် မအောင်မြင်ပါ၊

လူထုရဲ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပြီး လူထုကို အကြမ်းဖက်အုပ်ချုပ်ခဲ့တဲ့ မူဘာရက် ဟာနောက်ဆုံးတော့ လူထုအုံကြွမှုတွေက ဖယ်ရှားမှပဲ အာဏာက ဆင်းပေးရတာပါ၊

ဆီးရီးယား သမ္မတ အာဆတ်ကိုလဲ အပြောင်းအလဲလုပ်မည့် ခေါင်းဆောင်တယောက်လို့ အနောက်နိုင်ငံတွေက မျှော်လင့်ခဲ့ကြဘူးပါတယ်၊ အခုတော့ အဲဒီ အစိုးရတွေအားလုံးက ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းနေတဲ့ အာဆတ် ကို

ဝိုင်းဝန်းရှုံ့ချနေကြရပါပြီ၊

ကျနော်တို့ တောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ မြန်မာစစ်အုပ်စုနဲ့ မြန်မာပြည်သူများအကြား ပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်၊

မြန်မာစစ်အုပ်စုနဲ့ အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံများရဲ့ ပြန်လည်သင့်မြတ်ရေး မဟုတ်ပါ၊ နောက်တချက်က ဆန်ရှင်က မထိရောက်ဘူးဆိုရင် အမေရိကန် ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌန်းချမှတ်ထားတဲ့ အရေးယူမှုတွေကို အမေရိကန်အစိုးရက

အပြည့်အဝ၊ ထိထိရောက်ရောက် အကောင်အထည် ဖော်ရဲ့လား ဆိုတာကိုလဲ ပြန်လဲ သုံးသပ်သင့်ပါတယ်၊

ကျနော်ကတော့ အမေရိကန်အစိုးရဟာ ဥပဒေ နဲ့ ပြဋ္ဌန်းထားတဲ့ အရေးယူမှုတွေကို အပြည့်အဝ အကောင်အထည် ဖော်ခြင်းမရှိသေးဘူး၊ အမေရိကန် သံတမန်တွေ ကိုယ်တိုင်က ဆန်ရှင်ကို အရေးကြီးတဲ့ လက်နက်တခုအဖြစ် အသုံးမချကြဘူး လို့

ထောက်ပြချင်ပါတယ်၊ အမေရိကန် သံတမန် အတော်များများက ဆန်ရှင်ဆိုတာကို အကျိုးရှိတဲ့ လက်နက်တခုလို့မမြင်ပဲ သူတို့ရဲ့ သံတမန်ရေးရာအားထုတ်မှုမှာ အဟန့်အတားတခုလို့မြင်ပါတယ်၊ ဒီဆန်ရှင်ကြောင့် သူတို့ဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ

အစိုးရခေါင်းဆောင်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်မရ၊ တွေ့ဆုံခွင့်မရ၊ သူတို့ လွတ်လွတ် လပ်လပ် သွားလာလို့မရတာ လို့အပြစ်မြင်ကြပါတယ်၊

၂၀၀၃ ခုနှစ်မှာ အမေရိကန်ကွန်ဂရက်လွှတ်တော်က မြန်မာနိုင်ငံက တင်ပို့တဲ့ သွင်းကုန်တွေကို ပိတ်ဆို့တဲ့ အရေးယူမှုပါဝင်တဲ့ (Burmese Freedom and Democracy Act of 2003) ကို ဥပဒေပြဋ္ဌန်းခဲ့ပါတယ်၊

အဲဒီဥပဒေက သမ္မတ က ဇူလိုင်လထဲမှာ လက်မှတ်ရေးထိုးအတည်ပြုပြီး တလအကြာ ဩဂုတ်လထဲမှာမှ အသက်ဝင်တာပါ ဒါပေမည့် စက်တင်ဘာလထဲမှာ လုပ်တဲ့ လွှတ်တော်ကြားနာပွဲတခုမှာ အဲဒီတုံးက ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး လုပ်နေတဲ့ ပုဂ္ဂိုလ်က

ဒီသွင်းကုန်ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံတွေ ရာနဲ့ချီပြီး ပိတ်ရပြီး အမျိုးသမီးလေးတွေ ထောင်ပေါင်း များစွာ အလုပ်ပြုတ် ရတယ်၊ တချို့မိန်းကလေးတွေ ပြည့်တန်ဆာ ဖြစ်သွားကြပါတယ် လို့ ထွက်ဆိုသွားပါတယ်၊

