Thursday, August 2, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၈)


သစ်ထူးလွင်


Posted: 02 Aug 2012 06:41 AM PDT

 မြန်မာ သက္ကရဇ် ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့တွင်
ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်း ဝန်းကျင် တက်ရောက် ဖူးမျှော်ကြည်ညိုခဲ့ကြရာ ပုံမှန်ထက် ၁ဝ ဆ နီးပါး တက်ရောက်မှု ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

“ပုံမှန်ဆိုရင်တော့ ရွှေတိဂုံစေတီတော်ကို တရက်ကို ဘုရားဖူး နှစ်သောင်းခွဲကနေ သုံးသောင်းကျော်အထိ လာဖူးတာ ရှိပါတယ်၊ အခု ဒီနေ့ ဝါဆိုလပြည့်နေ့မှာ ဘုရားဖူး သုံးသိန်း ဝန်းကျင်လာဖူးပါတယ်။ ပုံမှန်ထက် ၁ဝ များတယ်လို့
ပြောရမှာပေါ့” ဟု ဂေါပက ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များလည်း ယခုနှစ် ပိုမိုလာရောက်ကြသည်ဟု ဆိုသည်။

ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်း ၀န်းကျင် တက်ရောက် ဖူးမျှော်ကြည်ညို (ဓါတ်ပုံ မဇ္ဈိမ)

ဓမ္မစကြာ အခါတော်နေ့ နံနက် ၅ နာရီ၌ ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ နံနက် ၆ နာရီ ၃ဝ မိနစ်တွင် ဘာသာရေး အသင်းအဖွဲ့များက ရွှေကြာသင်္ကန်း ကပ်လှူပွဲ၊ အခမ်းအနား အဆောင်အယောင်များဖြင့် ဘုရားတပတ် လှည့်လည် ပူဇော်ခဲ့ကြသည်။

ထို့နောက် အရှေ့ဘက်မုခ်ရှိ ကကုဿန် မြတ်စွာဘုရား၊ တောင်ဘက်မုခ်ရှိ ကောဏဂုံ မြတ်စွာဘုရား၊ အနောက်ဘက် မုခ်ရှိ ကဿပ မြတ်စွာဘုရား၊ မြောက်ဘက်မုခ်ရှိ ဂေါတမ မြတ်စွာဘုရား၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ဘုရား တို့အား ရွှေသင်္ကန်း ကပ်လှူ ပူဇော်မှု ပြုလုပ်ကြသည်။

“ဘာသာရေး အသင်းအဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း စတုဒီသာ လှူဒါန်းတာတို့၊ သောက်ရေသန့် ဗူးတွေ လှူဒါန်းတာတို့၊ အဖွဲ့လိုက် ဓမ္မစကြာ ရွတ်ဆိုတာတို့တွေ လာလုပ်ကြတယ်” ဟု ဦးဝင်းကြိုင် က ပြောသည်။

ထို့အပြင် နေ့လည် ၁ နာရီတွင် ရွှေတိဂုံစေတီတော် သြဝါဒ ဆရာတော်မှ ဘုရားဖူးများအား ဓမ္မစကြာတရား ဟောကြား
ပေးသည့်အပြင် ရှေးဟောင်း ရုပ်ပွားတော် တန်ဆောင်း၌ ဂေါပကအဖွဲ့မှ ကြီးမှူးကာ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားနှင့် ဟောပြောပွဲတရပ် ကျင်းပပေးသည်။

ရတနာဦး-ရန်ကုန် (မဇ္ဈိမ) ။


Posted: 02 Aug 2012 06:34 AM PDT


ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကွင်တားနားတို့ တွေ့ဆုံဆွေးနွေး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကွင်တားနား (Tomas Ojea Quintana)တို့ ဒီကနေ့ သြဂုတ်လ ၂ရက်နေ့ နံနက် ၉း၃၀ မှ ၁၁း၀၀ အချိန်ထိ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Burma VJ Media Network




Posted: 02 Aug 2012 06:27 AM PDT
(ပုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံအတွင်းနေရာကိုတွေ့ရစဉ်။)  ဓါတ်ပုံ -   Yangon Media Group 

ချောက် သြဂုတ်၂။
ချောက်မြို့တွင် လည်ပတ်နေသော စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းလက်အောက်ရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံသည် သဘာဝဓါတ်ငွေ့ကိုအသုံးပြုလျက် ပုံမှန်ထုတ်လုပ်မှုလုပ်ငန်း များဆောင်ရွက်နေစဉ် သြဂုတ် ၂ရက် နေ့လည် ၁၂နာရီ ၅၀မိနစ်တွင် Main Unit ရှိ Oxidation Tower မှ ပုံမှန်မဟုတ်သော ထူးခြားသည့် အသံကြီးပေါ်ထွက်လာပြီးနောက် ဟိုက်ဒရိုဂျင်ပါဝင်သော ဓာတုအရည်များ (working solution) အောက်သို့စီးကျကာ ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပေါ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှသတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ချောက်၊ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့တို့မှ မီးသတ်ကားများရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄နာရီခွဲခန့်တွင် မီးကိုထိန်းနိုင်ခဲ့ပြီး ညနေခြောက်နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာသို့ပြောကြားသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် စက်ရုံဝန်ထမ်း (၅)ဦးနှင့် မီးသတ်ဝန်ထမ်း (၁)ဦးတို့ အနည်းငယ်ဒဏ်ရာရရှိသွားကြပြီး ဓာတုအရည်ထိမှန်သည့် ၀န်ထမ်းတစ်ဦးကို ချောက်မြို့ပြည်သူ့ဆေးရုံတွင် တင်ပို့ထာ့းကြောင်း စက်မှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

မီးလောင်မှုကြောင့် စက်ရုံအတွင်းရှိ အခြားအဆောက်အဦများ ပျက်စီးမှုမရှိသော်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် ပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးသွားကြောင်းသိရှိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အဆိုပါစက်ရုံသို့ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိနေပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိနေကြောင်း စက်မှုဝန်ကြီးဌာနမှသတင်းရရှိသည်။

by Yangon Media Group

(ပုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံအတွင်းနေရာကိုတွေ့ရစဉ်။)


Posted: 02 Aug 2012 06:51 AM PDT

လတ်တလော ပိတ်ပင်ခံရတဲ့ ဂျာနယ်တွေနဲ့ မီဒီယာ လွတ်လပ်ခွင့် ရရှိရေးအတွက် နိုင်ငံရေး အကျဉ်းသားဟောင်း ကဗျာဆရာ စောဝေဟာ ဒီကနေ့ စပြီး တကိုယ်တော် ဆန္ဒ ထုတ်ဖော်နေပါတယ်။

