Saturday, November 5, 2011

မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌရာထူး ရယူဖို့ အရည်အချင်းရှိရဲ့လား

by General Knowledge on Saturday, November 5, 2011 at 11:22pm


By 7Day News Originally posted 04/11/2011 15:03PM


နိဒါန်း  

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး၏  မြန်မာနိုင်ငံခရီးစဉ်ကို ထောက်ရှု၍ ကန့်ကွက်သူက ကန့်ကွက်ကြလျက် ထောက်ခံသူတို့က ထောက်ခံကြသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဘာကြောင့် မြန်မာနိုင်ငံကိုလာရောက်၍ ဆန်းစစ်အကဲဖြတ်ရသနည်း။  အခြား အာဆီယံနိုင်ငံများ၏ အလှည့်တွင် တစ်ခါမျှမကြားဖူးသော ဆောင်ရွက်ချက်တစ်ရပ် ဖြစ်၍လည်း ထူးဆန်းနေသည်။ အမှန်စင်စစ် နောက်ကွယ်မှ ပါဝါဂိမ်းများ၏အကျိုးဆက်သာ ဖြစ်ပေသည်။ သို့သော် ယင်းပါဝါဂိမ်းများကို မမြင်ဘဲ ကိုယ့်နိုင်ငံအပေါ် ပြန်လည်၍ ဂုဏ်သိက္ခာချကြသူများကို လည်း စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပေသည်။

အမေရိကန် ဆီးနိတ် ကြားနာပွဲ  

၂၉-၇-၂၀၁၁ ရက်တွင် ဆီးနိတ် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ  ဂျွန်ကယ်ရီ အမှူးပြု၍ ဒဲရက်မစ်ချယ်၏  ကြားနာပွဲက ဆောင်ရွက်ခဲ့သည်။ ယင်းကြားနာပွဲတွင် ကော်မတီဥက္ကဋ္ဌ ဂျွန်ကယ်ရီက အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွင် ကျန်ရှိသော နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံး ယင်းတို့ မူဝါဒအတိုင်း ဘုံရပ်တည်ချက်၊ ဘုံတောင်းဆိုချက်များဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဌာန် ဖော်ဆောင်ရန်၊ အာဆီယံနိုင်ငံများ အနေဖြင့်လည်း ၂၀၁၄ အာဆီယံဥက္ကဋ္ဌ  ရယူရေးနှင့် သိသာထင်ရှားသော နိုင်ငံရေး တိုးတက်မှုများ ဖြစ်ပေါ်ရေးကို အလဲအထပ် ဆောင်ရွက်၍
မြန်မာနိုင်ငံအပေါ် ဖိအားပေးလာစေရန် လမ်းညွှန်သွားခဲ့ကြောင်း တွေ့ရှိရသည်။

ဒဲရက်မစ်ချယ်၏ ရှင်းလင်း တင်ပြချက်များတွင် အဓိကအချက်များအဖြစ် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာ ဘုံရည်မှန်းချက်များ Common International Objectives များ ဖြစ်ပေါ်လာရန် ပေါင်းစပ်ညှိနှိုင်းသွားမည်၊ လက်ရှိအချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အဓိက နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု နည်းလမ်းအမျိုးမျိုး ကွဲပြားနေပြီး မူဝါဒအဖုံဖုံ ဖြစ်နေသည်။

ယင်းအနေအထားကို ပြောင်းလဲလိုက်ပြီး နိုင်ငံတကာ ဘုံရည်မှန်းချက် ဖြစ်ပေါ်လာစေရန် ကြိုးပမ်းသွားမည်၊ ဘုံရည်မှန်းချက်များ ဖြစ်ပေါ်လာလျှင် မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ ပိုမိုထိရောက် အောင်မြင်လာမည်။ ထိုသို့ ဖြစ်ပေါ်လာရန်လည်း ကွန်ဂရက်၊ အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနများသို့ တိုးတက်ဖြစ်ပေါ်မှုများ စဉ်ဆက်မပြတ် ပြန်လည် သတင်းပို့၍ ဆောင်ရွက်သွားမည် ဟူ၍ တွေ့ရှိရပေသည်။ 