တကယ်တော့ သူထွက်ဆိုတဲ့အချိန်မှာ သွင်းကုန်ပိတ်ဆို့အရေးယူမှုက သက်ရောက်မှုရှိတာ ရက်ပိုင်းလေးပဲရှိပါသေးတယ်၊ သူပြောသလို ဘယ်လိုမှ မဖြစ်နိုင်ပါ၊ ဒါပေမည့် အမေရိကန်အစိုးရထိပ်တန်းအရာရှိ ကိုယ်တိုင်က ပြောတာမို့ ကမ္ဘာတဝှမ်းက သတင်းစာတွေမှာ

ထိပ်တန်း သတင်း တပုဒ်ဖြစ်ခဲ့ပြီး အခုထိလဲ ဆန်ရှင်သည် သာမာန် ပြည်သူများ ကိုသာ ထိခိုက်သည်လို့ ပြောချင်သူများ  အတွက် ထာဝရ ကိုးကားစရာ ဖြစ်နေပါတယ်၊

နောက် သိပ်မကြာခင်မှာပဲ အဲဒီအရာရှိလဲ တာဝန်ကအနားယူပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေ ရုတ်သိမ်းပေးဖို့ အကြီးအကျယ် လော်ဘီလုပ်နေတဲ့ စီးပွါးရေး ကော်ပိုရေးရှင်း များကိုယ်စားပြု အဖွဲ့တဖွဲ့ရဲ့ အကြီး အကဲ ဖြစ်သွားပါတယ်၊
ဆိုလိုချင်တာက အမေရိကန် သံတမန်တချို့ကိုယ်တိုင်က အစိုးရရဲ့ ဆန်ရှင်မူဝါဒကို ထိထိရောက်ရောက်အကောင် အထည် ဖော်ရမည့်အစား သူတို့ကိုယ်တိုင်က ဆန်ရှင်ကို ပြစ်တင်ဝေဘန်ပြီး အားနည်းအောင်လုပ်နေကြတာပါ၊

၂၀၀၈ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က Tom Lantos Block Burmese JADE Act of 2008 ကို ပြဌန်းအတည်ပြုပါတယ်၊ အဲဒီဥပဒေမှာပါတဲ့အရေးယူမှုတွေထဲမှာ ထင်ရှားတာ နှစ်ခုက စစ်ခေါင်းဆောင်တွေ နဲ့ သူတို့ကို စီးပွါးရေး၊ နိုင်ငံရေးထောက်ပံ့နေသူတွေကို

ပစ်မှတ်ထားအရေးယူတဲ့ Targeted Financial Sanctions နဲ့ သူတို့ရဲ့ ငွေကြေးကိစ္စတွေကို စီမံခန့်ခွဲပေးနေတဲ့ နိုင်ငံခြားဘဏ်တွေကိုအရေးယူတဲ့ Banking Sanction ပါ၊

အဲဒီဥပဒေအရ အမေရိကန် ဘဏ္ဏာရေးဝန်ကြီးဌာနက စစ်ခေါင်းဆောင်တွေ၊ မိသားစုဝင်တွေ၊ အလိုတော်ရိ စီးပွါးရေးသမားတွေ ကို နံမည်ပျက် စာရင်းထဲ (Specially Designated Nationals/SDN) ထည့်သွင်းပြီး အရေးယူမှုတွေ စတင်ခဲ့ပါတယ်၊
ဒါပေမည့်လဲ ဒီကနေ့ အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူတဲ့ နံမည်ပျက်စာရင်းဝင်ပုဂ္ဂိုလ်များ အရေအတွက်ဟာ ဥရောပသမဂ္ဂ က ပြည်ဝင်ခွင့် မပြုဖို့ ငြင်းဆိုထားတဲ့ အရေအတွက် နဲ့ ဩစတြေးလျ အစိုးရက ပစ်မှတ်ထား အရေးယူထားတဲ့ အရေအတွက်ထက်

အများကြီးနည်းနေပါတယ်၊

ဥရောပသမဂ္ဂ နဲ့  ဩစတြေးလျအစိုးရက အရေးယူထားတဲ့ အလိုတော်ရိတချို့ဟာ ဒီကနေ့အထိ အမေရိကန် အစိုးရရဲ့ အရေးယူမှုကနေ ကင်းလွတ် နေဆဲဖြစ်တာကို အံ့ဩဖွယ်တွေ့ရပါတယ်၊ ပိုပြီးအရေးကြီးတဲ့ Banking Sanction  ကိုတော့အမေရိကန်အစိုးရက လုံးဝ

