Monday, September 3, 2012

ဘုရားအလောင်းပေါတဲ့ တိုင်းပြည် by နေရဗာန်

၂၀၁၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်က သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခန်းအနားမှ သီတဂူ ဆရာတော်ကြီး အရှင်ဥာဏိဿရက အချို့သော ပါတီမှ နိုင်ငံရေးသမားတွေကို ဖိတ်ကြားပြီး သြဝါဒစကား မိန့်ကြားခဲ့ပါတယ်၊ အဲဒီလို မိန့်ကြားချက်ထဲမှာ အလွန်မှ အားရစရာကောင်းတဲ့ မိန်ဆိုချက်ပါလာပါတယ်၊ အဲဒါကတော့ “ နိုင်ငံရေးသမားတွေ၊ စစ်သားတွေဆိုတာ ဘုရားလောင်းတွေပါပဲ၊ ဘုရားလောင်းဆိုတာ စွန့်လွှတ်သူတွေ ဖြစ်တယ် ” ဆိုပြီး ခေါင်းဆောင်တွေ ထားအပ်တဲ့ ပါရမီဆယ်ပါး တရားကို ဟောကြားခဲ့ပါတယ်။ 

ဆရာတော်ကြီးသည် ယနေ့မြန်မာပြည်သူတွေ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ နိမ့်ကျနေမှုနှင့် သဘာဝဘေးဒဏ်၊ စစ်ဘေးစစ်ဒဏ်များ ခံစားနေရမှု အပေါ် စိတ်မချမ်းမြေ့ ဖြစ်နေသောကြောင့် သူတတ်နိုင်သမျှ ဝင်ရောက်ဖြေရှင်း ကူညီနေသူ ပုဂ္ဂိုလ်ကြီးပါ၊ ဘာသာရေးနှင့် ပါတ်သက်လျှင် ကမ္ဘာ့ဗုဒ္ဓဘာသာတက္ကသိုလ်ကြီးကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်သလို စစ်ကိုင်းတောင်ရိုး ရေ ရရှိရေးနှင့်တကွ များပြားလှစွာသော ဘာသာရေး၊ လူမှုရေး ကဏ္ဍများမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ဆဲလည်း ဖြစ်နေပါတယ်၊ ဒါကြောင့် တိုင်းပြည်နှင့်လူထုအပေါ် ထားရှိသည့် သူ၏ စေတနာသည် ကမ္ဘာကျော် မာသာထရီဇာ၊ ဆရာယုတသန် တို့ထက် မနိမ့်သလို ပရိယတ္တိသာသနာပြု အကျော် ဦးဝိစိတ္တသာရ၊ မုံရွာဗောဓိတထောင် ဆရာတော်ဘုရားကြီး၊ ပုပ္ပါးမြေသာယာ စိုပြေရေး ဦးပရမဝဏ္ဏသိဒ္ဓိ ဆရာတော်ကြီး များကဲ့သို့ပင် ကြီးကျယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီး တပါးပင် ဖြစ်ပါတယ်။ သီတဂူဆရာတော်ကြီးသည် သာသနာ့ဝန်ထမ်းရဟန်းပင် ဖြစ်လင့်ကစား လောကီရေးအတွက် ရတက်မအေးသူ ဂရုဏာရှင်ကြီးလည်း ဖြစ်နေပါတယ်၊ ဒါကြောင့်လည်း ရှစ်လေးလုံး အရေးတော်ပုံကာလမှာ မင်းကျင့်တရား ဆယ်ပါးကို ဟောမိသဖြင့် အစိုးရ၏ ငြိုငြင်မှုကို ခံခဲ့ရဘူးပါတယ်၊ ဆရာတော်ကြီး၏ နိုင်ငံရေးပိုးကတော့ ဘယ်တော့မှ မသေနိုင်ပါ၊ အစဉ်ရှင်သန်နေမည်လည်း ဖြစ်ပါတယ်၊ ဒါကြောင့်လည်း အခွင့်သာရင် သာသလို ဝင်ရောက် လုပ်ဆောင် ဟောပြော တတ်ပါတယ်၊

