Wednesday, September 26, 2012

အီးကော်လာ


by မင်းလူ၏ ၀တ္တုတိုများ on Wednesday, September 26, 2012 at 7:10am ·


    သူ့လက်မှာပတ်ထားသော ဇီဝမှတ်တမ်းကိရိယာလေးက တစ်ညတာအတွင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သော အချိန်တွေကို စုပြီးမှတ်ထားသည်။ အိပ်ရေးဝလောက်ပြီ ဆိုသောအခါ အာရုံကြောမှတစ်ဆင့် ဦးနှောက်ဆီသို့လျှပ်စစ်လှိုင်းများလွှင့်ပြီး လှုံ့ဆော်လိုက်သည်။
ထိုအခါ သူအိပ်ရာမှ နိုးလာ၏။ ဇီဝမှတ်တမ်းကိရိယာလေးကို ကြည့်လိုက်သည်။ သွေးဖိအား၊ နှလုံးခုန်နှုန်းကို ပြနေသည်။ ပုံမှန်ပဲ။ ဆက်လက်ပြီး အသက်ရှူနှုန်း၊ အောက်ဆီဂျင်ရရှိမှု၊ သွေးထဲရှိ ကိုလက်စထရောအခြေအနေ စသော အချက်အလက်များပေါ်လာသည်။ သူက ဒါတွေ ဂရုစိုက်မကြည့်တော့ဘဲ ရီမုဒ်ကွန်ထရိုးဖန်ရှင်ကို ပြောင်းလိုက်သည်။ စားသောက်ခန်းရှိကွန်ပျူတာကိုဆက်သွယ်ပြီး စားသောက်စရာများ အဆင်သင့်ပြင်ထားရန် ခလုပ်နှိပ်မှာကြားလိုက်သည်။

    ကော်ဖီ ၅း ၃း ၂

    ပေါင်မုန့်မီးကင်- အဆင့် -၂

    ကြက်ဥကြော် - ကျက်နှုန်း - ၇၅%

ထို့နောက် သူသည် သန့်စင်ခန်းထဲ ၀င်သည်။ သွားတိုက်ကိရိယာကို ပါးစပ်ထဲထည့်ပြီး ခလုတ်ဖွင့်လိုက်သည်။ နူးညံ့သောအမွှေးအမျှင်ကလေးများက သွားတွေကိုပွတ်တိုက်သည်။ လုံးဝသန့်စင်သွားသောအချိန်တွင် အလိုအလျောက်ရပ်သွားသည်။ မှန်ထဲမှာ သူ့ရုပ်သွင်ကိုကြည့်လိုက်သည်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးစိမ်းစိမ်းက သူ့အကြိုက် အနေတော်ပဲ။ ဆံပင်ကတော့ ရှည်နေပြီ။ ထို့ကြောင့် ဆံပင်ညှပ်အုပ်ဆောင်းကို ခေါင်းမှာစွပ်လိုက်သည်။ တိုတိုပါးပါးညှပ်မည်ဟု စိတ်ကူးပြီး ပုံစံနံပါတ်ကို နှိပ်လိုက်သည်။ ဆံပင်ပေါ်မှာ ပိုးကောင်တွေ တရွရွသွားနေသလိုမျိုး ခံစားရသည်။ တကယ်တော့ ဆံပင်ကိုညှပ်ပစ်ခြင်းမဟုတ်ဘဲ လေဆာရောင်ခြည်ဖြင့် တိပစ်ခြင်းသာဖြစ်ဧ။်။ ထို့ကြောင့် ဆံပင်မွှေးအစအနတွေ ထွက်ပေါ်လာခြင်းမရှိ။ ဆံပင်ညှပ်ပြီး ခေါင်းလျှော်နေစရာလည်းမလို။ ဆံပင်ညှပ်လို့ပြီးစီးကြောင်း အချက်ပေးသံပေါ်လာသဖြင့် အုပ်ဆောင်းကိုဖြုတ်လိုက်သည်။ မှန်ထဲမှာကြည့်သည်။ သူ့ပုံစံမှာ သပ်သပ်ရပ်ရပ်ဖြစ်နေပြီး နုပျိုသွားသည်ဟု ထင်ရဧ။်။ စားသောက်ခန်းထဲ ၀င်လာသည်။ စားပွဲမှာထိုင်ပြီး အဝေးထိန်းခလုတ်ကို နှိပ်သည်။ မိုက်ကရိုဝေ့ဗ် မီးဖိုခန်းတံခါးဖွင့်ပြီး စားစရာတွေတင်ထားသော တွန်းလှည်းကလေး ထွက်လာသည်။ စားပွဲနားအရောက်မှာ ရပ်သွားသည်။ စားစရာတွေတင်ထားသောလင်ဗန်းကိုယူပြီး တွန်းလှည်းပေါ်က “အိုခေ”ခလုတ်ကို နှိပ်လိုက်သည်။ တွန်းလှည်းသည် သူ့နေရာသို့ ပြန်ထွက်ခွာသွားသည်။

    ထိုအချိန်တွင် ဇီဝ လက်ပတ်က “တီတီ” ဆိုပြီး အချက်ပေးပြန်သည်။ ထုံးစံအတိုင်း ယခုစားမည့် အစားအစာများ၏ အာဟာရတန်ဖိုးကို တွက်ပြနေခြင်းဖြစ်ဧ။်။ ကယ်လိုရီတွေ၊ သတ္တုဓာတ်တွေ၊ ဗိုက်တာမင်တွေ၊ ကိုလက်စထရောပါဝင်မှုတွေ၊ အမှန်တကယ်လိုအပ်ချက်ထက် ပိုနေသောဓာတ်တွေ၊ လိုအပ်နေသောဓာတ်တွေကို ဖော်ပြသည်။ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက် သောက်သင့်ကြောင်းကိုလည်း အကြံပေးထားသေးသည်။ သူကတော့ လိုက်နာလေ့မရှိ။ တစ်ခါတစ်လေ ဘာစားရကောင်းမလဲ စဉ်းစားလို့ မရသဖြင့် ကွန်ပျူတာကို အကြံဉာဏ်တောင်းကြည့်ဖူးသည်။ ထိုအခါ ပေါင်မုန့်ညို၊ လိမ္မော်ခွံယို၊ ကြက်သွန်စွပ်ပြုတ်နှင့် ပဲနို့ရည်ဆိုတာမျိုး သူဘယ်လိုမှ မစားနိုင်သော အတွဲအစပ်မျိုး ထွက်ချင်ထွက်လာတတ်သည်။ စားသောက်ပြီးတော့ အအေးခန်းတံခါးမှာ တပ်ထားသော ဖန်သားပြင်ရှေ့မှာသွားရပ်ပြီး ခလုတ်ဖွင့်လိုက်သည်။ အအေးခန်းထဲမှာသိုလှောင်ထားသော အစားအသောက်စာရင်းများပေါ်လာသည်။ အရေအတွက်နှင့်တကွ အပြည့်အစုံ ဖော်ပြထားသည်။ လက်ကျန်နည်းနေသောပစ္စည်းများကို မှိတ်တုတ်မှိတ်တုတ်လုပ်ပြီး သတိပေးထားသည်။ ထိုပစ္စည်းများ၏ ကုဒ်နံပါတ်များအတိုင်း စက်ထဲရိုက်ထည့်ပြီး ထောက်ပံ့ရေးဌာနသို့ အကြောင်းကြားလိုက်၏။ ထိုမှာကြားချက်သည် ထောက်ပံ့ရေးဌာန၏ ကွန်ပျူတာထဲသို့ အလိုအလျောက်ရောက်သွားလိမ့်မည်။ မီးဖိုခန်းထဲကထွက်လာပြီးနောက် နားနေခန်းသို့သွားသည်။ နားနေခန်း၏နံရံမှာချိတ်ထားသော မှတ်တမ်းတင်ကိရိယာက အိမ်အတွင်းရှိ အပူချိန်၊ စိုထိုင်းဆ၊ ပိုးမွှားကင်းစင်မှု စသည်တို့ကို ပြနေသည်။ လေသန့်စင်မှုကတော့ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကျနေသည်။ ဟုတ်တာပေါ့။ သူက စီးကရက်တစ်လိပ်မီးညှိပြီး သောက်နေတာကိုး။ စီးကရက်သုံးလိပ်လောက်သာ ဆက်တိုက်သောက်မိလျှင် လေသန့်စင်မှု ခုနစ်ဆယ်ရာခိုင်နှုန်းအောက်သို့ ကျသွားလိမ့်မည်။ ထိုအခါ လျှပ်စစ်မီးများ အလိုအလျောက် ပြတ်တောက်သွားလိမ့်မည်။ ဆေးလိပ်များများမသောက်မိအောင် ပြုလုပ်ထားသော အစီအစဉ်ဖြစ်၏။ အိမ်တိုင်းအိမ်တိုင်း ထိုကိရိယာများတပ်ဆင်ဖို့ ဥပဒေပြဌာန်းထားသည်။
    ဆိုဖာပေါ်ထိုင်လိုက်ပြီး ရုပ်မြင်သံကြားစက်ကို ဖွင့်သည်။ သတင်းအစီအစဉ်တွေကို ကြည့်သည်။ လတ်တလောဖြစ်ပျက်နေတာတွေကို အချိန်နှင့်တပြေးညီ တိုက်ရိုက်လွှင့်ပေးနေသည်။ သတင်းတွေက သိပ်ထူးထူးခြားခြားစိတ်ဝင်စားစရာမရှိ။ ထို့ကြောင့် အားကစားချန်နယ်ကို ပြောင်းလိုက်သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ကမ္ဘာခြမ်းနှင့် မြောက်ကမ္ဘာခြမ်းတို့၏ ချစ်ကြည်ရေးဘောလုံးပွဲကို မနေ့က ကျင်းပခဲ့သည်။ သူတို့စံတော်ချိန်နှင့်ဆိုလျှင် ညသန်းခေါင်ကျော်လောက်ဖြစ်၏။ ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်တိုင် သူအိပ်ပျော်နေသဖြင့် မကြည့်ခဲ့ရ။ ထိုပွဲကို အင်တာနက်မှတစ်ဆင့် ပြန်ခေါ်လိုက်သည်။ ပွဲအစအဆုံးကြည့်ဖို့ အချိန်မရ။ ထို့ကြောင့် ဟိုက်လိုက်အစီအစဉ်ကို ကြည့်သည်။ ဘောလုံးပွဲ၏အကောင်းဆုံးကစားကွက်များကို ဆယ့်ငါးမိနစ်အတွင်းစီစဉ်ပြသသည်။ နှစ်ဂိုးစီ သရေပွဲဖြစ်သွား၏။
ရုပ်မြင်သံကြားစက်ကို ပိတ်လိုက်ပြီးနောက် ရုံးခန်းထဲသို့ ၀င်လာခဲ့၏။ ဒီနေ့ လုပ်ငန်းခွင်စောစောဝင်မည်ဟု စိတ်ကူးသည်။ လုပ်စရာအလုပ်တွေစောစောပြီးပြတ်လျှင် ညနေပိုင်းတွင် သူ့ချစ်သူနှင့် လူကိုယ်တိုင်ချိန်းတွေ့နိုင်ဖို့ မျှော်လင့်ထားသည်။ သူတို့နှစ်ယောက်သည် ခုချိန်မှာခေတ်စားနေသော အွန်လိုင်းချစ်သူများ ဖြစ်ကြ၏။ အင်တာနက်မှတစ်ဆင့် မိတ်ဆက်မိကြပြီးနောက် ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်၏။ သူတို့သည် တီဗွီဖုန်းဖြင့်သာ ဆက်သွယ်စကားပြောရတာ များသည်။ တစ်လတစ်ကြိမ်လောက်သာ လူကိုယ်တိုင်တွေ့နိုင်သည်။ အကြောင်းကတော့ သူတို့နေသောမြို့များသည် ကီလိုမီတာငါးရာလောက် ဝေးကွာနေသောကြောင့်ပင် ဖြစ်လေသည်။ လူချင်းတွေ့ချင်သောအခါ မြို့နှစ်မြို့၏အလယ်လောက်မှာရှိသောကြားမြို့ကလေးမှာ ချိန်းဆိုကြသည်။ သံလိုက်ရထားနှင့်ဆိုလျှင် တစ်နာရီသာသာလောက် သွားရသည်။ အလုပ်စောစောပြီးလျှင် ညနေစောင်းမတိုင်ခင်တောင် ရောက်သွားနိုင်သည်။ ချစ်သူနှင့်အေးအေးဆေးဆေးတွေ့ဆုံစကားပြောပြီး ညစာတောင် အတူစားနိုင်သေးသည်။
    သူသည် ရုံးခန်းထဲက စားပွဲမှာထိုင်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ ဒီနေ့လုပ်ရမည့်လုပ်ငန်းအစီအစဉ်များ ပေါ်လာသည်။ နိုင်ငံခြားကုမ္ပဏီတစ်ခုသို့ အီးမေးလ်ပို့ရမည့်ကိစ္စကို စတင်ဆောင်ရွက်သည်။ ဟိုကပြန်ပို့မည့် အီးမေးလ်ကို စောင့်သည်။ ဆယ်မိနစ်အတွင်း အကြောင်းပြန်လာသည်။ သူတို့အဆိုပြုထားသော ဈေးနှုန်းကို လက်ခံကြောင်း ပြန်ကြားသည်။ ဒီနေ့အဖို့တော့ မင်္ဂလာရှိသောသတင်းနှင့် စတင်ကြုံတွေ့ရပြီ။ တစ်နေ့လုံး အဆင်ပြေမှုတွေကိုသာ ကြုံရမည်ဟု တွေးမိပြီး ကျေနပ်သွားသည်။ ထိုအကြောင်းကို ရုံးချုပ်ရှိပင်မကွန်ပျူတာသို့ သတင်းပို့လိုက်သည်။ ဒုတိယအစီအစဉ်က ဘဏ်နှင့်ဆက်သွယ်ရခြင်းဖြစ်၏။ ထို့နောက် ငွေစာရင်းဌာန၊ ပြီးနောက် ကြော်ငြာဌာနခွဲ။ အချိန်တိုတိုအတွင်းမှာပင် အလုပ်တွေအများကြီး ပြီးသွားသည်။ ဒီလို လုပ်ရည်ကိုင်ရည်ရှိသောကြောင့်လည်း အသက်ငယ်ငယ်လေးနှင့် ဒီရာထူးကိုရရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ၏အရာထမ်းအဆင့်ထဲမှာတော့ သူအသက်အငယ်ဆုံးပဲ။ ကွန်ပျူတာမှ အချက်ပေးသံထွက်ပေါ်လာ၏။ ရုံးချုပ်မှ တစ်စုံတစ်ခု အသိပေးအကြောင်းကြားလိုသော သဘောဖြစ်သည်။ ရုံးချုပ်နှင့် တိုက်ရိုက်ဆက်သွယ်သောလိုင်းကို ဖွင့်လိုက်သည်။ နောက်ဆယ့်ငါးမိနစ်အကြာတွင် အစည်းအဝေးရှိမည်ဖြစ်သောကြောင့် အဆင်သင့်ပြင်ထားဖို့ အသိပေးခြင်းဖြစ်၏။ ဆွေးနွေးမည့်အကြောင်းအရာတွေကတော့ ၀န်ထမ်းများကို ယခုနှစ်အတွင်း ဆုကြေးဘယ်လောက်ပေးသင့်သလဲဆိုတာ ညှိနှိုင်းဖို့ကိစ္စနှင့် သူအဆိုပြုတင်ပြထားသော တောင်အာရှမှာ ဌာနခွဲတစ်ခု ထပ်ဖွင့်ဖို့ကိစ္စများဖြစ်၏။ ထိုကိစ္စနှစ်ခုလုံးသည် လောလောလတ်လတ်ရရှိထားသော လုပ်ငန်းအောင်မြင်မှုနှင့် ဆက်နွယ်နေသည်။ ဒီအောင်မြင်မှုမှာလည်း သူ၏ကြိုးပမ်းအားထုတ်မှုသည် အဓိကအခန်းမှ ပါဝင်နေသည်။ သူ့အနေနှင့် မကြာခင်မှာ ရာထူးတိုးဖို့ သေချာသလောက်ဖြစ်နေပြီ။ အစည်းအဝေးချိန်ရောက်လာသည်။ သူက ကွန်ဖရင့်အစီအစဉ်ကို တင်လိုက်သည်။
