Saturday, September 29, 2012

ကျော်ကွန့် နှင့် လှထုံ (ဇာတ်သိမ်း)


by မင်းလူ၏ ၀တ္တုတိုများ on Friday, September 28, 2012 at 6:59pm ·


ဒီလောက်နဲ့ပြီးလို့ ရရိုးလား။ မပြီးသေး။ ရှိသေးသည်။
တစ်နေ့ လှထုံ ဈေးသွားခါနီး ကျော်ကွန့်မှာသည်။
"ငါ့ဖိနပ် ပြတ်ခါနီးနေပြီကွ။ ဖိနပ်တစ်ရန်လောက် ၀ယ်ခဲ့စမ်းပါ" သူ့မိန်းမက မတော်မတည့်လုပ်လာမည်မှန်း သိသည်။

တော်ကြာ ကိုမင်းညွန့်ပြောသလို ကိုကျော်ကွန့်အတွက် ဖိနပ်တစ်ရန် ပေးစမ်းပါ ဆိုတာမျိုး သွားလုပ်ချင် လုပ်လိမ့်မည်။
ထို့ကြောင့် သူ့ဖိနပ်ဟောင်းတစ်ဖက်ကို ယူ၍ စာရွက်လွတ်ပေါ်မှာချ။ အနားသတ်မျဉ်းကို ဘောပင်နှင့်ဆွဲပြီး အတိုင်းယူ၍..
"ကဲ..ဟောဒီစာရွက်ယူသွား။ ဒေါ်လာဖိနပ်လို့ပြော။ ပြီးတော့ ဒီပေါ်မှာ သေသေချာချာချပြီး ထပ်ကြည့်။ တစ်တိုင်းတည်း ကွက်တိဖြစ်တဲ့ဟာကို ယူခဲ့" ဟု စနစ်တကျမှာလိုက်ရသည်။

လှထုံသည် သူ့အသိမူမူတို့ ဖိနပ်ဆိုင်သို့သွားသည်။
"ဟော၊ မမလှထုံပါလား၊ ဖိနပ်လိုချင်လို့လား" မူမူက မေးသည်။
"ဟုတ်တယ်။ ကိုကျော်ကွန့်အတွက်လေ"
"ကိုကျော်ကွန့်အတွက်ဆို ဒေါ်လာ စီးနေကျပဲ" ဆိုပြီး ဖိနပ်အစည်းလိုက် ချပေးသည်။
လှထုံသည် ဖိနပ်စည်းထဲက တစ်ဖက်ချင်းယူပြီး ကျော်ကွန့်ပေးလိုက်သည့် ဖိနပ်အတိုင်း စာရွက်ပေါ်မှာ သေသေချာချာချ၍ ထပ်ကြည့်သည်။
တစ်ခုမှ အံကျမဖြစ်။ အကြောင်းမှာ ကျော်ကွန့်ပေးလိုက်သည့် ဖိနပ်ပုံစံက ညာဘက်ဖြစ်ပြီး သူ ယူထပ်ကြည့်သည့်ဖိနပ်များမှာ အားလုံး ဘယ်ဘက်တွေချည်းဖြစ်သောကြောင့်ပင်။ မူမူကလည်း တခြားဝယ်သူတစ်ယောက်နှင့် စကားပြောနေရသဖြင့် သူ လုပ်နေပုံကိုမမြင်။ လှထုံလည်း ဖိနပ်အတိုင်းနဲ့မကိုက်ဘူးဆိုပြီး ထွက်လာခဲ့၏။
မူမူက အလုပ်များနေသည့်ကြားမှ အံ့သြပြီး ကျန်ခဲ့သည်။
"ဖိနပ်တွေကလည်း တစ်ခုမှ အံမကိုက်ဘူး" ဟု လှထုံက ပြောသောအခါ သူ့မိန်းမ တစ်ခုခုတော့ မတော်မတည့်လုပ်လာပြီဖြစ်ကြောင်း ကျော်ကွန့်သိသည်။
ထို့ကြောင့် ထွေထွေထူးထူးပြောမနေတော့ဘဲ.. "အေး အေး၊ ငါ့ဘာသာပဲ သွားဝယ်လိုက်ပါ့မယ်" ကျော်ကွန့်သည် ဈေးဘက်သို့ ထွက်လာခဲ့သည်။ ရပ်ကွက်ထိပ်နားအရောက်တွင် နောက်မှခေါ်သံကြားသဖြင့် လှည့်ကြည့်သည်။
လှထုံသည် ခပ်သုတ်သုတ် လျှောက်လာနေ၏။
"ဘာဖြစ်လို့လဲ"
ကျော်ကွန့်က ဆီးမေးသည်။
လှထုံက သရော်တော်တော်မျက်နှာထားဖြင့်...
"ဟင် ရှင်က ကျွန်မကျတော့ ထုံသလေး အ သလေးပြောတယ်။ ရှင်ရော ဘာထူးသလဲ"
"ဟ၊ ငါက ဘာလုပ်လို့လဲ" "ဒီမှာလေ မတွေ့ဘူးလား။ ရှင် ဖိနပ်သွားဝယ်မယ်ဆိုပြီး ဟန်နဲ့ပန်နဲ့ထွက်သွားလိုက်တာ ဖိနပ်အတိုင်း မေ့ကျန်ခဲ့ပြီမဟုတ်လား" ဆိုပြီး စောစောက ကျော်ကွန့်၏ဖိနပ်ပုံစံဆွဲထားသောစာရွက်ကို လှမ်းပေးလေသည်။
ကျော်ကွန့်လည်း ထုံးစံအတိုင်း..
"လောကကြီးမှာလေ၊ လောလောသာ က လိုက်ချင်တော့တာပဲ လှထုံရယ်" ဟု ညည်းလိုက်ရပြန်သည်။

