မီဒီယာထဲက မီဒီယာသမားများ
တလောက
အင်တာနက်မှ ‘The Bang Bang Club’ ဟူသော ရုပ်ရှင်ဇာတ်ကားတစ်ကား
ကြည့်ရပါသည်။ လူမျိုးစု ပဋိပက္ခဖြစ်နေသော တောင်အာဖရိကတွင် စွန့်စွန့်စားစား
သတင်းဓာတ်ပုံ ရိုက်ယူကြသော ဓာတ်ပုံသတင်း ထောက်များ အကြောင်းဖြစ်သည်။
အရိုးပေါ်အရေတင် ပုံလဲကျနေသော ကလေးတစ်ယောက်ကို ခပ်လှမ်းလှမ်းက လင်းတတစ်ကောင်
စောင့်နေသည့် နာမည်ကြီး သတင်းဓာတ်ပုံလည်းပါသည်။
ဇာတ်လမ်းဖြစ်ပျက်သည့် ကာလ က
၁၉၉၄ ဟုပြထားရာ ထိုအချိန်က လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ခဲ
Published By Myat Shu Team On Sunday, November 6th 2011. Under တစ်နှစ်ပြည့်အထိမ်းအမှတ်, မျက်ရှု, သီချင်း၊ ရုပ်ရှင်
“ ဒီလောက် ဆိုးဝါးတဲ့အဖြစ်တွေ မြင်ရရင် သူတို့ကြားဝင်ပြီး လာကူညီကြမှာပေါ့နော်. ”
သတင်းထောက် က ပြောသည်။
“ လူတွေက ဒီသတင်းကိုကြည့်ပြီးရင် အိုး . . တော်တော်ဆိုးတာပဲ လို့ပြောကြလိ့်မ်မယ်။ ပြီးတော့လဲ သူတို့ညစာ သူတို့ဆက်စားကြမှာပေါ့ဗျာ ”
သတင်းထောက်၏ စကားအဆုံး ‘ပေါ’ တစ်ယောက် စိတ်ပျက်အားလျော့သွားသည်။ အောင့်သက်သက်နှင့် လက်ခံ ရမည့် လူ့သဘာဝ အမှန်တရားတစ်ခုဟု ဆိုရမည်ဖြစ်ပါသည်။
တဆက်တည်းပင် ဂျာနယ်လစ်များအကြောင်းရိုက်ကူး
A Mighty Heart (2006)
၂၀၀၂ ခုနှစ်ဦးပိုင်းက ပါကစ္စတန်တွင် အစွန်းရောက် မွတ်စလင်အကြမ်းဖက်သမားတို့ လက်ချက်ဖြင့် မရှုမလှ အသက်ဆုံးရှုံးခဲ့သော ‘ဝေါစထရိ’ ဂျာနယ်သတင်းထောက် ‘ဒေနီရယ်ပါး’ အကြောင်း။ ‘ပါး’ ၏ ဇနီးဖြစ်သူ ‘မာရီယောန်း ပါး’ ၏ စာအုပ်ကို ရုပ်ရှင်ရိုက်ထားခြင်း ဖြစ်ပါသည်။ ‘ပါး’ အကြောင်းထက် သူပျောက်ဆုံးသွားပြီးနောက် ပါကစ္စတန် ထောက်လှန်းရေးများ၊ ပါး၏ မီဒီယာ အသိုင်းအ၀ိုင်းတို့၏ လှုပ်ရှားမှုများကို ဇနီးဖြစ်သူ ရှုထောင့်မှ တင်ပြထားခြင်း ဖြစ်သည်။ အန္တရာယ်များလှသော ပတ်ဝန်းကျင်တွင် ပျောက်ဆုံးသွားသော လင်ယောက်ျား ဖြစ်သူအတွက် ဆုတောင်းရင်း မျှော်လင့်ချက်ဖြင့် စိတ်နှလုံး ပူလောင်ကျွမ်းနေသော ဇနီးသည် ‘မာရီယောန်း’ အဖြစ် ‘အင်ဂျလီနာဂျိုလီ’ တော်တော် သရုပ်ဆောင် ကောင်းပါသည်။ ဇနီးတစ်ယောက်၏ စိုးရိမ်ပူပန်မှုနှင့် သောကကို သူ၏ သရုပ်ဆောင်မှုမှာ ထင်ထင်ရှားရှား တွေ့ရသည်။ အဲဒီအချိန်က သူ့မှာ လွတ်လွတ်လပ်လပ်လည်း မဟုတ်။ ကိုယ်ဝန် အရင့်အမာကြီးနဲ့ ဖြစ်သည်။ သူက အကြမ်းဖက်သမားများသို့ ရုပ်သံမှတဆင့် တောင်းပန်သည်။ ယောက်ျား၏ လက်ကိုင်ဖုန်းသို့ message များ ပို့သည်။ ညစဉ် သောကနှင့် ဖိစီးနေသည်။ နောက်ဆုံး ကံဆိုးရှာသော ယောက်ျား၏ တုန်လှုပ်စရာ၊ မယုံကြည်နိုင်စရာ ကြမ္မာဆိုးကို သိသွားပါသည်။
စစ်ပွဲမှာ သတင်းလိုက်ရင်း ကျည်သင့်ပြီး သေဆုံးတာကမှ ဖြေသာလိမ့်ဦးမည်။ အခုဟာက မတော်တဆလည်း မဟုတ်။ ဒိုင်းကနဲ တစ်ချက်တည်းနှင့် ဘ၀ကူးသွားတာမျိုး မဟုတ်။ မိမိ၏ identity ကြောင့်၊ မိမိ၏ အသက်မွေးဝမ်းကြောင်း အလုပ်ကြောင့် တမင်သက်သက် အရှင်လတ်လတ် . . . . ။ ဆက်မတွေးရဲပါ။ လူတစ်ယောက်အဖို့ ဤကဲ့သို့ သေခြင်းမျိုးနှင့် ကြုံတွေ့ဖို့ ဖြစ်နိုင်ချေမှာ လွန်စွာမှပင် နည်းပါးပါလိမ့်မည်။ ဤအဖြစ်ဆိုးနှင့်မှ ကြုံတွေ့ရရှာသော ခင်ပွန်း။ ဇနီးဖြစ်သူ ဘယ်လို ခံစားရမလဲ။ ဘယ်လောက် နာကျင် တုန်လှုပ်လိုက်မလဲ။ ဘယ်လောက် အပူလုံးကြွလိုက်မလဲ။ သူ့နေရာက ၀င်ကိုယ်ချင်းစာကြည့်သည်။ မခံစားနိုင်ဘူးဟူသော အသုံးအနှုန်းသည် မလုံလောက်တော့ပါ။ ဒါဟာ တကယ်ဖြစ်ခဲ့တာ ဟူသော အသိက ကာယကံရှင် မပြောနှင့်၊ ဘေးက ကြည့်နေရသူပင် စိတ်တွေ နောက်ကျိပြီး ရူးချင်စိတ် ပေါက်သွားနိုင်လောက်ပါသည်။
၂၀၀၉ ခုနှစ်ကုန်ပိုင်းတုန်းကလည်း ဖိလစ်ပိုင်၊ မင်ဒါနာအိုတွင် သတင်းထာက်များ အစုလိုက် အပြုံလိုက် အသတ်ခံရသည်။ သမိုင်းတွင် ဂျာနယ်လစ်များအား အဆိုးဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ဖိလစ်ပိုင်သည် ဂျာနယ်လစ်များအတွက် အန္တရာယ်အကြီးဆုံးနေရာ ဖြစ်လာသည်ဟု ဖတ်ရသည်။ မက်ဆီကိုနှင့် တန်းတူပင်။ အန္တရာယ်များသော သက်မွေးဝမ်းကြောင်း ပညာရပ်များတွင် ဂျာနယ်လစ်ဇင်ပါသလား။ မီဒီယာသမားများသည် အခြား အသက်မွေးဝမ်းကြောင်း ပညာရှင်များထက် ကံအကြောင်း မလှကြတာများသလား။ ဗုဒ္ဓဘာသာအရ ဆိုရင်လျှင် ကိုယ်ပြုခဲ့သော ကံ၊ ကိုယ်ထံပြန်လာသည် ဆိုပြီး ဖြေသိမ့်ရမလား မသိ။ ဒီဇာတ်ကားက ခဏခဏ ပြန်ကြည့်ချင်သည့် ဇာတ်ကားမျိုးမဟုတ်။ သို့သော် ကြည့်ပြီးသွားလျှင် ခေါင်းထဲက တော်တော်နဲ့ ပျောက်မသွား။ တော်တော်ကြီး စိတ်အနှောင့်အယှက် ဖြစ်ကျန်နေခဲ့စေသော ဇာတ်ကား ဖြစ်ပါသည်။