အာဆီယံဥက္ကဋ္ဌပေးရေးနှင့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်ဖြစ်ပေါ်ရေးတို့ကို ချိတ်ဆက်၍ ဆောင်ရွက်နေသည့် ပတ်သက်ဆက်နွှယ်မှုများကို အထက်ပါ ကြားနာပွဲတွင်  ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။ သို့ ဆိုလျှင် အာဆီယံဥက္ကဋ္ဌနေရာ ပေးရေးနှင့် အာဆီယံနိုင်ငံများ၏ ဖိအားပေးမှုတို့ မြစ်ဖျားခံရာ ဇစ်မြစ်ကို သိရှိနိုင်ပြီဖြစ်သည်။ ဤသည်၏ အကျိုးဆက်အားဖြင့် အာဆီယံနိုင်ငံများ အကြားတွင် တစ်ခါမျှမရှိဖူးသော  ဥက္ကဋ္ဌတာဝန် ရယူထမ်းဆောင်ရန် အဆင်သင့်ဖြစ်၊ မဖြစ်ကို လေ့လာစေသော အင်ဒိုနီးရှားနိုင်ငံ၏ မြန်မာနိုင်ငံ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။

ပါဝါဂိမ်းများအကြားမှ အာဆီယံ  

မည်သို့သော နိုင်ငံရေးဖိအားများ၊ Super Power တောင်းဆိုချက်များ ရှိသည်ဖြစ်စေ ထွက်ပေါ်လာသည့် မေးခွန်းမှာ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌရာထူး ရယူရန် အရည်အချင်းရှိရဲ့လား ဟူ၍ ဖြစ်နေသည်။ Super Power ကြီးကလည်း ဖိအားပေးသည်။ အာဆီယံကလည်း Super Power အလိုကျ မြန်မာနိုင်ငံကို ဖိအားပေးသည်။ ဤတွင် အာဆီယံသမိုင်းကြောင်း တစ်လျှောက် မရှိခဲ့ဖူးသော ဥက္ကဋ္ဌရာထူးတာဝန်နှင့် သင့်လျော်ခြင်း ရှိ၊ မရှိ ဆန်းစစ်လေ့လာ အကဲဖြတ်သည့် ခရီးစဉ် တစ်ခုလည်း ပထမဦးဆုံးအကြိမ် အာဆီယံတွင် ပေါ်ပေါက်လာခဲ့သည်။ အာဆီယံ၏ အစဉ်အလာသစ် တစ်ခု မွေးဖွားခြင်းသည် မြန်မာနိုင်ငံအပေါ် နှိမ့်ချခြင်းနှင့် ဒွန်တွဲလာသဖြင့် နိုင်ငံသားတစ်ယောက်၏ ခံပြင်း အမျက်မှာ စာရေးသူရင်တွင်း ပြင်းထန်စွာ ဖြစ်ပေါ်လာရသည်။ အာဆီယံသည်  ယဉ်ကျေးမှု၊ အစဉ်အလာ၊ သမိုင်းကြောင်း အမျိုးမျိုးအဖုံဖုံ ကွဲပြားနေသော နိုင်ငံ (၁၀) နိုင်ငံ ပေါင်းစည်းထားမှုကို ကိုယ်စားပြုနေသည်။

မြန်မာ့နိုင်ငံရေး သမိုင်းလည်ပြန်တွင် ဗဟိုဦးစီးစနစ်အောက်၌ နှစ်ပေါင်း ၃၀ ကျော် ဖြတ်သန်းလာခဲ့ရသော မြန်မာနိုင်ငံသည် ယခုမှ ဒီမိုကရေစီ လမ်းကြောင်းသစ်ကို လျှောက်လှမ်းနေဆဲ ဖြစ်သည်။ အမှားအယွင်း ပြုလုပ်၍ မရသလို အမြန်နှုန်းကိုလည်း ထိန်းညှိရန် လိုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ Power Game ၌ အဓိကနေရာကို ရောက်ရှိလာသည်မှာ တရုတ်နိုင်ငံ အရှိန်အဟုန်ဖြင့် ကမ္ဘာ့စင်မြင့်အပေါ် တက်လှမ်းလာခြင်းနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ တရုတ်နိုင်ငံ ထိန်းချုပ်ရေးကို တစ်ဖက်မှ ဖော်ဆောင်လျက် တစ်ဖက်ကလည်း အမေရိက ဘွန်းများ ထိန်းချုပ်ထားခြင်းကြောင့် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်သော နှစ်လမ်းသွား မူဝါဒကို ဆောင်ရွက်နေကြောင်း တွေ့ရှိနိုင်သည်။