"ဧရာဝတီမြစ်ကြီးကတော့ စီးမြဲစီးလျက်ပင်"ဟူ၍ ၀တ္ထုရေးဆရာတို့ ရေးလေ့ရှိသည်။
လှထုံသည်လည်း ထုံမြဲထုံလျက် ပင်တည်း။ သို့ရာတွင် ထုံသောသူ ကိုယ်ဝန်မဆောင်ရသောဟူသော ဥပဒေမရှိရကား တစ်နေ့သ၌ လှထုံတွင် သန္ဓေခလေတော့သည်။ လှထုံက ကျော်ကွန့်ကို ၀မ်းသာအားရပြောပြသည်။ ကျော်ကွန့်က မယုံသေး။

"ဟုတ်မှလည်း လုပ်ပါကွာ။ မင်း ဘယ်သူပြောလဲ"
"ကျွန်မလည်း ရှင့်ကိုပြောရင် မယုံမှာစိုးလို့ ဒေါ်အေးကြွယ်နဲ့တောင် ပြကြည့်ပြီးပြီ"
ဒေါ်အေးကြွယ်သည် အရပ်ဝမ်းဆွဲသည်ကြီးဖြစ်သည်။
"အင်း..ဒါဆိုရင်တော့ ဟုတ်နိုင်တယ်။ ဆေးရုံ သွားပြကြည့်မယ်" ကျော်ကွန့်က ပြောရာ..
"အို ... ဆေးရုံမသွားပါဘူး။ ဒေါ်အေးကြွယ်နဲ့ပဲ မွေးမယ်"
"ဘယ်ဖြစ်မလဲ။ ဆေးရုံမှာမှ စိတ်ချရတာ။ ဒေါ်အေးကြွယ်က အရေးအကြောင်းဆို ဘာမှတတ်နိုင်မှာမဟုတ်ဘူး"
"ရှင်က တော်တော်ကျေးဇူးကန်းတယ်နော်။ ရှင်ရော၊ ကျွန်မရော ဒေါ်အေးကြွယ်ပဲ မွေးပေးခဲ့ရလို့ လူဖြစ်လာကြတာ မဟုတ်လား"
"ဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဟိုတုန်းက ဆေးရုံတို့ ဘာတို့ သိပ်သိကြသေးတာမဟုတ်လို့ပေါ့။ အခုအချိန်ကတော့ ဆေးရုံမှာပဲ မွေးကြတာပဲ"
"ကဲပါ၊ မွေးဖို့က လိုပါသေးတယ်။ ရှင်က အရေးမကြီးတာတွေတော့ လျှောက်ပြောနေတယ်။ တကယ်အရေးကြီးတာတော့ မေ့နေတယ်မဟုတ်လား"
"ဘာမေ့လို့လဲ"
"ရှင် ၀မ်းမသာဘူးလား"
"၀မ်းသာတာပေါ့ဟ"
"၀မ်းသာတယ်လည်း ဆိုသေး"
"အေးလေ၊ ဘာဖြစ်လဲ"
"ရုပ်ရှင်တွေထဲမှာ မကြည့်ဖူးဘူးလား၊ ခုလို ကလေးရှိပြီဆိုရင် ၀မ်းသာလို့ ထခုန်တာ။ ရှင်ကတော့ အေးတိအေးစက်နဲ့"
"ဒုက္ခပါပဲ၊ ဟိုဟာက ရုပ်ရှင်ဟ"
လှထုံက မကျေနပ်။
ကျော်ကွန့်က..
"ငါ ၀မ်းသာပေမယ့် ထခုန်လို့မဖြစ်ဘူးလေ။ ငါတို့အိမ်ကလေး ပြိုကျသွားမှာပေါ့"

* * *

ကိုယ်ဝန် လေး ငါးလ ရသောအခါတွင် ကလေးက လှုပ်လာ၏။
"ကလေးက လှုပ်တယ် ကိုကျော်ကွန့်ရဲ့" ကျော်ကွန့်က လှထုံကို စချင်လာသဖြင့်
"အဲဒါ ကလေးမျက်စိကြောင်ပြီး အိပ်မပျော်တာ၊ သီချင်းဆို သိပ်လိုက်"
"ဟုတ်ရဲ့လား၊ ကလေးက ကြားပါ့မလား"
"ကြားတာပေါ့"