Capote (2005)
မှုခင်းသတင်းရေးသားပုံနှင့် ၀တ္တုပုံစံကို ပေါင်းစပ်ပြီး Non-fiction novel ဟူ၍ တကယ့်ဖြစ်ရပ်ကို ၀တ္တုပုံစံ ရေးသားသည့်ဟန်ကို စတင်ခဲ့သည့် အမေရိကန် စာရေးဆရာ ‘ထရူးမင်းကပို့တီ’ အကြောင်း ဖြစ်ပါသည်။ ရုပ်ရှင်က ၁၉၅၉ ခုနှစ်က ဟိုးလေးတကျော် ဖြစ်သွားခဲ့သော ကန်းဆတ်ပြည်နယ်က မိသားစုတစ်စုလုံးကို သတ်သွားသည့် လူသတ်မှုတစ်ခုကို စာအုပ်ရေးဖို့ တရားခံဖြစ်သူအား အင်တာဗျူးရင်း စာရေးဆရာနှင့် တရားခံတို့ကြားက ဆက်ဆံရေး နှင့် စာအုပ်၏ အောင်မြင်မှုက တရိရိ တိုက်စားသွားခံရသည့် စာရေးဆရာ တစ်ယောက်အကြောင်း။
ရန်ငြိုးရန်စလည်း မရှိ။ မဖြစ်စလောက် ငွေကြေးအတွက်နှင့် မိသားစုတစ်စုလုံးကို သတ်ဖြတ်သွားသည့် လူသတ်မှုကို ကပိုးတီ စိတ်ဝင်စားသည်။ သာမန် သတင်းဆောင်းပါး ပုံစံထက် နက်နက်နဲနဲ စုံစမ်းပြီး ၀တ္တုအရှည်ကြီး ရေးချင်သည်။ ကပိုးတီက သူ ကျွမ်းကျင်သော လူမှုဆက်ဆံရေး အတတ်ပညာကို သုံးပြီး အမှုနှင့် ပတ်သက်သမျှ သတင်းအချက်အလက်များကို ရယူသည်။ တရားခံ နှစ်ယောက်အနက် ရိုးပုံလည်းပေါက်၊ အထီးကျန်ဖြစ်ပြီး စိတ်ဓာတ်ပျော့သည့်ပုံ ပေါ်သော ‘ပယ်ရီ’ကို အင်တာဗျူးဖို့ ရွေးလိုက်သည်။ ရဲအရာရှိကို လာဘ်ထိုးပြီး အကျဉ်းထောင် အခန်းထဲအထိ သွားကာ ပယ်ရီနှင့် ရင်းနှီးမှု ရယူသည်။
“ လူတွေက မင်းတို့အကြောင်းကို မသိရရင် မင်းတို့ကို သိပ်ဆိုးတဲ့ လူသတ်ကောင်တွေ ဆိုပြီး မုန်းတီးနေကြလိမ့်မယ် ” ဟုဆိုကာ သူသိချင်သမျှ ပြောပြရန် ဆွဲဆောင် စည်းရုံးသည်။ သူ့စာအုပ်ကြောင့် ပြစ်ဒဏ်မှ လျှော့ပေါ့ခံရနိုင်ကြောင်း၊ ရှေ့နေကောင်းကောင်း ငှားပေးမည် ဖြစ်ကြောင်း ပယ်ရီ့ကို အယုံသွင်းသည်။ ပယ်ရီက တဖြည်းဖြည်း ယုံကြည်လာပြီး သူ့ဘ၀အကြောင်းကို ငယ်ဘ၀မှစပြီး အကုန် ပြောပြရုံသာမက ဓာတ်ပုံများနှင့် သူ့ ဒိုင်ယာရီကိုပင် ကပိုးတီအား ယုံကြည်စွာ ပေးလိုက်သည်။ သို့နှင့် စာရေးဆရာနှင့် တရားခံကြားတွင် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု ပေါ်ပေါက်လာသည်။
နောက်ဆုံးတွင် အမှုက ကြိုးမိန့်ကျသည်။ စာအုပ်က ပြီးခါနီးပြီ။ ဇာတ်လမ်းအဆုံးသတ် မည်သို့ ဖြစ်မည်ဆိုသည်ကိုလည်း သိသည်။ သို့သော် အခင်းဖြစ်သည့်ညက အကြောင်းစုံ မသိရသေး။ စာအုပ်အတွက် အရေးအကြီးဆုံး ဖြစ်သည့် အခင်းဖြစ်သည့်နေ့က မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သေချာသိရဖို့ လိုသည်။ စာအုပ် မပြီးသေးသော်လည်း ကပိုးတီက စာအုပ်ကို အမည်ပင် ပေးပြီးပြီ။ ‘In Cold Blood’ တဲ့။ သူတို့ဘက်က ဖေးဖေးမမ ရေးပေးမည်ဟု ထင်ခဲ့သော ပယ်ရီက ဒါကိုသိတော့ မကျေနပ်။ ကပိုးတီက ဤအမည်ကို သူပေးခြင်း မဟုတ်ကြောင်း၊ ထုတ်ဝေသူက လူစိတ်ဝင်စားမည့် အမည်တစ်ခု ပေးလိုက်ခြင်းဖြစ်ကြောင်း လိမ်ညာပြောခဲ့သည်။
ဗဟိုတရားရုံးက ပယ်ရီတို့၏ အယူခံကို လက်ခံလိုက်ပြီး ပြစ်ဒဏ်ပေးဖို့ နှောင့်နှေး နေသောအခါ စာအုပ်ပြီးဖို့ စိတ်စောနေသော ကပိုးတီမှာ စိတ်တွေ ယောက်ယက်ခတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် တရားခံ နှစ်ယောက်ကို ကြိုးပေးပြစ်ဒဏ် မပေးမခြင်း သူဇာတ်သိမ်းခန်း ရေးလို့ မရနိုင်ပေ။ ပယ်ရီမှာ ကြိုးစင်ပေါ်တက်သည့် အချိန်ထိ ကပိုးတီ သူ့အတွက် ကြိုးစားပေးသွားသည်ဟု ယုံကြည်သွားသည်။ ဒါကို ကပိုးတီ ကောင်းကောင်းသိသည်။ ဒီအတွက် သူမခံစားနိုင်။ သူက သူနှင့် ပယ်ရီတွင် တူညီသည့် အချက်များရှိသည်ဟု ဆိုသည်။ ပယ်ရီရော၊ သူရော တကွဲတပြားစီ ဖြစ်နေကြသည့် မိသားစု (broken-family)မှ ကြီးပြင်းလာသူများ ဖြစ်သည်။ ‘homosexual’ ဖြစ်သော ကပိုးတီက ပယ်ရီအပေါ်သံယောဇဉ်လည်း ရှိသည်။ “ရှင် သူ့ကို ချစ်များချစ်မိနေလား ” ဟု အဖော်စာရေး ဆရာမက မေးသောအခါ သူက ငြင်းလည်း မငြင်း၊ ၀န်ခံခြင်းလည်း မပြု။ “ငါတို့နှစ်ယောက် တစ်အိမ်တည်းမှာ အတူ ကြီးပြင်းခဲ့ကြသလိုပဲ။ တစ်ရက်မှာ သူက အိမ်နောက် ဖေးပေါက်ကနေ ထွက်သွားပြီး ငါက အိမ်ရှေ့ပေါက်က ထွက်သွားခဲ့တယ်” ဟု ပြောခဲ့သည်။ ပယ်ရီတို့ ကြိုးစင်ပေါ် တက်တော့မည့် မိနစ်ပိုင်းအလို ပယ်ရီတို့ကို သွားတွေ့တော့ သူမျက်ရည်ကျသည်။ သူ့စိတ်တွင် ရှင်းမပြနိုင်သည့် ခံစားမှုတွေ စုပေါင်းဆုံနေမည် ထင်သည်။
