Sunday, November 6, 2011

အကောင်းဆုံးဟင်း

 
ခုတလော ဟင်းတွေအမျိုးမျိုးချက်ပြီး လက်စွမ်းပြချင်နေမိတယ်။ Facebook ထဲဝင်ကြည့်လိုက်တိုင်းလည်း သူများတွေက ဟင်းတွေအမျိုးမျိုးချက်ပြီးပုံတွေတင်နေတာတွေ့ရတော့ ကိုယ်တိုင်လည်းကြွားပြီး ပုံတင်ချင်မိတယ်။ ဒါကတော့ တယောက်သောသူကို သိစေချင်လို့ပါပဲ။

အရင်က ကျမကိုဆိုလျှင် သူငယ်ချင်းတွေက အထင်မကြီးကြပါ။ အမြဲစကြသည်။ ဘဲဥတလုံး နာရီဝက်ပြုတ် ဘဲဥ ၂လုံးဆို ၁နာရီလားလို့ မေးတတ်သည်။ အိမ်မှာ အဒေါ်တွေ အမတွေ နဲ့ မေမေချက်ကျွေးတာစားပြီး၊ အလုပ်သွားတော့လည်း မေမေထည့်ပေးလိုက်တဲ့ ထမင်းဘူးပဲယူလာတာများတာကိုး… ကိုယ်တိုင်ချက်သည့်အခါက နဲသည်။ ကျမကလည်း စာကျက် သင်တန်းတွေတက်၊ အလုပ်တွေလုပ်လိုက်နဲ့ ရှုပ်နေခဲ့တော့ ဟင်းဝင်မချက်ပဲ မချက်တာကြာတော့ ပျင်းလာသည်။
နိုင်ငံခြားမှာနေသည့်အခါမှာတော့ မြန်မာထမင်းဟင်းစားချင်ရင် ပိတ်ရက် ကိုယ့်ဖာသာပဲချက်ရတော့သည်။ ဒါတောင်လွယ်သည့်ထမင်းဘူးဝယ်စား။ ကဲန်တီးမှာစားတာများပါသည်။

ဟင်းတွေချက်ရင်းနဲ့ စိတ်ပါလက်ပါရှိလာတော့ တယောက်ယောက်ကိုကျွေးချင်မိသည်။ ကြွားချင်တာလည်းပါတာပေါ့လေ… တခါတလေ အပေါ်ထပ်က အိမ်ရှင်အဖိုးကို လက်စွမ်းပြတာတွေသွားပို့ပေးပြီး ဒါတို့ဆီကဟင်း ကိုယ်တိုင်ချက်တာ အဖိုးစားနော်..စားကောင်းလားလို့ ပြောရမေးရတာအမောပါ။

မင်းလူရေးတဲ့စာထဲမှာ သည်လိုဖတ်ရသည်။ မိန်းမတစ်ယောက် ဟင်းချက်ကောင်းခြင်းသည် အိမ်ထောင်တစ်ခု သာယာ တည်ငြိမ် ခိုင်မြဲရေးအတွက် အဓိက အချက်ပဲလို့တော့ မပြောနိုင်။ သို့ရာတွင် အရေး ပါသော အခန်းကဏ္ဍမှ အထောက်အကူ ပြုသည်ဟု ထင်၏တဲ့...

