Thursday, September 27, 2012

ညံ့တယ်ဆိုတာ ဟုတ်ရဲ့လား


by Ye Wint Thu on Wednesday, September 26, 2012 at 7:40am 


ဒီနေ့ ဂျူနီယာတစ်ယောက်နှင့် အွန်လိုင်းပေါ်မှာတွေ့လို့ စကားစပ်မိရာကနေ သူကနောက်ဆုံးနှစ် ဘွဲ့ယူစာတမ်းအတွက် Hoverdraft ကိုလုပ်ချင်သည်ဟုပြောပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ Facebook စာမျက်နှာမှာ ၁၉၇၃ ခုက YIT ကျောင်းသားများ လုပ်ခဲ့သော Hovercraft ကိုလုပ်ခဲ့သောကျောင်းသားများနှင့်အတူတွေ့ရပါသည်။
၁၉၇၃ ခုနှစ်က Hovercraft ကိုလုပ်နိုင်သည်ဆိုသည်မှာ ထိုခေတ်က YIT ကျောင်းသားများ၏အရည်အချင်းကို အထူးပြောနေစရာပင်မလိုတော့ပေ။ ထိုဓါတ်ပုံအောက်တွင်ရေးထားသော comment များကိုတွေ့ရသည်မှာ သည်ခေတ်ကျောင်းသားများတော်တော်ညံ့နေသယောင်ယောင်အများဆုံးရေးထားတာကိုတွေ့ရပါသည်။ ကျွန်တော်စိတ်မကောင်းပါ။ ကျွန်တော်လည်း သည်ခေတ်မှာဘွဲ့ရထားတာမှ ပူပူနွေးနွေးပင်ရှိပါသေးသည်။ ကျွန်တော့်အထင်တော့ သည်ခေတ်ကျောင်းသားများ(အားလုံးကိုမဆိုသော်လည်း) လည်းမညံ့ပါ။ သေချာရဲ့လား ရဲဝင့်သူရာလို့မေးကောင်းမေးမယ်။ ကျွန်တော်ဘာကြောင့်ပြောနိုင်ရသလဲဆိုတာကိုကြည့်ရအောင်ပါ။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှာ ၂၀၁၀ နောက်ဆုံးနှစ် project ကျောင်းသားများကြားတွင်ရေပန်းစားနေသည်မှာ model ဆိုသောကိစ္စဖြစ်သည်။ အရင်နှစ်တွေကမကြားခဲ့ဖူးသောစကားလုံးမို့ ဆရာများကြားတွင်လည်း ခေတ်စားနေပြန်ပါသည်။ ၂၀၁၀မှစပြီး ပါမောက္ခချုပ်က ကျောင်းသားများကို model လုပ်စေချင်သည်ဟုဆိုပါသည်။ မိမိလုပ်သော project နှင့်သက်ဆိုင်သော စက်ပစ္စည်းအသေးစားများကိုလုပ်ခိုင်းခြင်းဖြစ်ပါသည်။ အများဆုံးအားဖြင့် Marine Engineering ကျောင်းသားများအတွက်ဖြစ်ပါသည်။ ထိုနှစ်က ကျွန်တော်တို့ Naval Architecture ကျောင်းသားများမှာ ရွေးချယ်ထားသော ခေါင်းစဉ်များမှာ model လုပ်ပြရအောင်ဖြစ်နိုင်သာခေါင်းစဉ်များမဟုတ်ကြ။ ကျွန်တော့်ခေါင်းစဉ်ဆိုလျှင် engineering ရှု့ထောင့်အနည်းငယ်သာပါသော transportation study ဆန်ဆန်ခေါင်းစဉ်မျိုးဆိုတော့ပိုဆိုးသည်။ ကျွန်တော့် supervisor ကတော့မရရအောင်လုပ်ဖို့ပြောပါသည်။ သို့သော်လုံးဝကလေးဆန်သွားမှာမျိုးဖြစ်သည့်အတွက် ကျွန်တော်မကြိုးစားတော့။ သူငယ်ချင်း (roll 1) ကတော့ သူဒီဇိုင်းထုတ်ထားသောသဘောင်္ပုံစံလေးကို ကတ်ထူစက္ကူများဖြင့် သေချာသပ်သပ်ရပ်ရပ်ကလေးလုပ်လာပါသည်။ ထားပါတော့ ကျွန်တော်ပြောချင်တဲ့အကြောင်းဆက်ရအောင်။ ကျောင်းသားတွေ ဘာကြောင့်မညံ့သလဲဆိုတာကို။

အဲလို model လေးတွေလုပ်ကြတော့ ကျွန်တော်နှင့်တစ်အိမ်ထဲနေ အရင်းနှီးဆုံးဘော်ဒါများကလည်း လုပ်ကြပါသည်။ အဲသည်မှာတင် ကျွန်တော့်သူငယ်ချင်းများကို ပထမဆုံးအကြိမ်လေးစားသွားပါသည်။ သူတို့လုပ်လုပ်သောခေါင်းစဉ်မှာ Purifier နှင့်သက်ဆိုင်သည်။ ထို့ကြောင့်သူတို့လည်း purifier လေးတစ်ခုလုပ်ကြသည်။ ဆီနှင့်ရေကို တကယ်ခွဲပြရမည်ဖြစ်သောကြောင့် သူတို့အစကတည်းကကြိုးစားကြပါသည်။ ဦးစွာ Drawing Board ပေါ်မှာချပြီးပုံကြမ်းဆွဲပါသည်။ ထည့်ရမည့်ပစ္စည်း မူလီကအစ သေချာစဉ်းစားရပါသည်။ ပုံကြမ်းအပေါ်မှာ သီအိုရီများသုံးပြီးပြန်တွက်ရပါသည်။ တစ်ခါတစ်လေ လိုအပ်သောအပိုင်းလေးတွေမှာလက်တွေ့ဆီတွေရေတွေရောပြီးလုပ်ကြည့်ရပါသေးသည်။ ထို့နောက် ဒီဇိုင်းအချောထုတ်ပါသည်။ ဒီဇိုင်းရသောအခါ အစိတ်အပိုင်းတစ်ခုချင်းစီအတွက် သင့်တော်ရာနေရာတွေမှာ ကိုယ်တိုင်သွားလုပ်ရပါသည်။ အောက်ကပုံလေးတွေကိုကြည့်ရအောင်ပါ။