သူ့အပေါ်ထားရှိသည့် တရားခံတစ်ယောက်၏ အားကိုးယုံကြည်မှုကို အမြတ်ထုတ်ပြီး စာအုပ်ရေးခဲ့သည့် “စာရေးဆရာ တစ်ယောက်၏ အတ္တ”။ တရားခံ၏ အရင်းနှီးဆုံးနှင့် နောက်ဆုံးမိတ်ဆွေ တစ်ယောက်အနေနှင့် တရားခံအပေါ် ထားရှိသည့် သူ၏ “လူသားဆန်မှု”။ ဒီစိတ် နှစ်ခုကြားမှာ သူပျောက်ဆုံးနေလိမ့်မည်ဟု ထင်သည်။
‘In Cold Blood’ သည့် ကပိုးတီ၏ အောင်မြင်မှုအရှိဆုံး စာအုပ်ဖြစ်ခဲ့သည်။ သို့သော် ဤစာအုပ်ကပင် သူ၏ ဘ၀ကို တမြေ့မြေ့ ပျက်စီးစေခဲ့သည်။ ဤ၀တ္တု ရေးပြီးနောက်ပိုင်း သူသည် အရက်နှင့် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲပြီး သေဆုံးသည့် အချိန်ထိ နောက်အနှစ် ၂၀ ကျော်လုံးလုံး စာတစ်အုပ်မှ ပြီးအောင် မရေးနိုင်ခဲ့။ သူ၏ အဆုံးမသတ်နိုင်ခဲ့သည့် နောက်ဆုံးစာအုပ်အတွက် ရေးထားသည့် အနှစ်ချုပ် စာကြောင်းတစ်ခုမှာ “ဆုတောင်းမပြည့်၍ ကျရသော မျက်ရည်များထက် ဆုတောင်းပြည့်၍ ကျရသော မျက်ရည်များက ပို၍ များလှပါသည်” ဟု ဖြစ်သည်။ ဤစာကြောင်းလေးကပင် ‘In Cold Blood’ စာအုပ် နောက်ပိုင်း သူဘယ်လို ဖြစ်ပျက်၊ ခံစားနေခဲ့ရသည်ကို ဖော်ပြနေပါသည်။
ပြစ်မှုကျူးလွန်ချိန်တွင် တရားခံတို့၏ စိတ်တွင် ဖြစ်နေသော စိတ်ခံစားမှုကိုလည်း ပယ်ရီ၏ ဖြောင့်ချက်များကို အခြေပြုပြီး ဒါရိုက်တာက နားလည်အောင် ပြသည်။ တကယ်တော့ ထိုမိသားစုတွင် ပိုက်ဆံတွေ အများကြီး ရှိသည်ဟူသော သတင်းကြောင့် ပယ်ရီတို့က ဓားပြတိုက်ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်က လူသတ်ဖို့အထိ မပါ။ ကံဆိုးချင်တော့ သတင်းကအမှား။ သို့သော် နောက်ဆုတ်လို့ ရမနိုင်တော့။ ဓားပြတိုက်ရသော်လည်း ပယ်ရီက စိတ်ရင်းကောင်းသူအဖြစ် သရုပ်ဖော်သည်။ အဖော်ဖြစ်သူက အိမ်ရှင်ကောင်မလေးကို ဗရုတ်ဗရက် လုပ်ဖို့ ကြိုးစားတော့ ပယ်ရီက တားခဲ့သည်။ ကြိုးတုပ်ခံရပြီး တုံးလုံးလဲနေသော အဖိုးကြီး နေရထိုင်ရ သက်သာဖို့ ခေါင်းအောက်တွင် ခေါင်းအုံးတစ်ခုခံ ထားပေးခဲ့သေးသည်။
အဖိုးကြီးက သူ့ကို ကြည့်သော အကြည့်ကို သူမခံနိုင်။ ထိုအခိုက်အတန့်လေးကို နောင်တ ဖိစီးနေသော မျက်နှာနှင့် ပယ်ရီက မျက်ရည်များ စီးကျပြီး ပြောပြသည်။
“အဖိုးကြီးဟာ လူကောင်းတစ်ယောက်ပါ။ သူ့အကြည့်မှာ ကျွန်တော်ဟာ သူ့ကို သတ်တော့မယ်လို့ သူထင်နေတယ်။ ကျွန်တော် သိပ်ကို ရှက်မိတယ်။ သူ့လည်ပင်းကို ဓားနဲ့လှီးပစ်မိတယ်။ အသံဗလံတွေ ကြားမှ ကျွန်တော် အသိစိတ်ပြန်ဝင်လာတယ် ”
ထို့နောက် ရုတ်ချည်းပင် ပယ်ရီက သေနတ်ကို ဆွဲယူပြီး အဖိုးကြီးကို ပစ်သတ်လိုက်သည်။ ဆက်တိုက်ဆိုသလို အဖိုးကြီး၏ သား။ ထို့နောက် အပေါ်ထပ် တက်သွားပြီး မိန်းမနှင့် သမီးဖြစ်သူကိုလည်း ပစ်သတ်လိုက်ပါသည်။
In Cold Blood ကိုရုပ်ရှင် ပြန်ရိုက်သော အဖြူအမည်း ရုပ်ရှင်တစ်ကားလည်း ရှိသည်။ နာမည်ကလည်း ‘In Cold Blood’ (1967)။ ဒီဇာတ်ကားမှာတော့ ပယ်ရီက အဖိုးကြီးကို မသတ်ခင် အခိုက်အတန့်လေးတွင် ငယ်စဉ်က ဖခင် အနိုင်ကျင့်မှုများကြောင့် စိတ်တွေ ယောက်ယက်ခတ်နေပုံကို သရုပ်ဖော်ထားသည်။ ‘In Cold Blood’ ၀တ္တုမှာလည်း နာမည်ကြီးလှသည်။ ‘သွေးအေးအေးနဲ့ ‘ ဟု ဆရာတင်ထွေး ၏ မြန်မာဘာသာပြန် ရှိသည်ဟု ကြားဖူးသည်။ (မဖတ်ဖူးသဖြင့် အမှတ်မှားနိုင်ပါသည်။ ဒုတိယအကြိမ် ပြန်ထုတ်သည်ဟုလည်း မကြားမိပါ။) ဂျိမ်းစ်ဘွန်း မင်းသား ‘ဒေနီရယ်ခရစ်’ က ပယ်ရီ အဖြစ်သရုပ်ဆောင်သော ‘Infamous’ (2006) ဟူသော တစ်ကားလည်း ရှိသည်။ ဤဇာတ်ကားကလည်း ပယ်ရီအကြောင်းကို ပိုပြီး ဦးစားပေးပြသည်။ သုံးကားစလုံးအနက် ပထမဆုံး ကြည့် ဖူးသော ‘Capote’ ကို အကြိုက်ဆုံး ဖြစ်သော်လည်း ‘Capote’ ရော၊ ‘Infamous’ ရော တစ်မျိုးစီ ကောင်းကြသည်။ မတူသည့် ရှုထောင့်မှ ရိုက်ကူးထားသော ဇာတ်ကားနှစ်ကားက စာရေးဆရာ ထရူးမင်းကပိုးတီနှင့် ပယ်ရီတို့၏ အဖြစ်အပျက်ကို ပိုပြီး ပြည့်စုံသွားစေသည် ဟု ထင်ပါသည်။
All the President Men (1976)