ယနေ့ ပြည်တွင်းစစ်ကလေးများ ဖြစ်ပွားနေမှု၊ အစိုးရနှင့် အတိုက်အခံ၊ အစိုးရနှင့် ပြည်သူတို့ အကြား မပြေလည်မှုတွေ ပပျောက်ပြီး ညီညွတ်သော မြန်မာနိုင်ငံကြီး ဖြစ်လာစေရန် စေတနာထား ဟောကြားဆုံးမပြန်ပါတယ်။ ဗုဒ္ဓတက္ကသိုလ်ကျောင်းဆောင်သစ် ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ အဖွဲ့နှင့်လည်း တွေ့ဆုံသြဝါဒ ပေးတယ်၊ တရားဝင်ပါတီများကိုလည်းကောင်း၊ အစိုးရပိုင်းမှ ဒု-သမတနှင့် လူကြီးများကိုလည်းကောင်း ဖိတ်ကြားပြီး ညီညွတ် ငြိမ်းချမ်းရေး တရားများ ဟောကြားခဲ့သည်မှာ အင်မတန်မှ လေးစားကြည်ညို ထိုက်လှပါတယ်၊ အဲဒီလို ဟောကြားဆုံးမခဲ့တဲ့အထဲမှာ “ နိုင်ငံရေးသမားတွေ၊ စစ်သားတွေဆိုတာ ဘုရားလောင်းတွေပါပဲ ” ဆိုတဲ့ မိန့်ဆိုချက် ကတော့ တကယ့်ကို ဂန္ဓဝင်မြောက် မှတ်တမ်းစကားတခုပါပဲ၊ အားရစရာကောင်းလှပါဘိ၊ စာရေးသူကလည်း နိုင်ငံရေးသမား တယောက်ဖြစ်ခဲ့လေတော့ ငါလည်း ဘုရားလောင်း ပါလားဆိုပြီး အားတက်နေ မိပါတော့တယ်၊ ဆရာတော်ကြီးရဲ့ စကားအရဆိုလျှင် ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ကြီး၊ ဗိုလ်စိန်လွင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန် တို့ကအစ ကလေးစစ်သားအဆုံး စစ်သားတွေလည်း အားတက်ကုန်ကြမှာ အမှန်ပါပဲ၊ “ ဘုရားလောင်းဆိုတာ စွန့်လွှတ်သူတွေဖြစ်တယ် ” ဆိုတဲ့ အတိုင်းလည်း ယနေ့ နိုင်ငံရေးသမားတွေလည်း စွန့်လွှတ်ကြပါတယ်၊ စစ်သားတွေလည်း စွန့်လွှတ်ကြပါတယ်။ နိုင်ငံရေးခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင်လည်း သားတွေနဲ့ လင်ယောက်ျားမိုက်ကယ်အဲလစ်စ် ကို စွန့်တယ်၊ သူ့မှာရှိတဲ့ ပစ္စည်းဥစ္စာတွေနဲ့ ချမ်းချမ်းသာသာ နေနိုင်ပေမယ့် အဲဒါတွေကို စွန့်တယ်၊ ဆရာဦးဝင်းတင် ဆိုရင်လည်း ရာထူးဥစ္စာတွေ တွင်မက သူ့ဘဝကိုတောင် စွန့်ထားသူ ဖြစ်တယ်၊ ဒီလိုပါပဲ ကွန်မြူနစ် ဗ.က.ပ တွေလည်း ရာထူးစည်းစိမ်နှင့် မိသားစုကိုပါ စွန့်ကြပြီး အသက်စွန့်ရမှာကို မကြောက်၊ ထောင်ကျမှာ အနှိပ်စက်ခံရမှာတွေကိုလည်း မကြောက်ကြဘဲ သူတို့ရဲ့ ဘဝကို တော်လှန်ရေးအတွက် ပေးဆပ်ခဲ့ကြတယ်၊ ပေးဆပ်ဆဲလည်း ဖြစ်ပါတယ်၊ ဒါကြောင့် သူတို့လည်း ဘုရားလောင်းစာရင်း ဝင်တွေ ဖြစ်နေပါပြီ၊ ဗိုလ်နေဝင်းတို့ ဗိုလ်စိန်လွင်တို့ သခင်သန်းထွန်း၊ သခင်စိုးကြီး တို့လည်း ခုလောက်ဆိုရင် နတ်ပြည်မှာ ဘုရားအဖြစ်ခံယူဖို့ စောင့်နေကြပြီလားလို့တောင် တွေးစရာဖြစ်နေပါသည်၊