ဒါကတော့ ဆီရေ အရောကိုထည့်လှည့်မယ့် bowl ပါ။ ဒီ bowl လေးရဖို့ တောင်ဒဂုံစက်မှုဇုံကို အခေါက်ခေါက်အခါခါသွားရပါသည်။


ဒါကတွေကတော့ အတွင်းအပြင်မှာထားရမည့် အစိတ်အပိုင်းလေးတွေဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းလေးတွေ ခုတ်စားရတဲ့ အစိတ်အပိုင်းရဲ့ accuracy က တော်တော်အရေးပါ ပါတယ်။ ဒါလည်း သူငယ်ချင်းများသေချာတွက်ရပါတယ်။ (ဒီအစိတ်အပိုင်းတွေလုပ်တဲ့နေရာကတော့ သူတို့ project supervisor လုပ်ပေးတဲ့ ဆရာကအပ်ပေးထားတာဖြစ်ပါတယ်။ ဒီအလုပ်ရုံက ဆရာတွေကတော်တော့်ကို သဘောကောင်းပြီးစိတ်ရှည်ပါတယ်။ အဆင်မပြေမချင်းသေချာလုပ်ပေးပါတယ်။ ငွေကြေးလည်းပေးစရာမလိုတဲ့ပြင် တကယ့်ကိုစေတနာပြည့်ဝပါသည်။ ကျောင်းသားတွေမို့သက်သက်ကူညီခြင်းဖြစ်ပါသည်။ )



ဒါကတော့ purifier ရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ Disc တွေပါ။ အမှန်ကတော့ သံဖြူဆိုင်မှာသွားလုပ်သင့်တာပါ။ ဒါပေမယ့် အကုန်အကျအရမ်းများတော့ ဒန်အိုးစက်ရုံက ဒန်အိုးဖုံးတွေဝယ်ပြီးလိုချင်တဲ့ အရွယ်အစားကိုဖြတ်ရပါတယ်။


နောက်ဆုံးဒီလို assembly ဖြစ်သွားပါတယ်။ ဆင်ပြီးတော့စမ်းတာ မအောင်မြင်ပါ။ အထပ်ထပ်အခါခါပြန်စစ်။ သီအိုရီပြန်ဖတ်။ ဘာမှားလဲသေချာပြန်လိုက်။ ပြန်တွက်နဲ့နောက်ဆုံး ရသွားပါတယ်။ ဆရာတွေရှေ့မှာ ဆီနှင့်ရေကိုအောင်အောင်မြင်မြင်ခွဲပြနိုင်လိုက်ပါတယ်။



နောက်သူငယ်ချင်းတစ်အုပ်စုကတော့ Sprinkler fire fighting system ကိုလုပ်ပါတယ်။ ခုနက purifier ဟာ mechanical သက်သက်မို့ ဖြစ်အောင်လုပ်ရတာပညာပါသလို ဒီ system မှာလည်း electrical system ပါနေတဲ့အတွက် တော်တော်လေးပညာပါပါတယ်။ မီးလောင်လို့ အပူချိန်တစ်ခုကိုရောက်ရင် sprinkler ကပေါက်သွားပြီး ရေပန်းထွက်ရမှာဖြစ်ပါတယ်။ ရေပန်းထွက်တဲ့အခါ pressure ကျသွားပြီး pressure တစ်ခုရောက်ရင် ရေမော်တာကလည်ပြီးအဆက်မပြတ်ရေပန်းထွက်ရမှာဖြစ်ပါတယ်။ မော်တာကို pressure ကျသွားတာနဲ့လည်နိုင်ဖို့ circuit ကိုတော်တော်စဉ်းစားရပါတယ်။ နောက်ဆုံး ပထမနှစ်တုန်းက physics ဆရာ ဦးဇော်ဝေကို အကူအညီယူလိုက်တော့အဆင်ပြေသွားပါတယ်။



နောက်တစ်ဖွဲ့ကတော့ boiler လုပ်တာပါ။ model ဆိုပေမယ့် ထွက်နေတဲ့ stem အားကကြောက်စရာပါ။(steam ထွက်နေတဲ့ ပုံမရှိတော့ သည်အတိုင်းနေတဲ့ပုံကိုပဲ ထည့်လိုက်ရတယ်။)




နောက် EE က ကျောင်းသားတွေကတော့ သူတို့ထွင်ထားတဲ့ circuit ကိုသုံးပြီး လှေကိုရေကန်ထဲ တကယ့်ကိုမောင်းပြသွားတယ်။


ဒါတွေကိုကျွန်တော်ပြောနေရတာကတော့ ကျောင်းသားတွေမညံ့ကြောင်းပြောချင်လို့ပါ။ (စုန်းပြူးတွေတော့ရှိတာပေါ့)။ တစ်ကယ်လုပ်မယ်ဆိုရင်၊ အခြေအနေသာပေးမယ်ဆိုရင်၊ အချိန်သာပေးမယ်ဆိုရင်၊ ငွေကြေးသာထောက်ပံ့ပေးမယ်ဆိုရင် အရည်အချင်းက ရှိပြီးသားဖြစ်ကြောင်း…။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...