အခုလို ဆန္ဒ ထုတ်ဖော်နေရတာဟာ မီဒီယာတွေကို ဖိနှိပ်ခံနေရတဲ့ သတင်းတွေကို သမ္မတ ဦးသိန်းစိန် သိစေချင်တဲ့အတွက် ဖြစ်တယ်လို့ ကဗျာဆရာစောဝေက ပြောပါတယ်။

အခုရက်ပိုင်းမှာ the voice weekly နဲ့ envoy ဂျာနယ်တွေရဲ့ ထုတ်ဝေခွင့် ရပ်ဆိုင်းခံရတာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းမီဒီယာတွေ အပေါ် ထားတဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ ကဗျာဆရာ စောဝေက
ပြောပါတယ်။

စတုတ္ထမဏ္ဍိုင်ဟာ သန့်ရှင်းတဲ့အစိုးရ၊ ကောင်မွန်တဲ့အစိုးရ ဖြစ်အောင်
ရေးသားဖို့လို့တယ်။ ဒါ့အပြင် ပွင့်လင်းလာအောင် လွတ်လပ်လာအောင် လုပ်ပေးဖို့ အပ်တယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေထဲမှာ ပါခဲ့ပေမယ့် လောလောဆယ်မှာတော့ မီဒီယာတွေအပေါ် အရေးယူနေတာ ဟာ ကဗျာဆရာ တယောက် အနေနဲ့ ထောင်ကျသလို ခံစားရတဲ့အတွက် အခုလို တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်တယ်လို့ ကဗျာဆရာစောဝေ က ပြောခဲ့ပါတယ်။

RFA Burmese

Posted: 02 Aug 2012 06:16 AM PDT

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ
တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့
နှစ်ဘက်လုံးက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း အင်းစိန်ထောင်ကို သွားရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား တချို့ နဲ့ တွေ့ဆုံခဲ့သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား အဖွဲ့အစည်းတွေ နဲ့လဲ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့တွေက ရခိုင်တိုင်းရင်းသားနဲ့
မွတ်စလင် ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ အခုတခေါက် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့
တွေ့ဖို့ စီစဉ်ထားသလို လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese

(Photo-AFP)


Posted: 02 Aug 2012 06:12 AM PDT

ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကို မြန်မာနိုင်ငံက ပေးဖို့ကျန်နေတဲ့ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် ဂျပန်အစိုးရက ကာလတိုချေးငွေ အမေရိကန် ဒေါ်လာ သန်း ၉ ရာ ထုတ်ချေးဖို့ ပြင်ဆင်နေတယ်လို့ ကျိုဒို သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံကို ချေးငွေအသစ်တွေ ထုတ်ပေးဖို့ ပြင်ဆင်တဲ့အနေနဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ရုံးခွဲတွေ ရန်ကုန်မြို့မှာ မနေ့က ဖွင့်လှစ်လိုက်ပြီး နောက်မှာ ဂျပန်က ငွေထုတ်ချေးမယ့် သတင်း ထွက်ပေါ်လာတာပါ။

စည်းမျဉ်း စည်းကမ်းတွေ အရ မြန်မာ အစိုးရ အနေနဲ့ နောက်ထပ် ချေးငွေ
အသစ် ရဖို့အတွက် ကြွေးကျန်တွေကို အရင်ဆုံး ပြန်ဆပ်ဖို့ လိုအပ်နေ ပါတယ်။

အခုလို ဂျပန်အစိုးရက ဒေါ်လာ သန်း ၉ ရာ ထုတ်ပေးမယ် ဆိုတဲ့
အတွက် မြန်မာအပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့ အရေးယူမှု တွေကို အမေရိကန် ပြည်ထောင်စုက ပြန်ရုတ်သိမ်းပေးတာနဲ့ တပြိုင်နက် ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေအသစ်တွေ ရဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ကို အမေရိကန်ဒေါ်လာ သန်း ၄ ရာ နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကို ဒေါ်လာ သန်း ၅ ရာ အကြွေး ပြန်ဆပ်ဖို့ ရှိနေပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်မှာ အစုရှယ်ယာ အများဆုံး ပါဝင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

RFA Burmese

(ဓာတ်ပုံ - သမ္မတ ဦးသိန်းစိန်နှင့် ဂျပန် ၀န်ကြီးချုပ် Yoshihiko Noda တို့ကို ဧပြီလ ၂၁ ရက်နေ့က တိုကျိုမြို့ မဲခေါင်ထိပ်သီး ညီလာခံတွင် အတူ တွေ့ရပုံ ဖြစ်ပါသည်။)



Posted: 02 Aug 2012 06:03 AM PDT
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ အဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ထဲမှာ ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ရွာနဲ့ မသီတာထွေး အခင်းဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေဆီ အရောက်သွားခဲ့ကြပါတယ်။

ဒီခရီးအခြေအတွေနဲ့ ပတ်သက်ပြီး ကိုကိုကြီးကို ဆက်သွယ် မေးမြန်းထားပါတယ်။

“ကျောက်နီမော်မှာ သပြေချောင်းကျေးရွာ မသီတာထွေး အခင်းဖြစ်တဲ့နေရာ ကြည့်ပြီးတော့ သူ့မိသားစုနဲ့လည်းတွေ့ဆုံပြီး အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ဒေသခံ ရွာသူရွာသားတွေနဲ့လည်း ထိတွေ့ စကားပြောခဲ့တယ်။ အဲကနေပြန်လာပြီးတော့ ကျောက်ထရံဆိုတဲ့ ရွာမှာ ဒီဘက်က မွတ်ဆလင်တွေပေါ့။ သူတို့ဆီမှာလည်း လူ့အဖွဲ့အစည်းထဲမှာ ရေရှည်သဟဇာတဖြစ်အောင် နေထိုင်နိုင်ကြဖို့၊ ပုံမှန်အခြေအနေပြန်ရောက်အောင် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ၀ိုင်းပြီးတော့ ကြိုးစားကြဖို့ ပြောခဲ့ပါတယ်။ ရခိုင်ရွာတွေမှာရော ခဏ ၀င်ဝင်ပြီးတော့ နှုတ်ဆက်စကားပြောပြီး အားလုံးနဲ့ ထိတွေ့ခဲ့ရပါတယ်။”

အဓိက ကျောက်နီမော်ကို ဘာကြောင့်သွားတာလဲ။ မသီတာထွေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖြစ်မှန်သိရအောင်လား။ ဒါမှမဟုတ် တခြား ဘယ်လိုအချက်အလက်တွေ လိုချင်လို့ သွားတာလဲဗျ။

“အခင်းဖြစ်တဲ့နေရာ မူရင်း အဖြစ်မှန်တွေ သိရအောင်ရယ်၊ နောက် ဒီမှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ သူတို့ခံစားချက်တွေ၊ သူတို့အခြေအနေတွေ အမှန်အတိုင်းသိရအောင်လို့ ကြိုးစားတဲ့ ခရီးစဉ်ပေါ့။”