သီတဂူဆရာတော်ကြီး၏ မိန့်ကြားချက်အရဆိုလျှင် မြန်မာအမျိုးသား၊ အမျိုးသမီးများသည် နိုင်ငံရေးသမားဖြစ်အောင် နိုင်ငံရေးလုပ်ကြပါ၊ ဒါမှမဟုတ် စစ်တပ်ထဲဝင်ကြပါ၊ ဒါဆိုလျှင် ဘုရားလောင်းတွေ ဖြစ်နေပါပြီ၊ အားတက်စရာ ကောင်းလှ ပါတော့သည်။ လောကီလူဝတ်ကြောင်ကို စွန့်ပြီး ရဟန်းဘောင်သို့ တက်လှမ်းတော်မူကြတဲ့ ဘုန်းကြီးရဟန်းသံဃာ၊ ကိုရင်၊ ဖွားသီလကအစ ကပ္ပီယအဆုံးတို့သည်လည်း နိဗ္ဗာန်ကို သေချာဖို့ အရေးမှာ နိုင်ငံရေးလုပ်ခြင်း (သို့မဟုတ်) စစ်ထဲလိုက်ခြင်း အမှုများကို ပြုသင့်ကြပါတယ်၊ ဘုရားလောင်းဖြစ်ပြီဆိုလျှင် နိဗ္ဗာန်ဆိုတာ သေချာပြီပေါ့၊ စာရေးသူလည်း နိုင်ငံရေးသမား တယောက်ဖြစ်ခဲ့မိတဲ့ အတွက် ဘုရားလောင်းဖြစ်ပြီပေါ့၊ မိမိရဲ့ သားသမီးများနှင့် မိတ်ဆွေသင်္ဂဟတို့ကိုလည်း တိုက်တွန်းရပါအုံးမည်၊ နိုင်ငံရေးသမားနဲ့ စစ်သား တခုခုတော့ ဖြစ်အောင်လုပ်ကြပါလို့ပေါ့၊ တခုခုဖြစ်လျှင်တော့ ဘုရားလောင်းဖြစ်ဖို့ သေချာသလောက်ပါပဲ။