    ကွန်ပျူတာပေါ်မှာ အစည်းအဝေးတက်ရောက်မည့်သူများ၏ ရုပ်ပုံများပေါ်လာသည်။ အပေါ်ဆုံးက ကွက်လပ်တစ်ခုသာ လွတ်နေသည်။ ထုံးစံအတိုင်း ကုမ္ပဏီဥက္ကဌတက်မလာသေး။ အစည်းအဝေးတက်ရောက်သူများသည် မိမိတို့အိမ်ရှိကွန်ပျူတာများရှေ့မှာ အသီးသီးထိုင်နေကြခြင်းဖြစ်၏။ ကွန်ပျူတာတွေကို ရုံးချုပ်ရှိပင်မကွန်ပျူတာကြီးမှတစ်ဆင့် ကွန်ရက်သဖွယ် ဆက်သွယ်ထားသည်။ ကွန်ပျူတာမှာ ပါဝင်သောကင်မရာတွေက ရုပ်ပုံတွေကို ရိုက်ပြီး ပေါင်းစပ်ပေးခြင်းဖြင့် ဖန်သားပြင်ပေါ်မှာ အစည်းအဝေးတက်သူများအားလုံး၏ ပုံများပေါ်နေခြင်းဖြစ်သည်။ အပေါ်ဆုံးမှ လွတ်နေသောကွက်လပ်နေရာတွင် ကုမ္ပဏီဥက္ကဋ္ဌ၏ပုံ ဖျတ်ခနဲပေါ်လာသည်။
    ဥက္ကဋ္ဌက . . .
    “ဆောရီးပဲ . . . ကိုယ်နည်းနည်းနောက်ကျသွားတယ် . . . ”
    ဟု ပြောနေကျအတိုင်းဆိုသည်။
    ထို့နောက် အစည်းအဝေး စတင်သည်။ ၀န်ထမ်းများဧ။်ဆုကြေးငွေကိစ္စကို ဘဏ္ဍာရေးဌာနတာဝန်ခံက တင်ပြသည်။ ကုမ္ပဏီ၏ရှေ့အလားအလာအလွန်ကောင်းနေသဖြင့် ဆုကြေးငွေကို နည်းနည်းတိုးပေးသင့်ကြောင်း သူက ၀င်ဆွေးနွေးသည်။ ဘဏ္ဍာရေးတာဝန်ခံအပျိုကြီးသည် သူ့အိပ်ထဲက စိုက်ပေးရမှာမဟုတ်ပါဘဲလျက် အင်တင်တင်လုပ်နေသေးသည်။ ဥက္ကဋ္ဌက ပေးလိုက်ပါဟု ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် တောင်အာရှဋ္ဌာနခွဲဖွင့်ဖို့ကိစ္စကို ဆက်ဆွေးနွေးသည်။ အားလုံးကပင် ဖွင့်သင့်ကြောင်း ထောက်ခံကြသည်။ ထိုကိစ္စအတွက် စီမံချက်ရေးဆွဲရန် သူ့ကိုပင် တာဝန်ပေးသည်။ ထိုဌာနခွဲဖွင့်ပြီးလျှင် သူပဲဦးဆောင်ရလိမ့်မည်ဟု နားလည်သဘောပေါက်ပြီးသား ဖြစ်သွားသည်။ အစည်းအဝေးပြီးဆုံးသွားသည်။ အစည်းအဝေးတက်ရောက်နေသူများဧ။် ရုပ်ပုံများ တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားသည်။ ကြော်ငြာဌာနတာဝန်ခံတစ်ယောက်သာ ကျန်တော့သည်။
    “ကွန်ဂရက်ကျူလေးရှင်း”
    ဟု ၀မ်းသာစကားဆိုပြီးနောက် . . .