ထိုအခါမှစ၍ လှထုံသည် ကလေးလှုပ်သည့်အခါတိုင်း သူ့ဗိုက်ကလေးကိုပွတ်၍ သီချင်းတအေးအေးလုပ်နေတတ်သည်။ တစ်ခါတလေကျတော့..
"ကိုကျော်ကွန့်၊ ကလေးက သိပ်လှုပ်တာပဲ။ မျက်စိကြောင်နေပြန်ပြီထင်တယ်။ ကျွန်မလည်း အရမ်းအိပ်ချင်နေပြီ။ အဲဒါ ရှင်ပဲ သီချင်းဆို သိပ်လိုက်ပါတော့နော်"
ကျော်ကွန့် မငြင်းနိုင်။
သူ့စကားနှင့်သူမို့ သီချင်းညည်းပြရတော့သည်။
"ပုဝါပါးကို ကြက်သားထုပ်တော့ စွန်းတတ်ပါတယ်။ တစ်ရွာသားကို ရည်းစားလုပ်တော့ လွမ်းရတယ် ဆိုတဲ့စကားရယ်"
လှထုံသည် ပြုံးပြုံးကလေး အိပ်ပျော်သွားရှာ၏။

* * *

လှထုံ သားယောက်ျားလေးမွေးသည်။ ကလေးက ဖြူဖြူဖွေးဖွေး ချစ်စရာကလေး။ ထွားလည်းထွားသည်။ ကျော်ကွန့်က ဆေးရုံမှာ မွေးစေမည်ဟု စီစဉ်ထားခဲ့သော်လည်း လှထုံ ဗိုက်နာသည့်အချိန်က ညနှစ်နာရီ။ သူတို့အရပ်သည် ကားငှားဖို့မလွယ်။ ထို့ကြောင့် ဆေးရုံမသွားဖြစ်တော့ဘဲ ဒေါ်အေးကြွယ်ကိုပင် ပြေးခေါ်ရသည်။ ဒေါ်အေးကြွယ်လုပ်ပုံကိုင်ပုံမှာ သပ်သပ်ရပ်ရပ်ရှိသည်။ သန့်ရှင်းသည်။ လက်ကို တံတောင်ဆစ်လောက်မှစ၍ ဆပ်ပြာနှင့် နှစ်ခါ၊ သုံးခါ ပွတ်တိုက်ဆေးကြောသည်။
ကျော်ကွန့် ကြားဖူးသလို လက်သည်းရှည်ကြီးနှင့်ထိုးခွဲတာတို့၊ နှီးပြားနှင့်ဖြတ်တာတို့မလုပ်။ ကလေးချက်ကိုလည်း နနွင်းမထည့်။ ဆေးရုံတွေမှာလို ခရမ်းရောင်ဆေး ထည့်ပေးသည်။ နောက်မှသိရတာက ဒေါ်အေးကြွယ်သည် မြို့နယ်ကဖွင့်သော အရပ်ဝမ်းဆွဲရက်တိုသင်တန်း တက်ထားတာတဲ့။ ကလေးကို ချောချောမောမောမွေးနိုင်သည်။ ကျော်ကွန့်က ဒေါ်အေးကြွယ်ကို ဘယ်လောက်ပေးရမှန်းမသိ။
နောက်တော့ ဘယ်လောက်ပေးရမလဲဟု ဖွင့်မေးလိုက်သည်။ ဒေါ်အေးကြွယ်က..
"ကိုယ့်တူကိုယ့်သား ကိုယ့်သမီးလိုဖြစ်နေတာပဲကွယ်။ ဘယ်ရွေ့ဘယ်မျှ မပြောလိုပါဘူး။ ဖြစ်နိုင်ရင်တော့ ထဘီအဟောင်း ကလေး တစ်ထည်လောက်သာပေးပါ" ကလေးတစ်ယောက်လုံးမွေးပေးရသည့် အဖိုးအခက ထဘီအဟောင်းလေးတစ်ထည် ဆိုပါကလား။
"မဟုတ်တာပဲ အဒေါ်ရယ်၊ ကဲ..ဒီလိုလုပ်လေ။ အဒေါ့်ဘာသာပဲ ထဘီဝယ်ဝတ်ပေါ့"ဆိုပြီး ငွေငါးဆယ်ပေးလိုက်သည်။
လှထုံသည် ပင်ပန်းသွားသဖြင့် ခဏမှေးနေသည်။ ပြီးတော့ ကျော်ကွန့်ကိုခေါ်သည်။

"ကိုကျော်ကွန့်၊ သားလေးက ချောရဲ့လား"
"သိပ်ချောတာပဲ၊ မင်းနဲ့တူတာကွ"
လှထုံ သဘောကျသွားသည်။
"နာမည် ဘယ်လိုပေးမလဲဟင်"
"သြော်..နာမည်စဉ်းစားဖို့ အချိန်တွေအများကြီးရှိပါသေးတယ်။ မင်းလည်း သိပ်ပင်ပန်းနေပြီ။ အိပ်လိုက်ဦး"
"နာမည်မပေးရသေးရင် အိပ်လို့ပျော်မှာ မဟုတ်ဘူး"
"ကဲ၊ ဒါဆိုလည်းပြော၊ မင်း ဘယ်လိုစဉ်းစားထားလို့လဲ"
"သားလေးက ဘာနေ့သားလဲဟင်"
"အခု တနင်္လာနေ့မနက်လေ၊ တနင်္လာသားပေါ့"
"တနင်္လာဆိုတော့ ဘာလဲ က လ သ ဖ လား"
"ဟာ..ဘယ်ကလာ၊ က ခ ဂ ဃ င"
လှထုံ ခဏစဉ်းစား၍...
"ဟုတ်ပြီ၊ ရှင့်နာမည်ရော ကျွန်မနာမည်ပါ ပါအောင် ကျော်ထုံလို့မှည့်မယ်"

