Saturday, November 5, 2011

ကြိုတင် ပြင်ဆင်ထားရမည့် သန္ဓေတားခြင်း

by Moenge Aung on Sunday, November 6, 2011 at 9:59am

 7Day News Originally posted

သီတင်းကျွတ် အချိန်အခါ ကျရောက်လာသည့် အချိန်တွင် ဝါကျွတ်ကာလ မင်္ဂလာပွဲများလည်း ယှဉ်တွဲပြီး ကျင်းပလေ့ရှိသည်မှာ မြန်မာတို့၏ ဓလေ့ထုံးစံပင် ဖြစ်သည်။  မင်္ဂလာပွဲ တစ်ခုသည် သတို့သားနှင့် သတို့သမီးတို့အတွက် ဘဝတစ်ခု စတင်မှု ဖြစ်ပြီး တစ်သက်မှ တစ်ခါ ဆောင်ရသည့် မင်္ဂလာပွဲအတွက်  ကာယကံရှင် သတို့သား၊ သတို့သမီး အပြင် မိတ်ဆွေ ဆွေမျိုးများပါ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးလေ့ ရှိသော်လည်း မင်္ဂလာပွဲ ပြီးချိန်အထိ    အတောမသတ်နိုင်အောင် အလုပ်ရှုပ်ကြသည်မှာလည်း ထုံးစံပင်။ သို့သော် မင်္ဂလာ မောင်နှံများအတွက် မင်္ဂလာပွဲ အောင်မြင် ပြည့်စုံစွာ ပြီးဆုံးသွားဖို့သည် အရေးကြီးသကဲ့သို့ပင် ကျန်းမာရေးဆိုင်ရာ ကြိုတင် ကာကွယ်မှုများကလည်း မမေ့မလျော့ ကြိုတင် ဆောင်ရွက်ရမည့် အကြောင်းအရာ တစ်ခု ဖြစ်သည်။  မင်္ဂလာဆောင်ပြီး ကိုယ်ဝန် ချက်ချင်းယူကြမည့် စုံတွဲများအတွက် မလိုအပ်သော်လည်း အချိန် အနည်းငယ်ကွာမှ ရင်သွေးယူရန် စီစဉ်ထားသူများအနေဖြင့် မင်္ဂလာမဆောင်ခင်၊ အတူ မနေခင်ကတည်းက စတင်၍ ကိုယ်ဝန် ကာကွယ်ရေး နည်းလမ်းများအား ကြိုတင် ပြုလုပ်ထားရမည် ဖြစ်သည်။

“သန္ဓေတားတယ်ဆိုတာ ချက်ချင်း လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ ကိုယ်နဲ့ သင့်တော်မယ်ထင်တဲ့ ဆေးအမျိုးအစားတွေကို ဆရာဝန်နဲ့ တိုင်ပင်လုပ်သင့်တာ ဖြစ်သလို မင်္ဂလာဆောင်တဲ့ရက် မတိုင်ခင် နောက်ဆုံး ဓမ္မတာလာတဲ့ အချိန်ကတည်းက ကြိုတင် ကာကွယ်ထားသင့်တာမျိုးပါ”ဟု ဒေါက်တာထွန်းသိန်းက ပြောသည်။ အမျိုးသမီးများတွင် အမ သားဥကြွေခြင်းသည် ဓမ္မတာခွင်တစ်ခုနှင့် တစ်ခုကြား အလယ်လောက်တွင် ယေဘုယျအားဖြင့် ဖြစ်ပေါ်လေ့ရှိပြီး ၂၈ ရက် တစ်ကြိမ် (သို့မဟုတ်) ရက် ၃၀ တစ်ကြိမ် မှန်မှန် ဓမ္မတာလာသည့် အမျိုးသမီးများအတွက် ၁၅ ရက်နှင့် ၁၈ ရက်ကြားတွင် အမသားဥ ကြွေလေ့ရှိသည်ဟု  ပညာရှင်များမှ အကြမ်းဖျင်း ခန့်မှန်းလေ့ ရှိကြသည်။ “မင်္ဂလာ မဆောင်ခင်ကတည်းက ကြိုပြီး ကိုယ်ဝန်တားဆေး ထိုးဖို့ လူကြီးတွေက သတိပေးတယ်။ ကျွန်မမိတ်ဆွေ တစ်ယောက်က သူက အဲလိုမျိုး ကြိုထိုးရမယ်မှန်း မသိတော့ မင်္ဂလာဆောင်ပြီး ကိုယ်ဝန်ယူမယ်လို့  မရည်ရွယ်ထားပေမယ့် ရသွားတဲ့ အကြောင်းလည်း သိထားလို့လေ”ဟု အသက် ၂၉ နှစ်အရွယ် မကေကေက ပြောသည်။