သွားခဲ့တဲ့အခြေအနေမှာ တွေ့ခဲ့ကြုံခဲ့ ပြောခဲ့ရတော့ နှစ်ဖက် အနေအထား ဘယ်လိုရှိလဲဗျ။

“နှစ်ဖက်အခြေအနေကတော့ အခုအချိန်ထိတော့ စိတ်ခံစားမှုတွေ ကျန်နေတုန်းပဲပေါ့။ ကျောက်နီမော်ဆိုရင် ပင်လယ်ထွက်ပေါက်လိုဖြစ်နေတယ်။ ဒေသခံ ကမန်အနည်းငယ်နဲ့ ကမန်မဟုတ်တဲ့ မွတ်ဆလင်တွေ ရောထွေးနေတာ တွေ့ရပါတယ်။”

သူတို့အနေအထားကြည့်ရတာ အခုအချိန်ဆို ၂ လနီးပါး ရှိသွားပြီပေါ့နော်။ အကျိတ်အခဲတွေရှိနေကြတုန်းလား။ စကားပြောကြည့်တော့ ဘယ်လိုမြင်ရ ကြားရလဲ။

“အကျိတ်အခဲတွေဆိုတာက ဒီကိစ္စတခုတည်းကြောင့် မဟုတ်ဘူးဗျ။ ဒီကိစ္စက လတ်တလော အကြောင်းရင်းပဲ။ အဓိကက နှစ်ပေါင်းများစွာစုပုံလာတဲ့ ကိစ္စတွေဆိုတော့ ဒါကိုဖြေရှင်းမယ်ဆိုလည်း တထိုင်တည်းဖြေရှင်းလို့တော့ မရဘူးပေါ့လေ။ ကျနော်တို့ ဒီမှာအကြံပေးတာလည်း ဒေသခံ ရခိုင်ပြည်သူတွေလည်း ရေရှည်အမျှော်အမြင်နဲ့ ၀ိုင်းပြီးတော့ ကြိုးပမ်း ပြင်ဆင်ကြဖို့ပေါ့လေ။ အတူတူနေတဲ့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှလည်း နားလည်မှု မလွဲအောင်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အခိုင်အမာ ကာကွယ်စောင့်ရှောက်နိုင်အောင် အစရှိသဖြင့် ရေရှည်အတွက် အမြော်အမြင်ရှိရှိနဲ့ ဆောင်ရွက်ကြရမယ့် ကိစ္စ ဖြစ်တယ်လို့ ကျနော် တိုက်တွန်းချင်ပါတယ်။

ဒေသခံရွာသားတွေ နှစ်ဖက်ပေါ့၊ ရခိုင်နဲ့ရော မွတ်စလင်နဲ့ရော စကားပြောကြည့်တော့ ဘယ်လိုရှိလဲဗျ။

“ပြောရရင်တော့ ဒေသဖွံ့ဖြိုးရေးကလည်း အဓိက အရေးကြီးတဲ့ အကြောင်းအရင်းတချက်လို့ မြင်တယ်လေ။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကအစ ပြုပြင်ပြောင်းလဲမှု လုပ်စရာတွေတော့ အများကြီး တွေ့ခဲ့ပါတယ်။ ကျနော်လာတဲ့ လမ်းမှာကိုက ရမ်းဗြဲနဲ့ ကျောက်နီမော်က မိုင် ၂၀ ကျော် ခရီးကို အသွားအပြန် တနေကုန်တာကိုကြည့်ရင် ဒီက ဖွံ့ဖြိုးရေး အခြေအနေကိုလည်း သိနိုင်တာပေါ့နော်။ ကားနဲ့ သွားတာကို မလွယ်အောင် တော်တော်အခြေအနေဆိုးတယ်ပေါ့လေ။ အခု ကျနော်ကားပေါ်ကနေ ပြောနေတာလေ။ အတူပါလာတဲ့ ကားတစီးဆိုရင် ခရီးဆုံးအထိ မလိုက်နိုင်ဘူး။ 4 wheels ကားလောက်ပဲ ရုန်းနိုင်တယ်။ သာမန်ကားတွေဆိုရင်တော့ သွားဖို့ မလွယ်လောက်ဘူး။”

နောက်ထပ် ဘယ်ခရီးစဉ် သွားဖို့ ရှိသေးလဲဗျ။

“ကျနော်တို့ ရမ်းဗြဲရောက်တဲ့အခါမှာ ဒေသခံရခိုင် မြို့မိမြို့ဖတွေရော၊ ကမန်တိုင်းရင်းသားတွေဘက်က တာဝန်ရှိသူတွေနဲ့ပါ တွေ့သွားဖို့ ရှိပါတယ်။ ဒီညတော့ ရမ်းဗြဲပြီးမှာ အိပ်ပါမယ်။ ရမ်းဗြဲပြီးရင်တော့ ကျောက်ဖြူမှာ တညအိပ်ပါမယ်။  ကျောက်ဖြူမှာလည်း မြို့မိမြိုဖတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။”

ရမ်းဗြဲတို့ ကျောက်နီမော်တို့အထိ ရောက်ခဲ့ပြီးတော့ ဒီခရီးစဉ်က ရတဲ့ တွေ့ရှိချက်တွေကို နောက်ဘယ်လို အသုံးချမလဲ။

“တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမှုဆိုတာ စကားလုံး မဟုတ်ဘူး။ လက်တွေ့ လုပ်ရမယ့်ကိစ္စ၊ လူမျိုးစု တခုနဲ့ တခုကြားမှာရှိနေတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ ဆိုတာ ဘယ်လောက်ထိတွေ့ဆက်ဆံပြီး ဘယ်လောက်နားလည် ခံစားပေးသလဲ။ ဘယ်လောက်စာနာသလဲဆိုတာတွေနဲ့ပဲ တည်ဆောက်လို့ ရမယ်လို့ မြင်ပါတယ်။ ဒီခရီးစဉ်ကနေ ရလိုက်တာက ဒီဘက်က တိုင်းရင်းသားတွေရဲ့ နွေးထွေးဆက်ဆံမှုကို ကျနော်တို့ ရခဲ့ပါတယ်။ အဲဒီအတွက်လည်း အရမ်းပဲ ပီတိဖြစ်ပါတယ်။”

by ရွှေအောင်  - DVB

Posted: 02 Aug 2012 05:58 AM PDT


ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ဇူလိုင်လ(၃၀)ရက်နေ့ မနက်ကိုးနာ
ရီခွဲ ၀န်းကျင်ခန့်တွင် အသက်(၄၀)၀န်းကျင်အရွယ် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဇီးကုန်းကျေးရွာတောင်ပိုင်းတွင် နေထိုင်သူ ကိုကျော်လင်း(အသက်
၄၀၊၀န်းကျင်)သည် လျှပ်စစ်ဖြင့် ရေနွေးအိုးတည်နေစဉ် ပလပ်ခေါင်းကို လှမ်းကိုင်ရာမှ မြေကြီးအစိုဓါတ်ကြောင့် ဓါတ်လိုက်ခဲ့ခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွှေဘိုဆေးရုံကြီးတွင် အလောင်းအား ဆေးစစ်ချက်ရယူခဲ့ပြီး ရွှေဘိုရဲစခန်းနှင့် လျှပ်စစ်ရုံးမှလည်း လာရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်ဟု Eleven Media Group - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