ကျော်ကွန့် စိတ်ဓာတ်ကျသွားသည်။
ထုံဆိုသော စကားလုံးကို သူမကြိုက်။ မကြိုက်ဘူးလို့ ပြောလို့လည်းမဖြစ်။ လှထုံ စိတ်ဆိုးလိမ့်မည်။ ထို့ကြောင့်...
"ဒီလိုရှိတယ် လှထုံရဲ့။ သားလေးက စနေနံနဲ့မတည့်ဘူး။ ဒါကြောင့် ထုံဆိုတာ ပါလို့မရဘူး"
"ကျော်လှ ဆိုရင်ရော"
"အင်း..အဲဒါကောင်းတယ်။ သူများတွေထက် ကျော်ပြီးတော့ လှတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့"
လှထုံ ကျေနပ်သွား၏။
ကျော်ကွန့်ကတော့ ကွန့်ထုံလို့မမှည့်တာကံကောင်းဟု စိတ်ထဲက မှတ်သည်။ လှထုံက ဆက်ပြောသေးသည်။
"ကျွန်မက မိန်းကလေးမွေးရင် မေထုံလို့ နာမည်ပေးမယ် စိတ်ကူးထားတာ"

*****************

လှထုံသည် သူ့သားကလေးကို အလွန်ဂရုစိုက်သည်။
ညအိပ်နေတုန်းက ကလေးက အဲ့ခနဲ တစ်ချက်လှုပ်လိုက်သည်နှင့် သူ နိုးပြီးသားဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာ လက်ကလည်း သေးစိုသလား စမ်းပြီးသားဖြစ်သည်။ မွေးခါစကလေးမို့ အသားမကျသေး၍ တစ်စုံတစ်ခု အပြောင်းအလဲဖြစ်တိုင်း ငိုတတ်သည်။
ထိုအခါမျိုးတွင် လှထုံသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်သည်။ ပါးစပ်ကလည်း
"လေထိုးတာလား မသိဘူး၊ ပုရွက်ဆိတ်ကိုက်တာဖြစ်ရမယ်။ ချက်ကိုက်လို့လားပဲ၊ အေးအေး...သားရေ.. သားရေ" ဟူ၍ တတွတ်တွတ်မြည်ဆိုတတ်၏။
တခြား ဘာပဲဂရုစိုက်စိုက် တစ်ခုတော့ သူ မတတ်နိုင်ချေ။
သူက နို့မထွက်ခြင်းပင်ဖြစ်၏။ မွေးခါစ တစ်ရက်နှစ်ရက်မှာတော့ နည်းနည်းထွက်သေးသည်။ နောက် လုံးဝရပ်သွား၏။

ကလေးက နို့ဆာသည့်အခါတိုင်း လှထုံလည်း ငိုရသည်။ နို့ထွက်လိုထွက်ငြား တိုက်ကြည့်သည်။ ကလေးက အငမ်းမရစို့ကြည့်ပြီး နို့မရသဖြင့် ပိုပြီးငိုသည်။
လှထုံလည်း ငိုပြန်သည်။ ကလေးကို နို့ဘူး တိုက်ရတော့သည်။ ဤနေရာတွင် ပြဿနာတက်လာ၏။ နို့မှုန့်က အပြင်မှာ တစ်ဘူးနှစ်ရာကျော်။
သူတို့ ၀င်ငွေအရ ဘယ်လိုမှမ၀ယ်နိုင်။ ဈေးထဲမှာ အထုပ်ကလေးတွေ ခွဲပြီးရောင်းတာတော့ရှိသည်။ တစ်ထုပ်တစ်ဆယ်။ ဒါကိုပင် ၀ယ်တိုက်ရသည်။ ကလေးက စားလုံး၊ သောက်လုံးကြီးသဖြင့် တစ်ဆယ်ဖိုးက နှစ်ရက်တောင် မခံချင်။ ဒီတော့လည်း မတတ်နိုင်ဘဲ ဖြစ်လာပြန်သည်။ တချို့က ထမင်းရည်တိုက်ဖို့ အကြံပေးသည်။
လှထုံက မတိုက်ချင်။ ထမင်းရည်က အားရှိသည် ဆိုသည့်တိုင် နို့လောက်တော့ အားရှိသည်ဟု သူမထင်ချေ။ သူ့သားကလေး ပိန်သွားမှာစိုးသည်။
နွားနို့ဝယ်တိုက်ဖို့ဆိုတာကလည်း တစ်ခါတလေ ပိုးလောက်လန်းတွေပင် ပါလာတတ်သေးသည်။
ဈေးကလည်း ကြီးသဖြင့် နို့မှုန့်ဝယ်ရတာနှင့် သိပ်မကွာခြားလှ။ မတတ်သာသဖြင့် ချက်နို့ဆီဝယ်ပြီး ထမင်းရည်နှင့်ရောတိုက်ရသည်။
စိတ်ထဲမှာတော့ မကောင်းလှချေ။