စာရေးသူသိထားသလောက် အနည်းငယ်မျှ ဗဟုသုတကတော့ ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူကြတဲ့ ငါးဆူသောဘုရားရှင်တို့ကတော့ အနည်းဆုံး လေးသင်္ချေနှင့် ကမ္ဘာတသိန်းမျှ ပါရမီတော်များ ဆည်းပူးဖြည့်ကျင့်ခဲ့ရပါတယ်၊ အချို့ကျမ်းတွေမှာလည်း ရှစ်သင်္ချေ၊ တဆယ့်ခြောက်သင်္ချေ စသည်ဖြင့် အမျိုးမျိုးတွေ့ရပါတယ်၊ ပစ္စေကဗုဒ္ဓများဆိုလျှင်လည်း နှစ်သင်္ချေ တစ်သင်္ချေ စသည်ဖြင့် ဖြည့်ကျင့်ရကြောင်း မှတ်သားဘူးပါတယ်၊ ဤကဲ့သို့ ဘုရားလောင်းဖြစ်ရခြင်းမှာလည်း ဘုရားရှင်ကို ဖူးတွေ့ရသဖြင့် အားကျကြည်ညိုပြီး ဘုရားဖြစ်ရန် ဆုတောင်းခဲ့သူများဟုပင် မှတ်သား ဘူးပါတယ်၊ ဘုရားဖြစ်ရန် ဆုတောင်းပြီးနောက်ပိုင်းတွင် လိုအပ်သော ပါရမီများကို ကမ္ဘာပေါင်းများစွာ ဖြည့်ဆည်းရသည်ပင် မဟုတ်ပါလား၊ ယနေ့ ဗုဒ္ဓဘာသာဝင်များ ဆည်းကပ်ကိုးကွယ် နေကြသည့် ဂေါတမမြတ်စွာဘုရားသည်ပင်လျှင် လူသာမန်တို့ ကျင့်နိုင်ရန် ခက်ခဲနက်နဲလှစွာသော ဖြည့်ကျင့် ရသည့် ပါရမီတော် ဆယ်ပါး ဆိုသည်ကို လေးသင်္ချေနှင့် ကမ္ဘာတသိန်းမျှ ကာလပတ်လုံး အကြိမ်ကြိမ် အထပ်ထပ်ကျင့်ကြံ ပေးဆပ်ခဲ့ရသည် မဟုတ်ပါလား၊ ဘုရားကြီးဖြစ်ဖြစ်၊ ဘုရားငယ်ပဲ ဖြစ်ဖြစ် စွန့်လွှတ်ပေးဆပ်ရင်း ဖြည့်ဆည်းရသည့် ပါရမီတော် ဟူသည်မှာ ပုထုဇဉ် သာမန်လူတို့၏ လောကီကောင်းကျိုးကို ရည်ရွယ်ပြီး စွန့်လွှတ်စွန့်စား အနစ်နာခံမှုများနှင့် မည်သို့မျှ မနိုင်းယှဉ်အပ်ပါ။ စွန့်လွှတ်စွန့်စား အနစ်နာခံသူများသည် ဘုရားလောင်းဖြစ်ကြသည် ( သီတဂူ ဆရာတော်) ဤသို့ဆိုသော် ဘုရားလောင်းများသည်လည်း နုစဉ်အခါက အများအကျိုးကို ဆောင်ရွက်ရာ၌ စွန့်လွှတ် စွန့်စား အနစ်နာခံခဲ့ကြ သူများပင် ဖြစ်သည်ဟု ဆိုကြပါအုံးမည်၊ အများအကျိုးအတွက် စွန့်လွှတ်စွန့်စား အနစ်နာခံသူများသည် ဘုရားလောင်းဖြစ်ကြသလို၊ အများအကျိုးကို စွန့်လွှတ်စွန့်စား အနစ်ခံသူများသည် စစ်သားနှင့် နိုင်ငံရေးသမား များလည်း ဖြစ်ကြပါသည်၊ ထို့ကြောင့် စွန့်လွှတ်စွန့်စား အနစ်နာခံမှုကို ညီမျှခြင်းချပြီး စစ်သားနှင့် နိုင်ငံရေးသမား ညီမျှခြင်း ဘုရားလောင်း ဟူသော လောဂျစ်အသစ်တခု ထုတ်လိုက်ခြင်း ကတော့ လူရယ်စရာများ ဖြစ်နေမလားလို့ တွေးမိပါတော့သည်၊

