တို့အာလုံး ပြည်သူ
သွယ်မျိုးညွန့်
ယခုအခါဒီမိုကရေစီခေတ်ကို
လှမ်းနေပါပြီလို့ ပြောလို့ ရကောင်းပြီထင်ပါရဲ့။ ကျွန်မတို့တိုင်းပြည်က အုပ်ချုပ်မှု
စနစ်တွေကို အမျိုးမျိုးနဲ့ အပြောင်းအလဲ အင်မတန်များပြားခဲ့ပါတယ်။ ဟိုးအရင့်ရင်ကျွန်မတို့
ဘိုးဘိုးလက်ထက် တိုင်းပြည်လွတ်လပ်ရေးရအောင်ကြိုးပမ်းတဲ့ခေတ်ကနေ ကျွန်မတို့ ၉ တန်း ၁၀ တန်း အရွယ်ထိအောင်
ဒီမိုကရေစီ အမျိုးမျိုးကြံကြရတုန်းဆိုတော့ ကျွန်မတို့မိသားစုအတွင်းမှာ ဘိုးဘိုး၊ ဖေဖေ၊
ကျွန်မတို့ရယ်လို့ မျိုးဆက်သုံးဆက် တိုင်တိုင် တိုင်းပြည်တိုးတတ်ပြောင်းလဲရေး ဒီမိုကရေစီရေး အတွက်
မျှော်လင့်စောင့်ခဲ့ကြရတာ စတုတ္ထမျိုးဆက် ကျွန်မသမီးလေးပါ အရေးအခင်းတစ်ခုကို ကိုယ်တိုင်ကြုံတွေ့ဖူး ခဲ့ပြီးပါပြီ။
အဲဒီအချိန်မတိုင်ခင်လေးမှာပဲ ကျွန်မတို့
ဘိုးဘိုးကွယ်လွန်သွားခဲ့ပါတယ်။ ကျွန်မတို့ ဘိုးဘိုးက သူ့ဘဝ တစ်လျှောက်လုံး တိုင်းပြည်ဒီမိုကရေစီရေးအတွက်
ဆိုတာကိုပဲ ရှေ့ရှုနေထိုင်ခဲ့ပြီးနောက်ဆုံးမှာ သူမျှော်လင့် ကြိုးပမ်းခဲ့တဲ့ ဒီမိုကရေစီရေး
လမ်းစကို မတွေ့မမြင်ရခင်မှာ ဆုံးပါးသွားခဲ့ရပါတယ်။
ကျွန်မတို့ ဖေဖေတောင် အခုဆိုရင် ဘိုးဘိုးလို့
အခေါ်ခံရတဲ့ အရွယ်ကို ရောက်နေပါပြီ။ ကျွန်မကိုယ်တိုင်လည်းပဲ လူငယ်ဆိုတဲ့ လှုပ်ရားတတ်ကြွတဲ့
အရွယ်ကို ကျော်လွန်လို့ သားသမီးကိုဦးစားပေးရ မယ့် မိဘအရွယ်ကို ရောက်လာပါပြီ။ ဒီတော့လည်း
ကျွန်မမွေးလာတဲ့တိုင်းပြည် အတွင်းဒီမိုကရေစီအရသာကို ကျွန်မ မခံစားရတော့ဘူးဆိုရင်တောင်မှ
ကျွန်မသမီးလေးကိုတော့ သူပျိုမျစ်ငယ်ရွယ်တုန်းအချိန်လေးမှာ သူ့ရဲ့တတ်ကြွနေတဲ့ စိတ်ကလေးတွေနဲ့အတူ
ဖွံ့ဖြိုးတတ်ကြွတဲ့ ဒီမိုကရေစီတိုင်းပြည်မှာ ရှင်သန်သွားစေချင်တဲ ဆန္ဒ ကျွန်မမှာ အင်မတန်ပြင်းပြပါတယ်။
အခုကျွန်မတို့တိုင်းပြည်က ဒီမိုကရေစီ ခေတ်ဦးကာလကို
ရောက်ရှိသလိုဖြစ်လာပြီထင်ပါတယ်။ တိုင်းပြည်မှာ ပုန်းလျှိုးကွယ်လျှိုးလုပ်ဆောင်ရမယ့်
ကိစ္စမျိုးမရှိအောင် အစိုးရကလည်း အရာရာကို တတ်နိုင်သမျှ ပွင့်ပွင့်လင်းလင်းစီမံဆောင်ရွက်ပေးနေတယ်လို့
ထင်ရပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်တောင်ရှိတယ်လို့ပဲ ပြောပြော၊ ရေတစ်ဝက်လျော့နေသေးတယ်လို့ပဲဆိုဆို၊