ထိုကာလအတွင်း သူ နို့ထွက်အောင် နည်းမျိုးစုံနှင့်ကြိုးစားသည်။
ဒေါ်အေးကြွယ်က ရေနွေးပုလင်းဖြင့်လှိမ့်၊ ကျပ်ထုပ်ထိုး၊ အကျိတ်တွေ နှိပ်ချေ စသည်ဖြင့် ပြုလုပ်ပေး၏။ လှထုံသည် နာလွန်းသဖြင့် မျက်ရည်ပေါက်ပေါက်ကျသော်လည်း ကျိတ်ခံသည်။
"ဦးပုည၏ နွားတစ်ကောင်လုံး အသုံးချနည်း"တွင် မီးတွင်းမိန်းမ၊ နို့မရ၍ သားက တစာစာ၊ မာတာကြုံလှီ၊ ရှိသည်အခိုက်၊ ညွှန်လိုက်မည်အပြီး၊ သည်နွားမြီးကို၊ မီးဖုတ်ချက်ချင်း၊ တောက်တောက်စင်း၍၊ ဟင်းခါးလည်းချက်၊ ကြောင်ပန်းရွက်နှင့်၊ နို့မျက်မိန်းမ၊ သောက်လိုက်ရလျှင် နို့လုံးရွှင်သည်၊ သူ့လင်စို့တော့ မကုန်တည်း ဟု ဆိုထားသဖြင့် ကျော်ကွန့်သည် နွားမြီးကို အားကြိုးမာန်တက်ရှာဖွေသည်။
နွားသတ်ရုံအထိ သွားဝယ်ရသည်။ နွားမြီးနှင့် ကြောင်ပန်းရွက်၊ ပြည်ပန်းညို၊ ကန့်ချုပ်နီ၊ ပေါက်ပန်းဖြူတို့ကို ဟင်းခါးချက်ပြီး သောက်ခိုင်းလိုက်သည်။
ဦးပုညလည်း မကယ်နိုင်။ နို့ကား မထွက်ချေ။ ဆရာဝန်ကိုသွားပြသည်။ ဆရာဝန်က နို့ညှစ်ကိရိယာဖြင့် ညှစ်ခိုင်းသည်။ သောက်ဆေးတွေ ပေးသည်။ ဘာမှမထူးခြား။ တစ်နေ့ကျတော့ လှထုံက ကျော်ကွန့်ကို ပြောလ၏။

"ကိုကျော်ကွန့်၊ ရှင် မပွေးကို သိတယ်မဟုတ်လား"
"သိတာပေါ့ဟ၊ မပွေးက ငါတို့နဲ့ ငယ်ငယ်က ကစားဖက်ပဲ"
"သူလည်း လွန်ခဲ့တဲ့တစ်လလောက်က ကလေးမွေးတာရော သိလား"
"အေးပါ၊ သိပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ"
"မပွေးက နို့သိပ်ကောင်းတာပဲ ကိုကျော်ကွန့်ရယ်"
ကျော်ကွန့် စိတ်မကောင်းဖြစ်သွားရ၏။
လှထုံသည် သူ နို့မထွက်သည့်အတွက် စိတ္တဇလိုဖြစ်နေဟန်တူသည်။ မပွေးကို အားကျနေလိမ့်မည်။
"ဒီလိုပဲပေါ့ကွာ" ဟု ဖြေသိမ့်သည့်လေသံဖြင့်ပြောလိုက်သည်။
"ကျွန်မ စိတ်ကူးတစ်ခုရလို့ သိလား"
တစ်ခုခုတော့ ပေါက်ကရတွေးတော့မည်ဆိုတာ သိသော်လည်း လှထုံ စိတ်မကောင်းဖြစ်နေချိန်မို့
"ဘာစိတ်ကူးလဲ ပြောလေကွာ" ဟူ၍သာ ထောက်ပေးလိုက်၏။

"ဒီလို ကိုကျော်ကွန့်ရဲ့၊ သားလေးကို မပွေးဆီ ခေါ်ခေါ်သွားပြီး သူ နို့တိုက်ခိုင်းရရင် မကောင်းဘူးလား"
"ဟင်.." ကျော်ကွန့် တွေသွား၏။
"ဖြစ်ပါ့မလား၊ သူ့မှာလည်း.."
"ဖြစ်ပါတယ်၊ သူ့နို့တွေက သူ့ကလေးမစို့နိုင်လို့ တစ်ခါတစ်ခါ တင်းလာရင် ညှစ်ပစ်ရသေးတယ်။ သူက သားလေးကို ခေါ်ခဲ့ပါတဲ့။ သူ နို့တိုက်ပေးပါ့မယ်တဲ့။
တစ်ခုတော့ရှိတယ်။ ဒီအတိုင်း တိုက်ခိုင်းရတာတော့ အားနာစရာကောင်းတာပေါ့။ ဒီတော့ ကျွန်မက သူလည်းအဆင်ပြေအောင် တစ်လသုံးဆယ်ပေးမယ်လို့ ပြောလိုက်တယ်။ သူကလည်း သဘောတူတယ်"