သန္ဓေတားဆေးများသည် အမသားဥ မကြွေစေရန် လှုံ့ဆော်ပေးသည့်  ဟော်မုန်းဓာတ်များ ပါဝင်လေ့ရှိသဖြင့် သားသမီးမရစေခြင်း ဖြစ်ပြီး အမျိုးသားနှင့် အတူမနေခင် အချိန်ကပ်ပြီး သုံးရသည်မျိုး မဟုတ်ဘဲ    ခန္ဓာကိုယ်မှ သားဥမကြွေခင် အချိန်ကတည်းက စတင်၍ သုံးစွဲရသည်မျိုး ဖြစ်သည်။ “အများစုကတော့ ကြိုတင် ကာကွယ်ဖို့ မေ့နေတာများတဲ့အတွက် အရေးပေါ် ကာကွယ်ဆေးတွေ သုံးရတာမျိုးတွေ များတယ်။ ဒါပေမဲ့ အဲဒီဆေးတွေကလည်း အမြဲသုံးလို့ မကောင်းတဲ့အပြင် ဆေးသောက်တဲ့အချိန် နောက်ကျလို့ သောက်နည်း မမှန်လို့ စတာတွေကြောင့်လည်း ကိုယ်ဝန်ရသွားတာမျိုး ဖြစ်နိုင်ပါတယ်”ဟု အဆိုပါဆရာဝန်က ဆက်လက် ပြောသည်။ ကိုယ်ဝန် ကာကွယ်သည့်    သန္ဓေတားဆေးများသည်လည်း ယခုအချိန်တွင် ဈေးကွက်အတွင်း၌ အမျိုးပေါင်းများစွာ ရှိနေပြီး ကျွမ်းကျင် ဆရာဝန်နှင့်တိုင်ပင်၍ မိမိနှင့် အသင့်တော်ဆုံး ဖြစ်နိုင်သည့် နည်းလမ်းများ အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်သည်။ သားဆက်ခြားသည့် နည်းလမ်းများ အသုံးပြုကြသည့်အခါတွင် အများဆုံး သုံးကြသည့် နည်းလမ်းများမှာ ရက်ရှောင်နည်း၊ စားဆေး၊ တစ်လခံ ထိုးဆေးနှင့် သုံးလ ထိုးဆေးများ အသုံးများကြပြီး ငွေကြေး တတ်နိုင်သူများမှာ လက်မောင်း အတွင်းထည့် ပစ္စည်း၊ သားအိမ်တွင်းထည့် ပစ္စည်းများ အသုံးများကြကြောင်း သိရသည်။