ဖန်ခွက်ထဲမှာ ရေရှိနေတာကိုတော့ လူတိုင်းမြင်နေကြရ ပါတယ်။ အရင်က ၁၅သိန်းတန်ဖုန်းက ၅သိန်းဖြစ်လာတယ်။
ဖုန်းပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ဖုန်းလိုင်းတွေ အလွယ်တကူဝယ်လို့ ရလာတယ်။ နိုင်ငံခြားငွေ
တရားဝင်လဲလှယ်ခွင့်ရလာတယ်။ နောက်ဆို ကားတွေ အလွယ်တကူ ဝယ်ယူလို့ရလာမယ်။ ဒီဖြစ်ရပ်တွေအပေါ်အခြေခံပြီး
လူတိုင်းအနာဂတ်မှာ ရရှိလာနိုင်မယ့် ဒီမိုကရေစီအခွင့်အရေးတွေကို အခုအနေအခါ မျှော်လင့်ခွင့်တွေ
ရလာပါတယ်။ ဒီမိုကရေစီခေတ်ကို ပြိုးပြိုးပျပျ လမ်းမြင်နေရပြီလို့ ပြောရမယ်ထင်ပါရဲ့။
ကိုယ်နေတဲ့တိုင်းပြည်က ဒီမိုကရေစီစနစ်ကို
ကျင့်သုံးနေပြီဆိုရင်တော့ ကျွန်မတို့လည်း ဒီမိုကရေစီ စနစ်အတိုင်း နေထိုင်သွားဖို့ တာဝန်ရှိလာတယ်
ထင်ပါတယ်။ ဒီမိုကရေစီဆိုတာ ဘာလဲလို့ ပြည်သူအများက စူးစမ်းလေ့လာကြတယ်။ ဒီမိုကရေစီဆိုတာ
အစိုးရက ပြည်သူတွေအတွက် ဘာလုပ်ပေးတာ ကျန်းမာရေး၊
လူမှုရေး၊ စီးပွားရေးတွေမှာ ဘယ်လို့စောင့်ရှောက်တာ၊ မဟုတ်တဲ့မမှန်တဲ့ကိစ္စ အစိုးရဘက်ကပြုလုပ်လျှင်
ပြည်သူတွေဘက် ဘယ်လိုကန့်ကွက်တုန့်ပြန်နိုင်တာဆိုတဲ့ ဒီမိုကရေစီ ဗဟုသုတတွေကို နေ့စဉ်နဲ့အမျှ
သတင်း မီဒီယာတွေကနေတဆင့် ရရှိနေပါတယ်။
တကယ်တမ်းမှာတော့ ကျွန်မတို့ရဲ့စိတ်မှာ ရှေးရိုးစွဲနေတာက
အခွင့်အလမ်းရပိုင်ခွင့်ဆိုတာဟာ အစိုးရက တဆင့် အစိုးရနဲ့ ပတ်သက်တဲ့သူတွေက တဆင့် သူတို့ပေးသလောက်ပဲရနိုင်တယ်ဆိုတဲ့
အမြင်ဖြစ်ပါ တယ်။ ကျွန်မတို့ရဲ့ပင်ကိုသဘာဝကလည်း အစိုးရရုံးကို အကြောင်းကိစ္စရှိလို့
ဝင်ထွက်ရမှာတောင် အင်မတန် ဝန်လေးခဲ့ကြတော့ အစိုးရဆိုတဲ့ စကားလုံးဟာ ပြည်သူနဲ့ အရမ်းဝေးကွာတယ်လို့ခံစားရပါတယ်။
ဒီတော့ ဒီမိုကရေစီဆိုတာကိုလည်း အစိုးရကနေ ပြည်သူတွေ ကိုပေးမယ့်အရာလို့ထင်မြင်ပြီးပေးလာချိန်ကို
စောင့်မျှော် နေရမလို ထင်မှတ်မှားနေပါတယ်။
ခေတ်အဆက်ဆက်မှာ အစိုးရဝန်ထမ်းဆိုသူတွေက အစိုးရဘက်ကလူတွေ၊
ကျန်တဲ့အစိုးရဝန်ထမ်း မဟုတ်သူတွေမှ ပြည်သူတွေလို့ သဘောရှိခဲ့ကြတာပါ။ ဒီမိုရေစီအမြင်နဲ့ကြည့်မယ်ဆိုရင်တော့
ကျွန်မတို့ သဘောထားကို ပြုပြင်ပြောင်းလဲရတော့မယ်။ ဒီမိုကရေစီခေတ်မှာတော့ အစိုးရဟာ ပြည်သူကို
အလုပ်အကျွေး ပြုရမှာပါ။ အစိုးရဝန်ထမ်းဆိုတာကလည်း ပြည်သူထဲက ပြည်ူသူ့အခွန်စားတွေပါပဲ။