ကျော်ကွန့်သည် အလွန်အင်မတန် အံ့သြသွားရ၏။
သူ့မိန်းမသည် တစ်သက်လုံးထုံလာသမျှ ဒီတစ်ချက်တည်းဖြင့် ကျေလောက်သည်။ သူ့စိတ်ကူးသည် ကမ္ဘာကျော်လောက်သည်ဟု ချီးကျူးရလေတော့သည်။

* * *

သမ၀ါယမဆိုင်မှာ နို့မှုန့်ဘူးတွေရောက်လာပြီဟု သတင်းကြားရသည်။ လူတိုင်းကိုတော့ ပေးမည်မဟုတ်။
ဝန်ထမ်း မိခင်များကို ဦးစားပေးမည်။ တခြားသူများကတော့ အမှန်တကယ် နို့မထွက်ကြောင်း စစ်ဆေးပြီးမှ ပေးမည်။
တစ်ဦးလျှင် ဘူး တစ်ဝက် (နှစ်ယောက်ပေါင်းတစ်ဘူးနှုန်း)ရောင်းချပေးမည်ဟု ဆိုသည်။ လှထုံက လျှောက်လွှာတင်ပြီး အစစ်ဆေးခံမည်။
ကိုယ်က တကယ်အမှန်အကန်ပဲ။
ဘယ်လိုစစ်စစ် အောင်မှာပဲဟု ပြောသည်။ ကျော်ကွန့်ကတော့ လက်မခံ။
"မင်းနှယ်ကွာ၊ အဓိပ္ပာယ်မရှိတာ။ နို့မှုန့်ဘူးတစ်ဝက်ရဖို့အတွက် ကိုယ့်ပစ္စည်းကို လူရှေ့သူရှေ့ ဖွင့်ပြရမယ်လို့"
"ဘူးတစ်ဝက်ဆိုတာ နည်းလားတော့်။ အပြင်မှာ တစ်ရာလောက်တန်တယ်။ သမဈေးက ဆယ့်ခုနစ်ကျပ် ဆယ့်ရှစ်ကျပ် လောက်ပဲ ကျတာ။ အများကြီးကွာတယ်။
နောက်ပြီး စစ်ဆေးတယ် ဆိုတာကလည်း တခြားလူတွေမဟုတ်ဘူး။ သမဆိုင်က စာရေးမတွေပဲ။ ယောက်ျားတစ်ယောက်မှ မပါပါဘူး"
လှထုံက အထွန့်တက်သည်။

"ဟာ၊ လုပ်မနေပါနဲ့ကွာ။ ရှုပ်တယ်။ အခုလည်း မပွေးတိုက်ပေးလို့ ကလေးနို့စို့ရနေပြီပဲ"
"မပွေးက နေ့လယ်ပဲ တိုက်နိုင်တာ။ ညကျလို့ ကလေးထငိုတော့ သကြားလေးရေဖျော်ဖျော်ပြီး တိုက်နေရတာ မဟုတ်လား"
"ဒါဆိုလည်း မင်းသဘောကွာ။ နောက်တော့မှသာ မတော်တရော်ဖြစ်မလာစေနဲ့" ဤသို့ဖြင့် လှထုံ လျှောက်လွှာတင်လိုက်သည်။

ချိန်းဆိုထားသည့်နေ့တွင် သမ၀ါယမဆိုင်သို့ သွားသည်။ စစ်ဆေးမည့် နေရာက သမ၀ါယမဆိုင်ရှိ အမှုဆောင်အဖွဲ့ရုံးခန်းမှာဖြစ်သည်။
သူရောက်သွားတော့ ဆိုင်ရှေ့မှာ စုရုံးစုရုံးဖြစ်နေကြပြီ။ တကယ်နို့မထွက်သည့်အမှန်အကန်တွေရော၊ အကြံအဖန်လုပ်လို့ရလိုရငြား လာကြည့်ကြသူတွေရော။ တချို့က နှစ်ယောက်သုံးယောက် အုပ်စုဖွဲ့ပြီး စကားပြောနေကြသည်။ တစ်ယောက်က နို့ရည်များကို ကုန်အောင် ညှစ်ထုတ်နေသည်။ တစ်ယောက်ကပြောသည်။