Eleven Media Group



Posted: 02 Aug 2012 05:46 AM PDT

စာရေးသူတို့ လူသားအများစုသည် ပတ်ဝန်းကျင်အပေါ် ချစ်ခင်ဂရုစိုက်မှု၊ စည်းနှင့်ကမ်းနှင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်မှုများ လျော့ပါးပျက်စီးလျက် ရှိနေပါသည်။ ထိုအခါ ပင်ကိုမူလကပင် ဖြစ်တည်ဖွဲ့စည်းကာ အပြန်အလှန် အကျိုးပြုလျက်ရှိသော ပတ်ဝန်းကျင်သည် တစ်စတစ်စနှင့် အများအပြား ယိုယွင်းလာနေပြီ ဖြစ်ပါသည်။ ပတ်ဝန်းကျင်ယိုယွင်းမှုသည် သဘာဝကြောင့်ထက် လူသားများကြောင့်သာ ပိုမိုဖြစ်ပေါ်နေပါသည်။ ထိုသို့ စည်းမဲ့ကမ်းမဲ့ နေထိုင်ပျက်စီးသော လူအရေအတွက် များလေလေ၊ ပတ်ဝန်းကျင်ယိုယွင်းမှုများ ကြီးမားလေလေဖြစ်ပါသည်။ နောက်ဆက်တွဲအားဖြင့် ပတ်ဝန်းကျင် ယိုယွင်းမှုများကြောင့် လူသားများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ၊ သဘာဝ၏ အဖိုးတန်လက်ဆောင်များ၊ စားနပ်ရိက္ခာများ ပျက်သုဉ်းဆုံးရှုံးနေကြရပါသည်။

ပတ်ဝန်းကျင်ထံမှ အခမဲ့ရရှိသော အရင်းအမြစ်များစွာကို လူသားသက်ရှိများက အလုအယက်၊ အပြိုင်အဆိုင် ရှာဖွေယူဆောင် သုံးစွဲလျက်ရှိပါသည်။ ဤသို့ဖြင့် လက်ရှိကမ္ဘာတွင် သန်းခုနစ်ထောင်ကျော်သော လူသားများအနက် အများစုမှာ လုံလောက်သော အာဟာရဓာတ်၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားအခြေခံလိုအပ်ချက် များစွာကို မရရှိကြဘဲ ရပ်တည်နေကြရပါသည်။

ကမ္ဘာ့နေရာ တော်တော်များများတွင် ဆင်းရဲမွဲတေ ငတ်ပြတ်နေချိန်၌ ကျန်လူသားအများစုမှာလည်း ပတ်ဝန်းကျင်ထံမှ အဆီအနှစ်များကို အထိန်းအကွပ်မရှိ၊ အလွန်အကျွံထုတ်ယူ အသုံးပြုလျက်ရှိကြပါသည်။ လူသားတစ်ဦးချင်းစီ၏ နေ့စဉ်စားသောက် နေထိုင်မှုများတွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းမှု သဘောတရားများအား လျစ်လျူရှုကာ မိမိတို့နှင့်မဆိုင်သလို စိတ်ထားလျက် လောလောဆယ် စားဝတ်နေရေး အဆင်ပြေလွယ်ကူ သက်သာမှုကိုသာ ဦးစားပေးလုံးပန်းနေကြပါသည်။ ပတ်ဝန်းကျင်အပေါ် လူသားများ၏ တန်ဖိုးထားမှု အားနည်းခြင်းကြောင့် သဘာဝဖောက်ပြန်မှုများ အပါအ၀င် ဘေးအန္တရာယ်မျိုးစုံတို့သည် တန်ပြန်သက်ရောက်မှုအဖြစ် လူသားများအား ခြိမ်းခြောက်လျက် ရှိနေပါသည်။

ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများ (သို့မဟုတ်) မြေကမ္ဘာကို ချစ်မြတ်နိုးသူများ (သို့မဟုတ်) လူသားအပါအ၀င် သက်ရှိ၊ သက်မဲ့အားလုံးကို ချစ်မြတ်နိုးသူများသည် အနာဂတ်အတွက် စိုးရိမ်စိတ်များဖြင့် အသေးအဖွဲကိစ္စများမှပင်စကာ ပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအား အချိန်ပေး အရေးတယူ ဆောင်ရွက်လျက်ရှိကြပါသည်။ အမှန်မှာ ထိုလုပ်ဆောင်မှုများတွင် လူသားအားလုံးက တက်တက်ကြွကြွပူးပေါင်း ပါဝင်လှုပ်ရှားရန် လိုအပ်ပါသည်။ ထိုသို့ အားလုံးသိရှိ ပါဝင်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်၊ နောက်ဆုံး ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော် အဆင့်အထိ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးပြုန်းတီးနေမှုများ၊ သက်ရှိများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေများကို အမြန်ဆုံးတင်ပြ ဆွေးနွေးအဖြေရှာကြရမည် ဖြစ်ပါသည်။