အမေရိကန်သမ္မတ နစ်ဆင် ရာထူးမှ နှုတ်ထွက်ရစေသော ၀ါးတာဂိတ် အရှုပ်တော်ပုံကို ဖော်ထုတ်ကြသော ‘၀ါရှင်တန်ပို့စ်’ သတင်းစာမှ သတင်းထောက် နှစ်ယောက်အကြောင်း (ရောဘတ်ရက်ဖို့နှင့် ဒတ်စတင်ဟော့ဖ်မင်း) ဖြစ်ပါသည်။ သမ္မတ၏ အတိုက်အခံပါတီ ဖြစ်သော ဒီမိုကရက်တစ် ဌာနချုပ်ကို လျှို့ဝှက်စုံစမ်း ထောက်လှမ်းရန် ဖောက်ထွင်း ၀င်ရောက်မှုကို သတင်းလိုက်ရာက စီအိုင်အေ နှင့် အိမ်ဖြူတော် လူကြီးများအထိ ပါဝင် ပတ်သက်နေကြသော အရှုပ်တော်ပုံကြီးကို ဖော်ထုတ်မိကြသည့် အကြောင်း ဖြစ်ပါသည်။
သတင်းထောက်နှစ်ယောက် အမှုနှင့် ပတ်သက် ဆက်နွယ်သူများကို သတင်းနှိုက်၊ သတင်းအစ် လှည့်ပတ်မေးကြသည်။ သတင်းရင်းမြစ် ဖော်ပြလို့ မရသည့် အမည်မဖော်လိုသည့် အစိုးရ အသိုင်းအ၀ိုင်းက အတွင်းလူ သတင်းပေး တစ်ယောက်လည်း ပါသည်။ ဖောက်ထွင်းမှုက စီအိုင်အေနှင့် ပတ်သက်နေရုံမက သမ္မတ၏ အထူးအကြံပေး အရာရှိ၊ အိမ်ဖြူတော် အကြီးအကဲ၊ သမ္မတ မဲဆွယ်ပွဲအတွက် ရန်ပုံငွေများနှင့်လည်း ဆက်စပ်နေသည်။ သတင်းထောက် နှစ်ယောက်ကား ဂျာနယ်လစ်မှန်လျှင် အားနာနေ၍ အလုပ်မဖြစ်ဟူသော အယူအဆကို လက်ကိုင်ထားပြီး သူတပါး၏ လုံခြုံရေး (privacy) ကိုပင် မငဲ့၊ ညကြီးမင်းကြီး တံခါးခေါက်ကာ သိချင်သည့် အချက်အလက်ကို ရအောင် မေးကြသည်။ သတင်းရင်းမြစ်က မတိကျသဖြင့် အတည်ပြုချက် ရအောင် တယ်လီဖုန်းတစ်လုံးနှင့် လှည့်ပတ် အစ်အောက် စုံစမ်းကြသည်။ အရှုပ်တော်ပုံတွင် ပါဝင် ပတ်သက်မိကြသူများ အောက်ခြေက ၀န်ထမ်းများ၊ စာရေးမများ စသည့် အင်တာဗျူးခံရသူများကလည်း သတင်းထောက် နှစ်ယောက်၏ ကျွမ်းကျင် လိမ္မာမှုကြောင့် ခေါင်းညိတ် ခေါင်းခါလုပ်ရင်း အချက်အလက်များ အတည်ပြုမိ သွားကြသည်။ (ကိုယ့်ဆီက အချက်အလက် နှိုက်ထုတ်မည့် ဂျာနယ်လစ် နှစ်ယောက်အား လက်မခံချင်သော်လည်း ရုပ်ပျက်ဆင်းပျက် ငြင်းဆန်တာမျိုး သိပ်မတွေ့ရ။ အင်တာဗျူးမခံ၊ မှတ်ချက်ပေးရန် ငြင်းဆန်ပါသည်ဟု အရေးခံရမှာစိုးလို့ ထင်သည်။)
ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါသည်။ သို့သော် အသည်းတယားယား၊ ရင်တမမနှင့် ကြည့်ရလောက်အောင်တော့ မဟုတ်။ ဖော်ထုတ် တွေ့ရှိရသည့် အချက်များက နောက်ဆုံး သတင်းထောက် နှစ်ယောက်၏ အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်လာပြီး ဘာဆက်ဖြစ်ဦးမလဲဟု သိချင်စိတ် ဖြစ်နေတုန်း နောက်ဆုံး သမ္မတနစ်ဆင်ရာထူးမှ နှုတ်ထွက်ပေးရသည်ဟု စာတန်းထိုးကာ ပြီးသွားသည်။ ဇာတ်လမ်းတင်ပြပုံက အမှုတွင် ပါဝင်ပတ်သက်သူများ အကြောင်းထက် သတင်းသမားနှစ်ဦး၏ လှုပ်ရှားမှုကို ဦးစားပေးပြီး မြန်မြန်ဆန်ဆန် ဇာတ်သိမ်းသွားသဖြင့် အားမလိုအားမရ ဖြစ်ရပါသည်။
Frost/ Nixon (2008)
ဝါးတားဂိတ် အရှုပ်တော်ပုံကြောင့် ရာထူးမှ ဆင်းပေးရသော အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်နှင့် ဗြိတိသျှဖျော်ဖြေရေး ရုပ်သံတင်ဆက်သူ ဖရော့စ်တို့၏ ရုပ်သံအင်တာဗျူးအကြောင်း ဖြစ်ပါသည်။
ဤအင်တာဗျူးသည် နှစ်ဘက်စလုံးအတွက် အသက်တမျှ အရေးကြီးသော အင်တာဗျူးဖြစ်သည်။ တကယ်တော့ သမ္မတနစ်ဆင်မှာ သူ့လက်ထက်တွင် တရုတ်ပြည်နှင့် သံတမန်ဆက်ဆံရေး စတင်နိုင်ခဲ့ခြင်းဖြင့် ကမ္ဘာကြီး၏ နိုင်ငံတကာ ဆက်ဆံရေးကို ပြောင်းလဲစေခဲ့သည့် နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ ဤအင်တာဗျူးမှတဆင့် ၀ါးတားဂိတ် အရှုပ်တော်ပုံကြောင့် ကျဆင်းခဲ့ရသော ဂုဏ်သိက္ခာကို ပြန်လှန်ချိန်ခွင်လျှာ ညှိနိုင်မည့် သူ၏ ဆောင်ရွက်ချက်များကို ပြောလို့ရသည်။ အင်တာဗျုးအတွက်လည်း ဒေါ်လာခြောက်သိန်း ရရှိထားသည့်အပြင် တွေ့ဆုံစကားပြောခန်း စီစဉ်သူ ပေါ့ပ် မီဒီယာသမားတစ်ဦး၏ မေးခွန်းများကို သိပ်ခက်ခက်ခဲခဲ ဖြေစရာမလိုဘဲ ဤအင်တာဗျူးကို အသုံးချ၍ သူ၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆည်နိုင်မည်ဟု ယုံကြည်ထားသည်။ ကံကောင်းလျှင် လူထု၏ ထောက်ခံမှု ပြန်လည်ရရှိပြီး နိုင်ငံရေးစင်မြင့်ပေါ် ပြန်ရောက်ရှိနိုင်မည် ဖြစ်သည်။
ဖရော့စ်အတွက် ဤအင်တာဗျူးသည် သူ၏ သက်တောင့်သက်သာ ရှိသော ဇုံထဲမှာ မဟုတ်။ အလေးအနက် ထားပြီး လုပ်ရမည့် အင်တာဗျူး ဖြစ်သည်။ ရင်းနှီးထားရသည်က ငွေကြေးနှင့် သူ့အသက်မွေးဝမ်းကြောင်း တစ်ခုလုံးသာမက။ သူအမေးမတတ်၍ သမ္မတကြီး အမြတ်ထွက်လျှင် သူပါ သမိုင်းတရားခံ ဖြစ်သွားနိုင်သည်။ နောက်ပြီး သူ၏ အရည်အချင်းကို ဘယ်သူမှ မယုံ၊ ဘယ်သတင်းဌာနမှလည်း သူ့အင်တာဗျူးကို မလိုချင်ကြပါ။ ဤအင်တာဗျူးတွင် သူအောင်မြင်အောင် မမေးနိုင်လျှင် ကွဲမည်။ သူ မပါးနပ်လျှင် သမ္မတကြီး၏ အသုံးချမှုကို ခံရမည်။ ပါးနပ်လိမ္မာစွာ မေးမြန်းနိုင်လျှင် သူအောင်မြင်မည်၊ နာမည်ကြီးမည်။