"ကျွန်မကတော့ အိမ်မှာကတည်းက ကလေးကို နို့အ၀တိုက်လာခဲ့တယ်"
"အိမ်မှာတိုက်လာပေမယ့် ပြန်တင်းချင်တင်းလာမှာ။ အခုဟာက ကိုယ့်အလှည့်ကျအောင် ဘယ်လောက်စောင့်ရမယ် မပြောနိုင်ဘူး။
ကျွန်မကတော့ မနေ့ညကတည်းက ရေလုံးဝမသောက်ဘဲနေခဲ့တာ။ ရေသောက်လျှင် နို့လိုက်နေမှာစိုးလို့။ မသောက်ပါဘူးဆိုမှ ရေက ငတ်လိုက်တာ လွန်ပါရော။ မနည်းအောင့်ထားရတယ်"
အခြားတစ်ယောက်ကလည်း..
"ရေမသောက်ရုံနဲ့ စိတ်မချရသေးဘူးလေ။ ကျုပ်ကတော့ လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက ငန်းဆေးတွေ ဖိသောက်ထားတာပဲ။
ဆေးပူတွေသောက်ရင် နို့ခန်းတယ်ဆိုလို့"
ခပ်လှမ်းလှမ်းရှိ ပိတောက်ပင်ရိပ်အောက်တွင် မိန်းမတစ်သိုက်ဝိုင်းထိုင်နေကြသည်။ သူတို့အလယ်မှာထိုင်နေသော မိန်းမ တစ်ယောက်က အာပေါင်အာရင်းသန်သန်ပြောနေသည်ကို စိတ်ဝင်စားစွာ နားထောင်နေကြသည်။ လှထုံ သူတို့ဆီလျှောက်ခဲ့ရာ အလယ်မှာထိုင်နေသော မိန်းမသည် မပွေးဖြစ်နေကြောင်း တွေ့ရသဖြင့် အံ့သြသွားရ၏။

"ဟင်.. အစ်မပွေးက ဘာလာလုပ်နေတာလဲ" ` ဟု သူက နှုတ်ဆက်ရင်း မေးလိုက်သည်။
မပွေးက..
"အံမယ်... ညည်းကတော့ အိုကေမှာပါ။ ဒီကောင်မတွေသာ အကြံအဖန်လုပ်လို့ရအောင် သင်တန်းပေးနေရတာ"
လှထုံက သူတို့ကြားမှာ ၀င်ထိုင်ပြီး..
"အစ်မပွေးက ဒီလောက်နို့ကောင်းနေတာ။ အင်တာဗျူးဝင်လို့ ဘယ်ရမလဲ။ ဟိုကျတော့ အလိမ်ပေါ်မှာပဲ" လှ
ထုံက ပြောရာ မပွေးက..
"ညည်းက ထင်သလား၊ ဒီမှာကြည့်နော်"
မပွေး ညှစ်ပြသည်။ နို့ရည်တွေ ပန်းထွက်လာသည်။
"ကဲ... သေသေချာချာကြည့်ထားကြ။ ဟောဒီ နို့သီးခေါင်းရဲ့အရင်းနားကို လက်ညှိုးနဲ့လက်မညှပ်ပြီး မသိမသာ လိမ်ထားလိုက်။
နို့ကြောင်းကို ပိတ်ပစ်လိုက်တဲ့သဘော။ နောက်ပြီးတော့ ဟောဒီနေရာကို လက်ခလယ်နဲ့ ခပ်နာနာလေး ထောက်ပြီးဖိထား။ နည်းနည်းတော့နာတာပေါ့အေ။
ဒါပေမယ့် ကြည့်ကြစမ်း၊ ဘယ်လောက်ညှစ်ညှစ် နို့တစ်စက်မှ မထွက်တော့ဘူး။ တွေ့လား"
"ဟယ်..ဟုတ်ပါရဲ့၊ ဟန်ကျလိုက်တာ" အံ့သြစွာ၊ အားကျစွာ ရေရွတ်သံတွေ ထွက်ပေါ်လာသည်။
ပြီးတော့ အသီးသီးလက်တွေ့စမ်းသပ်လုပ်ကိုင်ကြည့်ကြသည်။ မပွေးက အကိုင်အတွယ်အသားမကျသူတွေကို လိုက်ပြီ ပြုပြင်ပေးသည်။
အောင်မြင်သူလည်းရှိ၊ မအောင်မြင်သူလည်းရှိ။ ထိုစဉ်မှာပင် လူတွေ့စစ်ဆေးမှု စတင်သည်။ တစ်ယောက်ပြီးတစ်ယောက်ဝင်ကြသည်။
တကယ်နို့မထွက်သူတွေက အလျင် ၀င်ကြသည်။ အကြံဖန်သမားတွေကတော့ မ၀င်ရဲကြသေး။ လှထုံသည် မပွေးအခြေအနေကို သိချင်သဖြင့် မ၀င်သေးဘဲ စောင့်နေလိုက်သည်။

"ကဲ...ငါ အရင် စပြီးဝင်မယ်"
မပွေးက စစ်ဆေးမည့်အခန်းထဲသို့ ကော့ကော့ ကော့ကော့နှင့်ဝင်သွားသည်။
အပြင်မှာကျန်ခဲ့သူတွေ ရင်တထိတ်ထိတ်နှင့် စောင့်နေကြသည်။ လှထုံပင်လျှင် စိတ်ဝင်စားမှုဖြင့် ရင်ခုန်နေမိ၏။
ခဏကြာတော့ မပွေး ပြန်ထွက်လာသည်။ သူ့မျက်နှာထားကို အကဲဖမ်းလို့မရသေး။
"ဘယ်လိုလဲ၊ ဘယ်လိုလဲ" ၀ိုင်းမေးကြသည်။
မပွေးက မျက်နှာရှုံ့မဲ့သွားပြီး..