အကောင် အထည် ဖော်တာ မတွေရပါဘူး၊ ၂၀၀၆ ခုနှစ်က အဲဒီဆန်ရှင်နဲ့ အမေရိကန်အစိုးရက မြောက်ကိုရီးယား အစိုးရ မကာအိုဘဏ် တခုမှာလျှို့ဝှက်အပ်နှံထားတဲ့ အမေရိကန် ဒေါ်လာ သန်း ၂၀ကျော်ကို ထိန်းချုပ်လိုက်နိုင်လို့ နောက်ဆုံးမှာ ကင်ဂျုံးအီက

ခြောက်နိုင်ငံ ဆွေးနွေးပွဲမှာ ပြန်ပါဖို့ ကတိပြုရတာပါ၊

အခုမြန်မာစစ်ခေါင်းဆောင်တွေ ရော၊ အလိုတော်ရိစီးပွါးရေးသမားတွေရော တိုင်းပြည်တွင်းက သယံဇာတတွေ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွါး တွေကို ခိုးဝှက်လုယူထားတဲ့ ဒေါ်လာ သန်း ထောင်ပေါင်းများစွာ ကို ပြည်ပနိုင်ငံတချို့က ဘဏ်တွေမှာ

ရင်းနှီးမြှုတ်နှံထားကြတာပါ၊ အဲဒီငွေကြေးတွေကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် စစ်အုပ်စုကို အကြီးအကျယ် အားနည်းစေမှာပါ၊ ဒီအချက်တွေကြောင့် ဆန်ရှင်က မထိရောက်ဘူးဆိုတာဟာ အမေရိကန်သံတမန်တွေက ထိရောက်မှုရှိအောင်အသုံးမချတာရယ်၊

အမေရိကန်အစိုးရကိုယ်၌က ဆန်ရှင်ကိုအပြည့်အဝအ ကောင်အထည် မဖော်သေးလို့ဖြစ်တယ် လို့ ကျနော် ရဲရဲကြီး ပြောနိုင်ပါတယ်၊

(၅)
ကိုယ့်ဘက်က အင်အားကောင်းမှ တန်းတူညီမျှ စကားပြောလို့ရပါလိမ့်မယ်၊ ဒီ့အတွက် ကိုယ့်ဘက်က အင်အားကို အမြင့်မားဆုံးဖြစ်အောင် တည်ဆောက်ဖို့ နဲ့ မြန်မာစစ်အုပ်စုကို စီးပွါးရေး၊ နိုင်ငံရေးအရေးယူမှုတွေနဲ့ အားအင်ချိနဲ့အောင် အပြင်းထန်ဆုံး ဖိအားပေးရေး

နှစ်ခုဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်၊

ဒါကြောင့်လဲ ကျနော်တို့ က အမေရိကန်အစိုးရ ကို လက်ရှိချမှတ်ထားတဲ့ ဥပဒေအရ အရေးယူမှုတွေကို အပြည့်အဝနဲ့ ထိရောက်အောင် အကောင် အထည်ဖော်ဖို့၊ စစ်အုပ်စုနဲ့ ဆွေးနွေးတာကို တိကျတဲ့အချိန်စာရင်း သတ်မှတ်ဖို့၊ သတ်မှတ်ထားတဲ့ အချိန်ကာလ

အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ အပေါ်မှာ ကောင်းရင် ကောင်းသလို၊ ဆိုးရင်ဆိုးသလို တုန့်ပြန်နိုင်ရန် အဆင်သင့်ရှိဖို့ တိုက်တွန်း နေကြ တယ်၊

အဲဒီလိုတိုက်တွန်းရာမှာ ကျနော်တို့ရဲ့ U.S. Campaign for Burma အဖွဲ့ဝင်များ၊ အမေရိကန်နိုင်ငံတဝှမ်းက မြန်မာ့ ဒီမိုကရေစီအရေး ထောက်ခံသူများ နဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ကွန်ဂရက် လွှတ်တော်အမတ်များ၊ ရဲ့ ကူညီအားပေးမှုနဲ့

ဆောင်ရွက်နေကြတာပါ၊ ဒီလှုပ်ရှားမှုရဲ့အဆင့်တဆင့်အနေနဲ့ ဇွန်လ ၂၇ ရက်နေ့က  မြန်မာစစ်အုပ်စုကို နိုင်ငံရေးအရ၊ စီးပွါးရေးအရ ထောက်ခံ ပံ့ပိုးနေတဲ့ အလိုတော်ရိ စီးပွါးရေးသမားနဲ့ ဝါဒဖြန့်ချိရေးသမား ၄၂ ယောက်ရဲ့ အမည်စာရင်းကို အမေရိကန်

