Tuesday, November 8, 2011

ရင်နင့်အောင် ကလောင်နာမည်ပြောင်းခြင်း

by ရင်နင့်အောင် on Tuesday, November 8, 2011 at 11:53am
 
“အေးကွာ … မင်းရေးထားတာကတော့ မဆိုးပါဘူး”
“ဟုတ်”
“ဒါပေမယ့် .. တစ်ခု .. မင်း ကလောင်နာမည်ကြီးက ……………….” ဆိုပြီး အယ်ဒီတာချုပ်ကြီးက သူ့စကားကို ရပ်လိုက်တယ်။ ပြီးတော့ သူက ကျွန်တော့် စာမူကို နောက်တစ်ခါ အစကဖတ်ပြန်တယ်။ ဖတ်ပြီးသွားတဲ့အခါ သူက စကားဆက်ပြန်တယ်။
“အေး .. အက်ဆေးလေးက တော်တော်လေးကောင်းတယ်ဟေး”
“ဟုတ် …”
“ဒါပေမယ့် … ခက်နေတာက …..
ကလောင် ………… ကလောင်နာမည်ကြီး ……
အဲဒီ ရင်နင့်အောင်ဆိုတဲ့ နာမည်ကြီး …”
“ဗျာ … ဟုတ် … ဘာဖြစ်လို့လဲဟင်”

“အေးကွာ …. နာမည်ကြီးက ရင်နင့်အောင်ပဲ လုပ်တော့မှာလိုလို ….
ရင်နင့်အောင်ဆိုတော့ ရေနစ်အောင်တွေ .. ဘာတွေများပေါ်လာရင် …”
ကျွန်တော်စိတ်ညစ်သွားတယ်ဗျာ။ ညစ်ညစ်နဲ့ ပြန်လာတယ်။ အယ်ဒီတာချုပ်ကြီးက မှာလိုက်သေးတယ်။ “လမ်းမှာ မိုးမိရင် ရေနစ်အောင် မနေနဲ့နော်” တဲ့။

……………………………………………………………………………………………

ကျွန်တော့်မှာ ခုတလော ကြုံရတဲ့ ဒုက္ခတစ်ခုပါ။ အဲဒီ ကလောင်နာမည်။ အနုပညာအသိုင်းဝိုင်းတွင် ကလောင်နာမည်များဖြင့် ရှုပ်ရှုပ်ထွေးထွေးရှိလှပါတယ်။ တာရာမင်းဝေ၊ နီကိုရဲ၊ သတိုးတေဇ၊ လူနေ၊ သိုးဆောင်း၊ မျိုးကိုမျိုး၊ ခရမ်းပြာထက်လူ၊ သစ္စာနီ၊ အောင်ချိမ့်၊ မနော်ဟရီ၊ ကောက်နွယ်ကနောင်၊ အောင်ဝေး။ အများကြီး။ ကျွန်တော်ကျမှ ရှုပ်လိုက်တဲ့ ဇာတ်ဗျာ။
“ခင်ဗျာ… ကလောင်နာမည်က”
“ဟုတ် ရင်နင့်အောင် ပါ”
“ရင်နင့်အောင်”
“ဟုတ်ပါတယ် .. ရင်နင့်အောင်”
ရင်နင့်အောင် ဟာ ဘာထူးဆန်းနေပါသလဲ။ သူ့တို့ကို ဘာများလုပ်သွားပါသလဲ။ မေးကြည့်ချင်ပါတယ်။ အချို့ကလည်း
“ကောင်းတယ်ဗျာ … ခင်ဗျားရေးတဲ့ ပို့မော်ဒန်တွေ ..
တစ်ခု… ရေးထားတဲ့ ဟန်လေးတွေနဲ့ ကလောင်နာမည်လေးက
နည်းနည်းများ မလိုက်ဖက်ဘူးလားလို့”
နောက်ဆုံးတော့ ဒီမှတ်တိုင်၊ ဒီဘူတာကိုပဲ ဆိုက်ပါတယ်။
“ကလောင်နာမည်ဆိုတာ အဓိပ္ပါယ်ကောင်းရမယ်၊ ဖတ်လို့ကောင်းရမယ်၊ ရေးမယ့် ဟန်နဲ့လည်း လိုက်ရတယ်ကွ၊ ဥပမာ အီကြာကွေးဆိုတဲ့ ကလောင်နာမည်မြင်ရုံနဲ့ ဟာသရေးတာ သိသလိုပေါ့”
“ဟုတ်ကဲ့ဗျ”

…………………………………………………………………………………….