အာရှဒေသ၏ ပါရာဒိုင်းသည် နိုင်ငံတကာ၏ အနာဂတ် ဖြစ်လာနေသော မျက်မှောက်ကာလတွင် အာဆီယံသည် ကမ္ဘာ့နိုင်ငံ အားလုံး၏ ဗဟိုပြုရာ ရပ်ဝန်းဒေသ ဖြစ်လာနေသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ထီးပြိုင် နန်းပြိုင် အားပြိုင်မှုသည် ပစိဖိတ်သမုဒ္ဒရာမှ အိန္ဒိယသမုဒ္ဒရာသို့ ရွှေ့ပြောင်းလာနေသည်မှာ ယခုနောက်ပိုင်းတွင် ပို၍ပို၍ ထင်ရှားလာနေသည်။ ဥရောပနိုင်ငံများ၏ ထီးနန်းလက်လွှတ်ရမှု၏ အခြားတစ်ဖက်တွင် အာရှနိုင်ငံများ၏ ထီးရိပ် နန်းရိပ် ပိုမိုကြီးမား ကျယ်ပြန့်လာနေသည်။  ယင်း Power Game များတွင် အာဆီယံသည် ကစားကွင်းဖြစ်လာနေရာ အိမ်ရှင်အာဆီယံထက် ဧည့်သည်နိုင်ငံကြီးများ၏ ကစားကွက်က ပိုမို ပြင်းထန်လာနေသည်။ ဤတွင် အာဆီယံ၌လည်း သူ့ဘက်ကိုယ့်ဘက် ဆွဲဆောင်မှုများအကြား၌ အာဆီယံ ဗဟိုချက်ကျမှု ASEAN Centrality ကို မနည်း တောင့်ခံထားကြရကြောင်း တွေ့ရှိရသည်။

ပထဝီနိုင်ငံရေး၊ ပိုင်နက် နက်မြေ အငြင်းပွားမှု၊ အမျိုးသား အကျိုးစီးပွားများ တိုးတိုက်မှု စသည်တို့၏ အစွန်းထွက်အနေဖြင့် အမေရိက၏ လုံခြုံရေး ထီးရိပ်ကို ရပ်ခံတောင်းဆိုကြသည့် နိုင်ငံများ ရှိနေကြသလို နိုင်ငံရေး၊ စီးပွားရေးအရလည်း Super Power နိုင်ငံကြီးအပေါ် မှီခို အားထားနေကြသည့် နိုင်ငံများလည်း ရှိနေသဖြင့် အာဆီယံ၏ ပေါင်းစည်းမှုသည် Tips of the Iceberg ဖြစ်နေကြောင်း 
တွေ့ရှိနိုင်သည်။

National Interest   

မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ ရယူရေးသည် မည်သည့်နိုင်ငံ၏ National Interest ဖြစ်ပါသနည်း။ အစိုးရသစ်လက်ထက် ဒီမိုကရေစီနှင့် လွတ်လပ်ပွင့်လင်းသော နိုင်ငံရေးစနစ်ကို ဦးတည် ဆောင်ရွက်လာသည့် မြန်မာနိုင်ငံသည် နိုင်ငံရေးစနစ်အရ အိန္ဒိယနှင့် ပိုမို နီးစပ်လာမည့် အလားအလာ ဖြစ်ပေါ်လာသလို Myanmar Effect တစ်နည်း ဆိုရလျှင် Myanmar Factor သည် တရုတ်နိုင်ငံဘက်သို့လည်း ရိုက်ခတ်မှု ရှိနေသည်။

ဒီမိုကရေစီ ချန်ပီယံဖြစ်သော အမေရိကန် အနေဖြင့် Gray Zone မှ လွတ်ထွက်နိုင်ရန် ကြိုးပမ်းနေသော မြန်မာနိုင်ငံကို စည်းပြတ်စေရန် ကြိုးပမ်းလာသည်။ သို့သော် ယင်းတို့ မဟာဗျူဟာမှာ စေ့စပ်ညှိနှိုင်းမှုနှင့် ပိတ်ဆို့အရေးယူမှု ဒွန်တွဲ ဆောင်ရွက်သော  Dual Track ဖြစ်သည်။ မီးစ တစ်ဖက်၊ ရေမှုတ် တစ်ဖက်ဟူသော ယင်း နည်းလမ်းသည် အမှန်စင်စစ် Risk ယူထားခြင်းသာ ဖြစ်သည်။ ဤသည်ပင် Super Power ၏ National Interest ပင် ဖြစ်သည်။