ဥပမာတစ်ခု တင်ပြချင်ပါသည်။ မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အနီးတွင်ရှိသော လက်ပန်းတောင်းတောင်ကြီးအား မိုင်းခွဲမြေဖြိုကာ ကြေးနီသတ္တုတူးဖော်နေသည့်ကိစ္စ ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ဒေသခံများ ပြောင်းကြရွှေ့ကြရသည့် ဒုက္ခ၊ စိုက်ပျိုးမြေများ လက်လွှတ်ဆုံးရှုံးကြရသည့်ဒုက္ခ၊ ဇီဝမျိုးစုံများ ပျက်စီးပျောက်ကွယ်ရသည့်ဒုက္ခ၊ ရေရှည်တွင် ထိုဒေသ၌ နေထိုင်သူများ၏ ကျန်းမာရေးအပေါ် သက်ရောက်ထိခိုက်မည့်ဒုက္ခ၊ သဘာဝပတ်ဝန်းကျင် ရေထု၊ မြေထု၊ လေထုများကို ပြောင်းလဲလွှမ်းမိုးစေမည့်  ဒုက္ခများကို ဘာမျှမပြောသေး၊ မစဉ်းစားသေးဘဲ ဂေဟစနစ်အရ အပြန်အလှန်အမှီသဟဲ ပြုလျက်ရှိသော ချင်းတွင်းမြစ်ကမ်းရှိ အလွန်ပနံရလှပစွာတည်ရှိသော တောင်ကြီးတစ်တောင် ပျောက်ကွယ်သွားမှာကို စိုးရိမ်သည့် အချက်တစ်ချက်တည်းနှင့်ပင် မြစ်ဆုံစီမံကိန်းလို လုံးဝရပ်တန့်ပစ်ရန် လိုသည်ဟု ဘူမိပညာရှင်၊ ပထ၀ီပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများက ရင်ထဲမှစကားကို ဆိုကြပါသည်။ မုံရွာဒေသခံများကလည်း လဲလျောင်းအိပ်စက်နေသော ဧရာမဆင်ကြီးနှစ်ကောင်ဟု ညွှန်းဖွဲ့ထားသည့် ယင်းလက်ပန်းတောင်းတောင်ကြီးအား ဓားထစ်ရာမွှန်းနေပြီဟု ဆိုကြပါသည်။ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ၏ ရင်ထဲမှာဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ အမြန်ဆုံး အကျယ်တ၀င့် ဆွေးနွေးသင့်ပြီဟု ထင်မြင်သုံးသပ်နေကြပါသည်။

ကျောင်းပထ၀ီသင်ခန်းစာများတွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးတွင် စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပန်းတောင်းတောင်များရှိသည်ဟု ဆိုထားသော်လည်း ယခုအခါ တောင်ကြီးအချို့မှာ လုံးဝပျောက်ကွယ်လျက် ရှိနေပါပြီ။

ယေဘုယျအားဖြင့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းစေမည့် စီမံကိန်းများ ဆောင်ရွက်သည့် ဒေသရှိ ပြည်သူအများစုမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသဘောတရားများကိုလည်း ကောင်းစွာမသိကြပါ။ သူတို့ကြောင့် ပတ်ဝန်းကျင်အပေါ် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်စေသည်ဟုလည်း လက်မခံ၊ မယူဆထားကြပါ။ သို့ရာတွင် လုပ်ငန်းလာရောက် လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ ပညာရှင်များမှာမူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေမည်များကို ကြိုတင်တွက်ဆ သိရှိထားနိုင်သော်လည်း လျစ်လျူရှုကာ လတ်တလော အကျိုးအမြတ်ရရေးကိုသာ အာရုံစိုက်လျက် လောဘမသတ်ဖြစ်နေကြပါသည်။ စီမံကိန်းများတည်ရှိရာ အနီးတစ်ဝိုက်မှ ဒေသခံများအနေဖြင့် လောလောဆယ် သူတို့ရင်ဆိုင်ကြရမည့် ပြဿနာများမှ ကင်းဝေးအောင်၊ စီမံကိန်းများ ရပ်တန့်သွားအောင်၊ သူတို့ ခံစားကြရမည့် ဆိုးပြစ်များ လျော့နိုင်သမျှ လျော့ရလေအောင် မည်သူ့ကိုမျှ မတောင်းဆိုနိုင်၊ မည်သို့မှ မကြံစည်နိုင်၊ မြေရေသယံဇာတများကို ရနိုင်သမျှ လက်ဝါးကြီးအုပ်ထားနိုင်ရန်၊ ဒေသအတွက် ပြန်လည်ဖြည့်ဆည်းပံ့ပိုး စောင့်ရှောက်ရမည့်အတွက်ကိုမူ တတ်နိုင်သမျှ နည်းစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်ကြိုးပမ်းနိုင်ကြပါသည်။

နောက်ဆုံးရလဒ်အဖြစ် အလူးအလဲခံစားကြရမည်မှာ ဘာမျှလည်းမဆိုင်၊ ဘာအကျိုးအမြတ်မှလည်း မခံစားလိုက်ရသည့် ဒေသခံပြည်သူများသာ ဖြစ်ပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးမည့်သူများ နည်းနိုင်သမျှနည်းအောင်၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို လျှော့ချကာကွယ်နိုင်အောင်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ တိုးပွားလာအောင် လုပ်ဆောင်လိုစိတ် ပြင်းပြနေသူများမှာ ဒေသခံပြည်သူများသာ ဖြစ်လာပါလိမ့်မည်။

သို့ရာတွင် ထိုသူများမှာ ဘယ်ကစ၍ ဘယ်လိုလုပ်ရမှန်း မသိဘဲလည်း ဖြစ်နေကြပါသည်။ ထို့ကြောင့် သူတို့မှာ မိရိုးဖလာအစဉ်အလာအတိုင်း သူတို့အလွယ်တကူ လုပ်လည်းလုပ်တတ်၊ လုပ်လည်းလုပ်နိုင်သည့် အလုပ်ဖြစ်သော တောတောင်စောင့်နတ်တွေကိုပဲ တိုင်တည်ရတော့မှာလိုလိုသာ ဖြစ်လို့နေပါတော့သည်။

ရေးသားသူ- လွင်ချန်ဖြိုး(နတ်မောက်)
by 7Day News Journal




Posted: 02 Aug 2012 05:36 AM PDT

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့ အခုရက်ပိုင်းမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပြီး အဓိက အချက် သုံးချက်ကို တင်ပြတောင်းဆိုသွားမယ်လို့ ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