ဖရော့စ်က သူရရှိထားသော အချက်အလက်များကို အသုံးချပြီး ၀ါးတားဂိတ် ကိစ္စတွင် အစကတည်းက သမ္မတကြီး ပါဝင်ပတ်သက်မှု ရှိကြောင်း ၀န်ခံချက်ရအောင် ကြိုးပမ်းသည်။ သမ္မတကြီးက ရာထူးမှ နှုတ်ထွက်သွားခဲ့သော်လည်း အမေရိကန်လူထုအား တရားဝင် ၀န်ချတောင်းပန်ခြင်း မလုပ်ခဲ့။ သမ္မတကြီးအား ရုံးတင်စစ်ဆေးခြင်းလည်း မလုပ်နိုင်ခဲ့။ ထို့ကြောင့် သမ္မတကြီးအနေနှင့် အမေရိကန် ပြည်သူလူထုအား ပေးဆပ်ရန် အကြွေးရှိနေသည်။ ထို့ကြောင့် အင်တာဗျူးတွင် သမ္မတကြီးမှ အာဏာကို အလွဲသုံးစား လုပ်ခဲ့ကြောင်းနှင့် အမှားကိုဝန်ခံ၍ တရားဝင် တောင်းပန်စကား ရအောင်ကြိုးစားသည်။
ဇာတ်ကားသည် စိတ်လှုပ်ရှားစရာ အပြည့်နှင့် ဖြစ်သည်။ သို့သော် နစ်ဆင်နှင့် ဖရော့စ်တို့၏ တကယ့်အင်တာဗျူးကလိုတော့ အတိအကျမဟုတ်။ “အချက်အလက်တွေကြောင့် ဇာတ်လမ်းကောင်း တစ်ခု အပျက်စီးမခံနှင့်” ဟူသော စကားအတိုင်း အင်တာဗျူးတွင် မေးသမျှ၊ ဖြေသမျှတို့သည် တကယ့်အင်တာဗျူးမှာ မေးခဲ့၊ ဖြေခဲ့သည်များ မဟုတ်ပါ။ ဇာတ်လမ်းတစ်ခု အနေနှင့် ‘ထိ’ သွားအောင် ချဲ့ကား ပြောင်းလဲထားတာတွေ ရှိသည်ဟု သိရသည်။ သမ္မတနစ်ဆင်အကြောင်း နောက်တစ်ကားမှာ အငြင်းပွားစရာ သမိုင်းအချက်အလက်များကို ဇာတ်အိမ်ကြီးကြီး ရိုက်ကူးတတ်သော ဒါရိုက်တာ ‘အိုလီဗာစတုန်း’ ၏ ‘Nixon (1995)’ ဇာတ်ကား ဖြစ်ပါသည်။ အဲဒီ ဇာတ်ကားမှာတော့ မင်းသားကြီး ‘အန်တိုနီဟော့ပ်ကင်း’ က သမ္မတ နစ်ဆင်အဖြစ် သရုပ်ဆောင်သည်။
Veronica Guerin (2003)
အိုင်ယာလန်နိုင်ငံက Sunday Independence ၏ မှုခင်းသတင်းထောက် ‘ဘရော်နီကာ’ ၏ တကယ့် အဖြစ်ပျက်ဟု ဆိုသည်။ ထိုစဉ်က အိုင်ယာလန်မှာ လူငယ်တွေအကြား မူးယစ်ဆေးသုံးမှုက ဆိုးဝါးစွာ ပြန့်နှံ့နေသည်။ နေ့စဉ် လူတစ်သောင်းခွဲလောက် မူးယစ်ဆေး ထိုးသွင်းနေပြီး အသက် ၁၄ နှစ် အရွယ်တွေပင် ပါသည်ဟု ဆိုသည်။ ဘရော်နီကာက ကလေး၊ လူငယ်များကို ရည်ရွယ်ချက်ထားပြီး မူးယစ်ဆေးဝါး ဖြန့်ချိသည့် အဖွဲ့များနှင့် အာဏာပိုင်များ၏ အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်ဖို့ ကြိုးစားသည်။ မူးယစ်ဆေးဝါးများကို ဖြန့်ချိသည့် ခေါင်းဆောင်ကို သိလာသည်။ သို့သော် သက်သေမရှိ။ ရဲက မဖမ်း။ မူးယစ်ဆေး အဖွဲ့အချင်းချင်း လူမြင်ကွင်းမှာတင် အတင့်ရဲစွာ ပစ်ခတ် သတ်ဖြတ်တာတွေအထိ ဖြစ်လာသည်။ ဘရော်နီကာက မူးယစ်ဂိုဏ်းခေါင်းဆောင်၏ ပိုင်ဆိုင်မှု ပစ္စည်းများ၊ ၀င်ငွေများကစပြီး ခြေရာခံ လိုက်သည်။ သူက သတင်းလိုက်ရာတွင် လှည့်ပတ် အစ်အောက်တာတွေ သိပ်မသုံး။ မူးယစ်ခေါင်းဆောင်၊ ၎င်းနှင့် ပတ်သက်သူများကို ရဲရဲတင်းတင်းပင် လိုက်တွေ့ပြီး ဒဲ့မေးသည်။ သတ္တိရှိသည်ဟု ဆိုရမလား၊ ရဲတင်းလွန်းသည်ဟု ဆိုရမလား မသိ။ ကိုယ့်အပေါ် အန္တရာယ် ပြုလာနိုင်သည်ကိုပင် ဂရုမစိုက်။ မိသားစုကို ခြိမ်းခြောက်ခံရသည်။ ဥပဒေကို လက်တလုံးခြား လုပ်ပြီး အတင့်ရဲနေသည့် ဂိုဏ်းခေါင်းဆောင်၏ ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုကိုပင် ခံရသည်။ နောက်ဆုံး လူမြင်ကွင်းမှာ သေနတ်နှင့် ပစ်သတ်ခံရသည်အထိ။
ဘရော်နီကာ လုပ်ကြံခံရပြီးနောက် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်လာသည်။ အာဏာပိုင်များက နိုင်ငံအတွင်း မူးယစ်ဆေး တရားမ၀င် ရောင်းဝယ် သုံးစွဲနေမှုများကို အရေးတယူ ပြုလာရသည်။ သံသယဖြစ်ဖွယ် ရှိသူများ၏ ပိုင်ဆိုင်မှုပစ္စည်းများ၊ အိုးအိမ်များကို ခေတ္တခဏ ထိန်းသိမ်းထားနိုင်သည့်ဥပဒေ ရေးဆွဲသည်။ အစိုးရမှ ရာဇ၀တ်မှုနှင့် မကင်းသော ပိုင်ဆိုင်မှုများကို စစ်ဆေးကာ မူးယစ်ခေါင်းဆောင်များကို အရေးယူပြီး သူတို့၏ ပိုင်ဆိုင်မှုများကို ခဏတာ ထိန်းသိမ်းထားလိုက်သည်။ ဘ၀င်မကျစရာ တစ်ချက်က အိုင်ယာလန်နိုင်ငံ ဥပဒေများက မူးယစ်ခေါင်းဆောင်များကို နှစ်ရှည် ထောင်ဒဏ်လောက်သာ အပြစ်ပေးပြီး သေဒဏ်အထိ အရေးယူလောက်အောင် ပြင်းထန်မှု မရှိခြင်း ဖြစ်သည်။ ဥရောပ ဥပဒေများက ပြင်းပြင်းထန်ထန် မရှိခြင်းမှာ အံ့သြစရာ ကောင်းသည်။ ယခုနှစ်လယ်ပိုင်းတုန်းက လူ ၉၀ ကျော် သတ်ပစ်ခဲ့သော နော်ဝေက လူသတ်သမားပင် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂၁ နှစ်သာ အပြစ်ပေးသည်။