ဤ လောဂျစ်အရဆိုလျှင် ဗုဒ္ဓဘာသာဝင်များ ဆည်းကပ်ကိုးကွယ် နေကြသည့် ဂေါတမဘုရားရှင်နှင့်တကွ ဂင်္ဂါဝါဠု သဲစုမျှမက ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင် အပေါင်းတို့၏ 
ဖြည့်ဆည်းခဲ့ရသည့် ပါရမီတော်တို့သည်လည်း လွန်စွာနိမ့်ကျသွားရတော့မလို ဖြစ်ပြီး ဘုရားရှင် အပေါင်းတို့၏ အခန်းကဏ္ဍ သည်လည်း မြန်မာပြည်မှာ စစ်သား၊ နိုင်ငံရေးသမား တို့နှင့် နှိုင်းယှဉ်ရလောက်အောင် နိမ့်ပါးနေသည်ဟု ယူဆရ တော့မှာလားလို့ သီတဂူ ဆရာတော်ကို မေးခွန်း ထုတ်ရပါတော့မည်။ ကြမ်းကျွံလျှင် နုတ်၍ရသည် စကားကျွံလျှင် နှုတ်၍မရတော့ပါ၊ ငယ်ငယ်ပေါ့ပေါ့က ပြောလျှင်ခွင့်လွှတ်လို့ ရနိုင်ပေမယ့် ကြီးကြီးလေးလေးက ပြောလျှင် မှားမှားမှန်မှန် မှတ်တမ်းဖြစ်တတ်ပါသည်၊

သီတဂူဆရာတော်၏ “ တရားရှာ ထောင်မှာတွေ့ ” ဆိုသော စကားသည်လည်း မိုးကုတ် ဆရာတော်ဘုရားကြီး၏ “ တရားရှာ ခန္ဓာမှာတွေ့ “ ဆိုသည့် တရားကို ကန့်လန့်တိုက်သလို ဖြစ်ရပြန်ပါသည်၊ တရားရှာမှီးလိုသော ပုဂ္ဂိုလ်များသည် ထောင်ထဲကို ဝင်ရတော့မလိုလို ပါလား၊ ထောင်ကျသဖြင့် နောင်တရ သွားကြသည် ဆိုတာလောက် ကတော့ လက်ခံနိုင်ကြ ပါသည်၊ တရားရှာသူများအတွက် ထောင်မှာတွေ့သည်ဟုဆိုသည်ကတော့ တရား၏ကြီးမားမြင်မြတ် လှသည့် ဂုဏ်တော်ကို မထေမဲ့ပြုရာ ရောက်လွန်း နေပါသည်၊ အရေးကြီးသည့်အချက်ကတော့ တရားရရှိပြီး သူကသာ တရားပေးနိုင်ကြသည်ဆိုတာကို သတိထားရန်ဖြစ်ပါသည်၊ တရားရရှိပြီးသူ တရားပြနိုင်သူ ထောင်ထဲမှာ ရှိနေလို့လား၊ တရားရရှိပြီးသူ ဆိုလျှင်လည်း ထောင်ထဲသို့ ရောက်စရာအကြောင်းမရှိပါ၊ ထောင်ထဲမှာ တရားဗဟုသုတရနိုင်ပါသည်ဆိုတာလောက်နှင့် လုံလောက်ပါသည်၊ “ တရားရှာ ထောင်မှာတွေ့ ” ဆိုလျှင်တော့ ဆိုသူများထောင်ထဲမှာသာ သွားပြီးတရားရှာပါတော့ဟု ပြောရမလိုဖြစ်နေပါသည်။