အစောပိုင်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့် သမ္မတက  မအားလပ်တဲ့အတွက် အစီအစဉ်ကိုဖျက်ခဲ့ရပါတယ်။ အခု ရုံးပိတ်ရက်တွေမှာ တွေ့ဖို့ရှိတယ်လို့လည်း (အက်စ်အန်အယ်လ်ဒီ) ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဦးခွန်ထွန်းဦးတို့ဟာ သမ္မတနဲ့ တွေ့ဆုံတဲ့အခါ အဓိက အချက် ၃ ချက်ကို ဆွေးနွေးသွားမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“နိုင်ငံရပ်ခြားကိုရောက်နေတဲ့ တိုင်းရင်းသားတွေ ပြည်တွင်းကို လွတ်လွတ်လပ်လပ် ၀င်ရောက်ခွင့်ပြုပြီးတော့မှ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းလုပ်တဲ့အခါ လွယ်လွယ်ကူကူလုပ်နိုင်ဖို့။ နိုင်ငံသားမဟုတ်တဲ့သူတွေက သန်းခေါင်စာရင်းမှာပါပြီးတော့မှ တိုင်းရင်းသားစစ်စစ်တွေက သန်းခေါင်စာရင်းမှာမပါဘဲ ကျန်နေခဲ့ရင် နိုင်ငံအတွက်ရော၊ တိုင်းရင်းသားတွေအတွက်ရော အရမ်းနစ်နာတယ်။ ဒါကြောင့် ပြန်ဝင်လာပြီး မှတ်ပုံတင်လုပ်ဖို့ပဲဖြစ်ဖြစ်၊ သန်းခေါင်စာရင်းမှာ နာမည်စာရင်း ပေးသွင်းရင်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ သက်သက်သာသာ ဆောင်ရွက်ပေးနိုင်ဖို့” ကို ပထမအချက်အနေဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒုတိယအချက်အနေနဲ့  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ အဖွဲ့အစည်း ကြီးသည် ငယ်သည် မခွဲခြားဘဲ အားလုံးကို တန်းတူထားပြီး တချိန်တည်း၊ တပြိုင်တည်း အပစ်အခတ် ရပ်စဲဖို့နဲ့ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အပစ်အခတ်ရပ်စဲရေး အချိန်ကာလကို ၁ လဖြစ်ဖြစ်၊ ၃ လဖြစ်ဖြစ် သတ်မှတ်ပေးပြီး အားလုံးကို တန်းတူထားပြီး ဆွေးနွေးဖို့ အကြံပြုသွားမယ်လို့ ပြောပါတယ်။

တတိယအချက်အနေနဲ့ တိုင်းရင်းသားအားလုံး ကိုယ့်ရဲ့ ဘာသာစာပေကို ကျောင်းချိန်အတွင်းမှာပဲ ကိုယ်ကြိုက်ရာ သင်ရိုးညွှန်းတမ်းပြဌာန်းပြီးတော့ လွတ်လွတ်လပ်လပ် သင်ကြားခွင့်ပြုဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ သင်ရိုးညွှန်းတမ်းကို မြန်မာဖတ်စာကနေ ဘာသာပြန်ပြီး သင်ဖို့အတွက် ပညာရေးဝန်ကြီး လမ်းညွှန်ထားတာ ရှိတယ်။ ဆရာဆရာမတွေ ဘာသာပြန်ခိုင်းတယ်။ တကယ်တမ်းဘာသာပြန်ကြည့်တော့ အဆင်မပြေကြဘူး။ ဒါကြောင့်မို့လို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မပျက်ပြားစေချင်ဘူး။ မထိခိုက်စေချင်ဘူးဆိုရင် ကိုယ်ကြိုက်ရာ ဘာသာ သင်ရိုးညွန်းတမ်းကို လွတ်လွတ်လပ်လပ် ရေးဆွဲပြီး သင်ကြားပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

 by နော်နိုရင်း   DVB


Posted: 02 Aug 2012 05:28 AM PDT
ချင်းပြည်နယ်မှ ရိုးရာပွဲတော် တခုကို တွေ့ မြင်ရစဉ်

အရွက်တဖားဖားနှင့် စိမ်းလန်းနေသော ပြောင်းဖူးခင်းထဲတွင် သစ်သားတိုင်ကလေးကိုးခုကို အစီအရီ စိုက်ထူထားသည်။

သည်သစ်သားတိုင်များသည် အသက် ၇၀ ကျော် ချင်းအဘိုးအို ဦးရှယ်လျမ်းဂေအတွက်တော့ ဂုဏ်ယူဖွယ် အမှတ်သင်္ကေတများပင်ဖြစ်သည်။ သူ့ဘ၀တစ်လျှောက်တွင် ဇာတိမာန်၊ မျိုးရိုးမာန်ကို မြှင့်တင်ပေးခဲ့သည့် ပြယုဂ်ဟုလည်း ဆိုနိုင်သည်။

“ဒီတစ်ရွာလုံးမှာ ဒီလိုအများဆုံး လုပ်နိုင်တဲ့ယောက်ျား သုံးယောက်ပဲရှိတယ်။ ဒါက ယောက်ျားတွေ ဦးဆောင်လုပ်ရတာလေ။ ကျန်တဲ့လူတွေက သေကုန်ပြီ။ ကျုပ်တစ်ယောက်တည်းပဲ ကျန်တော့တယ်”ဟု အိမ်ပေါ်မှ လှမ်းမြင်နေရသည့် သစ်သားမှတ်တိုင်လေးများကိုကြည့်ကာ ခပ်ပြုံးပြုံးဖြင့် စကားဆိုသည်။

ထိုသစ်သားတိုင်များသည်ကား ချင်းလူမျိုးတို့၏ ရိုးရာဓလေ့ လုံရူးပွဲတော် အထိမ်းအမှတ်အဖြစ် စိုက်ထူထားသည့် တိုင်များဖြစ်သည်။ လုံရူးပွဲတော်ဆိုသည်ကား တစ်နှစ်လျှင် မတ်လမှ မေလအတွင်း အဆင်ပြေသည့်အချိန်တွင် ပြုလုပ်ကြသည့် မိသားစုတစ်ခုချင်းစီ၏ ရိုးရာနတ်ပူဇော်ပွဲဖြစ်သည်။ ကောက်ပဲသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်အတွက် သူတို့ကိုးကွယ်သည့် နတ်ကောင်းနတ်မြတ်များထံတွင် ဆုတောင်းသည့်ပွဲဖြစ်သည်။

“မနှစ်က လုံရူးပွဲလုပ်ပြီး ကောက်ပဲသီးနှံတောင်းတော့ ဆပ်နီမျိုးစေ့တွေ ကျလာတယ်။ အဲဒါကြောင့် ဒီနှစ် ဆပ်နီပိုစိုက်ထားတယ်။ ဒီနှစ်မှာ ဆပ်နီအထွက်များလိမ့်မယ်”ဟု အဘိုးအိုက သူ့ယုံကြည်ချက်ကို ဖွင့်ဟသည်။

ချင်းဘာသာစကားအရ လုံရူးပွဲတော်ဖြစ်ပြီး အဓိပ္ပာယ်မှာ နွားနောက်သတ်ပွဲပင်ဖြစ်သည်။ ရိုးရာဓလေ့အရ အိမ်တိုင်းတွင် ပြုလုပ်လေ့ရှိသည့်ပွဲဖြစ်၏။ အဘိုးအိုက သူ့ဖခင်လက်ထက်တွင် နွားနောက်သတ်ပွဲကို ငါးကြိမ်၊ ခြောက်ကြိမ်ခန့်သာ ပြုလုပ်ခဲ့ပြီး သူ၏လက်ထက်တွင် ကိုးကြိမ်တိတိရှိခဲ့ပြီဖြစ်သည်။ အိမ်ရှေ့မျက်နှာစာတွင် အစီအရီချိတ်ဆွဲထားသည့် နွားနောက်ဦးခေါင်းခွံများကလည်း သူ့စကားကို သက်သေထူလျက် ရှိပေသည်။ ရှေးကဆိုလျှင် လုံရူးပွဲကို ခုနစ်ရက်ကြာသည်အထိ ပြုလုပ်လေ့ရှိပြီး ယခုနောက်ပိုင်းတွင် သုံးရက်သာ ပြုလုပ်ကြကြောင်း သိရသည်။