Nothing But the Truth (2008)
တကယ့် အဖြစ်အပျက်တော့ မဟုတ်။ သို့သော် တော်တော် ထိထိခိုက်ခိုက် ရှိလှသည့် သတင်းသမားတစ်ဦးအကြောင်း ဖြစ်သည်။ သတင်းရင်းမြစ်ကို လုံးဝမဖော်သော နိုင်ငံရေး သတင်းထောက်တစ်ဦး၏ ကြေကွဲစရာ အဖြစ်အပျက် ဖြစ်ပါသည်။
ဇာတ်လမ်း တည်ဆောက်ထားပုံက ဗင်နီဇွဲလားနိုင်ငံတွင် အမေရိကန် သမ္မတအား မအောင်မြင်သော လုပ်ကြံမှု နှင့် ပတ်သက်ပြီး အမေရိကန်အစိုးရက ဗင်နီဇွဲလားနိုင်ငံအပေါ် ပြန်လည်တုန့်ပြန် အရေးယူသည်။ စီအိုင်အေ၏ လျှို့ဝှက် အေးဂျင့်တစ်ဦးက ထိုလုပ်ကြံသည့် အစီအစဉ်တွင် ဗင်နီဇွဲလားသမ္မတ ပါဝင်သည့် အထောက်အထား မတွေ့ရကြောင်း အစီရင်ခံ တင်ပြခဲ့သည်။ သတင်းထောက် ‘ရေချယ်’ (ကိတ်ဘလန်ချက်) က အစိုးရက ထိုအစီရင်ခံစာကို လျစ်လျူရှုခဲ့ကြောင်းကို ထိုလျှို့ဝှက်စီအိုင်အေ အမျိုးသမီး၏ နာမည်နှင့်တကွ ဖော်ထုတ်ပြီး ရေးလိုက်သည်။ အစိုးရ သိက္ခာကျသည်။ သတင်းအား နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနှင့် အမျိုးသားလုံခြုံရေး အန္တရာယ်အဖြစ် သဘောထားကာ အစိုးရ အထူးရှေ့နေက ရေချယ်ကို ထိုစီအိုင်အေ အေးဂျင့်၏ အမည်ကို ပေးသော သတင်းရင်းမြစ်ကို ဖော်ထုတ်ပေးရန် တောင်းဆိုသည်။ ရေချယ်က ငြင်းဆန်သောအခါ ချက်ချင်း တရားစွဲ အရေးယူခံရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာသောအခါ ဂျာနယ်လစ်များကို ကာကွယ်ပေးထားသော ဥပဒေများကလည်း မကာကွယ်နိုင်။ ရေချယ်မှာ မြန်မြန်ဆန်ဆန်ပင် အထိန်းသိမ်းခံ ဘ၀သို့ ရောက်သည်။ ရေချယ် သတင်းဇစ်မြစ်ကို မထုတ်ဖော်မချင်း သတင်းစာတိုက်ကိုလည်း တစ်ရက်လျှင် ဒေါ်လာတစ်သောင်း ဒဏ်ငွေရိုက်သည်။ အမှုက ဗဟို တရားရုံးချုပ်အထိပါ ရောက်သည်။ တစ်နှစ်နီးပါး ကြာသွားသည်အထိ ရေချယ်ကား ရပ်တည်ချက် ပြတ်သားဆဲ။ ရှေ့နေကြီးကပင် အလျှော့ပေးလိုက်ဖို့ ဖျောင်းဖျသည်။ နောက်ဆုံး ရေချယ်မှာ သတင်းရင်းမြစ်ကို ဘယ်တော့မှ ဖော်မည်မဟုတ် ဆိုသည်ကို ပြည်နယ်တရားသူကြီး သဘောပေါက်သွားသောအခါ ရေချယ်ကို လွှတ်ပေးဖို့ ဆုံးဖြတ်ရသည်။ အစိုးရရှေ့နေကတော့ မကျေနပ်။
ရေချယ်မှာ သူ၏ ရပ်တည်မှုအတွက် သူ့မိသားစု ပျက်စီးသွားသည်။ သားနှင့် ခွဲနေရသည်။ ယောက်ျားကလည်း မစောင့်နိုင်တော့၊ နောက်မိန်းမ ယူသွားသည်။ မိမိတွင် ရှိသမျှ အားလုံးနှင့် လဲပြီး သတင်းရင်းမြစ်ကို ကာကွယ်သွားသော ခံပြင်းစရာ၊ ကြေကွဲစရာ ဂျာနယ်လစ်တစ်ဦး၏ ဘ၀ဖြစ်ပါသည်။
All the King’s Men (2006)
နာမည်ကြီးတွေ ပါသော်လည်း ဒီဇာတ်ကားက သိပ်မစွံပါ။ အမြဲမရွှင်မပြသော မျက်နှာနှင့် ‘ရှောင်ပင်း’က လူစီးယားနားပြည်နယ်၊ အုပ်ချုပ်ရေးမှူး ရာထူးအတွက် ရွေးကောက်ပွဲဝင်မည့် အမတ်လောင်း။ သူက အခြေခံလူတန်းစားများ၏ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားသူ ပေါ်ပြူလာ နိုင်ငံရေးသမား။ ‘ဂျုလော’က ရှောင်ပင်း၏ လက်ကိုင်တုတ် ဖြစ်သွားသော ဂျာနယ်လစ်တစ်ဦး။ ‘ဂျုလော’ ကို မီဒီယာဆုတွေတောင် ရထားခဲ့သော ဂျာနယ်လစ်တစ်ဦးအဖြစ် ပြထားသည်မို့ သူ၏ အရောင်ပြောင်းသွားသော ဇာတ်ကောင်စရိုက်က အံ့အားသင့်စရာ ကောင်းသည်။ ထက်မြက်သည့် သတင်းသမားတစ်ဦးက ဂျာနယ်လစ်ဟူသော ဂုဏ်သိက္ခာထက် နိုင်ငံရေးသမားတစ်ဦး၏ အခိုင်းစေခံဘ၀ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ရပ်တည်ချက်ကြောင့် ငယ်စဉ်က သူ့အား ပြုစုပျိုးထောင်ခဲ့သူ တရားသူကြီး သူ့ဆရာလည်း အသက်ဆုံးရှုံးခဲ့သည်။ ‘ရှောင်ပင်း’ကတော့ လက်လုပ်လက်စား၊ အခြေခံလူတန်းစားများ၏ အသည်းနှလုံးကို သိမ်းပိုက်နိုင်အောင် မိန့်ခွန်းအပြော ကောင်းသော နိုင်ငံရေးသမားအဖြစ် ဇာတ်ကောင်စရိုက် ကြွတက်နေသည်။
ဤရုပ်ရှင်၏ မူရင်းဝတ္တု All the King’s Men က ပူလစ်ဇာဆု ရခဲ့သည့် နာမည်ကြီးဝတ္တုဖြစ်သည်။ ဆရာ မောင်ဝံသက ‘မိုးမမြင်မြေမမြင်’ ဟူ၍ မြန်မာဘာသာပြန်သည်။ ဆရာ့ဘာသာပြန်မှာတော့ သတင်းစာသမား ‘ဂျက်’ ၏ စရိုက်ကို သူကိုယ်တိုင်က လူ့လောက ကောင်းရာကောင်းကျိုးအတွက် ကိုယ်တိုင် ခေါင်းဆောင်လုပ်ချင်တာထက် ခေါင်းဆောင်တစ်ယောက်၏ အနီးကပ် မိတ်ဆွေအဖြစ် ကူညီပေးလိုသူအဖြစ် သရုပ်ဖော်ထားပါသည်။ သူကူညီသော နိုင်ငံရေးခေါင်းဆောင်က အာဏာ၏ မူးယစ်တိုက်စားမှုကို မခံနိုင်ဘဲ လာဘ်ပေး လာဘ်ယူမှုများ၊ ခြိမ်းခြောက်မှုများဖြင့် သူ၏ အာဏာ လက်မလွှတ် ရစေရေး ကြိုးပမ်းလာသောအခါ ဂျက် က သူ့ဆရာ နိုင်ငံရေးသမားကြီးကို ထိုးနှက်တိုက်ခိုက်နိုင်ရန် ပြိုင်ဘက်လူတို့၏ နောက်ကြောင်း ရာဇ၀င်များ၊ အားနည်းချက်များကို စုံစမ်း ထုတ်ဖော်ရသည့် အောက်တန်းကျသည့် အလုပ်များကိုလုပ်ရင်း သူ၏ ဂုဏ်သိက္ခာမှာလည်း သူနှင့် ပတ်သက်သူ အားလုံးတို့၏ ဘ၀နှင့်အတူ ပျက်စီးသွားခဲ့ပါသည်။