နိုင်ငံရေးသမားတွေ စစ်သားတွေသည် ဘုရားလောင်းများဖြစ်သည်၊ ဖြစ်နိုင်သည်ဟူသော အယူအဆသည် ဘယ်လိုပင် လိုရာဆွဲပြီး ကောက်ချက်ဆွဲသော်လည်း ထေရဝါဒ မဟုတ်ဘဲ မဟာယနဘက်သို့ ယိမ်းနေသည်ကို တွေ့ရပြန်ပါသည်၊ လူတိုင်းဘုရားလောင်းဟူသော အယူအဆသည် မဟာယနထဲတွင် တွေ့ရပြီး ထေရဝါဒတွင် ဘုရားဆုပန်ပြီး ဘုရားဖြစ်နိုင် လောက်အောင် ပါရမီများ ဖြည့်ဆည်းသည့် ပုဂ္ဂိုလ်များသာလျှင် ဘုရားဖြစ်နိုင်ကြောင်း သိရှိရပါသည်၊ လူတိုင်းမဟာဗောဓိ၊ လူတိုင်းဘုရားလောင်းဟူသော မဟာယန အယူအဆကို မြန်မာပြည်မှ ထေရဝါဒ ဗုဒ္ဓဘာသာက လုံးဝလက်မခံဘဲ အထင်အရှား ပယ်ဖျက်ထားပြီးလည်း ဖြစ်ပါသည်။ သီတဂူဆရာတော်က နိုင်ငံရေးသမားတွေ စစ်သားတွေသည် စွန့်လွှတ်စွန့်စားသူများ ဖြစ်ကြသဖြင့် ဘုရားလောင်းတွေပါပဲဟုဆိုဆို ဘုရားလောင်းတွေ ကဲ့သို့ပါပဲဟု ပြောပြော တကယ်တော့ မနှိုင်းယှဉ်သင့် မနှိုင်းယှဉ်ထိုက်ပါ၊ မြတ်ဗုဒ္ဓ၏ သာသနာတော်ကို မှေးမှိန်သေးသိန်နိုင်သည်ကို သတိချပ်သင့်ပါသည်၊ “ ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်သည် ” ဟူသော အရပ်စကားသည် အရပ်နားမှာ ကြားနေကျဖြစ်ပေမယ့် ဘုရားဖြစ် လောက်အောင် ကြိုးစားပါမှ ဘုရားဖြစ်ပါသည်ဟု ခံယူနားလည်ပါမှ အမှန်ကိုရောက်ပါလိမ့်မည်၊ သို့မဟုတ်ပါက ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တော်တို့၏ ကြိုးစားခဲ့ရပုံကို အားနည်းလျှော့ပါး ပေါ့တန်စေပြီး ဘုရားရှင်တော်တို့ကို ပြစ်မှားရာလည်း ရောက်နိုင်ပါသည်၊

သာသနာ့ဝန်ထမ်း ရဟန်းတဦးအနေဖြင့် သာသနာတော်၏ ဂုဏ်သိက္ခာကိုထိပါးမည့် ဥပမာပေးစကားတို့ကို မည်သို့မျှ မပြောအပ်ပါ။ နိုင်ငံ၊ လူထုနှင့် ပြည်သူပြည်သားတို့အပေါ် ကြီးမားသော စေတနာမေတ္တာနှင့် စွန့်လွှတ်စွန့်စား သွားကြသည့် အာဇာနည်ကြီးများ နိုင်ငံရေးသမား ကြီးငယ်များ၊ စစ်သား စစ်ဗိုလ်များအားလုံးသည်လည်း လေးစားထိုက်ကြပါသည်၊ သို့သော် သူတို့၏ စွန့်လွှတ်မှုသည် သူတို့ကိုယ်စားပြုနေသည့် လူထု လူတန်းစားနှင့် တိုင်းပြည်အတွက်သာဖြစ်ကြပါသည်၊ အမှန်တကယ် ဘုရားဆုပန်ပုဂ္ဂိုလ်ကြီးများ၏ စွန့်လွှတ်မှုကတော့ သုံးဆယ့်တစ်ဘုံ အတွင်းရှိ ကျွတ်ထိုက်သော ဝေနေယျတို့ အတွက် ဖြစ်သဖြင့် မည်သို့မျှ မပတ်သက်ပါ။ ဒါကြောင့် ရဟန်းသံဃာတော်တို့ အနေဖြင့် နိုင်ငံရေးနှင့် ဘာသာရေးကို နှိုင်းယှဉ်ဟောကြားဆုံးမရာ၌ ဘာသာရေးအစွန်းလွတ်ရန် သတိချပ်သင့်ပါကြောင်း စေတနာကောင်းနှင့် တင်ပြအပ်ပါသည်။

နေရဗာန် ၁၇. ၇. ၂၀၁၁ 


ဘုရားအလောင်းပေါတဲ့ တိုင်းပြည် by နေရဗာန်
http://www.dhammaweb.net/MyanmarNews/view.php?id=10

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...