အဲလိုနဲ့ ကျွန်တော်က ကလောင်နာမည် ပြောင်းဖို့ဆုံးဖြတ်လိုက်ရတယ်။ ပြောင်းမယ်ဆိုတော့ စဉ်းစားရတာပေါ့ဗျာ။ တာရာမင်းဝေကို အားကျတော့ တာရာလင်းမြွေလုပ်ရမလား။ အီကြာကွေးမဟုတ်ဘဲ ပဲပေါက်စီဆိုရင်ကော။ မဟုတ်သေးပါဘူး။ သတိုးတေဇကို ကတုံးတေဇလုပ်ရင်ရော။ ဒါကလည်း သိပ်မဟန်လှ။ ဆံသဆရာထင်ကုန်ရင် ခက်ချေဦးမယ်။ အဲလိုနဲ့ ကျွန်တော်လည်း မစဉ်းစားတတ်တော့။ ၀တ္ထုတစ်ပုဒ်ထိုင်ရေးလိုက်ချင်တယ်။ ကလောင်နာမည်ကို ပြောင်းဖို့ မစဉ်းစားတတ်။ ခက်ချေပြီ။ ဒါပေမယ့် ဒီကလောင်ကြီးနဲ့ နောက်ဘယ်လို စခန်းသွားမလဲ။ ဒီတော့ လုပ်ဦး၊ စဉ်းစားစမ်းဦး။
မိုးအိမ်လူ ဆိုကောင်းမလား။
နေလင်းထွန်း ဆိုကောင်းမလား။
ရည်ဝေ ဆိုကောင်းမလား။
အဖြူလေး ဆိုကောင်းမလား။
ကညွတ်နွယ် ဆိုကောင်းမလား။
ဇင်မျိုး ဆိုကောင်းမလား။
ကိုကြည်နိုင် ဆိုကောင်းမလား။
အများကြီး စဉ်းစားသော်လည်း အဖြေမထွက်လာခဲ့။ နောက်ဆုံး ကျွန်တော် ကလောင်နာမည်ပြောင်းဖို့ နာမည်အသစ်တစ်ခုကို ရသွားတယ်။

………………………………………………………………………………………

“ပြောပြဘူး”
ဘာကို မပြောပြတာလဲဟု သင်က မမေးလိုက်လေနှင့်။ အမှန်တော့ ပြောပြဘူး ဆိုသည်မှာ ကျွန်တော်ပြောင်းလိုက်တဲ့ ကလောင်နာမည် အသစ်။
“ကြံကြံဖန်ဖန် မင်းကလောင်နာမည်ကြီးကလည်း”
ကျွန်တော်က ပြန်မဖြေရှင်းတော့။ ကျွန်တော် ပြောပြဘူး ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် နာမည် ပြောပြဘူး ပါ။
“၀တ္ထုလေး မဆိုးဘူး …
နေပါဦး …. မောင်ရင် ကလောင်နာမည်က”
“ပြောပြဘူး”
အယ်ဒီတာတစ်ဦး နည်းနည်းတော့ တွေဝေသွားပါတယ်။
“မောင်ရင် ကလောင်နာမည်က”
“ပြောပြဘူး”
“အန် .. မပြောပြချင်ရင် … မင်းဝတ္ထုကို မသုံးရုံပေါ့ကွ”
သူစိတ်တိုသွားပုံရပါတယ်။ ကျွန်တော်လည်း သူ့ကိုရှင်းပြပါသေးတယ်။
“ပြောပြချင်ပါတယ်”
“အေး… ဒါဆိုလည်းပြောလေ”
“ပြောပြဘူး”
“ဘာကွ .. မင်း လူကြီးကို နောက်စရာမှတ်နေလား …” ဆိုပြီး စာအုပ်နဲ့ ပစ်ပေါက်လိုက်တာ ကျွန်တော် နဖူး စိန်ဖူးထသွားပါတော့တယ်။

………………………………………………………………………………………………………………

နောက်ဆုံးမှာတော့ ကျွန်တော့်ကလောင်နာမည် အပြည့်အစုံကို ရသွားပါတယ်။ “ပြောပြဘူး (ခေတ္တ စိန်ဖူး)” ဖြစ်ပါတယ်။

ရင်နင့်အောင်
(ကလောင်နာမည် ပြောင်းစေချင်သော ဘော်ဒါကြီးများသို့ အမှတ်တရ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...