"မအိုကေဘူးဟေ့"
"ဟင်..ဘာဖြစ်လို့လဲ။ ဟိုကျမှ နို့တွေ ထွက်လာလို့လား"
"ဘယ်ဟုတ်မလဲ၊ ငါကိုက ပေါ့လျော့လွန်းလို့ဖြစ်သွားရတာပါအေ"
"ဘာဖြစ်သွားတာလဲ" "ဟိုမှာ ညှစ်ပြတာ အားလုံးအဆင်ပြေလို့ နို့တစ်စက်တောင် မထွက်ဘူး။ ဒါပေမယ့် ဟောဒါကြောင့်ပေါ့"
သူက နို့ကောင်းသူဖြစ်သဖြင့် မညှစ်ဘဲ အလိုလိုစိမ့်ထွက်တတ်သည်။
ထိုနို့ရည်များက သူ့အင်္ကျီကိုစွန်းပေပြီး အကွက်လိုက် မြင်နေရသောကြောင့်ပင်ဖြစ်လေသည်။

လှထုံအလှည့်ရောက်ပြီ။
သူကတော့ စိတ်ချလက်ချပင် ခပ်အေးအေးဝင်သွားသည်။ အခန်းထဲမှာ အမျိုးသမီးသုံးယောက် ထိုင်နေသည်။ ညာဘက်အစွန်မှာထိုင်နေသူက သူနှင့်မျက်မှန်းတန်းမိပြီးသားဖြစ်သည်။ ထိုအမျိုးသမီးက
"မလှထုံ နို့မထွက်ဘူးဆိုတာ သိပြီးသားပါ။ ဒါပေမယ့် စည်းကမ်းအတိုင်းတော့ ပြလိုက်ဦးပေါ့"
"ဟုတ်ကဲ့ ရပါတယ်" လှထုံက အင်္ကျီနှင့်ဘော်လီကိုလှန်ပြီး အားရပါးရ ညှစ်ပြလိုက်၏။
ဘယ်လိုဘာတွေဖြစ်ကုန်သည်မသိ။ ရက်ပေါင်းများစွာ ဆို့ပိတ်နေသော နို့ကြောင်းသည် ရုတ်တရက်ပွင့်ကန်ထွက်ပြီး
နို့ရည်များက သင်္ကြန်ရေသေနတ်နှင့်ပက်လိုက်သလို အရှိန်နှင့် ပန်းထွက်လာသည်။
သေချာစွာစူးစိုက်ကြည့်နေသော အလယ်မှအမျိုးသမီး၏မျက်နှာတည့်တည့်ကို ထိမှန်သည်။
ထိုအမျိုးသမီးမှာ လန့်ပြီး အမလေး သောက်ပလုတ်တုတ်ဟု အော်လိုက်သည်။
လှထုံသည်လည်း အလွန်အံ့သြပြီး သူ့ဟာသူ ငုံကြည့်ရင်း ကြက်သေ သေနေသည်။
ဘေးမှအမျိုးသမီးနှစ်ယောက်က ရယ်ကြသည်။
နို့အစင်ခံရသော အမျိုးသမီးမှာ ရှက်လည်းရှက်၊ ဒေါသလည်းဖြစ်ပြီး..
"ဟင်..ဒါ သက်သက်လာလိမ်တာပေါ့လေ။ ဒီကလည်း မသင်္ကာလို့ သေသေချာချာကြည့်နေတာ...ဟင်း... အခုတော့" စသည်ဖြင့် ရန်တွေ့သလိုပြောနေသည်။

လှထုံကတော့ သူပြောတာတွေ မကြားနိုင်။ အံ့သြကြီးစွာဖြစ်နေရာက တဖြည်းဖြည်း ပြုံးလာသည်။

"မရောင်းဘူး၊ လုံးဝမရောင်းဘူး" ဟိုအမျိုးသမီးက ဆက်ပြောနေသည်။
ထိုအခါ လှထုံကလည်း..
"မ၀ယ်ဘူး၊ မ၀ယ်ဘူး၊ ဘူးတစ်ဝက်မကလို့ ဘူးတစ်ရာရောင်းလည်း မ၀ယ်ဘူး။ ကျွန်မ နို့ထွက်လာပြီ။ ကျွန်မသားလေးကို ကျွန်မဘာသာနို့တိုက်နိုင်ပြီ။ နို့ထွက်လာပြီ" ဟု တတွတ်တွတ်ရေရွတ်ရင်း ထွက်သွားသည်။
အပြင်ရောက်သောအခါ ဣနြေ္ဒပင် မဆောင်နိုင်တော့ဘဲ သူ့သားလေးရှိရာ အိမ်သို့ အမြန်သုတ်ခြေတင် ပြေးတော့သတည်း။

*********************************
မင်းလူ
ရယ်မောခြင်းလက်ရွေးစင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...