တရုတ်ထောက်ကွက် အပြင် အာရှ-ပစိဖိတ်ဒေသ သြဇာ ဖြန့်ကြက်ရေး၌  ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံသည် ပစ်မှတ် ဖြစ်လာနေသည်။ အာဆီယံနိုင်ငံများကလည်း မည်သည့်အတွက်ကြောင့် ယင်းအလိုကျ မြန်မာနိုင်ငံကို ဖိအားပေးကြရ သနည်း။ ယင်းတို့၏ National Interest ပင် ဖြစ်သည်။ အာဆီယံနိုင်ငံများတွင် တရုတ်သြဇာလွှမ်းမိုးလာမှုနှင့် အတူ ကြုံတွေ့လာရသော စိန်ခေါ်မှုများမှာ အမျိုးမျိုး အဖုံဖုံ ရှုပ်ထွေးစွာ တည်ရှိနေကြောင်း တွေ့ရှိရသည်။ အာဆီယံ၏ ဗဟိုချက်ကျမှု ဟူ၍ ကြွေးကြော်နေကြသော်လည်း အာဆီယံ ရပ်တည်ချက် ကိုယ်နှိုက်ကပင် ခပ်ယဲ့ယဲ့ ဖြစ်နေသည်။

အာဆီယံဥက္ကဋ္ဌ ရယူရေးသည် မြန်မာနိုင်ငံ၏ National Interest လည်း မည်ပေသည်။ ဤသည်မှာ အာဆီယံ အဝန်းအဝိုင်းသို့ မြန်မာနိုင်ငံ အသစ်က ဂုဏ်ရည်တူ ဝင်ဆံ့ပြခြင်း ဟု ဆိုနိုင်သည်။  ဤအတွက်လည်း မြန်မာနိုင်ငံအနေဖြင့် သံခင်း တမန်ခင်း တိုက်ပွဲဝင်ရမည်။ ဆန်းမစ်ဒစ်ပလိုမေစီတွင် ပြတ်ပြတ်သားသား မေးခွန်းထုတ်ရမည်။ အကြောင်းရင်းမှာ အာဆီယံတွင် အစဉ်အလာ မရှိခဲ့ဖူးသော ဆန်းစစ်သုံးသပ်ချက်ကို ခံယူရခြင်းကြောင့် ဖြစ်သည်။ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံကို တန်းတူရည်တူ အဆင့်ဖြင့် ဆက်ဆံနိုင်ခြင်း၊ လက်ခံနိုင်ခြင်း မရှိသည်လော မေးခွန်းထုတ်ကြရပါလိမ့်မည်။

မြန်မာနိုင်ငံကို အထင်သေးခြင်း၊ နှိမ့်ချဆက်ဆံခြင်းတို့ကို အမျိုးသားရေး စိတ်ဓာတ်ရှိသူ မည်သည့် နိုင်ငံသားကမျှ လက်ခံနိုင်မည် မဟုတ်။ သို့သော် မြန်မာနိုင်ငံ၏ စီးပွားရေး အနေအထားအရ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်နေကြရသည်။ သူများ နိုင်ငံသားများ မလုပ်ချင်သော၊ မလုပ်လိုသော အလုပ်များကို မြန်မာများ လုပ်ကိုင်နေကြရသည်။


အကျိုးဆက်အားဖြင့် မြန်မာနိုင်ငံ ဆိုလျှင် ပြည်ပနိုင်ငံများက နှိမ့်ချ ဆက်ဆံလာကြသည်။ ဤအခြေအနေကို အစိုးရသစ်လက်ထက် စတင် ပြောင်းလဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်။ ယခုသက်တမ်းတွင် အတိုင်းအတာတစ်ရပ် အထိ ပြောင်းလဲနိုင်မည်ဟု မျှော်လင့်မိသည်။ ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံ၊ ဘယ်ဒေသရောက်ရောက်  “မြန်မာ” ဟူသည်နှင့် တလေးတစား ဆက်ဆံကြသော ဆက်ဆံရေး အသစ်များ တိုးတက်ဖြစ်ပေါ်လာစေလိုသည်။

မဟာဇော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...