သူရေးထားတာက…
သမီးရည်းစား ဘ၀ မှာ-
“ချစ်က ထမင်းဟင်း မချက်တတ်ဘူးနော်”
ဆိုလည်းရတယ်။ အမေ ချက်ကျွေးလိမ့်မယ်။ ညားခါ စမှာလည်း အရေးမကြီးသေး။
“ချစ်ရဲ့ လက်ရာဆိုရင် ကောက်ရိုးကို ဆီချက်ခေါက်ဆွဲ လုပ်ကျွေးရင်တောင် တစ်သက်လုံး စားနိုင်ပါတယ်”
လို့ဆိုခဲ့ပြီး အိမ်ထောင် သက်ကလေး ရလာတော့မှ ပူညံပူညံ ဖြစ်တော့တာ။
ယောက်ျားများဟာ ထမင်းဆာလျှင် စိတ်တိုတတ်သည်။ ဒီကြားထဲကမှ ဟင်းကလည်း မကောင်း၊ လက်ရာကလည်း ညံ့နေလျှင် ဒေါသ ပေါက်ကွဲတော့တာပဲ။ လင်မယားတွေ ရန်ဖြစ်ကြရတဲ့ အကြောင်ရင်းတွေထဲမှာ ထမင်း၊ ဟင်းကိစ္စက အကြိမ် အများဆုံးတောင် ဖြစ်နိုင်သည်။
ဆိုင်မှာ ၀ယ်စားလည်း ရတာပဲဟု စောဒက တက်စရာ ရှိ၏။ သို့ရာတွင် ခံစားမှုချင်း မတူကြောင်း ဆိုင်ထမင်း ဟင်းစားနေကျ လူတွေ သိလိမ့်မည်။ ဘယ်လောက် စားကောင်းတဲ့ ဆိုင်ပဲဖြစ်ဖြစ်၊ ဘယ်သူချက်တာလဲ ဆိုတာ မသိရ။ တစ်နည်းအားဖြင့် သူစိမ်းတစ်ယောက် ချက်တဲ့ ထမင်းဟင်းကို စားရတာ။ ဆိုင်က ၀န်ထမ်းတွေ ဆိုတာကလည်း တာဝန် အရသာ ဧည့်ဝတ် ကျေနေရတာ။ တကယ့်နွေးထွေးမှု အစစ် မဟုတ်။ စားလို့ပြီးရင် ငွေ ရှင်းရမည်။ အပေးအယူ သဘော။ ပြီးတော့ ထပြန်ပေတော့။ အိမ်မှာလို ပက်လက် ကုလားထိုင်လေးပေါ် ထိုင်ရင်း ထမင်းလုံးစီလို့ မရ။ တစ်မှေးမှေးလို့ မဖြစ်။ ဆိုင်က ထမင်းဝိုင်းသည် အလုပ် သဘောဆန်သည်။ ၀ိညာဉ် ကင်းမဲ့နေ၏တဲ့။ အဲသည်လိုရေးထားသည်။ ဟုတ်ပါလိမ့်မည်။ သူက စာထဲမှာ သူ့အမျိုးသမီး ဟင်းချက်ကောင်းတာကြွားထားသေးသည်။

အမှန်တော့ မိန်းကလေးသာ ဟင်းချက်တတ်ဖို့လိုတာမဟုတ်၊ ယောက်ကျားလေးတွေလည်း ချက်တတ်ဖို့လိုသည်လို့ ကျမထင်မိသည်။ ကျမကိုယ်တိုင် သူ့ကိုချစ်သွားမိတာလည်း သူက စိတ်ရှည်စွာ ချက်လာပေးသော ဟင်းကိုကြည့်ရင်း ကြည်နူးခဲ့တာကြောင့်ပေါ့…

ကျမကြိုက်တဲ့ ခေါက်ဆွဲကြော်ကို သူက အများကြီးကြော်ပြီး လာပို့ပေးခဲ့တုန်းက သူဟင်းချက်တတ်လိမ့်မယ်လို့မထင်ခဲ့ရာက အံ့သြမိခဲ့သေးသည်။ သူကြော်ပေးတဲ့ ခေါက်ဆွဲကြော်ကို သူငယ်ချင်းကိုလည်းကျွေးတော့ သူကလည်းကြိုက်သည်။ အတူစားရင်း သူငယ်ချင်းတွေက ချီးကျူးတော့ ကျမက သဘောကျခဲ့မိသည်။ သူက အားတဲ့အခါ ကျမကို ဟင်းတွေစိတ်ရှည်လက်ရှည် ချက်ပို့ပေးတတ်သလို သေခြာထည့်ပေးပြီး ခွံလည်းကျွေးတတ်သေးတယ်လေ…