“ဘယ်လိုနည်းလမ်းပဲ သုံးသုံး အဓိကကတော့ ကိုယ်နဲ့ သင့်လျော်ဖို့ပါပဲ။ ပထမဆုံး သုံးတဲ့သူပဲ ဖြစ်ဖြစ် ကလေးရှိပြီးသား သူပဲဖြစ်ဖြစ် တတ်နိုင်တဲ့ ငွေကြေး သင့်လျော်တဲ့ ကာကွယ်နည်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးနိုင်ပါတယ်”ဟု သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ဦးက ပြောသည်။ ပထမဆုံး အသုံးပြုသူများအနေဖြင့် မည်သည့်နည်းလမ်းသည်  အသင့်တော်ဆုံးဟူ၍ မရှိဘဲ မိမိအတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံး ဖြစ်နိုင်မည်ထင်သော နည်းလမ်းများအား အသုံးပြုနိုင်ကြောင်း သိရသည်။ “တားဆေးတွေကို နှစ်ပေါင်းများစွာ ရေရှည်စားရင်တော့ မကောင်းပါဘူး။ တားဆေးရယ်မှ မဟုတ်ဘူး။ ဘယ်နည်းနဲ့ပဲ ကလေးမရအောင် သားဆက်ခြားခြား တစ်နည်း တစ်မျိုးတည်းနဲ့  ရှစ်နှစ်တန်သည် ဆယ်နှစ်တန်သည် တောက်လျှောက် မထားသင့်ဘူး။ ဥပမာ စားဆေးနဲ့ နှစ်နှစ်ထိန်းလိုက် သားအိမ်ထဲ ပစ္စည်းထည့်တာနဲ့ နှစ်နှစ်ထိန်းလိုက်၊ ထိုးဆေးနဲ့ နှစ်နှစ်ထိန်းလိုက် စသည်ဖြင့် အဲလို ထိန်းသင့်ပါတယ်”ဟု ဒေါက်တာကျော်သက်ခိုင်က သူ၏ ရွှေလက်မြဲမြဲ တွဲနိုင်စေ စာအုပ်ထဲတွင် ရေးသားထားသည်။
ဆေးဝါးတိုင်းတွင် ဘေးထွက် ဆိုးကျိုးများလည်း ရှိသဖြင့် ကျွမ်းကျင်ဆရာဝန်နှင့် တိုင်ပင်၍ ရွေးချယ်သင့်ပြီး အများဆုံး ဖြစ်ပွားကြသော ဘေးထွက်ဆိုးကျိုးမှာ ခန္ဓာကိုယ်အလေးချိန် တက်လာခြင်း ဖြစ်သည်။ သောက်ဆေးသည် သန္ဓေတားပေးပြီး  ပုံမှန်သွေးဆင်းလေ့ရှိပြီး ၃ လဆေးမှာ ထိုးပြီးသည့် အချိန်မှ စတင်၍ ဆက်တိုက် ထိုးနေသည့် အချိန်အထိ သွေးမဆင်းတော့ပေ။ တစ်လခံ ထိုးဆေးတွင်လည်း  ဆေးထိုးပြီး တစ်လမပြည့်သော်လည်း သွေးပြန်ပေါ်သည့် အချိန်တွင်  ပြန်လည် ဆေးထိုးရမည်ကို မသိဘဲ တစ်လပြည့်သည်အထိ စောင့်ရမည်ဟူသော  နားလည်မှု လွဲမှားခြင်းများကြောင့် ကိုယ်ဝန် ရရှိသွားသည်များလည်း ရှိသဖြင့် ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာ၍ မိမိတို့၏ မိသားစုစီမံကိန်းကို ပြည့်စုံအောင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ယနေ့အချိန်တွင်  ကျန်းမာရေးဗဟုသုတ ပြည့်ဝပြီး ငွေကြေးတတ်နိုင်သူများ အနေဖြင့် ကိုယ်ဝန် တားဆီးပေးနိုင်သည့် ဆေးဝါးများအပြင် အမျိုးသားများနှင့်အတူ နေထိုင်ပြီး ကူးစက်နိုင်သည့် သားအိမ်ခေါင်းရောဂါ ကဲ့သို့သော ကာကွယ်ဆေးများကိုပါ အသုံးပြုလာကြကြောင်း သိရသည်။ “ကိုယ်ဝန် တားဆေးကတော့ ကိုယ်ဝန် မရလာနိုင်အောင်ပဲ တားဆီးပေးတာလေ။ တခြား ကူးစက်ရောဂါတွေတော့ မကာကွယ်နိုင်ဘူး”ဟု ဒေါက်တာထွန်းသိန်းက ပြောကြားသည်။

ဝတ်ရည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...