Runaway Bride (1994)
အပြင်က ဂျာနယ်လစ်များလိုပင် ရုပ်ရှင်ထဲက ဂျာနယ်လစ်တွေ အဖြစ်က စိတ်ချမ်းသာစရာ သိပ်မရှိလှ။ သို့သော် ကြည့်ဖူးသမျှ ရုပ်ရှင်ကားထဲတွင် ဒီဇာတ်ကားမှ ‘ရစ်ချတ်ဂီယာ’က ကံအကောင်းဆုံး မီဒီယာသမားဟု ဆိုရမည်။ သူက hard news သမားတော့မဟုတ်။ ကော်လန်စား သတင်းထောက်။ မင်္ဂလာဆောင်ခါနီးတိုင်း တွင်တွင်ထွက်ပြေးနေသော သတို့သမီး ‘ ဂျူလီယာရောဘတ်’ အကြောင်း ဆောင်းပါးရေးဖို့ကြိုးစားရင်း နောက်ဆုံးသူနှင့် အကြောင်းပါးသွားသော ဇာတ်လမ်းဖြစ်သည်။ ဒါတောင် သတို့သမီးက သူနှင့် မင်္ဂလာဆောင်ခါနီး မြင်းတစ်စီးနှင့် ထွက်ပြေးလို့ သူ့မှာ ယာယီ အသည်းကွဲ ကျန်ရစ်သေးသည်။ စိတ်ချမ်းသာစရာ သိပ်မရှိလှသည့် အဖြစ်များနှင့် ပုံဖော်ခြင်းခံရသည့် မီဒီယာသမားများထဲက ပျော်စရာကောင်းသော ဂျာနယ်လစ်တစ်ဦး၏ ဇာတ်လမ်း ဖြစ်ပါသည်။ ရယ်လည်း ရယ်ရသည်။
Hunting Party (2006)
ဒီကားကတော့ နည်းနည်းချာသည်။ ထွက်ပြေးသတို့သမီးနှင့် အဆင်ပြေခဲ့သမျှ ‘ရစ်ချက်ဂီယာ’ တစ်ယောက် ကျည်ဆံ၊ ဗုံးဆံများအကြား အသေအလဲ ပြေးလွှားနေရသည်။ သူက ရုပ်သံသတင်းထောက်၊ ‘တဲရင့်ဟောင်းဝပ်’က ကင်မရာမင်း။ နာမည်ကြီး မင်းသားတွေ ဖြစ်သော်လည်း ဇာတ်လမ်းက လေးလေးနက်နက် မရှိ၊ ပေါ့ပျက်ပျက်။ တကယ့် အဖြစ်အပျက်ကို အခြေခံထားသည်ဟု ဆိုသည်။ မီဒီယာသမား နှစ်ယောက်က ကိုယ့်အလုပ် ကိုယ်လုပ်သည်မဟုတ်။ ဆာ့ဘ်လူမျိုးများကို အစုလိုက် အပြုံလိုက် သတ်ပြီး လူမျိုးစု သုတ်သင်ရေး လုပ်ခဲ့သော ဘောစနီးယား တောထဲက စစ်ရာဇ၀တ်ကောင်ကို အင်တာဗျူး ရုပ်သံရိုက်ဖို့တင်မက ဖမ်းဆီးပြီး အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး တင်ဖို့ ကြံစည်သည်။ ထိုသူပုန်ဗိုလ် ရှိသည့်နေရာကို စီအိုင်အေနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သိသော်လည်း မဖမ်း၊ တမင် လွှတ်ပေးထားသည်ဟု ဆိုသည်။ တောထဲမှာ သူတို့ကို စီအိုင်အေ မှတ်ပြီး အဖမ်းခံရသည်။ ကံကောင်း၍ လွတ်သည်။ အမေရိကန်သို့ စစ်လေယာဉ်ဖြင့် ပြန်ပို့မည်အလုပ် ထွက်ပြေးပြီး စောနက တောထဲက သူပုန်ဗိုလ်ကို သွားဖမ်းပြန်သည်။ ဒီဇာတ်ကားကတော့ အားရစရာမရှိပါ။ လိုင်းကြောင်သွားသော ဂျာနယ်လစ်နှစ်ယောက် အကြောင်းသာ ဖြစ်ပါသည်။
Beyond A Reasonable Doubt (2009)
တရားရုံးသို့ သက်သေခံပစ္စည်းများ ပြုပြင်လိမ်ညာ တင်ပြပြီး အမှုနိုင်အောင် ကြိုးစားသော ရှေ့နေကြီး (မိုက်ကယ် ဒေါက်ကလပ်) ၏ မသမာမှုကို ဖော်ထုတ်သော သတင်းထောက်တစ်ယောက် အကြောင်း။ အမှုတိုင်းကို အနိုင်ရအောင် လျှောက်လဲနိုင်သော ရှေ့နေကြီးက မကြာခင် မြို့တော်ဝန်အဖြစ် အရွေးခံဖို့ပင် ပြင်ဆင်ပြီးပြီ။ ရှေ့နေကြီး၏ လုပ်ရပ်ကို ဖော်ထုတ်မည့် သက်သေခံပစ္စည်းက ပျောက်ဆုံးသွားသောအခါ သတင်းထောက် ကိုလူလည်မှာ ဒုက္ခရောက်တော့သည်။ နောက်ဆုံး သူ့ကောင်မလေး အကူအညီဖြင့် ရှေ့နေကြီး၏ လုပ်ရပ်ကို ဖော်ထုတ်လိုက်နိုင်သော်လည်း သူလည်း ခြောက်ပစ်ကင်းသူ မဟုတ်။
State of Play (2009)
တကယ့်အဖြစ်ပျက်ကို ပြန်ရိုက်ထားခြင်း မဟုတ်သော်လည်း ဇာတ်လမ်း တည်ဆောက်ထားပုံက သတင်းစာလုပ်ငန်း၊ အစိုးရနှင့် ကြီးထွားလာသော ပုဂ္ဂလိက ကော်ပိုရေးရှင်းကြီးများ စသည်ဖြင့် လက်ရှိအရင်းရှင် ကမ္ဘာတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို နောက်ခံထားသောကြောင့် ကြည့်မိသည်နှင့် အဆုံးအထိ ဆက်တိုက် ကြည့်ဖြစ်သွားသော ဇာတ်ကား ဖြစ်ပါသည်။ ဂျာနယ်လစ်ဇင်နှင့် စုံထောက်ဇာတ်လမ်းကို ရောမွှေထားသော ဇာတ်လမ်းဖြစ်သည်။
ဇာတ်ကားထဲက အမေရိကန်နိုင်ငံတွင် အရင်းရှင်းစနစ်က အလွန်အားကောင်းနေသည်။ အစိုးရက ကာကွယ်ရေး လုပ်ငန်းများကိုပင် ပုဂ္ဂလိကသို့ ကန်ထရိုက် ပေးထားသည်။ ကော်ပိုရေးရှင်းကြီး တစ်ခုက စစ်တပ်မှ ထွက်လာသော စစ်သားများနှင့် အငြိမ်းစား စစ်ဗိုလ်များကို ၎င်းတို့ လက်ဝါးကြီးအုပ် ရယူထားသည့် လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးချသည်။
