ချယ်ရီလည်း အသည်းနှလုံးနဲ့ပါရှင်ရယ်
Cloud Cuckoo Land created a doc.
ကျွန်မ ဇာတိမူရင်းက ဟိုဟို ကမ္ဘာ့မြောက်ခြမ်း ဒေသကြီးကပေါ့။ ဒါပေမယ့် ခုတော့ အပူအအေးသမတဲ့ ကမ္ဘာ့နေရာဒေသ အသီးသီးမှာ ကျွန်မတို့တစ်တွေ အခြေချနေကြပါပြီ။ မြန်မာပြည်မှာဆို မောရှမ်းတို့မြေနဲ့ ပန်းမြို့တော် တောင်လှေကား ပြင်ဦးလွင်မှာ ကျွန်မတို့ရဲ့ သားချင်းအဆွေတွေ ဝေသီနေကြပါပြီ။ ပန်းပင် ပန်းမျိုး မဟုတ်တန်ပေမယ့် သီးပင်စားပင်လို့... ဆိုရမလဲဘဲရှင်။ ကျွန်မတို့ရဲ့ အသီးအနွယ်တွေထဲမှာ အချိုသီးရယ်၊ အချဉ်သီးရယ်ဆိုပြီး ရှိပါတယ်။ ကျွန်မတို့ရဲ့ အသီး အမြစ်အခေါက် အကိုင်းတွေဟာ ဂုဏ်အင်အစွမ်းထက်တာမို့ ဆေးဘက်မှာ အသုံးဝင်လှပါတယ်။ အခြား အခြားသော သစ်သီးတွေနဲ့ ယှဉ်လိုက်ရင် ကျွန်မတို့မျိုးနွယ် အသီးတွေထဲမှာ ဖလူးတို့စ် သကြားဓာတ်တွေ များများစားစားပါတယ်။ အန်တိုဆိုင်ရာနင်နဲ့ မယ်လယ်တိုနင် ဓာတ်တွေလည်း အများကြီး ပါဝင်နေပါတယ်။ သတ္တုဓာတ်တွေဖြစ်တဲ့ ကယ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်နဲ့ရီဆင်၊ တန်နင်း Gallic အက်ဆစ်၊ လီခ်ျနင်ဓာတ်တွေ အပြင် နံ့ထွက်ဆီနဲ့ ဟိုက်ဒြိုဆိုက်ရင်နစ် အက်ဆစ်ဓာတ်တွေလည်း ပါဝင်နေပါတယ်။အသီးထဲမှာပါတဲ့ ဓာတ်တွေပြောပြီးတော့ အခေါက်ထဲမှာပါတဲ့ ဓာတ်တွေကို ဗိုလ်(အင်္ဂလိပ်)လို့ ပြောပြရရင် Prunasin, eudesmic acid, P-cumaric acid emulsion, tannin, Polymeric, Leucocyanidin နဲ့ Sugar ဓာတ်တွေပဲဖြစ်ပါတယ်။ Sugar (သကြားဓာတ်) ကလွဲပြီး ကျန်တဲ့ အခြားဓာတ်တွေတော့ ကျွန်မလည်း ကောင်းကောင်း မသိဘူး။ ကျွန်မမသိပေမယ့် ဆေးဘက်ပညာရှင်တွေ ဓာတုဗေဒ ပညာရှင်၊ ရုက္ခဗေဒ ပညာရှင်နဲ့ သုတေသီတွေကတော့ သိကြမှာပါ။ သူတို့ကို မေးကြည့်ရင်တော့ အဲဒီဓာတ် သဘာဝတွေက ဘယ်ပုံဘယ်နည်း အကျိုးပြုစေတယ်။ အပြစ်ဖြစ်စေတယ် ဆိုတာကို ရှင်းပြနိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်။ ကျွန်မတို့ မျိုးနွယ်ဝင်တွေရဲ့ ဆေးအသုံးဝင်ပုံကို လေ့လာကြည့်တော့ အတော့်ကို အသုံးဝင်နေတာ တွေ့ရတယ်။ ဒီလိုပြောတော့ ကြွားရာကျနေမလားဘဲ။ ကဲ..အသီးရဲ့ အသုံးဝင်ပုံကို ပထမဆုံး ကြည့်လိုက်ရအောင်။ အသီးက ဓာတ်တိုးခြင်းကို ဆန့်ကျင်ပေးနိုင်တယ်။ ရောင်ရမ်းတာတွေကို တိုက်ဖျက်နိုင်တယ်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတယ်။ ကင်ဆာဖြစ်စေမှုကို ဆန့်ကျင် ကာကွယ်ပေးတဲ့ ဂုဏ်အင်္ဂါတွေ ပိုင်ဆိုင်ထားကြတယ်လေ။ အသီးကိုပဲ ပုံစံအမျိုးမျိုးနဲ့ လေရှူပြွန်ရောင်ရမ်းတာ ချောင်းဆိုတာနဲ့ အစာမကြေ၊ လေနာဖြစ်တာမျိုးတွေမှာလည်း အသုံးတည့်တယ်လေ။