    “ဘယ်လိုလဲ သူငယ်ချင်း . . . ညနေကျရင် စစ်တုရင်တစ်ပွဲလောက် ထိုးရအောင် . . . ”
    ဟု ပြောသည်။
    သူက . . .
    “မမှတ်သေးဘူးလား . . . ”
    ဟု ရယ်ရင်းပြောသည်။ ပြီးခဲ့သောသုံးပွဲစလုံး သူကချည်း နိုင်ခဲ့တာကိုး။ သူကဆက်၍ . . .
    “ညနေကျရင် ကိုယ်ခရီးထွက်စရာရှိတယ် . . . ရထားပေါ်မှာ တစ်နာရီကျော်ကျော်လောက် အချိန်ရတယ် . . . ကိုယ်ဆက်သွယ်လိုက်မယ် . . . အိမ်မှာပဲ စောင့်နေ . . . ”
    ဟု ပြောလိုက်၏။
    ကြော်ငြာတာဝန်ခံက . . .
    “ဒီတစ်ခါတော့ ပွဲကြီးပွဲကောင်းပဲ . . . စူပါဒိဘ်ဘလူးရဲ့ ကစားကွက်တွေ ကိုယ်လေ့လာထားတယ် . . . တွေ့ကြသေးတာပေါ့ . . . ” ဟု ပြန်ပြောသည်။

                xxxxxxxxxxxxxxxxxxxx

     သူသည် တောင်အာရှဒေသအကြောင်းကို အင်တာနက်မှတစ်ဆင့် လေ့လာကြည့်နေလိုက်သည်။ အထူးသဖြင့် တောင်အာရှနိုင်ငံများ၏ ပထ၀ီအနေအထား၊ လူမှုရေး၊ စီးပွားရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်မှုများကို ဆန်းစစ်ကြည့်လိုက်၏။ ဘယ်နိုင်ငံမှာ ဌာနခွဲကိုရုံးစိုက်သင့်သလဲဆိုတာ ရွေးချယ်နိုင်ဖို့ဖြစ်၏။ အချက်အလက် အပြည့်အစုံကို မိနစ်ပိုင်းအတွင်းမှာပင် အလွယ်တကူရှာဖွေကြည့်နိုင်သည်။ ထိုအခါ သူ့အဖေပြန်ပြောသောအကြောင်းများကို သွားသတိရသည်။ အဖေတို့ လူငယ်ဘ၀အလုပ်စ၀င်စဉ် အချိန်တုန်းက အချက်အလက်လေးအနည်းငယ်ကို သိရဖို့အရေး နေ့တစ်ဝက်လောက် အချိန်ကုန်ခံပြီး နေရာသုံးလေးနေရာလောက်ကို အပင်ပန်းခံပြေးလွှားရှာဖွေရပါသတဲ့။ ပြီးတော့ ထိုအချိန်က ရုံးဆိုသည်မှာ မြို့လည်က ကြီးမားသောအဆောက်အအုံကြီး ဖြစ်၏။ ဒီထဲမှာ စားပွဲတွေအများကြီး၊ လူတွေအများကြီးစုပြီး တကုပ်ကုပ်လုပ်ကြရသည်။ မှတ်တမ်းမှတ်ရာအားလုံးမှာ စာရွက်တွေ၊ ဖိုင်တွဲတွေချည်းပဲ။ ကိစ္စအတော်များများကို ဖောင်တိန်တွေ၊ ဘောလ်ပင်တွေသုံးပြီး ကိုယ်တိုင် လက်ရေးနဲ့ ရေးကြရသည်။ ၀န်ထမ်းအများစုသည် ရုံးနှင့်အတော်ဝေးရာအရပ်မှာ နေထိုင်ကြသည်။ နေရာအနှံ့မှ ၀န်ထမ်းများသည် ဘတ်စ်ကား၊ မီးရထားတို့ဖြင့် ရုံးကို လာကြရသည်။ ရုံးချိန်ဆိုလျှင် ရထား၊ ကားကျပ်လေ့ရှိပြီး လမ်းမှာတင် နာရီနဲ့ချီပြီး အချိန်ကြာတတ်သည်ဟု ဆို၏။ ရုံးတစ်ခါတက်ဖို့အရေး အတော်ပင်ပန်းခဲ့ရှာတာပါကလား။ လူတွေဟာ လမ်းပေါ်မှာပဲ အချိန်အလဟဿ ကုန်ခဲ့ရကြတာပါလား။ ရုံးမှာလည်း လူတွေကအများကြီးဆိုတော့ မျက်စိနောက်စရာပဲ။ ပြဿနာတွေလည်း စုံနေလိမ့်မယ်။ အဖေကတော့ လူအများကြီးနဲ့ အလုပ်လုပ်ရတော့ လူမှုဆက်ဆံရေးမှာ ပိုကျွမ်းကျင်လာတာပေါ့တဲ့။ သိုက်သိုက်ဝန်းဝန်းအလုပ်လုပ်ရတာ ပျော်စရာကြီးဆိုပဲ။
    သူတို့ခေတ်ရောက်တော့ ရုံးဆိုတာ လူတွေအများကြီး တရုံးရုံးဝင်ထွက်နေသော အဆောက်အအုံကြီး မဟုတ်တော့။ ရုံးဝန်ထမ်းတွေက ကိုယ့်အိမ်ရှိကွန်ပျူတာရှေ့မှာထိုင်လိုက်လျှင် ရုံးတက်တာပဲဖြစ်၏။ ရုံးကို အဝေးကြီးသွားတက်နေစရာမလို။ ရုံးချုပ်ဆိုတာကလည်း ၀န်ထမ်းများ၏ကွန်ပျူတာများကို ဆက်သွယ်ထိန်းချုပ်ထားသော ပင်မကွန်ပျူတာကြီးနှင့် လူအနည်းငယ်လောက်သာရှိသော နေရာဖြစ်၏။ အလုပ်ချိန်ဆိုတာကလည်း ဘယ်နှစ်နာရီဟု သတ်မှတ်ထားခြင်းမဟုတ်။ တစ်နေ့တာအတွက် ကိုယ်လုပ်ရမည့်တာဝန်ကို ပြီးအောင် ဆောင်ရွက်ပြီးလျှင် ရုံးဆင်းလို့ရပြီ။ ဟိုအချိန်က ကာယလုပ်သားတွေကို ကော်လာပြာလူတန်းစား(ဘလူးကော်လာ)ဟု ခေါ်ကြသည်။ ၀တ်စုံအပြာရောင် ၀တ်ဆင်ထားလေ့ရှိသောကြောင့်ဖြစ်သည်။ အဖြူရောင်အင်္ကျီဝတ်လေ့ရှိသော ဉာဏလုပ်သားတွေကိုတော့ ကော်လာဖြူလူတန်းစား(၀ှိုက်ကော်လာ)ဟု ခေါ်သည်။ နောက်ပိုင်း စက်ရုပ်လုပ်သားတွေ ပေါ်လာသောအခါ သံမဏိကော်လာ(စတီးကော်လာ)ဟု ခေါ်ကြပြန်သည်။ ခုတော့ သူတို့လို ကွန်ပျူတာရှေ့မှာထိုင်ပြီး အလုပ်လုပ်ကြသူများကို ခေါ်သော ဝေါဟာရသစ်တစ်ခု တွင်လာသည်။ အီလက်ထရွန်းနစ်ကော်လာ(အီးကော်လာ) ဟူ၍ ဖြစ်လေသည်။ တစ်ချိန်တုံးက ကလောင်တွန်းသမားများဟု ခေါ်ခဲ့ကြသလို ခုလည်း ခလုတ်နှိပ်သမားများဟု ခေါ်ကြသည်။ ခေတ်ပေါ်ဝေါဟာရများအရဆိုလျှင်တော့ ကလစ်ကာများပေါ့။ မောက်စ်ကီပါဟု ဆိုသူကလည်း ဆိုသည်။ ဟုတ်လည်းဟုတ်သည်။ သူတို့သည် ရုံးကိစ္စတွင်မက အခြားသောကိစ္စတွေကိုပါ ခလုတ်နှိပ်ရုံနှင့် ပြီးမြောက်အောင်ဆောင်ရွက်နိုင်နေပြီ။ စစ်သားများပင်လျှင် သေနတ်မကိုင်တော့ဘဲ ကီးဘုတ်ကိုင်ပြီး စစ်တိုက်နေကြပြီ။

                xxxxxxxxxxxxxxxxxxxx

     ဇီဝမှတ်တမ်းကိရိယာဆီက အချက်ပေးသံပေါ်လာပြန်သည်။ ကြည့်လိုက်တော့ “၀မ်းဗိုက်ထဲမှာ အစာဟောင်းတွေ ပြည့်နေပြီဖြစ်ပါသဖြင့် စွန့်ထုတ်ပစ်သင့်ပြီ” ဟု အကြံပေးထားသည်။ သူလည်း ၀မ်းထဲက ရစ်ချင်သလို ဖြစ်လာ၏။ ထို့ကြောင့် အိမ်သာထဲသို့သွားသည်။ ကမုတ်ပေါ်မှာ ထိုင်လိုက်သည်။ အိမ်သာတံခါးအတွင်းဘက်မှာ ကပ်ထားသော ဖန်သားပြင်ပေါ်တွင် ဒစ်ဂျစ်တယ်ကိန်းဂဏန်းများ ပေါ်လာသည်။ လက်ရှိ ကိုယ်အလေးချိန်၊ လွန်ခဲ့သောတစ်ပတ်က ကိုယ်အလေးချိန်၊ ပြီးခဲ့သောတစ်နှစ်အတွင်းက လစဉ်ရှိခဲ့သော ကိုယ်အလေးချိန်များကို အတိုးအလျှော့ရာခိုင်နှုန်းများနှင့်တကွ ဖော်ပြထားသည်။ သူသည် သူ့အဖေဆီက အကျင့်တစ်ခုကို အမွေရခဲ့သည်။ သူ့အဖေက အိမ်သာတက်လျှင် သတင်းစာဖတ်တတ်သည်။ သူကတော့ အိမ်သာတက်ရင်း သတင်ကြည့်တတ်သည်။ ထို့ကြောင့် ဖန်သားပြင်ကို ရုပ်မြင်သံကြား သတင်းအစီအစဉ်သို့ပြောင်းပြီး ကြည့်နေလိုက်သည်။ မိနစ်အနည်းငယ်ကြာသည့်အထိ သူ့ဝမ်းဗိုက်က မထူးခြားသေး။ ဘယ်လိုဖြစ်တာပါလိမ့်။ ပြီးတော့မှ သူ့ဘာသာ အတွေးပေါက်ပြီး ပြုံးလိုက်မိ၏။ သူသည် အရာရာကို အလိုအလျောက်စနစ်ဖြင့် ခလုတ်နှိပ်ပြီး ဆောင်ရွက်နေကျဖြစ်သောကြောင့် အကျင့်ပါနေတာလေ။ ဟုတ်သားပဲ။ ခုကိစ္စကတော့ ကိုယ့်အားကိုယ်ကိုးရမှာပေါ့။ ထို့ကြောင့် ကြွက်သားတွေကို တအားညှစ်ထုတ်လိုက်တော့မှ လျှောခနဲထွက်ကျပြီး အဆင်ပြေသွားသည်။ ခုမှပဲ ကိုယ့်လုပ်အားကို အပြည့်အ၀ အသုံးချခွင့်ရတော့သည်။

                                        ဟန်သစ်မဂ္ဂဇင်း၊ မေလ၊ ၂၀၀၃ခုနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...