လွှတ်တော်အမတ် ‘ဘင်အင်ဖလက်’ က အမိမြေ ကာကွယ်ရေးဌာနကိုပါ ပုဂ္ဂလိက ကုမ္ပဏီများသို့ outsource ပေးရမည့် အခြေအနေကို သူလက်မခံနိုင်။ သူ့သူငယ်ချင်းဖြစ်သူ ‘ရပ်ဆဲခရိုး’က Washington Globe သတင်းစာ၏ ၀ါရင့်သတင်းထောက်။ သူက ထိုကာကွယ်ရေးလုပ်ငန်း ကန်ထရိုက်တာ ကုမ္ပဏီကြီးသည် သူလိုက်နေသော လူသတ်မှုများနှင့် ဆက်စပ်နေမည်ဟု သံသယရှိသည်။ သို့သော် သက်သေခံ အထောက်အထား မရှိ။ စုံစမ်းရင်း သူ့သူငယ်ချင်း အပါအ၀င် အမှုများတွင် ပတ်သက်နေသူများ၏ ဆက်စပ်မှုကို တွေ့လာရသည်။
အချက်အလက် အားလုံးရမှ၊ သေချာ ပြန်စစ်ပြီးမှ၊ အဖြစ်အပျက်တစ်ခုလုံးကို ဖော်ထုတ်ပြီး သတင်းဆောင်းပါး အပြည့်အစုံ ရေးချင်သည့် သတင်းထောက်နှင့်၊ တစ်ဖက်ကလည်း သတင်းစာ ရောင်းရဖို့လိုသည်၊ သတင်းတစ်ခုလုံး ရုပ်လုံးပေါ် ပြည့်စုံလာသည်အထိ စောင့်မနေနိုင်၊ ပြိုင်ဘက် သတင်းစာများက သတင်းဦးများ ရနေချိန်တွင် အချက်အလက် အကုန်လုံး ပြည့်စုံသည်အထိ စောင့်နေလို့မဖြစ်၊ သတင်းဦးကို ချက်ချင်း ထည့်ချင်သည့် မန်နေဂျင်း အယ်ဒီတာတို့၏ ပဋိပက္ခ။ (Hero (1992) ထဲက သတင်းထောက် အမျိုးသမီးကတော့ သတင်းများကို တစ်ခုပြီး တစ်ခု ဆက်စပ်အနံ့ခံလို့ မဆုံးနိုင်ပုံကို ကြက်သွန်ဥကို တစ်လွှာချင်း အခွံနွှာပြီး ဥပမာ ပေးသွားသည်။) အွန်လိုင်း ဂျာနယ်လစ်က အတွေ့အကြုံ မရှိသဖြင့် သတင်းကို အခြား သတင်းထောက်တစ်ဦးအား ပေးလိုက်မည်ကို ကန့်ကွက်သည့် မိမိ၏ သတင်းကို သူများ မပေးချင်သော သတင်းသမားတိုင်း၏ အတ္တ။ ကိုယ်တိုင် ကြိုးစားပမ်းစားရရှိသည့် သက်သေခံ အထောက်အထားများကို သတင်းအဖြစ် ထုတ်ဖော်ရေးလို့ ရသည်အထိ ထိန်းသိမ်းထားချင်သည့် မီဒီယာသမားကို မကျေနပ်သော ရဲ။ အိုင်တီဖွံ့ဖြိုးလာမှုနှင့် အတူ ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာတို့တွင် အွန်လိုင်းပရိသတ်က များလာပြီး သတင်းစာ ဖတ်ရှုသူ နည်းသွားသဖြင့် ရုန်းကန်နေရသည့် သတင်းစာတိုက်များ၏ အခြေအနေ စသည်ဖြင့် သတင်းသမားတို့၏ သဘာဝနှင့် လက်ရှိ မီဒီယာလောက၏ အခြေအနေများကို ထင်ဟင်အောင် ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပါသည်။
ကွန်ပျူတာများ၊ ရှုပ်ပွနေသော စာအုပ်စာတမ်းများ၊ မှတ်စုများ၊ ပြေးလွှားနေသော သတင်းထောက်များ၊ အယ်ဒီတာများနှင့် ၂၄ နာရီ လှုပ်ရှားနေသော သတင်းခန်းမကြီးကလည်း ယခုခေတ် သတင်းစာလုပ်ငန်း လုပ်ကိုင်နေကြပုံကို တော်တော် ပေါ်လွင်စေပါသည်။ သတင်းခန်းမထဲက စာတမ်းတစ်ခုက ‘Never Trust an Editor’ တဲ့။
စိတ်ဖိစီးမှုများလှသော အလုပ်ဟု ဆိုကြသည့် သတင်းသမားတစ်ယောက်၏ ဘ၀ကို ရပ်ဆဲခရိုး၏ သရုပ်ဆောင်ပုံမှာ ပီပြင်ပါသည်။ အလုပ်ချိန် ပုံမှန်မရှိ၊ လှုပ်ရှားနေရသော သတင်းသမားတစ်ဦး၏ ဘ၀၊ သိချင်သည့် အချက်အလက်ရဖို့ မျက်နှာချို သွေးသည့်အခါ သွေးရသည်။ မျက်နှာပြောင် တိုက်ရသည့်အခါလည်း ရှိသည်။ အငေါက်အငမ်း ခံရသည်လည်း ရှိသည်။ အသက်အန္တရာယ်နှင့် ကြုံရသည့်အခါလည်း ကြုံသည်။ ခြိမ်းခြောက်၊ အကျပ်ကိုင်တာတွေလည်း ပါသည်။ ညလည်း မအိပ်နိုင်။ သတင်းကို ပြီးအောင် ရေးရသည်။ နောက်နေ့မနက်အတွက် ဖြန့်ချိဖို့ ပုံနှိပ်စက်က စောင့်နေပြီ။ ဂျာနယ်လစ်တစ်ဦး အနေနှင့် ရင်းစား ပြုရတာတွေကတော့ များသည်။ လူမုန်းခံရသည်။ ဒီ ဇာတ်ကားမှာတော့ သတင်းသမားတစ်ဦး အနေနှင့် သတင်းအတွက် စွန့်လွှတ်ရတာက သူငယ်ချင်း ဖြစ်သည်။ သူငယ်ချင်း မိတ်ဆွေကဏ္ဍ ပျက်စီးသွားသည်။ ထောင်ကျတာ၊ အသက်ဆုံးရှုံးတာနှင့် နှိုင်းယှဉ်လျှင်တော့ မဆိုးဟု ဆိုရမည်။
သတင်းစာ ထုတ်လုပ်သည့် အဆင့်များကို ဖလင်ရိုက်သည်မှအစ စက်တင်ပုံနှိပ်၍ နောက်ဆုံး ဖြန့်ချိသည့် ကားပေါ် ရောက်သည်အထိ အဆင့်ဆင့် ပြသွားသည့်အပြင် ဇာတ်လမ်းပြီးသည့်နောက် သက်ဆိုင်သူများကို ခရစ်ဒစ်ပေးသည့် စာတန်းရှည်ကြီးကိုပါ စောင့်ကြည့်နေစေပါသည်။ ။
ကေကေတီ
၁၅ – အောက်တိုဘာ -၂၀၁၁
ကိုးကား။
www.imdb.com
http://en.wikipedia.org
Truman Capote အကြောင်း ပြောပြသော ဆရာဦးမောင်မောင် (ကြည်ရွှန်း)
http://www.myatshu.com/?p=2562
0 comments:
Post a Comment