အသီးအတိုင်း မဟုတ်ဘဲ အသီးဖျော်ရည်မှာလည်း အန်သိုဆိုက်ရာနင် ဓာတ်တွေ အများကြီး ပါဝင်နေတာမို့ အဆစ်ရောင်ရမ်းတာတွေ ဂေါက်အဆစ်ရောင်ကြောင့် နာကျင်တာမျိုးတွေကို သက်သာစေတယ်။ ဖျော်ရည်မလုပ်ဘဲ အသီးသက်သက်ပဲ စားမယ်ဆိုရင်လည်း သွေးထဲက ယူရစ်အက်ဆစ်ကို လျော့နည်းစေတယ်လေ။ အသီးရဲ့ ဂုဏ်အင်က ရောင်ရမ်းတာတွေကို လျော့ကျစေရုံ သာမကဘဲ ဆီးချိုသွေးချို ဖြစ်နိုင်ချေနဲ့ အင်ဆူလင်အာနိသင် မတိုးတော့တဲ့ လက္ခဏာစုတွေကိုပါ နည်းပါးစေတယ်။ နောက်ထူးခြားချက်ကတော့ အသီးမှာ ဖလူးတို့စ် သကြားဓာတ် များများပါတယ် ဆိုပေမယ့် သွေးတွင်း သကြားဓာတ်ကို တိုးမြှင့်စေခြင်း မရှိတာမို့ သွေးချို၊ ဆီးချိုသမားတွေ ရွေးချယ်စားသုံးသင့်တဲ့ အသီးဖြစ်တယ်လို့ ညွှန်းကြလေ့ရှိတယ်။ အသီးနဲ့ ပတ်သက်လို့ ကောင်းကွက်လေး တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အိပ်မပျော်တဲ့ ရောဂါကုသရာမှာ အသုံးပြုနိုင်ပြီး မှတ်ဉာဏ် လျော့ပါးလာတာမျိုးကို ကာကွယ်ပေးနိုင်တယ် ဆိုတာပါပဲ။
အသီးထဲက သဘာဝတွေက ကိုယ်ခံစွမ်းအားစနစ် အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာ အားကောင်းအောင် ဖြည့်စွက် မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာ ကလာပ်စည်းတွေ တိုက်ဖျက်ရာမှာလည်း အထောက်အကူ များစွာရစေသလို နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို တိုက်ဖျက်ရာလည်း အထောက်အကူ များစွာရရှိစေပါတယ်။ အခုလို အထောက်အကူ ရရှိတဲ့ အကြောင်းကတော့ ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း နှလုံးအားနည်းသူတွေ သွေးကြောမာကြော ကြွပ်ဆပ်တာမျိုးတွေ နှလုံးနဲ့ ပတ်သက်ပြီး ရင်ဘတ်စူးအောင့် နာကျင် ခံစားရတာမျိုးတွေ ကုစားရာမှာ သင့်တော်တဲ့ အသီးရယ်လို့ အသိအမှတ်ပြု ဖော်ညွှန်းထားကြပါတယ်။ အသည်းမှာ အဆီတွေ စုတာမျိုးဖြစ်တဲ့ အသည်းအဆီဖုံး ရောဂါမျိုးတွေကိုလည်း လျော့နည်းစေတဲ့ ဓာတ်သဘာဝတွေလည်း ကျွန်မနဲ့ မျိုးနွယ်ဝင် အသီးတွေထဲမှာ များများစားစား ပါဝင်နေတာမို့ အသည်းမှာ ကိုလက်စထရောလ်တွေ တြိုင်ဂလစ်စရိုက်တွေ စုပုံနေတာမျိုးတွေကို လျော့နည်းစေနိုင်တယ်လေ။ ခုလိုကောင်းကျိုးတွေကို အကျိုးပြုပေးတာကတော့ ကျွန်မအမည်ခံ ချယ်ရီသီးပါပဲရှင်။
ဒါကြောင့် နှလုံးနဲ့ပတ်သက်ပြီး ရင့်ဘတ်အောင့်တာမျိုး အသည်းအဆီ ဖုံးတာမျိုးတွေနဲ့ ဆက်စပ်လာရင် ကျွန်မချယ်ရီကို သတိတရ ရှိစေချင်တာမို့ ချယ်ရီမှာလည်း အသည်းနှလုံးနဲ့ပါ ရှင်ရယ်လို့ တင်စားပြုဆိုလိုက်ပါရစေရှင်။ နောက်ဆက်တွဲ ချယ်ရီပင်ရဲ့ အခေါက်သားဟာ နာဗ့်ကြောများ ငြိမ်သက်စေရန်နှင့် စိတ်တက်ကြွခြင်းကို ယုတ်လျော့စေရန်ပေးတဲ့ ငြိမ်အေးအာနိသင်မျိုး ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချယ်ရီ အခေါက်ပြုတ်ရည်ဟာ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ကင်ဆာရောဂါမျိုးတွေ ကုသရာမှာ ကောင်းမွန်ပြီး နာကျင်မှု ဝေဒနာတွေကိုလည်း သက်သာစေအောင် အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
မင်းထက်
Ref:
By patrica khashayar,
MD, Press TV, Tehran.
Tags: Health
Source: The article first appeared on news.yatanarpon.com.mm
0 comments:
Post a Comment