တကယ်တော့ နှစ်ယောက်အတူနေတဲ့အခါ သူကြိုက်တတ်တာလေးကို ကိုယ်ကချက်ကျွေးပြီး၊ ကိုယ်ကလည်း သူချက်ကျွေးတာစားချင်တာပေါ့။ ဒါကြောင့် ယောက်ကျားလေးကလည်း ကိုယ့်ချစ်သူ မိန်းမကြိုက်တတ်တဲ့ အစားအသောက်၊ ဟင်းတမျိုးမျိုးသေချာသင်ထားတာ ကောင်းတယ်လို့တွေးမိခဲ့သေးသည်။ ဒါမှ ကိုယ်နေမကောင်းတဲ့အခါ  သူကချက်ကျွေးတော့ ကြည်နူးပြီး ပိုသက်သာတာပေါ့… အဲဒီလိုဆို ဘယ်လောက်ကောင်းလိုက်မလဲ… ချစ်သူချက်တဲ့ ဟင်းတခွက်ဟာ အားဆေးဖြစ်စေတတ်တာ အမှန်ပါ။

ဒီတော့ ကျမက လက်စွမ်းပြချက်ထားတာတွေကို ချစ်သူကိုကျွေးချင်တာပေါ့။ နောက်ပြီး ကိုယ်ချက်ထားတာတွေကို သူက တမက်တမောစားပြီး ချီးကျူးတာခံချင်တာပေါ့လေ…  အိမ်မှာတုန်းကဆိုလည်း တခါတလေ၀င်ချက်ပြီး တအိမ်လုံးကို အတင်းကျွေး ကောင်းရဲ့လားလို့လိုက်မေးနေကျ။ ဒါနဲ့ တနေ့တော့ အလုပ်ကစောစောပြန်တဲ့နေ့မှာ ဖေဖေချက်ကျွေးဖူးတဲ့ ခရမ်းသီးမွှေနဲ့ ၀က်သားရောချက်ပြီး ပုဇွန်ချဉ်စပ်စပ်ကလေးကြော်စားတယ်။ ကိုယ့်ဖာသာကို စားပြီးကောင်းတာနဲ့ သူ့ကို သတိရမိတယ်။ သူ့ဆီဖုံးဆက်ပြီး တခုခုလာပို့မယ် ဘာမှမစားနဲ့လို့ ပြောပြီး အဝေးကြီးကို တက်စီခမနှေမျောပဲ ဟင်းတွေယူပြီးသွားပို့ပေးခဲ့တယ်။ ရှေ့မှာပဲအတင်းကျွေးပြီး စားနေတဲ့ သူ့မျက်နှာကိုကြည့်နေရတယ်။
အစက သူကအမြဲစတယ်လေ... ကျမက ကိုယ်တိုင်ဟင်းချက်တယ်ဆိုတော့ "ဘာလဲရောထည့်ပစ်မွှေ ပြုတ်မနူး ရေထည့်လား"တဲ့… ပြောပြီးတော့ သူကရီနေတယ်လေ… လူကို အထင်သေးတာပေါ့။

"ကောင်းလားဟင်.. စားလို့ကောင်းလား"
သူကပြုံးရင်း လက်မထောင်ပြတယ်။ "အရမ်းကောင်း၊ တခါမှမစားဖူးဘူး ဒီလောက်ကောင်းတာ၊ ချစ်လေးက ဒီလောက်ချက်တတ်မယ်တောင်ထင်မထားမိဘူး".. တဲ့…