ယခင်ကဆိုလျှင် မည်မျှပင် ဆင်းရဲနေစေကာမူ အိမ်ထောင်သက် ၁၀ နှစ်ရှိလျှင် လုံရူးပွဲတော်ကို ပြုလုပ်ရသည်။ အိမ်ထောင်မကျမီ လူပျိုကာလတွင် မိဘများကဦးဆောင်၍ လုပ်ပေးလေ့ရှိသည်။ လက်ရှိကာလတွင် မိသားစုစီးပွားရေး အခြေအနေအရသာ ပြုလုပ်နိုင်တော့သူများလည်း ရှိသည်။

ပွဲတော်၏ ပထမဆုံးနေ့တွင် ခါးထန်း(ခေါ်) ၀က်သတ်ပွဲကို ဦးစွာပြုလုပ်ပြီး အနီးအဝေးရှိ ဆွေမျိုး၊ မိတ်ဆွေများကို ဖိတ်ခေါ်သည်။

“နွားနောက်သတ်ပွဲကို ခြောက်ကြိမ်ထက်မနည်း လုပ်ထားဖူးတဲ့သူကို အထူးဧည့်သည်အဖြစ် မဖြစ်မနေဖိတ်ရတယ်။ ယောက်ျားတွေသေသွားရင် ကျန်ခဲ့တဲ့ သူတို့မိန်းမတွေကို ဖိတ်ရတယ်။ ပြီးတော့ အထူးချက်ထားတဲ့ ဟင်းလျာတွေနဲ့ ဧည့်ခံရတယ်။ အဲဒီဟင်းကို သာမန်လူမစားရဘူး”ဟု အဘိုးအိုကဆိုသည်။

ဒုတိယနေ့တွင် တောတောင် ထဲသို့သွားကာ ကျောက်ဖျာတစ်ချပ်ကို သွားပြီးထမ်းရပြီး တတိယမြောက်နေ့တွင် နွားနောက်ကို သတ်ရသည်။ နွားနောက်သားနှင့် ခေါင်ရည်ကို စားကြသောက်ကြသည်။ ထိုနေ့ညတွင် နွားနောက် ဦးချိုအခွံကိုချွတ်၍ ဆေးကြောပြီး ထိုအထဲတွင် ခေါင်ရည်ထည့်ကာ အထူးဧည့်သည်ကို တိုက်သည်။ ခေါင်ရည်အိုးများက အလုံး ၄၀၊ ၅၀ အထိ အစီအရီ။ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများက လက်ဆောင်အဖြစ်ယူလာသည့် ခေါင်အိုးများဖြစ်သည်။

“နွားနောက်ငါးကောင်အထိ သတ်ပြီးရင် တောထဲက ယူလာတဲ့ ကျောက်ဖျာတစ်ချပ်ကို အိမ်မှာစထားလို့ရပြီ။ အဲဒီတစ်ပြားပြီးရင်တော့ နောက်ပိုင်းပွဲတစ်ပွဲလုပ်တိုင်းမှာ တစ်ပြားစီတိုးပြီး တည်နိုင်ပြီ”ဟု ဦးရှယ်လျန်းဂေက ပြောသည်။

လုံရူးပွဲ၏ လေးရက်မြောက်နေ့တွင် ကျောက်ဖျာချပ်ကို ကျောက်တုံးခြေထောက်လေးများ ပြုလုပ်ကာ တည်ကြပြီး ခေါင်ရည်သောက်ပွဲလုပ်ကြသည်။ ဖိတ်ခေါ်ထားသည့် မိတ်ဆွေများကလည်း ရပ်နီးရပ်ဝေးမှနေ ခေါင်ရည်အိုးများကိုထမ်းကာ အသီးသီးလာရောက်လျက်ရှိသည်။ ထို့နောက် နောက်တစ်နေ့တွင် တောထဲမှ ဖိတ်ခေါ်ထားသော တောစောင့်၊ တောင်စောင့်နတ်များကို အတီးအမှုတ်များဖြင့် ပြန်လည်ပို့ဆောင်ကြတော့သည်။ ခေါင်ပွဲလုပ်သည့်နေ့က ရရှိထားသည့် ခေါင်ဖတ်များကိုလည်း တောတွင်း၌ ထားရစ်ခဲ့၏။

“အဲဒီက ပြန်လာပြီဆိုရင် သီးနှံတောင်းရတယ်။ သီးနှံတောင်းတယ်ဆိုတာ အိမ်ကကွပ်ပျစ်မှာ စောင်တစ်ထည်ခင်းလိုက်တယ်။ ပြီးရင် တောင်းတစ်ခုကိုယူလိုက်ပြီး တောင်းထဲမှာ ဘာမှမရှိအောင် သေချာမှောက်ချရတယ်။ ပြီးရင်တောင်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ခေါင်းပေါ်မှာရွက်၊ ပါးစပ်ကလည်း ကောက်ပဲသီးနှံတွေကောင်းဖို့ တောင်းရတယ်”ဟု ဦးရှယ်လျန်းဂေကပြောသည်။

“ပြီးတာနဲ့ ခင်းထားတဲ့စောင်ပေါ်ကို တောင်းမှောက်ချလိုက်ရတယ်။ အဲဒီမှာ တောင်းထဲက မျိုးစေ့တွေကျလာတယ်။ ဒီနှစ် ပြောင်းကောင်းမယ်ဆိုရင် ပြောင်းစေ့၊ ဆပ်နီကောင်းမယ်ဆိုရင် ဆပ်နီမျိုးစေ့တွေ ထွက်ကျလာတယ်။ တကယ်လို့ ပေါင်းစေ့နဲ့ ကြွက်ချေးတွေ ပါမယ်ဆိုရင်တော့ အဲဒီနှစ်စိုက်ခင်းထဲမှာ ပေါင်းပင်တွေနဲ့ ကြွက်ပေါပြီပဲ”ဟု သူက စီကာပတ်ကုံး ရှင်းပြသည်။

သူက စကားပြောနေရင်းကပင် ပြောင်းခင်းထဲရှိ လုံရူးပွဲမှတ်တိုင်များကို လှမ်း၍လှမ်း၍ ကြည့်တတ်သည်။ သူပိုင်ဆိုင်သည့် တိုင်ကိုးတိုင်ရှိသည်။ အချို့တိုင်များသည် သူ့အဖေနှင့် အဘိုးလက်ထက်က စိုက်ထူခဲ့သော ကျွန်းတိုင်များကို အချောကိုင်၊ ဆေးသုတ်ကာ သူ့လက်ထက်တွင် ပြန်သုံးထားခြင်းဖြစ်ရာ အချို့တိုင်များသည် ခန့်မှန်းခြေ နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုရပေမည်။