အမှန်တော့ နေ့စဉ်နဲ့အမျှ ကျွန်မတို့ အစိုးရနဲ့၊ အစိုးရဝန်ထမ်းတွေနဲ့ ထိတွေ့နေကြရပါတယ်။
EPC ၊ စည်ပင်၊ ယာဉ်ထိန်း မထသ စတဲ့ ဌာန ပိုင်းဆိုင်ရာ ဝန်ထမ်းတွေထဲမှာ အခြေခံပညာအဆင့်
ရှိသူတွေရော၊ မရှိသူရော၊ ပညာတတ်ရောပါပါတယ်။ နေ့စဉ်လူအများဆက်ဆံနေကြရတဲ့ ယာဉ်မောင်းတွေ၊
ယာဉ်နောက်လိုက်တွေ၊ ယာဉ်ထိန်းရဲတွေ၊ စည်ပင်သာယာရဲတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ ဆက်သွယ်ရေးဝန်ထမ်းတွေ၊
ဆေးရုံဝန်ထမ်းတွေစတဲ့ အစိုးရဝန်ထမ်းတွေဟာ နေတိုင်းထိတွေ့နေရတဲ့ ပြည်သူတွေအပေါ်လေးလေးစားစား
ဆက်ဆံတဲ့ပုံစံ ပြောင်းဖို့လိုနေပါပြီ။
ဒီမိုကရေစီဆိုတာ တစ်ဦးရဲ့အခွင့်အရေးကို
တစ်ဦးက အသိအမှန်ပြုတာပါ။ တစ်ဦးကိုတစ်ဦး လေးစားရမှာပါ။ တစ်အိမ်တည်းနေကြသူ မိသားစု
အချင်းချင်းဖြစ်စေကာမူ တစ်ဦးကိုတစ်ဦးလေးစားဖို့လိုပါ တယ်။ တစ်ဦးရဲ့ချို့ယွင်းချက်အားနည်းချက်ကို
တစ်ဦးကချက်ကျလက်ကျ သိထားတာဖြစ်လို့ ခက်ခဲမှုရှိနိုင်ပါ တယ်။ ဒါပေမယ့်လည်းဒီလိုပဲ တည်ဆောက်ရမှာပဲလို့
ထင်ပါတယ်။ ဒီလိုတည်ဆောက်နိုင်မှလည်းအပြန်အလှန် အားဖြင့် ကျွန်မတို့လည်းအစိုးရဝန်ထမ်းတွေ
အပေါ်မှာ လေးစားသမှုနဲ့အားကိုးယုံကြည်မှုတွေ ထားနိုင်လာပါ မယ်။
ဘတ်စ်ကားမောင်းနေသူတွေက ကျွန်မတို့အသက်ကို
နုတ်ယူမယ့်သူတွေ မဟုတ်ပါဘူး။ ကျွန်မတို့သွား လိုတဲ့ခရီးကို ကူညီပို့ဆောင်ပေးနေသူတွေပါ။
ယာဉ်နောက်လိုက်တွေ ဆိုတာကလည်း သက်ကြီးရွယ်အိုနဲ့ မိန်းမသားတွေ ကလေးလူငယ်တွေကို စောင့်ရှောက်ရင်း
ယာဉ်အန္တရာယ်မဖြစ်အောင် ကူညီပေးနေသူတွေပါ။
ဒီလိုပဲ ကျန်တဲ့ဝန်ထမ်းတွေကလည်း လူအများဆီက
ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာ ရယူဖို့ လှည့်လည်တာဝန် ထမ်းဆောင်နေကြတာ မဟုတ်ပါဘူး။
ကျွန်မတို့ လိုအပ်တာတွေကို သူတို့ရဲ့တာဝန်ယူ လုပ်ဆောင်မှုတွေနဲ့ ဖြည်းဆည်းပေးနေကြတာပါ။
ကျွန်မတို့တွေက တစ်ဦးနဲ့တစ်ဦး ဒီလိုမျိုးသဘောထားအမြင် တွေ ပြောင်းလဲမြင်ကြည့်ကြရပါမယ်။
တစ်ဦးချင်းတစ်ယောက်ချင်းတွေရဲ့ဆက်ဆံရေးတွေမှာ လေးစားမှုတွေ မြင်တွေ့လာရပြီး နေ့စဉ်နဲ့အမျှ
ကျွန်မတို့ ခံစားနေရတဲ့စိတ်ဒုက္ခတွေ လျော့နည်းသွားရင်ကို တိုင်းပြည်က လန်းလန်းဆန်းဆန်း
သာသာယာယာရှိလာမှာပါ။
ပြည်သူခေတ်၊
အတွဲ(၂)၊ အမှတ်(၆၆) မှ
0 comments:
Post a Comment