ဘဏ္ဏာရေးဝန်ကြီးထံ ကျနော်တို့  တရားဝင်တင်သွင်းပြီး ဒီပုဂ္ဂိုလ်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူဖို့ တောင်းဆိုလိုက်ပါတယ်၊

(အဲဒီ အလိုတော်ရိ ၄၂ ယောက်စာရင်းကို အောက်မှာကြည့်ပါ၊) ဒီ ၄၂ဦးစာရင်းကိုလဲ ပြည်တွင်းက မိတ်ဆွေများ၊ ရဲဘော်များရဲ့ အကူအညီနဲ့ ပြုစုခဲ့တာပါ၊ သိတ်ပြီးပြည့်စုံတဲ့ စာရင်းတော့မဟုတ်သေးပါ၊ အမှားအယွင်းအချို့လဲ ရှိပါတယ်၊

ပြည်သူများရဲ့ အကြံပြုချက်၊ ဖြည့်စွက်ချက်တွေကိုလဲ ဖိတ်ခေါ်ပါတယ်၊ တယောက်က ထောက်ပြ လို့ ဥဿာယူနိုက်တက် ဘောလုံးကလပ်ရဲ့ ပိုင်ရှင်ဟာ အောင်ကျော်မိုး မဟုတ်ပဲ အောင်မိုးကျော် ဖြစ်တယ်လို့ သိရပါတယ်၊
ဧရာဝတီ မဂ္ဂဇင်းရဲ့ ဘလော့ ကို ပို့တဲ့ မှတ်ချက်တခုအရ စစ်ကိုင်းဒေသကြီး ကောလင်းမြို့အနောက်ဘက် ပင်လယ်ဘူး မြို့ကလေးမှာ ရုပ်ရှင်သရုပ်ဆောင်လွင်မိုး ရဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီက ဒေသခံတွေရဲ့ လုပ်ကွက်တွေကို စစ်တပ်နဲ့ပေါင်း အဓမ္မသိမ်းဆည်းပြီး

လုပ်ငန်းလုပ်နေတာတွေ၊ လမ်းတွေကိုဖျက်ပြီး မြို့ကလေးကို နစ်နာ အရုပ်ဆိုးအောင် လုပ်နေတာတွေ သိရပါတယ်၊

အလိုတော်ရိစာရင်းမှာ ထည့်သွင်းရမည့် အခြားပုဂ္ဂိုလ်တွေအများကြီးရှိပါသေးတယ်၊ လူထုရဲ့အကြံပြုချက်တွေနဲ့ အလိုတော်ရိများစာရင်းကို ပိုပြီး ပြည့်စုံအောင်ပြုစုပြီး အမေရိကန်အစိုးရက အရေးယူအောင် ဆက်ပြီး တောင်းဆိုပါ့မယ်၊

Banking Sanction ကိုအကောင်အထည်ဖော်ဖို့အတွက်လဲ ဇွန် ၂ ရက်နေ့က အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မီတီက ကျင်းပတဲ့ ကြားနာပွဲနဲ့ ဇွန် ၂၂ ရက်နေ့မှာ အောက်လွှတ်တော် အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မီတီ ကကျင်းပတဲ့ ကြားနာပွဲမှာ

ကွန်ဂရက်လွှတ်တော်အမတ်များကို ကျနော် တရားဝင် တင်ပြတောင်းဆိုခဲ့ပါတယ်၊ ဆက်လက်ပြီးလဲ အမေရိကန်ပြည်သူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အဖွဲ့အစည်းများရဲ့ အကူအညီနဲ့ အမေရိကန် အစိုးရကို ဆက်လက် ဖိအားပေး သွားပါ့မယ်၊

မြန်မာစစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုတခုလုံးအပေါ် အကြမ်းဖက် နေမှုတွေကို ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ ကိုလဲ တကယ်ဖြစ် မြောက်လာအောင် ဆက်လက်လှုံ့ဆော်ပါမယ်၊

စစ်အုပ်စုကို ဘက်ပေါင်းစုံက အားနည်းအောင်လုပ်နိုင်မှ၊ ကိုယ့်ဘက်က အင်အားကောင်းမှပဲ ဒိုင်ယာလော့ဆိုတာ တကယ်ဖြစ်လာပြီး အဲဒီ ဒိုင်ယာလော့မှာ တန်းတူညီမျှဆွေးနွေးနိုင်ကြပြီး တိုင်းပြည်နဲ့ လူထုအတွက်အမှန်တကယ် အကျိုးရှိတဲ့ ရလာဒ်တွေ

ထွက်ပေါ်လာနိုင်မှာပါ၊

လေးစားစွာ၊

အောင်ဒင်
၃-၇ -၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...