“ဒီတိုင်တွေရဲ့ သက်တမ်းကို ကျုပ်အဖေတောင် တိတိကျကျမသိဘူး”ဟု အသက် ၈၀ နီးပါးရှိ အဘိုးအိုက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် အနီးဝန်းကျင်တွင် ထိုမှတ်တိုင်များ စိုက်ထူထားသည့် အိမ်များကိုတွေ့ရသည်။ ထိုတိုင်များကို ပေါင်း(သို့) နတ်တိုင်ဟုလည်း ခေါ်သည်။ တိုင်များတွင် ချင်းအမျိုးသမီးကြီးများ၏ပါးတွင် ထိုးထားသည့် ပါးရဲ(ပါးမဲ)များကဲ့သို့ အနက်ရောင်ဆေးများ သုတ်လိမ်းထားသည်ကို တွေ့ရသည်။ ဒီတိုင်များကို ကြည့်ခြင်းဖြင့် ဒီအိမ်၏ကြွယ်ဝမှုကို တိုင်းတာနိုင်သည်။

သို့သော် အဘိုးအို၏ သားဖြစ်သူ ဦးရှယ်ခေါဂေကတော့ “ဒီတိုင်တွေ ရှိနေတဲ့အတွက် ကျုပ်ကတော့ ဂုဏ်မယူတဲ့အပြင် အမြင်ကပ်တယ်။ ကျုပ်တို့လူမျိုးတွေ ဆင်းရဲနေတာ ဒါတွေကြောင့်ပဲ”ဟု ခပ်ဆတ်ဆတ်ပြောသည်။

ယခင်က ရိုးရာဓလေ့အရ ပြုလုပ်ခဲ့ကြသည့် လုံရူးပွဲများ၊ ခေါင်ပွဲများ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ဦးနှင့်တစ်ဦးကြား ဂုဏ်တုဂုဏ်ပြိုင်အဖြစ် မည်သူက မည်မျှသတ်နိုင်သည်ဟု မိုက်မိုက်ကန်းကန်း ပြုလုပ်ကြခြင်းကြောင့် စီးပွားရေးကျဆင်းခြင်းများ ရှိလာကြောင်း ကျောင်းအုပ်ဆရာတစ်ဦးလည်းဖြစ်သည့် သူကပြောသည်။

သူတို့၏ဓလေ့အရ မည်သည့်ပွဲတွင်မဆို နွားနောက်က မပါမဖြစ်ပါဝင်သည်။ အိမ်ထောင်ပြုလျှင်လည်း သတို့သမီးကို နွားနောက်နှင့် တင်တောင်းရသည်။ အမှုအခင်းဖြစ်လျှင်လည်း နွားနောက်ပေးကာ ဖြေရှင်းကြသည်။ လုံရူးပွဲများ လုပ်ခဲ့သည့် လူကုံထံတစ်ဦး သေဆုံးလျှင်လည်း နွားနောက်ပွဲလုပ်ပေးရသည်။ မောင်နှမများ၏ သာရေးနာရေးကိစ္စများတွင်လည်း ကျန်မွေးချင်းများက နွားနောက်ပေးကာ ၀ိုင်းကူကြရသည်။ သူကတော့ လူမှုရေးအစဉ်အလာကြီး များလွန်းသဖြင့် နှိပ်စက်သလိုဖြစ်နေသော သည်ထုံးစံကို ငြီးငွေ့နေပြီ။

“နွားနောက်သတ်ခဲ့တဲ့ သူဌေးသေရင် လက်ရှိအချိန်မှာ ပိုက်ဆံရှိရှိ၊ မရှိရှိ နွားနောက်ပွဲ လုပ်ပေးရတယ်။ မရှိရင် ချေး၊ ငှား၊ ပေါင်နှံပြီးလုပ်ရလို့ အကြွေးတွေ ပတ်ချာဝိုင်းတယ်။ ခေါင်ပွဲလုပ်တဲ့လူကို ခေါင်ဝိုင်းကူရတယ်။ တအားအကုန်အကျများတော့ အခုချိန်မှာ ၀င်ငွေနဲ့ ထွက်ငွေ မညီမျှတဲ့ ကုန်ကျမှုတွေကြောင့် ဆင်းရဲတယ်”ဟု ဦးရှယ်ခေါဂေကဆိုသည်။

ချင်းတောင်၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် သည်ထုံးစံကလည်း အနှောင့်အယှက်ဖြစ်နေသည်ဟု သူမြင်သည်။

“အခုနောက်ပိုင်းမှာ ဂုဏ်တုဂုဏ်ပြိုင်တွေ ပါလာတယ်။ အဲဒီ နတ်ပွဲတွေကို ချင်းလူငယ်ကာလသားတွေက ၁၉၆၀ လောက်ကတည်းကစပြီး တိုက်ဖျက်လာကြတယ်။ ဒါပေမဲ့ မပီပြင်သေးဘူး။ တဖြည်းဖြည်းတော့ လျော့ကျလာနိုင်ပါတယ်။ ဒါတွေလုပ်တဲ့အတွက် စီးပွားရေးလျော့ကျတယ်။ ကလေးတွေကို ကျောင်းမထားနိုင်၊ ပညာရေးတွေ နောက်ကျတယ်လို့ ယူဆလာတဲ့သူတွေရှိလာပြီ”ဟု မင်းတပ်မြို့ စံပြရပ်ကွက်ရှိ ချင်းအမျိုးသားဦးထန်းနိုင်းကပြောသည်။

ချင်းပြည်နယ်တွင် စီးပွားရေးအဖြစ် ယခင်က နွားနောက်မွေးမြူရေးလုပ်ငန်းများ တွင်ကျယ်ခဲ့သော်လည်း စားကျက်မြေများ ရှားပါးလာမှုကြောင့် ယခုနောက်ပိုင်းတွင် တွင်ကျယ်မှုမရှိတော့ကြောင်း သိရသည်။ ထို့အပြင် ချင်းပြည်နယ်သည် မြေအောက်သယံဇာတ မထွက်သည့် တောင်ပေါ်ဒေသဖြစ်သည့်အတွက် ဒေသတွင်းစိုက်ပျိုးရေးနှင့် ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းကို ပုံစံတစ်မျိုးဖြင့် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးသင့်ကြောင်း မင်းတပ်မြို့မှ ဒေသခံစိုက်ပျိုးရေးတောင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က စိုက်ပျိုးရေးနဲ့ မွေးမြူရေး
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...