ကဲ ချစ်သူက ချီးကျူးလိုက်တော့သဘောတွေကျပြီး အားတာနဲ့ ခဏခဏချက်တော့တာပေါ့။ ပိတ်ရက်ဆို သူ့ကိုခေါ်ကျွေးတယ်… သူကလည်း " တော်တယ်လို့ အမြဲပြောပြီး အမြဲချက်ကျွေးနော်"လို့ ပြောတယ်လေ။ Facebook ၀င်ကြည့်ပြီး သူများတွေဘာတွေချက်ပြီး တင်ထားပါလိမ့်လို့ လိုက်ရှာပြီး လက်စွမ်းပြဖို့ပြင်နေတော့တယ်။ သူကတောင် သိပ်ချက်မကျွေးတော့သလိုပဲ။
ဟင်းတွေလာတောင်မပို့ပေးတော့ဘူး။ ထားပါလေ ကိုယ်ချက်ပေးတိုင်းသူက ကောင်းတယ်လို့ အမြဲပြောတာကိုး…

တနင်္ဂနွေ တနေ့တော့ ယိုးဒယားစာစားချင်တာနဲ့ သူလိုက်ပို့တယ်။ တကယ်ဆို သူလည်းရောက်ဖူးတာမဟုတ်ဘူး။ ကျမက သူသိတယ်ထင်လို့ ဆိုင်ကို လိုက်ရှာလိုက်ရတာ ခြေထောက်တွေတောင်နာလာတယ်။ စိတ်ကလည်းတိုတော့ ရန်တွေဖြစ် စိတ်တွေကောက်ကြရော။ ပြန်မယ်လုပ်ခါမှဆိုင်ကိုတွေ့တော့တယ်။ ဒါတောင် သူကမစားတော့ဘူးဆိုပြီးလုပ်သေးတယ်။ မစားလဲနေလေ ကျမကတော့ စားချင်တာမှာပြီးဆိုင်ထဲမှာ ၀င်ထိုင်နေလိုက်တယ်။ ဆိုင်ကလည်း လူကရှင်းနေတာ ဘယ်သူမှကို မရှိတာ။ နောက်တော့ သူ့ဖာသာလိုက်ဝင်လာပြီး မှာတယ်။ ခါတိုင်းဆို တ၀က်ဆီ နဲနဲစီနိုက်စားနေကျ စိတ်ကောက်နေတာနဲ့ ကိုယ့်ဟာကိုယ်စား သူဟာသူစားပေါ့လေ။ သူက မျက်နှာဆူအောင့်အောင့်နဲ့ နဲနဲတော့လာထည့်ပေးပါတယ်။ သူ့ဟင်းကလည်း စိတ်တိုနေလို့လား မသိပါဘူး စားလို့တော့ မကောင်းပါဘူး။ ဒါနဲ့ စားပြီးတော့ ဆိုင်ရှင်က ကျမကိုမေးပါတယ် "အရသာက ဘယ်လိုနေလဲ"တဲ့… ဒါနဲ့သူက ဆိုင်ရှင်ကို "အရမ်းကောင်းတယ်"တဲ့… ကျမကတော့ "အသားလုံးက ချဉ်နေတယ်ထင်တယ် မလတ်ဘူးလို့" အမှန်အတိုင်းဖြေလိုက်တယ်။ အဲဒါနဲ့ သူကအပြင်ရောက်တော့ "ဂျင်းကလေ ဘာလို့အဲလိုသွားပြောရတာလဲ ဆိုင်ရှင်ကို အားနာစရာ"လို့ ပြောတယ်။ " အော ဒါဆို ရှင်စားတာကကော ကောင်းလို့လား"လို့မေးတော့ "သူများ ကျေနပ်အောင် ဒီလိုပဲပြောရတာပေါ့"တဲ့ နဂိုထဲက စိတ်ကကောက်နေတော့ ပြန်ပြောမနေတော့ပါဘူး။ ဒါပေမယ့် တွေးမိတယ် "ငါချက်ပေးတာတွေကော ဒီလိုပဲ စိတ်ကျေနပ်အောင် ပြောတာများလား"လို့…

နောက်တော့ မေးမိပါတယ် "ဂျင်းချက်တဲ့ဟင်းတွေကကော တကယ်ကောင်းတာလား"လို့
သူက... မျက်နှာကိုကြည့်ပြီး ဖြေတယ်။

အကောင်းဆုံးပါတဲ့...

အင်ကြင်း

9:34 pm
3. 11. 2011

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...